ဇန်န၀ါရီ ၆၊ ၂၀၁၆
M-Media
– ယခုနှစ်တွင် အောင်မြင်မှုရရှိပါကလည်း ထိုအောင်မြင်မှုမှာ မိမိ၏ အနာဂတ်အတွက် အသုံးကျမည် မဟုတ်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်ပြီး၊ မိမိအနေဖြင့် ဆုဖလားရကာ အထုတ်ခံရခြင်းကို ပိုမိုလိုလားသည်ဟု ဆိုသည်။
ပယ်လီဂရီနီမှာ ရာသီကုန်လျှင် မန်စီးတီးနှင့် လမ်းခွဲရတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ပြီး ဘိုင်ယန်မှ ထွက်ခွာတော့မည့် ပက်ပ် ဂွါဒီယိုလာမှာ မန်စီးနည်းပြသစ်ဖြစ်လာရန် ရေပန်းစားနေသည်။ ယမန်နေ့ကလည်း ဂွါဒီယိုလာက မိမိ၏ နောက်ထပ် သွားရောက်မည့်နေရာမှာ ပရီးမီးယားလိဂ်ဖြစ်သည်ဟု ဖွင့်ဟပြောကြားခဲ့သည်။
“ကျွန်တော့်ရဲ့အနာဂတ်ဟာ ဆုဖလားတွေနဲ့ ဆက်စပ်နေတယ်လို့ ကျွန်တော် မထင်ပါဘူး။ နည်းပြတစ်ယောက်အဖြစ် ကျွန်တော့်အတွက် ဆုဖလားရဖို့သာ အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ ကျွန်တော့်အလုပ် ဖြစ်နေလို့ပါပဲ။ ကျွန်တော့်ရဲ့ စဉ်းစားပုံစဉ်းစားနည်းကတော့ – တကယ်လို့များ ကျွန်တော် ဆုဖလားမရဘဲ ငါးနှစ်သက်တမ်းတိုးရမယ်၊ ဒါမှမဟုတ် ဆုဖလားရပြီး အထုတ်ခံရမယ်ဆိုရင် ဆုဖလားယူပြီး အထုတ်ခံရတာကို ပိုကြိုက်ပါတယ်။ နည်းပြတစ်ယောက်အတွက် အလုပ်က ဆုဖလားရဖို့ပါ။ အခြား ဘာတွေဖြစ်ဖြစ် ကိစ္စမရှိပါဘူး” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.