News @ M-Media
Blog
  • မန်ယူကစားသမားများ အလွန်ပျော့ညံ့သည်ဟု ဗန်ဂါးလ်ဝေဖန်
    မန်ယူကစားသမားများ အလွန်ပျော့ညံ့သည်ဟု ဗန်ဂါးလ်ဝေဖန်
    ဇန်န၀ါရီ ၉၊ ၂၀၁၆
    M-Media
    van
    – အသင်း၏ ကစားသမားများမှာ အလွန်ပျော့ညံ့နေသည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါလ်းက ပြောကြားလိုက်ပြီး နိုင်လိုစိတ် ပိုမိုပြသရန်ရန်နှင့် တာဝန်ပိုမိုကျေပွန်ကြရန် တိုက်တွန်းခဲ့သည်။
    ဗန်ဂါးလ်၏ မန်ယူမှာ ယခုနှစ်တွင် ခက်ခဲသောရာသီကို ဖြတ်သန်းနေရပြီး ပြီးခဲ့သည့်လက ချန်ပီယံလိဂ်မှာ ထွက်ခွာခဲ့ရကာ၊ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ၈ ပွဲဆက် နိုင်ပွဲမရရှိခဲ့သည်အထိ အခြေအနေ ဆိုးရွားခဲ့သည်။ သို့သော်လည်း ယခုနောက်ပိုင်းတွင် မန်ယူ၏ ကစားပုံမှာ ပြန်လည် ကောင်းမွန်ခဲ့သည်။ ဗန်ဂါးလ်ကမူ ကစားသမားများအား ယခုထက်ပို၍ တိုးတက်စေချင်နေသည်။
    “သူတို့ရဲ့တာဝန်တွေက် ပိုပြီး လွယ်လွယ်ကူကူ ကျေပွန်နိုင်ဖို့ ကစားသမားတွေအပေါ် ချဉ်းကပ်မှုနည်းလမ်းကို ကျွန်တော်တို့ ပြောင်းလဲခဲ့ပါတယ်။ ဘောလုံးအကြောင်းသာ စဉ်းစားဖို့ သူတို့ကို ကျွန်တော် လှုံ့ဆော်ခဲ့ပါတယ်။ ဘောလုံးပွဲဟာ ဦးနှောက်နဲ့ကစားရတာပါ။ အခု သူတို့ကို ကိုယ်နဲ့အတူ တွေးတောစဉ်းစားဖို့ ခွင့်ပြုရပါမယ်။ ဒါမှသာ ချဉ်းကပ်မှုနည်းလမ်းကို ပြောင်းလဲနိုင်မှာပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
    Ref: Goal
  • ဒုံးကျည်ကိစ္စဖြင့် အမေရိကန်က အီရန်ကို ပိတ်ဆို့မှု အခြေအမြစ်မရှိဟု ရုရှားပြော
    ဒုံးကျည်ကိစ္စဖြင့် အမေရိကန်က အီရန်ကို ပိတ်ဆို့မှု အခြေအမြစ်မရှိဟု ရုရှားပြော
    ဇန်န၀ါရီ ၉၊ ၂၀၁၆
    M-Media
    iran
    – အီရန်၏ ဒုံးကျည်အစီအစဉ်သည် အမေရိကန်က ပိတ်ဆို့အရေးယူရလောက်သည့် အခြေခံအကြောင်းရင်းမရှိဟု ရုရှားက ပြောကြားလိုက်သည်။
    “ဒုံးကျည်အစီအစဉ်နဲ့ပက်သက်ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေလုပ်ဖို့ အခြေခံအကြောင်းအရင်းတွေ ရှိတယ်လို့ ကျွန်တော်တို့မယုံကြည်ပါဘူး” ဟု ရုရှားသံတမန်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Interfax က ဖော်ပြခဲ့သည်။
    အီရန်မှာ ပစ်မှတ်ကို တိကျစွာပစ်လွှတ်နိုင်သည့် တာဝေးပစ်ဒုံးကျည်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီးနောက် အမေရိကန်က ပိတ်ဆို့မှုအသစ်များပြုလုပ်ရန် ပြောဆိုမှု ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
    အမေရိကန်နိုင်ငံရေးသမားများက အီရန်မှာ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက် စမ်းသပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။ ထို့နောက် အမေရိကန်အာဏာပိုင်များမှာ အီရန်အပေါ် ပိတ်ဆို့မှုအသစ်များ ထပ်မံပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။
    “အမေရိကန်တွေဟာ အီရန်နဲ့ကုလ သဘောတူညီထားတဲ့ ဆုံးဖြတ်ချက်အမှတ် ၁၉၂၉ က သက်ဆိုင်တဲ့ ပြဌာန်းချက်ဟာ ဒုံးကျည် မစမ်းသပ်ရလို့ ယူဆနေကြပါတယ်၊ တကယ်တော့ စာချုပ်ထဲမှာ ရေးထားတာက နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်တဲ့ ဒုံးကျည်ပစ်လွှတ်ခြင်းကိုသာ တားမြစ်ထားခြင်းဖြစ်ပါတယ်” ဟု ရုရှားသတင်းဌာနက ဖော်ပြခဲ့သည်။
    သို့သော်လည်း အမေရိကန်အာဏာပိုင်မျာမှာ အီရန်ဒုံးကျည်ထုတ်လွှတ်မှုတွင် ပူးပေါင်းပါဝင်ခဲ့သည်ဟု သံသယရှိသည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ် တစ်ဒါဇင်ခန့်ကို ပိတ်ဆို့မှုအသစ်များ ပြုလုပ်တော့မည်ဟု ပြီးခဲ့သည့်လအတွင်း ကြေငြာခဲ့သည်။
    အီရန်၏ တုန်ပြန့်မှုများကို စိုးရိမ်ရသည့်အတွက် အမေရိကန်အနေဖြင့် ပိတ်ဆို့မှုများအား စတင်ဆောင်ရွက်ရန် အချိန်တိတိကျကျ မသတ်မှတ်သေးဘဲ ဆိုင်းငံထားခဲ့သည်။
    ယခုပိတ်ဆို့မှုမှာ အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့အကြား နျူကလီးယား သဘောတူညီချက် ရရှိပြီးကတည်းက ပထမဆုံးအကြိမ်လည်းဖြစ်သည်။ ထိုသဘောတူညီချက်ကို JCPOA ဟု ခေါ်ဆိုပြီး အီရန်အပေါ် နျူကလီးယားနှင့် ဆက်စပ်နေသည့် ပိတ်ဆို့မှုများကို ပယ်ဖျက်ပေးရမည်ဖြစ်ပြီး အပြန်အလှန်အနေဖြင့် အီရန်ကလည်း ငြိမ်းချမ်းသောနျူကလီးယားလုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ပေးရမည်ဖြစ်သည်။
    အီရန်အဓိပတိ အယာတိုလာခါမေနီက JCPOA စာချုပ်ကို ချိုးဖောက်၍ ပိတ်ဆို့အသစ်များ မပြုလုပ်ရန် သတိပေးပြောကြားထားသည်။
    Ref: PressTV
  • ဒုက္ခသည်များ နေရာချထားမှုအတွက် အလာဘားမားပြည်နယ်က ကန်အစိုးရကို တရားစွဲ
    ဒုက္ခသည်များ နေရာချထားမှုအတွက် အလာဘားမားပြည်နယ်က ကန်အစိုးရကို တရားစွဲ
    ဇန်န၀ါရီ ၉၊ ၂၀၁၆
    M-Media
    us
    – ဆီးရီးယားနှင့် အခြားနိုင်ငံများမှ ဒုက္ခသည်များ ပြည်ထောင်စုအတွင်း အခြေချနေထိုင်မှုအပေါ် သတင်းအချက်အလက်များ ပေးရန် တောင်းဆိုခဲ့မှုကိစ္စအတွက် အမေရိကန်ပြည်နယ်တစ်ခုဖြစ်သည့် အလာဘားမားပြည်နယ် အာဏာပိုင်များက ဖယ်ဒရယ်အစိုးရအား တရားစွဲဆိုလိုက်သည်။
    ဘာမင်ဂမ်ရှိ ခရိုင်တရားရုံးတွင် စွဲဆိုခဲ့သောအမှု၌ အခြေချနေထိုင်မည့် ဒုက္ခသည်များနှင့်ပက်သက်၍ တရားဝင် ဆွေးနွေးပြောဆိုရန် ပျက်ကွက်ခဲ့သောကြောင့် ၁၉၈၀ ဒုက္ခသည်များဆိုင်ရာ အက်ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အိုဘားမား၏ အစိုးရအဖွဲ့ကို စွပ်စွဲပြောဆိုထားသည်။
    အလာဘားမားမှ ရီပတ်ဘလီကန် အုပ်ချုပ်ရေးမှူး ရောဘတ် ဘန်တလေမှာ အမေရိကန်ရှိ ဆီးရီးယားဒုက္ခသည်များကို တားမြစ်ပိတ်ဆို့ချင်နေသည့် မြို့တော်ဝန် နှစ်ဒါဇင်ကျော်ထဲမှ တစ်ယောက်အပါအ၀င်ဖြစ်သည်။
    “ဒုက္ခသည်လက်ခံရေးအစီအစဉ်ကို ဆုံးဖြတ်ခဲ့ကြတဲ့ အိုဘားမားအစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအစိုးရရဲ့ ပြုမှုဆောင်ရွက်ချက်တွေဟာ ပြည်နယ်တွေကို ပေါ်တင်ကြီး ဖယ်ထုတ်ထားတာပါပဲ” ဟု ၎င်းက ပြောခဲ့သည်။
    ဘန်တလေက အလာဘားမားပြည်နယ်မှာ ဒုက္ခသည်များအား နေရာချထားရေးအစီအစဉ်နှင့်ပက်သက်၍ သတင်းအချက်အလက်တောင်းခံစာ သုံးစောင် ပေးပို့ခဲ့သော်လည်း အိုဘားမားအစိုးရအနေဖြင့် မည်သည့် တုန့်ပြန်မှုမှ မပြုလုပ်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ရီပက်ဘလီကန်အမတ်တစ်ဦး ဦးဆောင်သည့် တက္ကဆက်ပြည်နယ်ကလည်း ဆီးရီးယားဒုက္ခသည် ၉ ဦး ၀င်ရောက်လာမှုကို ချက်ခြင်းရပ်တန့်ပေးရန် အမှုဖွင့်တောင်းဆိုခဲ့သည်။ အမေရိကန်တရားရေးဌာနက အလာဘားမားပြည်နယ်အမှုကို မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
    Ref: PressTV
  • ဒုံးကျည်ကိစ္စနဲ့ ကျူးဘားရဲ့ ကတုံးပေါ်ထိပ်ကွက်မှု ခံလိုက်ရတဲ့ အမေရိကန်
    ဒုံးကျည်ကိစ္စနဲ့ ကျူးဘားရဲ့ ကတုံးပေါ်ထိပ်ကွက်မှု ခံလိုက်ရတဲ့ အမေရိကန်
    ဇန်န၀ါရီ ၈၊ ၂၀၁၆
    M-Media
    us 1
    – ၂၀၁၄ ခုနှစ်အတွင်းက စပိန်ကနေ အမေရိကန်ကို ပြန်ပို့စဉ်အတွင်း ပျောက်ဆုံးသွားခဲ့တဲ့ အမေရိကန် ဝေဟင်ကနေ မြေပြင်ပစ် Hellfire ဒုံးကျည်ဟာ ကျူးဘားကို ရောက်သွားခဲ့ပြီး အဲဒီကနေတစ်ဆင့် ဒုံးကျည်မှာ အသုံးပြုထားတဲ့နည်းပညာဟာ ပြိုင်ဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှား ဒါမှမဟုတ် မြောက်ကိုရီးယားကို ရောက်သွားမလားဆိုပြီး အမေရိကန် အာဏာပိုင်တွေက စိုးရိမ်နေတယ်လို့ Wall Street Journal (WSJ) က မနေ့မှာ ဖွင့်ချလိုက်ပါတယ်။
    အဲဒီဒုံးကျည်ဟာ ထိပ်ဖူးတပ်မထားပေမယ့်လည်း ဥရောပကနေ ပြန်ပို့တဲ့အချိန် စိုးရိမ်စရာကောင်းတဲ့ လမ်းကြောင်းပြောင်းပြီး ကွန်မြူနစ်ကျူးဘားကို ရောက်သွားမှုဟာ ရာဇ၀တ်မှုဆိုင်ရာ လှုပ်ရှားမှုကြောင့်လား၊ ဒါမှမဟုတ် အဖြစ်နည်းတဲ့ မှားယွင်းမှုတွေကြောင့်လား ဆိုတာကို စုံစမ်းစစ်ဆေးဖို့ အမေရိကန်အာဏာပိုင်တွေကို တိုက်တွန်းလိုက်သလို ဖြစ်စေခဲ့တယ်လို့လဲ သတင်းစာက ဆိုပါတယ်။
    ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကျူးဘားနဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးဟာ သမိုင်းဝင်လောက်အောင် ကောင်းမွန်ခဲ့ပေမယ့်လည်း ပျောက်ဆုံးသွားတဲ့ ဒီဒုံးကျည်ကို ပြန်ရအောင်တော့ အမေရိကန်တို့ မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ အမည်မဖော်လိုသူ ရင်းမြစ်တွေက WSJ ကို ပြောကြားခဲ့ပါတယ်။
    ရဟတ်ယာဉ်တွေမှာ မကြာခဏအသုံးပြုတဲ့ ဒီ Hellfire ဒုံးကျည်ကို ကျူးဘားက ပိုင်ဆိုင်တာ အမေရိကန်က မစိုးရိမ်ပေမယ့် ဒုံးကျည်နည်းပညာကို ကျူးဘားက အမေရိကန်ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကို မျှဝေလိုက်လားဆိုတာကိုတော့ အမေရိကန်က စိုးရိမ်နေပါတယ်။
    ဒီဒုံးကျည်ကို ၂၀၁၄ ခုနှစ်မှာ လက်နက် ကုမ္ပဏီ Lockheed Matin က အော်လန်ဒို နိုင်ငံတကာလေဆိပ်ကနေ စပိန်နိုင်ငံကို ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး နေတိုးအဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ အသုံးပြုခဲ့ပါတယ်။
    စပိန်ကနေ အမေရိကန်ကို ပြန်ပို့ဖို့လို့ ယူဆရတဲ့ ခရီးစဉ် ပထမအကျော့မှာ ဒုံးကျည်ဟာ ပစ္စည်းပို့တဲ့ လုပ်ငန်းတော် တော်များများကို ဖြန်သန်းခဲ့ရပါတယ်။
    ဟာဗားနားသို့ ရောက်ခြင်း
    မက်ဒရစ်က သယ်ဆောင်သွားမယ့် လေယာဉ်ပေါ်ကို ဒုံးကျည်တင်နေစဉ်အတွင်းမှာ အာဏာပိုင်တွေဟာ ဒုံးကျည်ပျောက်ဆုံးကြောင်းကို သတိပြုမိသွားတာဖြစ်တယ်လို့ ဂျာနယ်က ဆိုပါတယ်။
    အဲဒီနောက်မှာတော့ ဒုံးကျည်ဟာ ပြင်သစ်လေကြောင်းက အသုံးပြုနေတဲ့ ထရပ်ကားတစ်စီးနဲ့ ပါသွားပြီး ပဲရစ်က ချားလ်စ်ဒီဂေါလ်လေယာဉ်ကွင်းကို ရောက်ရှိခဲ့ကာ အဲဒီကနေတစ်ဆင့် ကျူးဘားကိုသွားမယ့် လေယာဉ်ပေါ် တင်ဆောင်မိခဲ့တာဖြစ်မယ်လို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။
    ဒုံးကျည်ကို ခြေရာခံမိတဲ့အချိန်မှာတော့ လေယာဉ်ဟာ ဟာဗားနားကို သွားနေတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေခဲ့ပြီး ရောက်ရှိတဲ့အခါမှာ ကျူးဘား အာဏာပိုင်တစ်ဦးက သေတ္တာမှာကပ်ထားတဲ့ တံဆိပ်ကိုတွေ့လို့ သိမ်းယူခဲ့တာဖြစ်ပါတယ်။
    ၂၀၁၄ ခုနှစ် ဇွန်လ၀န်းကျင်လောက်မှာ ဒုံးကျည်ပျောက်ဆုံးသွားကြောင်းကို Lockheed Martin က သိရှိသွားပြီးနောက်ပိုင်း ဒီအဖြစ်အပျက်ကို အမေရိကန်အစိုးရထံ အကြောင်းကြားခဲ့တာဖြစ်တယ်လို့ WSJ က ဆိုပါတယ်။
    အမေရိကန်တရားရေးဌာနကတော့ ဒီကိစ္စကို စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
    တကယ်လို့များ ဒီဒုံးကျည်ဟာ ဟာဗားနာကို ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်းပြောင်းသွားတာဆိုရင်တော့ ဒါဟာ လက်နက်ခဲယမ်း တင်ပို့မှု ထိန်းချုပ်ရေး အက်ဥပဒေနဲ့ ကျူးဘားအပေါ်ပြုလုပ်ထားတဲ့ ပိတ်ဆို့မှု ဥပဒေတွေကိုချိုးဖောက်တာဖြစ်ပါတယ်။
    ပြီးခဲ့တဲ့ ဇူလိုင်မှာ သူတို့ နှစ်နိုင်ငံဟာ တရားဝင် သံတမန်အဆက်အသွယ် ပြန်စခဲ့ပြီး မြို့တော်တွေမှာ သံရုံးတွေကိုလည်း အသီးသီး ပြန်လည်ဖွင့်လှစ်ခဲ့ကြပါတယ်။
    နှစ်ပေါင်း ၅၀ လောက် ကျူးဘားနဲ့ သီးခြားဖြစ်နေတဲ့အချိန် ကျူးဘားနိုင်ငံအတွင်း ဒီမိုကရေစီနဲ့ စီးပွားရေးပြောင်းလဲမှုတွေဖြစ်လာဖို့ အားပေးတိုက်တွန်းမှုတွေဟာ မအောင်မမြင်ဖြစ်ခဲ့တယ်လို့ သုံးသပ်တာကြောင့် သံတမန်ဆက်ဆံရေး ပြန်စဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အိုဘားမားက ပြောကြားခဲ့ပါတယ်။
    ဒီပြဿနာဟာ ဒီလအတွင်း ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုနဲ့ပတ်သက်ပြီး အမေရိကန်က မြောက်ကိုရီးယားကို ဖိအားပိုမိုပေးနေတာ၊ ဆီးရီးယားပြည်တွင်းစစ်၊ ယူကရိန်းပဋိပက္ခ၊ တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာမှု စတာတွေအတွက် ရုရှား၊ တရုတ်တို့နဲ့ အတိုက်အခံလုပ်နေရတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာတာဖြစ်ပါတယ်။
    Ref: Channelnewsasia
    (Channelnewsasia တွင်ဖော်ပြသည့် US missile disappears, turns up in Cuba: WSJ ဆောင်းပါးကို လေးေ
    မာင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို အူဘာမီယန် ရရှိ
    အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို အူဘာမီယန် ရရှိ
    ဇန်န၀ါရီ ၈၊ ၂၀၁၆
    M-Media
    Africa
    – ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး ပီယာရီ-အီမီရစ် အူဘာမီယန်မှာ အာဖရိကအကောင်းဆုံး ဘောလုံးသမားဆုကို ယာယာတိုးယေးအား ကျော်ဖြတ်၍ ရရှိခဲ့သည်ဟု သိရသည်။
    ဒေါ့မွန်အသင်း၏ အားထားရသည့် တိုက်စစ်မှူး အူဘာမီယန်မှာ ယမန်နေ့က ပြုလုပ်ခဲ့သည့် အာဖရိက ဘောလုံးထူးချွန်ဆုပေးပွဲတွင် မဲအရေအတွက် ၁၄၃ မဲဖြင့် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး ယာယာတိုးယေးမှာမူ ၁၃၆ မဲသာ ရရှိခဲ့သည်။
    ထို့ကြောင့် အူဘာမီယန်မှာ အလယ်အာဖရိက နိုင်ငံဖြစ်သော ဂါဘွန်မှ အာဖရိက အကောင်းဆုံး ဘောလုံးသမားဆုရရှိသည့် ပထမဆုံးကစားသမား ဖြစ်လာခဲ့သည်။
    အူဘာမီယန်မှာ ပြီးခဲ့သည့် ဘောလုံးရာသီတွင် ဘွန်ဒစ်လီဂါ၌ ၂၉ ဂိုး သွင်းယူခဲ့ပြီး၊ ယခုရာသီတွင် ဘွန်ဒစ်လီဂါ၌ ၁၈ ဂိုး ယူရိုပါလိဂ်၌ ၇ ဂိုး သွင်းယူပေးထားသည်။ ၁၉၇၀ က စတင်ချီးမြှင့်ခဲ့သည့် အာဖရိကအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိသူများတွင် အူဘာမီယန်မှာ ပထမဆုံး ဘွန်ဒစ်လီဂါအခြေစိုက် ကစားသမားဖြစ်ခဲ့သည်။
    “ဂါဘွန်ပြည်သူတွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒီဆုဟာ သူတို့အတွက်ပါပဲ။ လက်ရွေးအသင်းနဲ့ ဒေါ့မွန်အသင်းက အသင်းဖော်တွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဂိုးတွေသွင်းနိုင်တာဟာ သူတို့ရဲ့ ကူညီမှုကြောင့်ပါ။ အာဖရိက က လူငယ်တွေရဲ့ မိဘတွေအတွက် ကျွန်တော်ပြောချင်တာကတော့ ခင်ဗျားတို့ ကလေးတွေကို သူတို့ရဲ့ အိမ်မက်တွေ အကောင်အထည်ဖော်ခွင့် ပေးလိုက်ပါ ဆိုတာပါပဲ” ဟု အူဘာမီယန်က ဆုလက်ခံရယူပြီးနောက် ပြောကြားခဲ့သည်။
    Ref: Aljazeera