News @ M-Media
Blog
  • အရှုံးမှ အနိုင်ရအောင်ကစားနိုင်ခဲ့သည့် အသင်းသားများကို မန်စီးတီးနည်းပြ ချီးကျူး
    အရှုံးမှ အနိုင်ရအောင်ကစားနိုင်ခဲ့သည့် အသင်းသားများကို မန်စီးတီးနည်းပြ ချီးကျူး
    ဇန်န၀ါရီ ၃၊ ၂၀၁၅
    M-Media
    mancit
    – ယမန်နေ့က ၀က်ဖို့ဒ်နှင့်ပွဲတွင် ရှုံးနေရာမှ အနိုင်ရရှိအောင် ပြန်ကစားနိုင်ခဲ့သည့် အသင်း၏ ခြေစွမ်းကို မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ချီးကျူးပြောဆိုလိုက်သည်။
    စက်တင်ဘာက ခရစ္စပဲလေ့စ်ကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက်ပိုင်းတွင် မန်စီးတီးမှာ ပရီးမီးယားလိဂ်တွင် နိုင်ပွဲရရှိခြင်းမရှိတော့ဘဲ ယမန်နေ့က အဝေကွင်းတွင် ကစားခဲ့သည့် ထိုပွဲတွင်လည်း ကိုလာရော့ဗ်၏ ၅၅ မိနစ် ကိုယ့်ဂိုးကိုယ်သွင်းမှုဖြင့် နောက်မှ လိုက်ကစားခဲ့ရသည်။ သို့သော်လည်း နောက်ဆုံး ၈ မိနစ်အတွင်း ယာယာတိုးယေးနှင့် အဂူရိုတို့က ချေပဂိုးနှင့် အနိုင်ဂိုးများကို သွင်းယူပေးနိုင်ခဲ့သည်။
    “ဒီအသင်း (မန်စီးတီး) မှာ စွမ်းဆောင်ရည်တွေအများကြီး ရှိပါတယ်။ ကျွန်တော်တို့ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်တော်တို့ ဆက်လက်ပြီးတော့ ဂိုးတွေ သွင်းယူသွားမှာပါ။ ကျွန်တော်တို့ ဂိုးတွေ သွင်းနိုင်တယ်ဆိုတာပဲ အမြဲတမ်း စဉ်းစားနေပါတယ်။ ကျွန်တော်တို့ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေတဲ့အချိန်မှာ အန္တရာယ်ရှိခဲ့ပါတယ်။ သရေဆိုရင် ကျွန်တော်တို့ မကောင်းပါဘူး။ အနိုင် ၃ မှတ်လိုတာပါ။ ” ဟု ပယ်လီဂရီနီက ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။ ထို့ပြင် အဂူရိုကိုလည်း ပယ်လီဂရီနီက ချီးကျူးခဲ့သည်။
    Ref : Goal
  • အာဖဂန်မှ တာလီဘန် ဂိုဏ်းခွဲများ အပစ်ရပ်ရေး သဘောတူ
    အာဖဂန်မှ တာလီဘန် ဂိုဏ်းခွဲများ အပစ်ရပ်ရေး သဘောတူ
    ဇန်န၀ါရီ ၃၊ ၂၀၁၆
    M-Media
    taliban
    – အာဖဂန်မှ တာလီဘန်ဂိုဏ်းခွဲများမှာ ၎င်းတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်ရန် သဘောတူညီမှု ယူခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပြီး ခေါင်းဆောင်သစ် မွလ္လာအခ်တာမန်ဆူရ်၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ တင်းမာမှုများမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။
    တာလီဘန်ခေါင်းဆောင်ဟောင်း မွလ္လာအိုမာရ်မှာ လွန်ခဲ့သည့် ၂ နှစ်အရင်က သေဆုံးခဲ့ပြီဟု ဇူလိုင်လက အတည်ပြုနိုင်ခဲ့ပြီးနောက်ပိုင်းတွင် အဖွဲ့၏ ခေါင်းဆောင်ပိုင်းနှင့်ပတ်သက်၍ ဂိုဏ်းခွဲများအကြား အငြင်းပွားမှုများ ဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။ ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ထားသည့် မွလ္လာ အခ်တာရ် မန်ဆူရ်မှာလည်း ဒီဇင်ဘာလအတွင်းက ပစ်ခတ်ခံလိုက်ရသည်ဟု သတင်းများ ထွက်ပေါ်ပြီး နောက်ပိုင်းတွင် ထပ်မံ တွေ့မြင်ရတော့ခြင်း မရှိပေ။
    ခေါင်းဆောင်လုပွဲများ ရှိနေသော်ငြားလည်း တာလီဘန်မှာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း အာဖဂန်တွင် တိုက်ခိုက်မှုမြောက်မြားစွာကို ပြုလုပ်ခဲ့သည်။
    သောကြာနေ့က မိမိတို့မှာ အိုလာမာဟု ကြေငြာထားသည့် မွလ္လာ မိုဟာမက် ရဆူလ် အက်ဟွဒ်ခေါင်းဆောင်သည့် အဖွဲ့ခွဲတစ်ခု၏ ကိုယ်စားလှယ်များမှာ မန်ဆူရ် ခေါင်းဆောင်သည့်အဖွဲ့နှင့် လျှို့ဝှက်နေရာတစ်ခုတွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း နှစ်ဖက်အဖွဲ့၏ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါ အိုလာမာအဖွဲ့မှာ မန်ဆူရ်အား ခေါင်းဆောင်တင်ထားမှုကို လက်မခံသည့်အဖွဲ့ ဖြစ်သည်။
    “အပစ်အခတ်ရပ်စဲရေးနဲ့ အကျဉ်းသားလဲလှယ်ရေးကို ကျွန်တော်တို့ သဘောတူညီခဲ့ပါတယ်၊ သို့သော် အိုလမာတွေကိုတော့ မန်ဆူရ်နဲ့ တွေ့ဆုံခွင့် မပေးပါဘူး”ဟု ရဆူလ်၏ လက်ထောက် မွလ္လာ အဗ္ဗဒူလ်မာနန် နီယာဇီက တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။
    မိမိတို့အဖွဲ့မှာ မန်ဆူရ်၏ လက်ထောက်နှင့်သာ တွေ့ဆုံခွင့်ရခဲ့ပြီး လုံခြုံရေးပြဿနာများကြောင့် မန်ဆူရ်နှင့် တွေ့ဆုံခွင့်မရခဲ့ဟု ထည့်သွင်းပြောကြားခဲ့သည်။
    “တခြားလူတွေလိုပဲ ကျွန်တော်တို့လည်း မွလ္လာမန်ဆူးရ် သေပြီလို့ ယုံကြည်နေပါတယ်၊ ဒါကြောင့်မို့လို့လည်း သူ့လက်ထောက် ရှိက် ဟီဘာတွလ္လာက အိုလမာကောင်စီကို သူ့နဲ့ တွေ့ဆုံပေးဖို့ ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်” ဟု နီယာဇီက ပြောကြားခဲ့သည်။
    Ref: Reuters
  • အတူတူမွေးပေမယ့် သက္ကရာဇ်မတူတဲ့ အမေရိကန်က အမြွှာမောင်နှမ
    အတူတူမွေးပေမယ့် သက္ကရာဇ်မတူတဲ့ အမေရိကန်က အမြွှာမောင်နှမ
    ဇန်န၀ါရီ ၃၊ ၂၀၁၅
    M-Media
    baby
    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့က ဇနီးမောင်နှံနှစ်ဦးဟာ ၂၀၁၅ ခုနှစ်ရဲ့ အဆုံးမှာ မွေးသက္ကရာဇ်မတူတဲ့ အမြွှာရင်သွေးလေးနှစ်ယောက်ကို ပိုင်ဆိုင်ခွင့် ရခဲ့ပါတယ်။
    မာရီဘဲလ် ဗလင်စီယာလို့အမည်ရတဲ့ အမျိုးသမီးဟာ ဒီဇင်ဘာ ၃၁ ရက် ကြာသာပတေးနေ့မှာ သူတို့ရဲ့ ရင်သွေးလေးတွေကို ဒေသတွင်းဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
    အကြီးမလေးဖြစ်တဲ့ ဂျေလင်ကို ၂၀၁၅ ခုနှစ်ရဲ့ နောက်ဆုံးစက္ကန့်မှာ မွေးဖွားခဲ့ပြီး၊ သူ့ရဲ့မောင်လေး လူးဝစ်ကိုတော့ ၂၀၁၆ ခုနှစ်ကိုဝင်ရောက်ပြီး ၂ မိနစ်မှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
    “ကျွန်တော်တို့ နာရီကို စိတ်ဝင်တစားစောင့်ကြည့်နေခဲ့တာပါ။ ကျွန်တော်တို့ဟာ နှစ်သစ်ကူးချိန် မွေးဖွားခဲ့တဲ့ သူတွေထဲမှာပါဝင်မလားဆိုတာကို သိချင်မိခဲ့ပါတယ်” လို့ ဖခင်ဖြစ်သူ လူးဝစ်က ကျေနပ်နှစ်သက်စွာနဲ့ ပြောကြားခဲ့ပါ
    တယ်။
    အဲဒီကလေးငယ်နှစ်ဦးရဲ့ မွေးဖွားမယ့်ခန့်မှန်းရက်ဟာ ဇန်န၀ါရီလကုန်မှ ဖြစ်ပေမယ့် စောစောစီးစီးနဲ့ ထူးထူးခြားခြားမွေးခဲ့တာဖြစ်ပြီး မိခင်ရော ကလေးတွေပါ ကျန်းမာတယ်လို့ သိရပါတယ်။
    Ref: AFP
  • ၀က်စ်ဟမ်းအရှုံးအတွက် နောက်တန်းကို လီဗာပူးလ်နည်းပြ အပြစ်တင်
    ဇန်န၀ါရီ ၃၊ ၂၀၁၆
    M-Media
    liver
    – ၀က်စ်ဟမ်းအား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် လီဗာပူးလ်အသင်းနောက်တန်း၏ လေးလံနှေးကွေးမှုကို နည်းပြ ယာဂန်ကလော့ပ်က ဝေဖန်ပြောဆိုလိုက်ပြီး ကစားသမားများအနေဖြင့် တာဝန်ကျေပွန်ကြရန် တိုက်တွန်းခဲ့သည်။
    ယမန်နေ့က အဝေးကွင်းတွင် ကစားခဲ့သည့် အဆိုပါပွဲတွင် လီဗာပူးလ်မှာ ခြေစွမ်းကောင်းများကို ပြသနိုင်ခြင်းမရှိဘဲ ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ကလော့ပ်ကမူ ရှုံးနိမ့်မှုအတွက် ဆင်ခြေမပေးလိုဟု ဆိုပြီး နောက်တန်းကိုသာ အပြစ်တင်ခဲ့သည်။
    “ဒါက ဘောလုံးပွဲပါ။ ခံစစ်ဆိုတာလည်း ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုါပဲ။ ကျွန်တော်က နောက်ခံလူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျွန်တော် ကျေနပ်ပါတယ်။ နောက်တန်းဆိုတာ ပွဲတစ်ပွဲအတွက် သိပ်ကောင်းတဲ့ အစိတ်အပိုင်းပါ။ အမှားဖြစ်သွားရင်လည်း ကိစ္စမရှိပါဘူး အဲဒီအမှားကို ပြန်လည်ဆေးကြောနိုင်ပါတယ်။ ခံစစ်ကောင်းဖို့ကလည်း ကျွန်တော်တို့ရဲ့ တာဝန်ပါ” ဟု ကလော့ပ်က ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့အသင်းမှာ ပွဲအတွင်း အခွင့်အရေးများရခဲ့သော်လည်း ဂိုးရရှိအောင် သွင်းယူနိုင်ခဲ့ခြင်းမရှိဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • အမေရိကန်က ပိတ်ဆို့မှုအသစ်လုပ်လျှင် အီရန်က ဒုံးကျည်ထုတ်၍ တုန့်ပြန်မည်
    အမေရိကန်က ပိတ်ဆို့မှုအသစ်လုပ်လျှင် အီရန်က ဒုံးကျည်ထုတ်၍ တုန့်ပြန်မည်
    ဇန်န၀ါရီ ၃၊ ၂၀၁၅
    M-Media
    iran
    – ဒုံးကျည်ထုတ်လုပ်မှုနှင့်ပတ်သက်၍ အမေရိကန်က မိမိတို့နိုင်ငံအပေါ် ပိတ်ဆို့မှု ပြုလုပ်ပါက ကီလိုမီတာ ၅၀၀၀ အကွာအဝေးအထိ ရောက်ရှိနိုင်သည့် ဒုံးကျည်များကို ဖန်တီးထုတ်လုပ်သွားမည်ဟု အီရန် ထိပ်တန်းအရာရှိတ တစ်ဦးက သောကြာနေ့တွင် ပြောကြားလိုက်သည်။
    အမေရိကန်မှာ ဒုံးကျည်ကိစ္စနှင့်ပတ်သက်၍ အီရန်အပေါ် ပိတ်ဆို့မှုအသစ်များပြုလုပ်စီစဉ်နေပြီး အိမ်ဖြူတော်က ဆုံးဖြတ်ချက်ချကာနီး နောက်ဆုံးမိနစ်တွင်မှ ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။
    “ယူရေနီယံသန့်စင်မှုအတွက် မိမိတို့ရဲ့ အခွင့်အရေးကို သက်သေပြနိုင်ဖို့ အီရန်ဟာ စက်ဒလက် ထောင်ပေါင်းများစွာကို ဖြုတ်ချခဲ့ပြီးပါပြီ။ ဒီပိတ်ဆို့မှုအသစ်တွေက ကျွန်တော်တို့တိုင်းပြည်ကို ထိုးနှက်လိုက်တာပဲ ဖြစ်မှာပါ” ဟု အီရန်အစိုးရမှ အကြီးတန်းတာဝန်ရှိသူ မိုဟ်ဆန် ရီဇာအီက သမ္မတ ဟာဆန်ရူဟာနီအား ပေးပို့သည့်စာတွင် ဖော်ပြထားသည်။
    “အမေရိကန်ဟာ အခုလိုပြုမူခဲ့တဲ့အတွက် နောင်တရနေမှာဖြစ်ပြီး ယခုလိုလုပ်ရပ်ဟာ ဘာအကျိုးမှမရှိတာကိုလည်း
    သဘောပေါက်သွားမှာ ဖြစ်ပါတယ်” ဟု ရီဇာအီက ထည့်သွင်းရေသားခဲ့သည်။ ထို့ပြင် အမေရိကန်၏ ခြိမ်းခြောက်မှုအပေါ် လျင်မြန်စွာတုံ့ပြန်ခဲ့သည့်အတွက် အီရန်သမ္မတအား ကျေးဇူးတင်ကြောင်း ၎င်းက ဖော်ပြခဲ့သည်။
    အမေရိကန် အီရန်အပေါ် ပိတ်ဆို့မှုအသစ်များပြုလုပ်ရန် စီစဉ်နေပြီး အီရန်၏ ဒုံးကျည်အစီအစဉ်တွင် ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲခံထားရသော နိုင်ငံတကာကုမ္ပဏီများ စီးပွားရေး လုပ်ငန်းရှင်များကို ထိခိုက်နိုင်ချေရှိနေသည်။ ထိုအစီအစဉ်အား တုံ့ပြန်သည့်အနေဖြင့် အီရန်သမ္မတ ရူဟာနီက နိုင်ငံ၏ ဒုံးကျည်စွမ်းဆောင်ရည်ကို မြှင့်တင်ကြရန် အမိန့်ပေးခဲ့သည်။ ထို့ပြင် အီရန်အနေဖြင့် နူးကလီးယားထိပ်ဖူးများ တပ်ဆင်နိုင်ခြင်းမရှိသည့် ဒုံးကျည်များကို ထုတ်လုပ်နိုင်သည့် အခွင့်အရေးရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
    အီရန်က ဒုံးကျည်များကို အရည်အသွေးထပ်မြှင့်ပါက အိန္ဒိယသမုဒ္ဒရာရှိ အမေရိကန်၏ လေတပ်အခြေစိုက်စခန်းဖြစ်သော Camp Thunder Cove သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
    Ref: RT