News @ M-Media

Blog

  • ကိုဗစ်စည်းမျဉ်းများ ကျင့်သုံးရမှုကို ဆော်ဒီ ပယ်ဖျက်

    ကိုဗစ်စည်းမျဉ်းများ ကျင့်သုံးရမှုကို ဆော်ဒီ ပယ်ဖျက်

    မတ် ၆၊ ၂၀၂၂
    M-Media

    -ကိုဗစ်ကပ်ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေ လုပ်ဆောင်ရမှုကို ပယ်ဖျက်လိုက်တယ်လို့ ဆော်ဒီအာရေဗျက စနေနေ့မှာ ကြေငြာလိုက်ပါတယ်။

    ဒါ့ကြောင့် နိုင်ငံအတွင်း နှာခေါင်းစည်းတပ်ဆင်တာ၊ ခပ်ခွာခွာနေထိုင်တာတွေကို မဖြစ်မနေ လုပ်ဆောင်စရာ မလိုတော့ပါဘူး။ ဒါဟာ အခုနှစ် အွမ္မရာဟ်နဲ့ ဟဂျ်ဘုရားဖူးခရီးစဉ်တွေကို အပြည့်အ၀ ပြန်လည် ခွင့်ပြုပေးမလားဆိုတဲ့ မျှော်လင့်ချက်ကိုလည်း ခိုင်မာလာစေပါတယ်။

    အစ္စလာမ်ဘာသာရဲ့ မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်နှစ်လုံးနဲ့ နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေမှာ ခပ်ခွာခွာနေထိုင်ဖို့ လိုအပ်တော့မှာမဟုတ်ပေမယ့် နှာခေါင်းစည်းတော့ တပ်ရလိမ့်မယ်လို့ ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    နိုင်ငံခြားက ဝင်ရောက်လာသူတွေအနေနဲ့ ကိုဗစ် ရှိ၊ မရှိ PCR Test စစ်စရာ မလိုတော့သလို ကွာရန်တင်းလည်း ဝင်ဖို့ မလိုတော့ပါဘူး။ ဒါပေမယ့် ကိုဗစ်ဖြစ်လာရင် ကုသနိုင်မယ့် ကျန်းမာရေးအာမခံမျိုး ခရီးသွားတွေ ထားရှိရမှာ ဖြစ်ပါတယ်။

    ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ တတိယအကြိမ် ကာကွယ်ဆေးထိုးတာ၊ အဆောက်အဦးတွေကို ဝင်ရောက်ရင် Tawakkalna အက်ပလီကေးရှင်းအသုံးပြုပြီး စကန်ဖတ် မှတ်တမ်းတင်တာလို တစ်နိုင်ငံလုံး ကိုဗစ်ကာကွယ်ရေး လုပ်ဆောင်ချက်တွေကို အလေးထား လုပ်ဆောင်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

    Ref: Arab News

  • အစ္စရေးကို မဟာမိတ်အဖြစ် ရှုမြင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    အစ္စရေးကို မဟာမိတ်အဖြစ် ရှုမြင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    မတ် ၄၊ ၂၀၂၂
    M-Media

    -အစ္စရေးကို ရန်သူအဖြစ်ထက် အလားအလာရှိတဲ့ မဟာမိတ်လို့မြင်ပြီး ပါလက်စတိုင်းအရေးကိစ္စကိုတော့ အရင်ဖြေရှင်းဖို့လိုတယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်ပါတယ်။

    The Atlantic သတင်းဌာနနဲ့ အင်တာဗျူးမှာ ဘင်ဆလ်မန်က အခုလို ဒီလို မှတ်ချက်ပေးလိုက်တာပါ။ ​

    ဆော်ဒီအာရေဗျနဲ့ အစ္စရေးတို့ဟာ တရားဝင် သံတမန်ဆက်ဆံရေးမရှိပါဘူး။ အရင် ဆော်ဒီအာဏာပိုင် အဆက်ဆက်က ပါလက်စတိုင်းကိစ္စ ဖြေရှင်းပြီးတဲ့နောက် အစ္စရေးနဲ့ သံအဆက်အသွယ် ရှိကောင်း ရှိလာနိုင်ပေမယ့် မဟာမိတ်တော့ ဖြစ်မှာမဟုတ်ဘူးလို့ ပြောကြားထားတာပါ။

    ဘင်ဆလ်မန်ရဲ့ အခုမှတ်ချက်ဟာ ဆော်ဒီအာရေဗျရဲ့ အရင်နိုင်ငံခြားရေးမူဝါဒနဲ့ သိသိသာသာ ကွဲပြားလာတာ ဖြစ်ပါတယ်။

    “အစ္စရေးကို ရန်သူလို့ ကျွန်တော်တို့ မရှုမြင်ဘူး။ မဟာမိတ်ဖြစ်နိုင်တယ်လို့ပဲမြင်တယ်။ နှစ်နိုင်ငံပေါင်းပြီး ဖော်ဆောင်လို့ရတဲ့ အကျိုးစီးပွားတွေ အများအပြားရှိပါတယ်။ ဒါပေမယ့် ဒီဆက်ဆံရေးမတည်ဆောက်ခင် တစ်ချို့ပြဿနာတွေကိုတော့ ဖြေရှင်းဖို့ လိုပါတယ်”

    အစ္စရေးနဲ့ပတ်သက်ရင် သိသာတဲ့ မူဝါဒပြောင်းလဲမှုအဖြစ် ဆော်ဒီအာရေဗျဟာ ၂၀၂၀ ခုနှစ်မှာ အစ္စရေးလေယာဉ်တွေ ဆော်ဒီလေပိုင်နက်ကိုဖြတ်ကာ ယူအေအီးကိုသွားဖို့ ခွင့်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာကလည်း အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်ရဲ့ လေယာဉ်ဟာ ဆော်ဒီလေပိုင်နက်ကိုဖြတ်ပြီး ယူအေအီးကို သွားရောက်ခဲ့ပါတယ်။

    ဆော်ဒီရဲ့ ပင်လယ်ကွေ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ဘာရိန်းနဲ့ ယူအေအီးတို့ဟာ ၂၀၂၀ ခုနှစ်မှာ အစ္စရေးနဲ့ ဆက်ဆံရေး တည်ဆောက်ခဲ့ပြီး ဘင် ဆလ်မန်က အကျိုးဖြစ်ထွန်းမယ်လို့ ယူဆရင် ဒီလိုဆုံးဖြတ်ချက်မျိုး ချမှတ်ဖို့အတွက် အဲဒီနိုင်ငံတွေမှာ အခွင့်အရေးရှိတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    Ref: Middle East Eye

  • ဦးပိုင်လီမိတက်ရုံးချုပ်ကို စစ်ကောင်စီက နေပြည်တော်ရွှေ့မည်

    ဦးပိုင်လီမိတက်ရုံးချုပ်ကို စစ်ကောင်စီက နေပြည်တော်ရွှေ့မည်

    မတ် ၄၊ ၂၀၂၂
    M-Media

    -စစ်ခေါင်းဆောင်တွေ ဝင်ငွေအဓိကရနေတဲ့ စီးပွားရေးဦးပိုင်လီမိတက် (MEHL) ရုံးချုပ်အဆောက်အဦးကို နေပြည်တော်မှာ ဆောက်လုပ်နေပြီး လုံခြုံရေးအခြေအနေ စိုးရိမ်ရတဲ့အတွက်ဖြစ်တယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေက မီဒီယာကို ပြောပါတယ်။

    မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နဲ့ MEHL တို့ဟာ စစ်ခေါင်းဆောင်​တွေ ထိန်းချုပ်ထားတဲ့ လုပ်ငန်းစုတွေဖြစ်ပြီး ဒေါ်လာဘီလီယံချီရတဲ့ လုပ်ငန်းတွေအပါအဝင် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်း တော်တော်များများကို လုပ်ကိုင်နေတာဖြစ်ပါတယ်။

    ဒီလုပ်ငန်းစုက ရရှိတဲ့ဝင်ငွေတွေဟာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ပြည်သူလူထုအပေါ် နှိပ်စက်ညှင်းပမ်းမှုတွေကို အထောက်အကူပြုနေတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပြ ဝေဖန်ထားပါတယ်။

    MEHL က လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေထဲမှာ မြ၀တီဘဏ်နဲ့ စစ်တပ်အငြိမ်းစားရန်ပုံငွေလုပ်ငန်းတွေ ပါဝင်ပြီး ရုံးချုပ်တွေက ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်မှာ ရှိနေတာဖြစ်ပါတယ်။

    နေပြည်တော် ဥတ္တရသီရိမြို့နယ် မန္တလေးလမ်းမှာ MEHL က ၁၀ ထပ် ရုံးချုပ်အဆောက်အဦးတစ်ခု ဆောက်လုပ်နေတယ်လို့ အငြိမ်းစားဗိုလ်မှူးတစ်ဦးအပါအဝင် ရင်းမြစ်နှစ်ခုက ဧရာ၀တီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    တည်ဆောက်နေတဲ့နေရာဟာ နေပြည်တော်က လူစည်ကားတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဆောက်လုပ်မှုကို ဇန်နဝါရီက စတင်ခဲ့ပြီး လက်ရှိမှတော့ ဖောင်ဒေးရှင်းပိုင်း ပြီးသွားပြီလို့ ဒေသခံတွေက အတည်ပြု ပြောဆိုပါတယ်။

    နေပြည်တော်ကသာ သူတို့အကျိုးစီးပွားကို လုံခြုံစေမယ့် နေရာဖြစ်တယ်လို့ စစ်ကောင်စီက ယူဆတဲ့အတွက် ဒီလိုရွှေ့ပြောင်းတာဖြစ်မယ်လို့ အငြိမ်းစားဗိုလ်မှူးက ပြောကြားခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုဟာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို အဓိကထား ဆန့်ကျင် သပိတ်မှောက်လာကြပြီး တိုက်ခိုက်ဖျက်ဆီးမှုတွေပါ ရှိလာတာ ဖြစ်ပါတယ်။

    Ref: Irrawaddy English

  • ယူကရိန်းကျူးကျော်စစ်တွင် ရုရှားက စစ်အင်အား ၇၅ ရာခိုင်နှုန်းသုံးထား

    ယူကရိန်းကျူးကျော်စစ်တွင် ရုရှားက စစ်အင်အား ၇၅ ရာခိုင်နှုန်းသုံးထား

    မတ် ၁၊ ၂၀၂၂
    M-Media

    ကိဗ်ကို ချီတက်လာသည့် ရုရှားစစ်ယာဥ်တန်း)

    -ယူကရိန်းကို ကျူးကျော်မှုမှာ ရုရှားက စစ်အင်အားရဲ့ ၇၅ ရာခိုင်နှုန်းအထိ အသုံးပြုလာတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ရုရှားဟာ ယူကရိန်းကို တိုက်ခိုက်နေတာ ၆ ရက်မြောက်ရှိလာပြီဖြစ်ပါတယ်။ အစပိုင်းက စစ်အင်အားရဲ့ ၄၀ ရာခိုင်နှုန်းကိုသာ ပို့ခဲ့ပေမယ့် အခုအချိန်မှာတော့ ၇၅ ရာခိုင်နှုန်းလောက် အသုံးပြုနေတယ်လို့ အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာန ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    တိကျမှုအားနည်းပြီး ထိခိုက်မှု ပြင်းထန်တဲ့ grad ဒုံးကျည်တွေ၊ အဆင့်ဆင့် ပေါက်ကွဲတဲ့ cluster ဗုံးတွေကို အသုံးပြုပြီး အရပ်သားတွေနေထိုင်တဲ့နေရာကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အထူးသဖြင့် ရုရှားထိုးစစ်ကြီးမားတဲ့ ယူကရိန်းအရှေ့မြောက်ပိုင်းက ဒုတိယမြို့တော် ခါကစ်ဗ်မှာပါ။

    မြို့တော်ကိဗ်ကို သိမ်းဖို့ ရုရှားက ကြိုးစားနေပေမယ့် ယူကရိန်းတပ်ဖွဲ့တွေက အပြင်းအထန် ခုခံထားနိုင်ပါတယ်။ တင့်ကားတွေ၊ အမြောက်တွေ၊ လက်နက်တပ်ယာဥ်တွေ ပါ၀င်တဲ့ ယာဥ်တန်းရှည်ကြီး တစ်ဖြည်းဖြည်းနဲ့ နီးကပ်လာတဲ့ ပုံတွေကိုလည်း နိုင်ငံတကာ သတင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။

    အဂ်ါနေ့က ရုရှားနဲ့ ယူကရိန်းတို့အကြား ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် တိကျတဲ့ ရလဒ်တော့ မရခဲ့ပါဘူး။

    Ref: BBC

  • ဆော်ဒီအာရေဗျကို အလုပ်သမားစေလွှတ်ရန် ထိုင်း ပြင်ဆင်

    ဆော်ဒီအာရေဗျကို အလုပ်သမားစေလွှတ်ရန် ထိုင်း ပြင်ဆင်

    မတ် ၁၊ ၂၀၂၂
    M-Media


    -နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် ဆော်ဒီအာရေဗျကို အလုပ်သမားတွေစေလွှတ်ဖို့ ထိုင်းနိုင်ငံက ပြင်ဆင်နေပါတယ်။

    အလုပ်သမားစေလွှတ်နိုင်ရေး ဥပဒေမူကြမ်းနှစ်ခုကို ထိုင်းအစိုးရအဖွဲ့က အဂ်ါနေ့မှာ အတည်ပြုခဲ့ပြီး အဲဒီအထဲမှာ ဆော်ဒီအာရေဗျဖက်က အလုပ်သမားနဲ့ အလုပ်ရှင်တို့ရဲ့ အခွင့်အရေးကို ကာကွယ်ပေးရေး ပါ၀င်တယ်လို အစိုးရပြောရေးဆိုခွင့်ရှိသူ Thanakorn Wangboonkongchana က ပြောပါတယ်။

    “ဒါဟာ ထိုင်း-ဆော်ဒီ စီးပွားရေးဆက်ဆံမှု အားကောင်းစေရေး၊ အရှေ့အလယ်ပိုင်းမှာ ထိုင်းအလုပ်သမားစျေးကွက် ချဲ့ထွင်နိုင်ရေး ခေတ်သစ်တစ်ခု ဖြစ်လာမှာပါ”

    ဇန်န၀ါရီလ ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဆော်ဒီအာရေဗျနိုင်ငံကို သွားရောက်မှုအတွင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနဲ့ ကုန်သွယ်ရေး ပြန်လည်တည်ဆောက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

    ၁၉၈၉ ခုနှစ်မှာ ထိုင်းသန့်ရှင်းရေး၀န်ထမ်းတစ်ဦးက ဆော်ဒီတော်၀င်မင်းသားတစ်ဦး နေအိမ်က ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိတဲ့ စိန်ရွှေလက်၀တ်ရတနာတွေ ခိုးယူမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ တင်းမာမှုတွေဖြစ်ကာ ဆက်ဆံရေး ပြတ်တောက်သွားတာ ဖြစ်ပါတယ်။

    အဲဒီကိစ္စနောက်ဆက်တွဲ ထိုင်းနိုင်ငံမှာ ဆော်ဒီသံတမန် ၃ ဦး တစ်ညတည်း သီးခြားစီ လုပ်ကြံခံလိုက်ရပြီး၊ ပျောက်ဆုံးသွားတဲ့ လက်၀တ်ရတနာ တော်တော်များများကိုလည်း ပြန်မရခဲ့ပါဘူး။ ဒီကိစ္စမှာ ထိုင်းရဲတပ်ဖွဲ့က ထိပ်တန်းရဲချုပ်တွေ ပါ၀င်နေတယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။

    ဆက်ဆံရေးပြတ်တောက်မှုကြောင့် ထိုင်းနဲ့ ဆော်ဒီအာရေဗျ နှစ်နိုင်ငံစလုံးဟာ ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေးလုပ်ငန်းမှာ ကန်ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးခဲ့ပါတယ်။


    Ref: CNA