News @ M-Media

အီရန်နှင့် သံတမန်အဆက်အသွယ်ဖြတ်သည့်နိုင်ငံများ ထပ်တိုးလာ

ဇန်န၀ါရီ ၇၊ ၂၀၁၅
M-Media

saudi

– ရှီအာ ဘာသာရေးခေါင်းဆောင်တစ်ဦးကို ဆော်ဒီက ကွပ်မျက်မှုမှ အစပြု၍ အီရန်နှင့် ဆော်ဒီတို့အကြား ဖြစ်ပွားနေသော တင်းမာမှုများတွင် ကာတာနိုင်ငံလည်း ပါဝင်လာခဲ့ပြီး ယမန်နေ့က တီဟီရန်ရှိ ၎င်းတို့၏ သံအမတ်ကို ပြန်လည် ခေါ်ယူခဲ့သည်။

ဂျော်ဒန်၊ ဒီဘူတီနှင့် တူရကီတို့ကလည်း ယမန်နေ့က ဆော်ဒီအား ထောက်ခံသည့် သဘောထားများကို ပြောကြားခဲ့သည်။ ရှီအာခေါင်းဆောင် နီမာရ် အလ်-နီမာရ်ကို ပြီးခဲ့သည့်တစ်ပတ်တွင် အကြမ်းဖက်မှုစွဲချက်ဖြင့် ဆော်ဒီက ကွပ်မျက်ခဲ့ပြီး နောက်ပိုင်းတွင် တီဟီရန်ရှိ ဆော်ဒီသံရုံးကို ဆန္ဒပြသူများက တိုက်ခိုက်ခဲ့ကြသည်။

တူရကီသမ္မတ တိုင်ယစ်ပ်အာဒိုဂန်ကမူ ဆော်ဒီမှာ လူ ၄၇ ဦးကို အကြမ်းဖက်မှုစွဲချက်ဖြင့် ကွပ်မျက်မှုမှာ ပြည်တွင်းရေးကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။ အာဖရိကဦးချိုဒေသမှ နိုင်ငံတစ်ခုဖြစ်သည့် ဒီဘူတီကလည်း အီရန်နှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး၊ ဆော်ဒီ၊ ဘာရိန်းနှင့် ဆူဒန်တို့ပြီးနောက် အီရန်နှင့် သံအဆက်အသွယ် ဖြတ်တောက်သည့် စတုတ္ထမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။

ကာတာ၊ ယူအေအီးနှင့် ကူဝိတ်တို့ကလည်း အီရန်ရှိ ၎င်းတို့၏ သံအဖွဲ့များကို ပြန်လည်ခေါ်ယူခဲ့သည်။ ဂျော်ဒန်ကမူ အမ်နန်ရှိ အီရန်သံအမတ်ကို ယမန်နေ့တွင် ဆင့်ခေါ်ခဲ့ပြီး ဆော်ဒီသံရုံးတိုက်ခိုက်မှုနှင့် အာရပ်နိုင်ငံများ၏အရေးကို အီရန်က ၀င်ရောက်စွက်ဖက်မှုအား ရှုတ်ချခဲ့သည်ဟု ဂျော်ဒန်နိုင်ငံပိုင် သတင်းအေဂျင်စီ Petra က ဖော်ပြခဲ့သည်။

အီရန်သမ္မ ဟာဆန်ရူဟာနီက ဆော်ဒီသံရုံးအား တိုက်ခိုက်သူများကို အလျင်အမြန် ရှာဖွေတရားစွဲဆိုရန် နိုင်ငံ၏ တရားရေးစနစ်အား ယမန်နေ့တွင် တောင်းဆိုခဲ့သည်။

“ဒီလိုထင်ရှားတဲ့ ပြစ်မှုကို စီစဉ်ကျူးလွန်ခဲ့တဲ့ တိုက်ခိုက်သူတွေကို အပြစ်ပေးခြင်းအားဖြင့် အီရန်ရဲ့ ဂုဏ်သိက္ခာနဲ့ အမျိုးသားလုံခြုံရေးကို ပျက်ဆီးထိခိုက်စေမှုကို အခုအချိန်နဲ့ အမြဲတမ်းအတွက် အဆုံးသတ်သင့်ပါတယ်” ဟု ရူဟာနီက ပေးပို့သောစာတွင် ရေးသားထားမှုကို ဆော်ဒီနိုင်ငံပိုင်သတင်းဌာနက IRNA က ဖော်ပြခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply