ဇန်န၀ါရီ ၁၂၊ ၂၀၁၆
M-Media
– ပြည်သူ ထောင်ပေါင်းများစွာ ပိတ်မိနေပြီး၊ ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးမှုများပင်ရှိခဲ့သည့် ဆီးရီးယားရှိ ပိတ်ဆို့ခံဒေသ ၃ ခုသို့ ဒေသတွင်းနှင့် နိုင်ငံတကာမှ အကူအညီပေးရေးအဖွဲ့များ ရောက်ရှိနေပြီဟု သိရသည်။
ပိတ်ဆို့ခံဒေသများတွင် အကူအညီများ ထောက်ပံ့ပေးအပ်ရေးအတွက် ဆီးရီးယားအစိုးရနှင့် သူပုန်များအကြား သဘောတူညီမှု၏ အစိတ်အပိုင်းအဖြစ် အဆိုပါ အကူအညီပေးရေးအဖွဲ့များ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဒမတ်စတ်အနောက်ပိုင်း သူပုန်များထိန်းချုပ်ထားရာ မဒ်ရာမြို့တွင် အကူအညီပေးရေး ထရပ်ကားများမှာ ပထမဆုံး ရောက်ရှိလာခဲ့သည်။ အဆိုပါမြို့မှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လကတည်းက အစိုးရတပ်ဖွဲ့ဝင်များနှင့် ဟစ်ဇ်ဘိုလာတို့၏ ပိတ်ဆို့မှုကို ခံထားရသည့် နေရာဖြစ်သည်။
ထို့ပြင် အစ်ဒ်လစ်ဘ်ပြည်နယ်ရှိ ပိတ်ဆို့ခံ မြို့ ၂ မြို့ဖြစ်သော ဖူအာနှင့် ကီဖရာယာတို့တွင်လည်း အကူအညီပေးရေးအဖွဲ့များ ရောက်ရှိခဲ့ကြသည်။ မဒ်ရာတွင် အကူအညီပေးမှုမှာ လူပေါင်း ၄၀၀၀၀ အတွက် တစ်လတာ စားနပ်ရိက္ခာ လုံလောက်စေမည်ဟု ကမ္ဘာ့စားနိပ်ရိက္ခာအစီအစဉ်က ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံတစ်ဝှမ်း နေရာ ၁၅ နေရာတွင် အနည်းဆုံး ပြည်သူ ၄ သိန်းမှာ ၀န်းရံပိတ်ဆို့မှုများအောက်တွင် နေထိုင်နေရသည်ဟု ကုလက ပြောကြားခဲ့သည်။ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က မဒ်ရာတွင် အသက် ၁ နှစ်အောက်အရွယ် ကလေးငယ် ၆ ဦးအပါအ၀င် အနည်းဆုံး လူ ၂၈ ဦးမှာ ငတ်မွတ်ခေါင်းပါးမှုနှင့် ဆက်စပ်သည့် အကြောင်းအရင်းများကြောင့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။
ထို့ပြင် အလွန်အမင်းအဟာရချို့တဲ့နေသူ ၂၅၀ ရှိနေပြီး ၎င်းတို့ထဲမှ ၁၀ ဦးမှာ အသက်ရှင်ရေးအတွက် ချက်ခြင်း ဆေးရုံတင်ကုသရန် လိုအပ်နေသည်ဟု MSF က ထည့်သွင်းပြောကြားခဲ့သည်။ အခြားသော ပိတ်ဆို့ခံဒေသများတွင်လည်း အလားတူအဖြစ်မျိုးရှိနေပြီး အကူအညီပေးရေးအဖွဲ့များမှာ ထိုဒေသများသို့လည်း သွားရောက်လျက်ရှိနေသည်။
Ref: Aljazeera











