News @ M-Media

Blog

  • ကမ္ဘာ့လိုက်ဝယ်သာဝိတ်ချန်ပီယံ ကရောဖို့ဒ် ချန်ပီယံ ကာကွယ်ပွဲ ထိုးသတ်မည်

    ကမ္ဘာ့လိုက်ဝယ်သာဝိတ်ချန်ပီယံ ကရောဖို့ဒ် ချန်ပီယံ ကာကွယ်ပွဲ ထိုးသတ်မည်

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    – ပက်ကွီအိုနှင့် ထိုးသတ်ရန် အားခဲထားသော်လည်း ဖြစ်မလာခဲ့သောကြာင့် အမေရိကန် နာမည်ကြီး လက်ဝှေ့သမား တာရန့်စ် ကရောဖို့ဒ်မှာ ဟန့်လန်ဒီနှင့် လာမည့်လတွင် ချန်ပီယံဘွဲ့ ကာကွယ်ပွဲကို ထိုးသတ်သွားမည်ဟု ပြောကြားလိုက်သည်။

    ကမ္ဘာ့ လိုက်ဝယ်သာဝိတ်ချန်ပီယံ ကရောဖို့ဒ်မှာ ပက်ကွီအိုနှင့်ထိုးသတ်ရန် မျှော်လင့်ထားခဲ့သော်လည်း ဖိလစ်ပိုင်လက်ဝှေ့ကျော်မှာ ၎င်း၏ ပြိုင်ဘက်ဟောင်း တီမိုသီ ဘရက်ဒလေနှင့် ထိုးသတ်ရန် ရွေးချယ်ခဲ့သောကြောင့် ကရောဖို့ဒ်မှာ မျှော်လင့်ချက်မပြည့်ဝခဲ့ပေ။

    WBO ချန်ပီယံကာကွယ်ပွဲအဖြစ် တစ်နိုင်ငံတည်းသား ဟန့်လန်ဒီနှင့် ထိုးသတ်မည့် ကရောဖို့ဒ်၏ ထိုပွဲမှာ လာမည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် Madison Square Garden ၌ ပြုလုပ်သွားမည်ဖြစ်သည်။

    အမေရိကန်၏ တက်သစ်စ လက်ဝှေ့သမားဟု နာမည်ကြီးနေသည့် ကရောဖို့ဒ်မှာ ၀ိတ်တန်းနှစ်ခု ချန်ပီယံဖြစ်ပြီး ၂၇ ပွဲ ထိုးသတ်ပြီးရာတွင် ရှုံးပွဲမရှိဘဲ ၁၉ ပွဲကို အလဲထိုးနိုင်ခဲ့သည်။ နောက်ဆုံးပွဲမှာ နိုဝင်ဘာလတွင် ဒီယာရီ ဂျင်းနှင့် ထိုးသတ်ခဲ့သည့်ပွဲဖြစ်ပြီး ၁၀ ချီမြောက်တွင် အလဲထိုးနိုင်ခဲ့သည်။

    Ref: Dailymail

  • တရုတ် ကြက်ငှက်တုပ်ကွေးသတင်းကြောင့် ဟောင်ကောင်တွင် အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်

    တရုတ် ကြက်ငှက်တုပ်ကွေးသတင်းကြောင့် ဟောင်ကောင်တွင် အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်

    ဇန်န၀ါရီ ၇၊ ၂၀၁၆
    M-Meedia

    hong kong

    – အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အလွန်ကူးစက်မြန်သည့် ကြက်ငှက်တုပ်ကွေးကြောင့် တရုတ်နိုင်ငံတွင် သေဆုံးခဲ့ပြီးနောက် ဟောင်ကောင်နယ်စပ် စစ်ဆေးရေးဂိတ်များတွင် အမြင့်ဆုံးသတိပေးချက်များ ထုတ်ပြန်ထားသည်ဟု သိရသည်။

    တရုတ်နိုင်ငံတောင်ဘက် ကွမ်းတုံပြည်နယ် ရှန်ဇန်းမြို့၌ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် H5N6 တုပ်ကွေး ကူးစက်မှုကို ပထမဆုံးတွေ့ရှိခဲ့ရခြင်းဖြစ်ပြီ၊ ကူးစက်ခံရသည့်အမျိုးသမီးကို ဆေးရုံတွင် ကုသမှုပေးခဲ့သော်လည်း ထိုနေ့တွင်ပင် သေဆုံးသွားခဲ့သည်။

    ရှန်ဇန်း မြူနီစီပယ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနက အဆိုပါအမျိုးသမီးသည် ကြက်၊ ဘဲဈေးသွားရာမှ သို့မဟုတ် ကြက်ငှက်အရှင်များနှင့် ထိတွေ့ရာမှ ကူးစက်ခံခဲ့ရခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။ ယင်းဒေသတွင် နောက်ထပ်ကူးစက်ခံရသူ အသက် ၄၀ နှစ်ရှိ အမျိုးသမီးတစ်ဦးမှာလည်း စိုးရိမ်ဖွယ်ရာအခြေအနေတွင် ရှိနေကြောင်း သိရသည်။

    H5N6 ဗိုင်းရပ်စ်သည် ကြက်များ၊ ဘဲများတွင် ဖြစ်ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ကာ၊ ကြက်၊ ဘဲများ မွေးမြူရေးခြံများမှတစ်ဆင့် အလွန်လျင်မြန်စွာ ပျံ့နှံ့လွယ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အဆိုပါ ဗိုင်းရပ်စ်ပိုးမှ လူအနည်းငယ်ကိုသာ ကူးစက်ခဲ့သော်လည်း လူလူချင်းကူးစက်ခံရမှု များလာပါက တစ်နိုင်ငံလုံးအထိ ကူးစက်ပျံ့နှံ့ လာနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သတိပေးပြောကြားခဲ့သည်။

    လူသန်းပေါင်းများစွာ ခရီးသွားကြသည့် တရုတ်နှစ်ကူးမှာ ဖေဖော်ဝါရီလာတွင် ကျရောက်မည့်အချိန်တွင် ယခုကဲ့သို့ ကြက်ငှက်တုပ်ကွေးပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်သည်။

    ရှန်ဇန်းမြို့နှင့် ဟောင်ကောင်နယ်စပ်အကြား နယ်စပ်မြို့များတွင် အန္တရာယ်ရှိသဖြင့် သတိပေးချက်များ ထုတ်ပြန်ထားသည်။ တရုတ်ကုန်းတွင်းပိုင်းတွင် ကူးစက်ပြန့်ပွားခဲ့သော ကြက်ငှက်တုပ်ကွေးသည် ကြက်ထောင်ပေါင်းများစွာ တင်ပို့နေသည့် ဟောင်ကောင်သို့ ဦးတည်လျက် ရှိနေသည်။

    Ref: RT

  • ဖီဖာဒုဥက္ကဌ ခြစားမှုဖြင့် တရားရင်ဆိုင်ရမည်

    ဖီဖာဒုဥက္ကဌ ခြစားမှုဖြင့် တရားရင်ဆိုင်ရမည်

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    fifa

    – ဖီဖာ၏ ခြစားမှုစွဲချက်ဖြင့် တရားရင်ဆိုင်ရန်အတွက် အမေရိကန်သို့ လွှဲပြောင်းပေါ်အပ်ရေးကို ရာထူမှအနားပေးခြင်းခံထားရသည့် ဖီဖာဒုဥက္ကဌ အလ်ဖရက်ဒို ဟာဝစ်က သဘောတူခဲ့သည်ဟု သိရသည်။

    ကွန်ကာကဖ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဟောင်းဖြစ်သူ ဟာဝစ်မှာ ပြီးခဲ့သည့်နှစ်မေလက ဇူးရစ်ခ်ျရှိ ဟိုတယ်သို့ ဆွစ်ဇ်ဇာလန် ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းကာ ဖီဖာတာဝန်ရှိသူများအား ထိန်းသိမ်းမှုတွင် ပါဝင်ခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာက ဘောလုံးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်းမှ ရက်ပေါင်း ၉၀ ပိတ်ပင်ခံခဲ့ရသည်။

    ဟာဝစ်မှာ လက်တင်အမေရိကရှိ ဘောလုံးပြိုင်ပွဲများ၏ ဈေးကွက်လုပ်ပိုင်ခွင့်ကို အားကစား ဈေးကွက်လုပ်ငန်းများအား ရောင်းချမှုနှင့် ဆက်စပ်၍ ဒေါ်လာသန်းနှင့်ချီ လာဘ်ငွေရယူခဲ့သည်ဟု စွပ်စွဲခံထားရသည်ဟု ဆွစ်ဇာလန် ဖက်ဒရယ် တရားရေးရုံးက ဖော်ပြခဲ့သည်။

    တရားရင်ဆိုင်ရေးအတွက် အမေရိကန်သို့ လွှဲပြောင်းမှုကို စောစောပိုင်းက ဟာဝစ်က ငြင်းဆန်ခဲ့သော်လည်း ယခုအချိန်တွင် သဘောတူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လာမည့် ၁၀ ရက်အတွင်း ၎င်းကို ပို့ဆောင်သွားမည်ဖြစ်သည်။

    အသက် ၆၄ နှစ်အရွယ်ရှိ ဟာဝစ်မှာ ၎င်းအား စွပ်စွဲထားမှုများနှင့်ပတ်သက်၍ ငြင်းဆိုထားပြီး မိမိမှာ မည်သည့်အမှားမှ မလုပ်ခဲ့ဟု ပြောကြားခဲ့သည်။

    Ref: Goal

  • အီရန်နှင့် သံတမန်အဆက်အသွယ်ဖြတ်သည့်နိုင်ငံများ ထပ်တိုးလာ

    အီရန်နှင့် သံတမန်အဆက်အသွယ်ဖြတ်သည့်နိုင်ငံများ ထပ်တိုးလာ

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    saudi

    – ရှီအာ ဘာသာရေးခေါင်းဆောင်တစ်ဦးကို ဆော်ဒီက ကွပ်မျက်မှုမှ အစပြု၍ အီရန်နှင့် ဆော်ဒီတို့အကြား ဖြစ်ပွားနေသော တင်းမာမှုများတွင် ကာတာနိုင်ငံလည်း ပါဝင်လာခဲ့ပြီး ယမန်နေ့က တီဟီရန်ရှိ ၎င်းတို့၏ သံအမတ်ကို ပြန်လည် ခေါ်ယူခဲ့သည်။

    ဂျော်ဒန်၊ ဒီဘူတီနှင့် တူရကီတို့ကလည်း ယမန်နေ့က ဆော်ဒီအား ထောက်ခံသည့် သဘောထားများကို ပြောကြားခဲ့သည်။ ရှီအာခေါင်းဆောင် နီမာရ် အလ်-နီမာရ်ကို ပြီးခဲ့သည့်တစ်ပတ်တွင် အကြမ်းဖက်မှုစွဲချက်ဖြင့် ဆော်ဒီက ကွပ်မျက်ခဲ့ပြီး နောက်ပိုင်းတွင် တီဟီရန်ရှိ ဆော်ဒီသံရုံးကို ဆန္ဒပြသူများက တိုက်ခိုက်ခဲ့ကြသည်။

    တူရကီသမ္မတ တိုင်ယစ်ပ်အာဒိုဂန်ကမူ ဆော်ဒီမှာ လူ ၄၇ ဦးကို အကြမ်းဖက်မှုစွဲချက်ဖြင့် ကွပ်မျက်မှုမှာ ပြည်တွင်းရေးကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။ အာဖရိကဦးချိုဒေသမှ နိုင်ငံတစ်ခုဖြစ်သည့် ဒီဘူတီကလည်း အီရန်နှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး၊ ဆော်ဒီ၊ ဘာရိန်းနှင့် ဆူဒန်တို့ပြီးနောက် အီရန်နှင့် သံအဆက်အသွယ် ဖြတ်တောက်သည့် စတုတ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။

    ကာတာ၊ ယူအေအီးနှင့် ကူဝိတ်တို့ကလည်း အီရန်ရှိ ၎င်းတို့၏ သံအဖွဲ့များကို ပြန်လည်ခေါ်ယူခဲ့သည်။ ဂျော်ဒန်ကမူ အမ်နန်ရှိ အီရန်သံအမတ်ကို ယမန်နေ့တွင် ဆင့်ခေါ်ခဲ့ပြီး ဆော်ဒီသံရုံးတိုက်ခိုက်မှုနှင့် အာရပ်နိုင်ငံများ၏အရေးကို အီရန်က ၀င်ရောက်စွက်ဖက်မှုအား ရှုတ်ချခဲ့သည်ဟု ဂျော်ဒန်နိုင်ငံပိုင် သတင်းအေဂျင်စီ Petra က ဖော်ပြခဲ့သည်။

    အီရန်သမ္မ ဟာဆန်ရူဟာနီက ဆော်ဒီသံရုံးအား တိုက်ခိုက်သူများကို အလျင်အမြန် ရှာဖွေတရားစွဲဆိုရန် နိုင်ငံ၏ တရားရေးစနစ်အား ယမန်နေ့တွင် တောင်းဆိုခဲ့သည်။

    “ဒီလိုထင်ရှားတဲ့ ပြစ်မှုကို စီစဉ်ကျူးလွန်ခဲ့တဲ့ တိုက်ခိုက်သူတွေကို အပြစ်ပေးခြင်းအားဖြင့် အီရန်ရဲ့ ဂုဏ်သိက္ခာနဲ့ အမျိုးသားလုံခြုံရေးကို ပျက်ဆီးထိခိုက်စေမှုကို အခုအချိန်နဲ့ အမြဲတမ်းအတွက် အဆုံးသတ်သင့်ပါတယ်” ဟု ရူဟာနီက ပေးပို့သောစာတွင် ရေးသားထားမှုကို ဆော်ဒီနိုင်ငံပိုင်သတင်းဌာနက IRNA က ဖော်ပြခဲ့သည်။

    Ref: Aljazeera

  • မြန်မာ့သကြားတင်ပို့မှုဈေးကွက် ပြန်လည် ဦးမော့လာ

    မြန်မာ့သကြားတင်ပို့မှုဈေးကွက် ပြန်လည် ဦးမော့လာ

    ဇန်န၀ါရီ ၇၊ ၂၀၁၅
    M-Media

    sugar

    – ကမ္ဘာတစ်ဝှမ်း သကြားဈေးတက်မှုနှင့်အတူ တရုတ်နိုင်ငံ၏ ၀ယ်လိုအားမြင့်မားမှုက မြန်မာ့ သကြားတင်ပို့မှုကို မြင့်တက်လာခဲ့သည်ဟု သိရသည်။

    လာမည့် ၂ နှစ်အတွင်း သကြားထုတ်လုပ်မှု ကျဆင်းမည်ဟု ခန့်မှန်းထားမှုကြောင့် သကြားဈေးက တစ်ရိပ်ရိပ်တက်လာခဲ့ခြင်းဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်တွင် နေ့စဉ် သကြားတင်ဆောင်သည့် ထရပ်ကား ၁၀၀ ခန့်မှာ တရုတ်ပြည်ဘက်သို့ သွားရောက်နေသည်ဟု ကုန်သည်များက ပြောကြားခဲ့သည်။

    သကြားဈေးကွက် မြင့်တက်လာမှုကြောင့် ဆန်ကုန်သည်များပင် ထိုဈေးကွက်အတွင်းသို့ ၀င်ရောက်လာမှုများပင် ရှိနေပြီး၊ စီးပွားရေးသမားများမှာ ထိုင်းနိုင်ငံမှ သကြားများကို ၀ယ်ယူ၍ တရုတ်သို့ တင်ပို့မှုလည်း ရှိနေသည်။

    တရုတ်နိုင်ငံ၏ ပြည်တွင်းသကြားထုတ်လုပ်မှုမှာ ကျဆင်းလာခြင်းကြောင့် တရုတ်၏ သကြားဝယ်လိုအားမှာ တိုးတက်လာခြင်းဖြစ်သည်။

    “ကုန်သည်တိုင်းဟာ တရုတ်ကို သကြားတင်ပို့ဖို့ ရောက်လာကြပါတယ်။ ဆန်ကုန်သည်တွေတောင်မှ ဒီဈေးကွက်ကို ၀င်လာကြပါတယ်။ အဆက်အသွယ်ကောင်းတဲ့ ကုန်သည်တွေဟာ သကြားတင်ပို့ခွင့်ပါမစ်တွေ ရကြပြီး ထိုင်းကနေ သကြားတင်သွင်းကာ တရုတ်ကို ပို့တဲ့အထိ လုပ်လာကြပါတယ်” ဟု မြန်မာ့သကြား၊ သကြားနှင့် ဆက်စပ်သည့် ထွက်ကုန်များဆိုင်ရာ ကုန်သည်များနှင့် ထုတ်လုပ်သူများအသင်းမှ ဒုတိယဥက္ကဌ ၀င်းဌေး၏ ပြောကြားမှုကို Myanmar Times သတင်းစာက ဖော်ပြခဲ့သည်။

    သကြားတင်ပို့မှု ပါမစ်များကို မိမိကိုယ်တိုင် မရသော်လည်း ပြည်တွင်းတွင် ထုတ်လုပ်သော သကြားများကို တရုတ်သို့ ရောင်းချနေပြီး၊ ပြီးခဲ့သည့်နှစ်အတွင်း သကြားတန်ချိန် ၇၀၀ ကို တင်ပို့ပြီးဖြစ်သည်ဟု ၀င်းဌေးက ဆိုသည်။

    မြန်မာနိုင်ငံ၏ နှစ်စဉ်သကြားထုတ်လုပ်မှုမှာ တန်ချိန် လေးသိန်းမှ၊ ငါးသိန်းခန့် ရှိသည်။ မကြာသေးမီနှစ်များအတွင်းက သကြားဈေးကျဆင်းမှုနှင့် ကြံစိုက်ပျိုးသည့် မြေဧကများ လျော့ကျမှုကြောင့် မြန်မာနိုင်ငံ၏ သကြားထုတ်လုပ်မှုမှာ ၂၅ မှ ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

    “ဒီဇင်ဘာလကစပြီး သကြားထုတ်လုပ်မှုစက်ရုံတွေဟာ လည်ပတ်နေကြပါပြီ” ဟု ၀င်းဌေးက ထည့်သွင်းပြောကြား ခဲ့သည်။

    ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံ၏ တရုတ်သို့ သကြားတင်ပို့မှုမှာ တန်ချိန် တစ်သိန်းခန့် ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံက ဗီယက်နမ်မှ တင်သွင်းသောကြာင့် မြန်မာနိုင်ငံ၏ သကြားတင်ပို့မှုမှာ ကျဆင်းခဲ့သည်။ သို့သော်လည်း ၂၀၁၅ ခုနှစ် ဧပြီလမှစ၍ မြန်မာ့သကြား တင်ပို့မှုမှာ ပြန်လည် မြင့်တက်လာခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် တန်ချိန် နှစ်သိန်းခန့်အထိ ရှိခဲ့သည်။

    Ref: Bangkok Post