ဇန်န၀ါရီ ၂၊ ၂၀၁၆
M-Media
– အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ဇနီး ဆာရာ နေတန်ယာဟုကို ပြည်သူ့ဘဏ္ဍာများ ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း သံသယရှိသဖြင့် ရဲတပ်ဖွဲ့က မေးမြန်းစုံစမ်းခဲ့သည်ဟု သိရသည်။
ဆာရာမှာ ကြာသပတေးနေ့က တဲလ်အဗီးမြို့ အရှေ့ဘက်ရှိ လုဒ်မြို့မှ အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးဌာနသို့ ရောက်ရှိခဲ့ကာ ကမ်းရိုးတမ်းမြို့ဖြစ်သော ဆီစာရီယာတွင်ရှိသည့် ၎င်းတို့ဇနီးမောင်နှံနှစ်ဦး၏ သီးသန့်အိမ်တစ်လုံးကို ထိန်းသိမ်းပြုပြင်ခြင်းနှင့် ပရိဘောဂအသစ်များ ၀ယ်ထည့်ရာတွင် ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစား ပြုခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းခံခဲ့ရသည်။
ထို့ပြင် ဆာရာမှာ ဂျေရုဆလင်မြို့ရှိ အစိုးရအိမ်ယာတွင် နေထိုင်စဉ် ကွယ်လွန်သူဖခင်၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အခွန်ငွေများကို ယူသုံးထားသည်ဟု သံသယ၀င်ခံရသူလည်း ဖြစ်သည်။
နိုင်ငံ၏ တရားဝင် စောင့်ကြည့်ရေးအဖွဲ့တစ်ခုက နေတယာဟု ဇနီးမောင်နှံနှစ်ဦးမှာ ပြည်သူ့ဘဏ္ဍာ အမြောက်အများကို အလွဲသုံးစား ပြုထားသည်ဟု အစီရင်ခံစာ ထွက်လာပြီးနောက်ပိုင်း အစ္စရေးရဲတပ်ဖွဲ့က ယခုကဲ့သို့ စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း နေတန်ယာဟုမှာ ကိုင်ယာဟု အမည်ရသည့် ၎င်းမွေးထားသော ခွေး၏ ကုန်ကျစားရိတ်အတွက် ပြည်သူ့ဘဏ္ဍာမှ ကျခံသုံးစွဲရန် တောင်းခံခဲ့သည်ဟု အစ္စရေး မီဒီယာများက ဖော်ပြခဲ့သည်။ အဆိုပါခွေးမှာ ဒီဇင်ဘာလအစောပိုင်းက နေတန်ယာဟုပြုလုပ်ခဲ့သည့် ပါတီတစ်ခုတွင် ဧည့်သည်နှစ်ဦးအား ကိုက်ခဲ့သည်။
နေတန်ယာဟုမှာ ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားလုပ်သည်ဆိုသည့် စွပ်စွဲမှုများကို မကြာခဏ ခံခဲ့ရသည်။
Ref: Al-jazeera