ဇန်န၀ါရီ ၁၂၊ ၂၀၁၆
M-Media
– နေးမာမှာ အနာဂတ်တွင် ရီးယဲလ်အသင်း၏ဂျာစီကို ၀တ်ရဖွယ်ရှိနေပြီး မိမိအနေဖြင့် ၎င်းအား ရီးယဲလ်သို့ ခေါ်ယူနိုင်မည်ဟု နောက်ခံလူဟောင်း ရော်ဘတ်တိုကားလို့စ်က ပြောကြားလိုက်သည်။
အသက် ၄၂ နှစ်အရွယ်ရှိ ဘရာဇီးနောက်ခံလူဟောင်း ကားလို့စ်က မိမိမှာ ရီးယဲလ်၏ အုပ်ချုပ်မှုပိုင်းသို့ ပြန်လာရန် ဆွေးနွေးနေသည်ဟု မကြာသေးမီက ဖွင့်ဟထားသည်။ ၎င်းရောက်ရှိပါက အနာဂတ်တွင် တစ်နိုင်ငံတည်းသားနေးမာအား ခေါ်ယူနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ကားလို့စ်မှာ ရီးယဲလ်၌ ၁၁ နှစ်ကာလအတွင်း ပွဲပေါင်း ၅၀၀ ကျော် ကစားခဲ့သူဖြစ်သည်။
“နေးမာကို ရီးယဲလ်ရောက်အောင် ကျွန်တော် ခေါ်ဆောင်နိုင်မှာပါ။ သူက တော်တော်ငယ်သေးပြီး နောက်နှစ်ဆိုရင် Ballon d’Or ဆုမှာ ဒီထက်မြင့်တဲ့အဆင့်နဲ့ အဆုံးသတ်မယ်လို့ ကျွန်တော် အသေအချာပြောရဲပါတယ်” ဟု ကားလို့စ် Punto Pelota သို့ ပြောကြားခဲ့သည်။
ကားလို့စ် ရီးယဲလ်သို့ရောက်ရှိပါက နည်းပြအဖြစ်ဆောင်ရွက်နေသည့် အသင်းဖော်ဟောင်း ဇီဒိန်းနှင့် လက်တွဲရမည် ဖြစ်သည်။ နေးမာမှာ ယမန်နေ့က ပေးအပ်ခဲ့သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or တွင် မက်ဆီနှင့် ရော်နယ်ဒိုတို့၏နောက် တတိယနေရာတွင် ရှိခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.