ဇန်န၀ါရီ ၁၂၊ ၂၀၁၆
M-Media
– ၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။
ရီးယဲလ်မက်ဒရစ်မှ ရော်နယ်ဒိုနယ်နှင့် အသင်းဖော် နေးမာတို့အား ကျော်ဖြတ်ကာ ရရှိခဲ့သည့် အဆိုပါဆုမှာ မက်ဆီ၏ ၅ ကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုလည်း ဖြစ်သည်။ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ Ballon d’Or ဆုကို ဆက်တိုက်ရယူခဲ့သည့် မက်ဆီမှာ ပြီးခဲ့သည့် ၂ နှစ်တွင် ရော်နယ်ဒို၏ ကျော်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း ယခုတွင်မူ မဲအပြတ်အသတ်ဖြင့် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဘောလုံးရာသီတွင် ဖလား ၅ လုံးရရှိခဲ့သည့် ဘာစီလိုနာတွင် မက်ဆီမှာ အကောင်ဆုံးခြေစွမ်းများကို ပြသနိုင်ခဲ့ပြီး အာဂျင်တီးနားလက်ရွေးစင်အသင်း ကိုပါအမေရိက ဖိုင်နယ်သို့ ရောက်ရှိရာတွင်လည်း မက်ဆီ၏ စွမ်းဆောင်မှုများက အဓိကကျခဲ့သည်။
“မယုံနိုင်စရာပါပဲ။ ကလေးဘ၀က ကျွန်တော် အိပ်မက် မက်ခဲ့တာထက်ကို အများကြီး ပိုသွားပါပြီ။ အသင်းဖော်တွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ သူတို့တွေမရှိဘဲနဲ့ ဒါမျိုး တစ်ခုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး” ဟု ယမန်နေ့တွင် ဇူးရစ်ခ်ျ၌ ပြုလုပ်ခဲ့သည့် ဆုပေးပွဲအခမ်းအနားတွင် မက်ဆီက ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး နည်းပြဆုကို ဘာစီလိုနာနည်းပြ လူးဝစ် အန်းရစ်က ရရှိခဲ့ပြီး၊ အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂျပန်အသင်းအား ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့် အမေရိကန် အမျိုးသမီးဘောလုံးသမား ကာလီ အလ်လွိုက်ဒ်က အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကို ရရှိခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.