News @ M-Media

Blog

  • ဆော်ဒီအိမ်ရှေ့မင်းသား၏ ရွှေပြည်အေးမှတ်ချက်ကို အီရန်ချီးကျူး

    ဆော်ဒီအိမ်ရှေ့မင်းသား၏ ရွှေပြည်အေးမှတ်ချက်ကို အီရန်ချီးကျူး

    မတ် ၇၊ ၂၀၂၂

    M-Media 

    -နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ အဆင်သင့်ရှိတယ်ဆိုတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆလ်မန်ရဲ့ မှတ်ချက်ကို  နှစ်ခြိုက်အားရတယ်လို့ အီရန်နိုင်ငံခြားရေး၀န်ကြီး ဟိုစိန် အမီရ် အဘ်ဒူလာဟီယန်က ပြောကြားလိုက်ပါတယ်။ 

    Atlantic သတင်းဌာနနဲ့ ပြီးခဲ့တဲ့တစ်ပတ် အင်တာဗျူးမှာ ဘင်ဆလ်မန်က အီရန်ဟာ ထာ၀ရအိမ်နီးချင်းနိုင်ငံဖြစ်ပြီး ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းသွားမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    “ဆော်ဒီ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးရဲ့ လတ်တလောမှတ်ချက်မှာ အီရန်နဲ့ ဆက်ဆံရေး ထူထောင်ဖို့ သဘောဆန္ဒကို တွေ့ရပါတယ်။ ဒီအတွက် ကျွန်တော်တို့ ကြိုဆိုပါတယ်” လို့ အဘ်ဒူလာဟီယန်က နိုင်ငံပိုင် သတင်းဌာနကို IRNA ကို ပြောကြားခဲ့ပါတယ်။ 

    ၂၀၁၆ ခုနှစ် ဆော်ဒီက ရှီအာဘာသာရေးခေါင်းတစ်ဦးကို ကွပ်မျက်ခဲ့မှုနဲ့ ပတ်သက်ပြီး အီရန်ပြည်သူတွေ မကျေနပ်တဲ့အတွက် မြို့တော် တီဟီရန်မှာ ဆန္ဒပြပြီး ဆော်ဒီသံရုံးကို ၀င်ရောက်စီးနင်းခဲ့ပါတယ်။ 

    အဲဒီနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ရပ်ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။ 

    ဒါပေမယ့် အီရတ်ရဲ့ ကြား၀င်ပေးမှုနဲ့အတူ ပြီးခဲ့တဲ့နှစ်ကစပြီး ဆော်ဒီ-အီရန် အဆင့်မြင့်အရာရှိတွေ တွေ့ဆုံဆွေးနွေးမှု အနည်းဆုံး ၄ ကြိမ်လောက် လုပ်ခဲ့ပြီး ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားခဲ့ကြပါတယ်။ 

    အဒ်ဒူလာဟီယန်က ဆော်ဒီအနေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာတဲ့အတွက် ပျော်ရွှင်မိတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : Teheran Tiems 

  • ထိုင်း လယ်ယာပို့ကုန်အဖွဲ့ PWO မြန်မာနိုင်ငံတွင် အခြေစိုက်မည်

    ထိုင်း လယ်ယာပို့ကုန်အဖွဲ့ PWO မြန်မာနိုင်ငံတွင် အခြေစိုက်မည်

    မတ် ၆၊ ၂၀၂၂
    M-Media

    -ထိုင်းအစိုးရ လယ်ယာထွက်ကုန် တင်ပို့ရောင်းချရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Public Warehouse Organisation (PWO) ဟာ မြန်မာနိုင်ငံမှာ အခြေစိုက် ဂိုထောင်တစ်ခု လာရောက်ဖွင့်လှစ်ဖို့ ရှိ​နေပြီး ပို့ကုန်သွင်းကုန် အဆင်ပြေချောမွေ့စေဖို့ဖြစ်ပါတယ်။

    မြန်မာဖက်က တာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့တစ်ပတ်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။ ဒါဟာ ၁၉၅၅ ခုနှစ် PWO စတင် တည်ထောင်ပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံခြားမှာ အခြေစိုက်မှုဖြစ်ပါတယ်။

    ဒီဂိုထောင်ဟာ ထိုင်းနိုင်ငံက တင်ပို့တဲ့ ပစ္စည်းတွေ ဖြန့်ဝေပေးရေးသာမကဘဲ၊ ထိုင်းရင်းနှီးမြှုပ်နှံသူတွေ အွန်လိုင်း စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ စျေးကွက်ရှာဖွေနိုင်ရေးကိုပါ လုပ်ဆောင်သွားမယ်လို့ PWO ဒါရိုက်တာ ကရီယန်ဆက် ပရာတီဗီဆက်က ပြောပါတယ်။

    PWO ဟာ မြန်မာနိုင်ငံမှာ ပဲပုပ် စိုက်ပျိုးရေးလုပ်ငန်း တိုးချဲ့လုပ်ကိုင်သွားဖို့လည်း စီစဉ်နေပါတယ်။ ထိုင်းနိုင်ငံဟာ တစ်နှစ်ကို ပဲပုပ်တန်ချိန် ၂ သန်း၊ ပဲပုပ်ထွက် တိရစ္ဆာန်အစာ တန်ချိန် ၂ သန်း တင်သွင်းဖို့ လိုအပ်နေတာ​ ဖြစ်ပါတယ်။

    Ref: Nation Thailand

  • ဘ၀ရပ်တည်ရေးခက်ခဲလာသည့် အာဖဂန်ပြည်သူများ ကိုယ်တွင်းအင်္ဂါများ ရောင်းချရှင်သန်နေရ

    ဘ၀ရပ်တည်ရေးခက်ခဲလာသည့် အာဖဂန်ပြည်သူများ ကိုယ်တွင်းအင်္ဂါများ ရောင်းချရှင်သန်နေရ

    မတ် ၆၊ ၂၀၂၂

    M-Media 

    -ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ အာဖဂန်ပြည်သူတွေဟာ ကိုယ်တွင်းကလီစာတွေကို ရောင်းချပြီး ဝမ်းရေးကို ဖြေရှင်းနေရပါတယ်။ 

    “သားသမီးတွေကို ပြုစုပျိုးထောင်ဖို့အတွက် ကျွန်တော် ဒီလိုလုပ်ရတာပါ။ ကျွန်တော့်မှာ တစ်ခြားရွေးစရာမရှိပါဘူး” လို့ ကျောက်ကပ်တစ်ခြမ်း ရောင်းချခဲ့တဲ့ နူရွတ်ဒင်က ပြောပါတယ်။ 

    အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ နှစ်ပေါင်း ၂၀ ကျူးကျော်တိုက်ခိုက်မှုကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအခြေအနေ ဆိုးရွားနေတဲ့ အာဖဂန်နစ္စတန်ဟာ ပြီးခဲ့တဲ့နှစ် ၆ လပိုင်း တာလီဘန်တွေ သိမ်းပိုက်အုပ်ချုပ်ပြီးနောက်မှာတော့ ဘဏ္ဍာရေးနဲ့ စီးပွားရေးအခြေအနေ ပိုမိုဆိုးရွားမှုနဲ့ပါ ကြုံတွေ့လာရပါတယ်။ 

    တာလီဘန် အာဏာပြန်ရလာတဲ့အတွက် အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ ​ပြန်လုပ်ခဲ့တာကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အကူအညီပေးရေး ဆောင်ရွက်မှုတွေ အားနည်းသွားပါတယ်။ ဒါ့အပြင် နိုင်ငံခြားဘဏ်တွေမှာ အပ်ထားတဲ့ အာဖဂန်နစ္စတန်ရဲ့ နိုင်ငံတော်ဘဏ္ဍာ ဒေါ်လာ ၇ ဘီလီယံကို အမေရိကန်နဲ့ မဟာမိတ်တွေက တာလီဘန်လက်ထဲကို ပြန်မထည့်သေးပါဘူး။ 

    အာဖဂန်လူဦးရေ ၃၈ သန်းမှာ ထက်ဝက်လောက်က ဆာလောင်မွတ်သိပ်မှုနဲ့ ကြုံတွေ့နေရပြီး ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်ကို ကြုံ​တွေ့ရမယ့် ပမာဏက ၉ သန်းလောက် ရှိနေတယ်လို့ ကုလသမဂ္ဂ စစ်တမ်းတွေက ဖော်ပြပါတယ်။ 

    အခက်အခဲပေါင်းစုံနဲ့ အလုပ်အကိုင် ရှားပါးလာတဲ့ အာဖဂန်ပြည်သူတွေဟာ အသက်ရှင်သန်ရပ်တည်ဖို့အတွက် ကိုယ်တွင်းအင်္ဂါတွေကို ရောင်းချရတဲ့အနေအထားမျိုးအထိ ရောက်လာပါတယ်။ နိုင်ငံအနောက်ပိုင်း ဟေရတ်မြို့မှာဆိုရင် တစ်ချို့ရပ်ကွက်ကို ‘ကျောက်ကပ်တစ်ခြမ်းရွာ’ လို့ ခေါ်ဆိုမှုတွေတောင် ရှိလာပါတယ်။ 

    စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၃၂ နှစ်အရွယ် နူရွတ်ဒင်ဟာ တာလီဘန် အာဏာပြန်ရလာပြီးနောက်ပိုင်း လစာ ၃၀၀၀ အာဖဂန်နီ (ဒေါ်လာ ၃၀) သာ ရရှိတော့အတွက် အလုပ်ထွက်ခဲ့ပါတယ်။ 

    တစ်ခြားပိုကောင်းတဲ့ အလုပ်တစ်ခု ရှာမယ်လို့ စဉ်းစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကလီစာရောင်းရတဲ့ အနေအထားမျိုးကို ရောက်ရှိခဲ့ပါတယ်။ 

    “နောင်တရတယ်ဗျာ။ ကျွန်တော် အလုပ်မလုပ်နိုင်တော့ဘူး။ အလေးအပင်မလို့မရတော့ဘူး။ နာတယ်”

    နူရွတ်ဒင်ရဲ့ မိသားစုဟာ အခုအချိန်မှာတော့ ဖိနပ်တိုက်တဲ့အလုပ်နဲ့ တစ်ရက်ကို (ဒေါ်လာ) ပြား ၇၀ လောက်သာရတဲ့ ၁၂ နှစ်အရွယ်သားဖြစ်သူရဲ့ ဝင်ငွေနဲ့ ရပ်တည်နေရပါတယ်။ 

    ဒေါ်လာ ၁၅၀၀ သာရတဲ့ ကျောက်ကပ် 

    အာဖဂန်နစ္စတန်က ကိုယ်တွင်းကလီစာ ရောင်းချတဲ့ စီးပွားရေးကို AFP သတင်းဌာနက ဖော်ထုတ်တင်ပြခဲ့တာပါ။

    ကျောက်ကပ်တစ်ခြမ်းကို ဒေါ်လာ ၁၅၀၀ လောက်သာ ရတာမျိုး ရှိပြီး ပြည်သူတွေဟာ အကြွေးဆပ်ဖို့၊ မိသားစုကို ကျွေးမွေးဖို့ ဒီလမ်းကို ရွေးချယ်လာရတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး အာဖဂန်နစ္စတန်မှာ ဥပဒေ သတ်မှတ်ပြဌာန်းထာတာမျိုး မရှိပါဘူး။ 

    “ကလီစာ လှူဒါန်းတာ၊ ရောင်းချတာနဲ့ပတ်သက်ပြီး ဥပဒေမရှိပါဘူး။ ကာယကံရှင်ရဲ့ သဘောတူမှုကိုကြည့်ပြီးပဲ လုပ်နေကြတာပါ” လို့ မြောက်ပိုင်းမြို့ မဇာရ် အီ ရှရစ်ဖ် ဆေးရုံက ခွဲစိပ်ဆရာဝန်ဟောင်း မိုဟာမက် ဝါကီလ် မာတင်က ပြောပါတယ်။ 

    ဟေရတ်မြို့မှာ ကိုယ်တွင်းအင်္ဂါတွေ အဓိက အစားထိုးမှုလုပ်တဲ့ ဆေးရုံတစ်ခုမှာ ခွဲစိပ်ဆရာဝန်အဖြစ် ဆောင်ရွက်တဲ့ မိုဟာမက် ဘာဆီရ် အိုစမာနီကလည်း ဒီအချက်ကို အတည်ပြုပါတယ်။ ကာယကံရှင်ရဲ့ သဘောတူမှုကို ဗီဒီယိုနဲ့ မှတ်တမ်းတင်ပြီးမှာ ခွဲစိပ်မှုလုပ်တာလို့လည်း သူက ဆိုပါတယ်။ 

    ဒီကိစ္စနဲ့ပတ်သက်ပြီး AFP သတင်းဌာနရဲ့ မေးမြန်းမှုကို တာလီဘန်က ဖြေကြားခြင်း မပြုပါဘူး။ အိုစမာနီကတော့ တာလီဘန်က ဒီကိစ္စကို ထိန်းချုပ်ဖို့ လုပ်နေပြီး ကော်မတီတောင် ဖွဲ့စည်းပြီးပြီလို့ ပြောပါတယ်။ 

    နိုင်ငံတစ်ဝှမ်းက ကျောက်ကပ်လိုအပ်တဲ့ လူချမ်းသာတွေဟာ ပွဲစားတွေကတစ်ဆင့် ဟေရတ်ကိုရောက်လာကြသလို၊ အိန္ဒိနဲ့ ပါကစ္စတန်ကလူတွေလည်း လာဝယ်နေကြတာ ဖြစ်ပါတယ်။ ကျောက်ကပ်ဖိုးနဲ့ ခွဲစိပ်စားရိတ် အားလုံးကို ဝယ်သူတွေက ကျခံပါတယ်။ 

    “ကျွန်မကျောက်ကပ်ကို အာဖဂန်နီ ၂ သိန်းခွဲ (ဒေါ်လာ ၂၇၀၀) နဲ့ ရောင်းခဲ့ပါတယ်။ ကျွန်မမှာ ရွေးစရာမရှိပါဘူး။ ယောင်္ကျားက အလုပ်မရှိဘူး။ အကြွေးကလည်း ပတ်လည်၀ိုင်းနေပါတယ်” လို့ ကျောက်ကပ်ရောင်းချခဲ့သူ အဇီတာက ပြောပါတယ်။ 

    အဇီတာရဲ့မိသားစုဟာ စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်နေရပြီး ကလေး ၃ ယောက်ဆိုရင် အဟာရချို့တဲ့မှုကြောင့် မကြာသေးခင်က ဆေးကုသမှု ခံယူခဲ့ရပါတယ်။ 

    နေ့စားအလုပ်လုပ်တဲ့ အဇီတာရဲ့ ခင်ပွန်းကလည်း ဒီလမ်းကို ရွေးရတော့မှာပါ။ 

    “လူတွေက ဆင်းရဲတွင်း နက်လာကြတယ်။ မျှော်လင့်ချက်မဲ့လာတာကြောင့် ကျောက်ကပ်ရောင်းကြတဲ့လူတွေလည်း များသထက်များလာပါတယ်”  

    ကျောက်ကပ်တစ်ခြမ်းရွာ 

    ဟေရတ်မြို့ဆင်ခြေဖုံးက ဆေဟန်ဘာ ဘဇားရ်ရွာဟာ စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြသူတွေ အခြေချနေထိုင်ကြတဲ့ ရွာဖြစ်ပြီး မိသားစု ၁၀၀ ကျော်လောက် ရှိပါတယ်။ 

    ဝမ်းရေးအတွက် ကျောက်ကပ်ရောင်းချသူ များတာကြောင့် ဒီရွာဟာ ‘ကျောက်ကပ်တစ်ခြမ်းရွာ’ လို့ အမည်တွင်သွားပါတယ်။ 

    ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ကျောက်ကပ်တစ်ခြမ်းစီ ရောင်းခဲ့ကြတဲ့ ညီအစ်ကို ၅ ဦးက ဆင်းရဲတွင်းမနက်ဖို့ လမ်းဟာ ဒီလမ်းပဲရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 

    “အကြွေးထဲနစ်နေပြီး၊ ဆင်းရဲတွင်းကကို မတက်နိုင်ပါဘူး” လို့ ဂူလမ်နဘီက ပြောပါတယ်။

    ချမ်းသာတဲ့နိုင်ငံတွေမှာတော့ ခွဲစိပ်ပြီးရင် ကျောက်ကပ်ပေးသူရော၊ ရယူသူရဲ့ ကျန်းမာရေးကို အနီးကပ်စောင့်ကြည့်ပြီး ကျန်းမာစွာ နေထိုင်သွားနိုင်ပေမယ့် အာဖဂန်နစ္စတန်လို နိုင်ငံမျိုးမှာတော့ ကျောက်ကပ်ရောင်းလိုက်တဲ့သူတွေဟာ အကြွေးသံသရာကနေ မထွက်နိုင်ဘဲ မကျန်းမမာနဲ့ဘဲ ဘ၀တွေကို အဆုံးသတ်ရပါတယ်။ 

    ဆရာဝန်မာတင်က ကျောက်ကပ်ရောင်းလိုက်ရသူတွေထဲက တစ်ချို့တစ်လေသာ ခွဲစိပ်မှုနောက်ပိုင်း ကျန်းမာရေးစစ်ဆေးမှုကို လုပ်နိုင်တယ်လို့ ပြောပါတယ်။ ကျောက်ကပ်ရောင်းသူတွေ၊ လှူတဲ့တွေကို စာရင်းပြုစုပြီး နောက်ဆက်တွဲ ကျန်းမာရေးစစ်ဆေးမှုလုပ်ပေးတဲ့ ဆေးရုံ၊ ဆေးပေးခန်းမျိုး အာဖဂန်နစ္စတန်မှာ မရှိပါဘူး။ 

    “ဝမ်းမ၀ ခါးမလှတော့ ကျွန်မတို့မှာ ရွေးစရာမရှိပါဘူး” လို့ ကျောက်ကပ်ရောင်းချခဲ့သူ ရှာကီလာက ပြောပါတယ်။ 

    သူမဟာ အသက် ၁၉ နှစ်မှာတင် ကလေးနှစ်ယောက်အမေ ဖြစ်ခဲ့ပြီး တာလီဘန် မသိမ်းပိုက်ခင်လေးကမှ ဟေရတ်မြို့မှာ ပွဲစားတစ်ယောက်အကူအညီနဲ့ ကျောက်ကပ်ရောင်းခဲ့တာပါ။ 

    ဒေါ်လာ ၁၅၀၀ သာ ရခဲ့ပြီး ဒီငွေအများစုကို မိသားစုအကြွေးဆပ်ဖို့အတွက် အသုံးပြုခဲ့ပါတယ်။ 

    ကလေး ၃ ယောက်အမေ အဇီဇာကတော့ ဆေးရုံဝန်ထမ်းတစ်ဦးရဲ့ အကူအညီနဲ့ ကျောက်ကပ်ရောင်းဖို့ စောင့်နေပါတယ်။ 

    “ကလေးတွေက လမ်းတွေမှာ လျှောက်တောင်းနေရပြီ။ ကျောက်ကပ်သာမရောင်းရင် တစ်နှစ်အရွယ် သမီးကိုရောင်းရတော့မယ့် ဘ၀ပါ”

    Ref: AFP

  • တက်ကြွလှုပ်ရှားသူ လုပ်ကြံခံရမှုအတွက် ရိုဟင်ဂျာဘာသာရေးခေါင်းဆောင်တစ်ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

    တက်ကြွလှုပ်ရှားသူ လုပ်ကြံခံရမှုအတွက် ရိုဟင်ဂျာဘာသာရေးခေါင်းဆောင်တစ်ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

    မတ် ၆၊ ၂၀၂၂
    M-Media

    -ရိုဟင်ဂျာအသိုင်းအ၀ိုင်းမှာ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ မိုဟီဘူလာ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦးကို ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီးလိုက်ပါတယ်။

    ရိုဟင်ဂျာတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ နေရပ်ပြန်နိုင်ရေး စသဖြင့် နယ်ပယ်စုံမှာ ကူညီပေးနေတဲ့ မိုဟီဘူလာဟာ ဘင်္ဂလာဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက လုပ်ကြံခံလိုက်ရတာပါ။

    မိသားစုက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ARSA က လုပ်ကြံသတ်ဖြတ်တာလို့ စွပ်စွဲပြစ်တင်ခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က အထူးတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ARSA နဲ့ အဆက်အသွယ်ရှိတဲ့ အိုလမာကောင်စီ အကြီးအကဲ မော်လဝီ ဇာကိုရီယာကို မိုဟီဘူလာလုပ်ကြံခံရမှုမှာ ပါဝင်မှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ဖော်ပြထားပါတယ်။

    “မိုဟီဘူလာကို လုပ်ကြံဖို့ ဖသ်ဝါဓမ္မသတ်ကို မော်ဝီဇာကိုရီယာက ထုတ်ပေးခဲ့ပါတယ်။ မိုဟီဘူလာ အသတ်ခံခဲ့ရပြီး ဇာကိုရီယာလည်း ထွက်ပြေးတိမ်းရှောင်သွားပါတယ်” လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူ နိုင်မူလ် ဟက်က ပြောပါတယ်။

    ဇာကိုရီယာဟာ မိုဟီဘူလာရဲ့ လုပ်ဆောင်ချက်တွေကို မနှစ်မြို့ဘူးလို့ ဟက်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ARSA ရဲ့ ဒီလုပ်ဆောင်ချက်ဟာ ဒုက္ခသည်စခန်းမှာ ရှိနေတဲ့ စည်မျဉ်းစည်းကမ်းတွေကို ဖျက်ဆီးမှုဖြစ်တယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။

    မိုဟီဘူလာဟာ မြန်မာစစ်တပ်ရဲ့ ညှင်းပမ်းနှိပ်စက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းအားထုတ်နေသူတစ်ဦးပါ။ ဒါ့အပြင် စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အသေးစိတ် အချက်အလက်တွေကအစ အထောက်အထားစုဆောင်းကာ မှတ်တမ်းတင်တဲ့ လုပ်ငန်းကိုလည်း သူက လုပ်ဆောင်ခဲ့ပါတယ်။

    ARSA ဟာ အိုလမာကောင်စီကနေတစ်ဆင့် ရိုဟင်ဂျာလူ့အဖွဲ့အစည်းမှာ ​ဩဇာလွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဖွင့်လှစ်ထားတဲ့ အစ္စလာမ်ဘာသာရေးကျောင်းက လူ ၆ ယောက် သတ်ဖြတ်ခံရမှုမှာ ARSA ရဲ့ လက်ချက်မကင်းဘဲ သူတို့ကို ယှဉ်ပြိုင်မယ့် အဖွဲ့အစည်းလို့ ရှုမြင်တဲ့အတွက် ဒီလိုလုပ်တာလို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

    Ref: Daily Mail

  • ပူတင်ကိုကြောက်၍ ရုရှားနိုင်ငံသားများ ဖင်လန်သို့ ထွက်ပြေး

    ပူတင်ကိုကြောက်၍ ရုရှားနိုင်ငံသားများ ဖင်လန်သို့ ထွက်ပြေး

    မတ် ၅၊ ၂၀၂၂
    M-Media

    – -သမ္မတ ဗလာဒီမီရ်ပူတင်က နိုင်ငံအတွင်း ကန့်သတ်ထိန်းချုပ်မှုတွေ ထပ်တိုးလုပ်ဆောင်လာမှာကို စိုးရိမ်တဲ့အတွက် ရုရှားနိုင်ငံသားတွေဟာ ဖင်လန်နိုင်ငံကို ထွက်ခွာနေကြပါတယ်။

    ဖေဖော်၀ါရီလနှောင်းပိုင်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ကတည်းက ရုရှားနိုင်ငံတစ်၀ှမ်း စစ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး ရာနဲ့ချီ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ လက်ရှိမှာ ပူတင်အစိုးရဟာ ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်မယ့် ဥပဒေ ပြဌာန်းတာ အပါအ၀င် စစ်ဆန့်ကျင်ရေး လှုပ်ရှားသူတွေအပေါ် ဖိနှိပ်မှုတွေ တိုးမြှင့် လုပ်ဆောင်လာပါတယ်။

    ရုရှားမှာမှာ လွတ်လပ်တဲ့ သတင်းဌာနအားလုံးနီးပါး ပိတ်ပစ်လိုက်ရပြီး၊ ဆိုရှယ်မီဒီယာတွေကိုလည်း အစိုးရက ပိတ်ပင်ထားပါတယ်။ ပူတင်ဟာ နိုင်ငံတစ်၀ှမ်း စစ်အုပ်ချုပ်ရေးစနစ် (မာရှယ်လော) ထုတ်ပြန်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ပြန့်နှံ့နေပါတယ်။

    ရုရှားပြည်သူတွေက ပူတင်အစိုးရရဲ့ ဖိနှိပ်မှုတွေ ပိုဆိုးမလာခင် တိုင်းပြည်ကနေထွက်ခွာဖို့ ကြိုးစားလာကြပါတယ်။

    ဖင်လန်နယ်စပ် ရုရှားမြို့တစ်ခုဖြစ်တဲ့ ဗာလီမာမှာ အခုတစ်ပတ်အတွင်း နိုင်ငံကထွက်ခွာဖို့ ရောက်ရှိလာကြသူတွေ ပိုများလာပါတယ်။ ဥရောပနိုင်ငံတွေ အားလုံးနီးပါးက ရုရှားကနေလာမယ့် လေယာဥ်တွေကို ပိတ်ပစ်လိုက်ကြတာကြောင့် ကုန်လမ်းကြောင်းကနေ ထွက်ခွာဖို့ ပြင်ဆင်လာကြတာပါ။

    ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ကနေ ဖင်လန်နိုင်ငံ ဟယ်လင်စကီးမြို့ကို ပြေးဆွဲတဲ့ ရထားမှာလည်း ဘိုကင်တွေပြည့်နေပြီး လက်မှတ်စျေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေပါတယ်။

    “ယူကရိန်းပြည်သူတွေက ကျွန်တော်တို့ မိသားစု၀င်တွေပါ။ ကျွန်မတို့ သူတို့ကို သတ်နေလို့ မရပါဘူး” လို့ ဖင်လန်ကို ရောက်လာတဲ့ ရုရှားအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ရုရှားပြည်သူအများစုဟာ စစ်ကို မလိုချင်ကြပေမယ့် ပူတင်အစိုးရရဲ့ရန်ကို ကြောက်ရွံ့တဲ့အတွက် ထုတ်မပြောကြတာလို့လည်း သူမက ဆိုပါတယ်။

    စစ်ပွဲစတင်ပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ ပိတ်ဆို့မှုကြောင့် ရုရှားရူဘဲလ်ငွေ အကြီးအကျယ် ကျဆင်းနေပြီး၊ ရုရှားစီးပွားရေးကလည်း အလျင်အမြန်ကို အားနည်းလာပါတယ်။

    တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ကို ထွက်ခွာသွားတဲ့ ရုရှားအမျိုးသမီးတစ်ဦးကလည်း ဆိုဗီယက်ပြည်ထောင်စုလက်ထက် ဖိနှိပ်ညှင်းပမ်းမှုတွေဆီ ပြန်မသွားချင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မ အသက် ၃၀ ရှိပါပြီ။ ဖိနှိပ်မှုတွေ၊ ထောက်လှမ်းရေးရန် စတဲ့ အဆိုးဆုံးကို ကျွန်မ မကြုံဖူးခဲ့ဘူး။ အခုအချိန် ကျွန်မ ထွက်မပြေးခဲ့ဘူးဆိုရင် နောက်ပိုင်းကျ ထွက်ပြေးလို့ မရမှာကို ကျွန်မ စိုးရိမ်ပါတယ်။ အခုအချိန်ဟာ ထွက်သွားရတော့မယ့် အချိန်ပါ။ ချစ်ရခင်ရသူတွေ၊ မိသားစု မိတ်ဆွေသူငယ်ချင်းတွေကို နောက်ထပ် ဘယ်တော့များမှ တွေ့ရမလဲ၊ တစ်သက်လုံး မတွေ့ရတော့ဘူးလား စသဖြင့် စိုးရိမ်မယ်ဆို စိုးရိမ်ရမယ့် အနေအထားမျိုးပါ”

    Ref: BBC