News @ M-Media
Blog
  • ဆယ်ကျော်သက်အရွယ် ဆေးလိပ်သောက်သူများ ဆေးလိပ်စွဲနိုင်ခြေ ပိုများ
    ဆယ်ကျော်သက်အရွယ် ဆေးလိပ်သောက်သူများ ဆေးလိပ်စွဲနိုင်ခြေ ပိုများ
    ဇန်န၀ါရီ ၁၊ ၂၀၁၅
    M-Media
    smoke
    – ဆယ်ကျော်သက်အရွယ် လူငယ်များ၏ ဦးနှောက်များက ဆေးလိပ်မီးညှိခြင်းကို မြင်တွေ့ရာတွင် အရွယ်ရောက်ပြီးသူများထက် မတူကွဲပြားစွာ တုန့်ပြန်တတ်သောကြောင့် ၎င်းတို့မှာ ဆေးလိပ်စွဲလန်းမှု ပိုမိုဖြစ်သည်ဟု လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
    လူငယ်များ ဆေးလိပ်စွဲလမ်းမှုကို ပိုမိုနားလည်သိရှိစေရန် သုတေသီများမှာ ဆယ်ကျော်သက်လူငယ်များ (ဆေးလိပ်သောက်သူရော မသောက်တတ်သူများ) ကို လူလတ်ပိုင်းအရွယ်များ ဆေးလိပ်သောက်သုံးနေသည့် ဗီဒီယိုကိုအား ကြည့်ရှုစေပြီး သံလိုက်စက်ကွင်း ရိုက်ခတ်ပုံဖော်ခြင်းနည်းပညာ (MRIs) ဖြင့် စမ်းသပ်ခဲ့ကြသည်။
    စမ်းသပ်မှုတွင် သုတေသီများက ဆေးလိပ်သောက်သောလူငယ်များ၏ ဦးနှောက်အတွင်း၌ စိတ်လှုပ်ရှားခံစားမှုကိုဖြစ်စေတတ်ပြီး သာယာပျော်ရွှင်နိုင်စွမ်းရှိသည့် ဒိုပါမင်းဓာတ် အမြောက်အများ ထွက်ရှိလာကြောင်း တွေ့ရှိခဲ့ရသည်။
    “ကျွန်တော်တို့ ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ဆယ်ကျော်သက်လူငယ်တွေရဲ့ ဦးနှောက်ဟာ ဆေးလိပ်သောက်ခြင်းနဲ့ ပတ်သက်ပြီး သာယာပျော်ရွှင်ဖွယ် တုံ့ပြန်မှုမျိုးကို ဖြစ်ပေါ်စေတယ်လို့ ပြောလို့ရပါတယ်၊ ဒီလိုနဲ့ ဆေးလိပ်ကို စိတ်ထဲကနေ အာသာငမ်းငမ်း စွဲမက်လာစေပါတယ်” ဟု လော့အိန်ဂျလိစ် ကယ်လီဖိုးနီးယား တက္ကသိုလ်မှ တွဲဖက်သုတေသီ အက်ဒရီယာနာ ဂါလ်ဗန်က ပြောပြခဲ့သည်။
    “‘ဒိုပါမင်းဓာတ်ဟာ ဆယ်ကျော်သက်အရွယ်တွေမှာ ပိုပြီးသိသာထင်ရှား စွဲမြဲလာလေ့ရှိပြီး လူငယ်တွေရဲ့ဦးနှောက်ကို စွဲလမ်းခံ ပစ္စည်းတွေအပေါ် ဖယ်ရှားလို့မရနိုင်တော့အောင် သာယာငြိမ့်ညောင်းမှုတွေကို ဖြစ်ပေါ်စေလာပါတယ်” ဟု ဂါလ်ဗန်က ထည့်သွင်းပြောကြားခဲ့သည်။
    သုတေသီများက ဆေးလိပ်သောက်တတ်သူများနှင့် ဆေးလိပ်မသောက်တတ်သူ ဆယ်ကျော်သက်လူငယ်များကို ဆေးလိပ်သောက်ပြနေသည့် ဗီဒီယိုကို ကြည့်ရှုစေပြီး MRIs နည်းဖြင့် စမ်းသပ်ပြီးနောက် ပါဝင်သူလူငယ်များအား ဆေးလိပ်သောက်ချင်စိတ် ဖြစ် မဖြစ် မေးမြန်းကြည့်ရာတွင် ဆေးလိပ်သောက်တတ်သည့် လူငယ်များကသာ ဦးနှောက်ထဲရှိ ကြည်နူးသာယာစိတ်ဖြစ်ပေါ်လာပြီး ဆေးလိပ်သောက်ချင်စိတ်ဖြစ်လာသည်ဟု ဖြေကြားခဲ့သည်။
    “အရွယ်ရောက်ပြီးသူတွေကို လေ့လာရာမှာတော့ ဆေးလိပ်သောက်နေတဲ့ လူငယ်တွေရဲ့ဗီဒီယိုဟာ တကယ့်အပြင်မှာ ဆေးလိပ်သောက်တဲ့သူတွေကို တွေ့လိုက်ရသလိုမျိုး သဘာဝအတိုင်းတုန့်ပြန်မှုသက်သက်သာ ဖြစ်ခဲ့ပါတယ်” ဟု လေ့လာမှုတွင်မပါဝင်ခဲ့သူ လဗင်သယ်က ပြောပြသည်။
    “တစ်ဆက်တည်းမှာပဲ ဆယ်ကျော်သက်လူငယ်တွေဟာ ဆေးလိပ်သောက်ခြင်းကဲ့သို့ စွဲစွဲလမ်းလမ်းအပြုအမူတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ သာယာမှုရှိတဲ့ အတွေ့အကြုံအသစ်တွေကို အရွယ်ရောက်ပြီးသူတွေထက် ပိုမိုစိတ်ဝင်တစား ရှာဖွေလာလေ့ရှိပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    အဆိုပါလေ့လာမှုသည် အတိအကျ အခိုင်အမာပြောဆိုနိုင်မည်မဟုတ်သော်လည်း အလွန်တန်ဖိုးရှိသော အချက်အလက်များ ဟု လေ့လာမှုတွင်မပါဝင်ခဲ့သော ဒေါက်တာ နန်စီ ရီဂွတ်တီက ပြောကြားခဲ့သည်။
    Ref; channelnewsasia
  • နာရီတို့၏ အစ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၃)
    နာရီတို့၏ အစ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၃)
    ဇန်န၀ါရီ ၁၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ်သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    cl 2
    နာရီတို့၏ အစ
    ကျွန်တော်တို့ ဘာပဲလုပ်လုပ်၊ ဘယ်လို ဆန္ဒမျိုး အိမ်မက်မျိုး၊ ကြောက်ရွံ့မှုမျိုးပဲရှိရှိ၊ ကျွန်တော်တို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အချိန်ကတော့ ရွေ့လျား တိုက်စားစမြဲပါပဲ။ ကျွန်တော်တို့ အသဲအသန်ဖြစ်ကြရတဲ့ စာမေးပွဲတွေ၊ အရေးကြီးတဲ့အင်တာဗျူးတွေ၊ ဒါမှမဟုတ် မွေးနေ့ပွဲတွေ စတဲ့ ကိစ္စရပ်တွေမှာလည်း စတင်ချိန်နဲ့ ပြီးဆုံးချိန်ဆိုတာ ရှိကြပါတယ်။
    ပထမဆုံး နေနာရီ (sundial) အသုံးပြုတဲ့အချိန်က စပြီး လူတွေဟာ အချိန်ကို တွက်ချက်ချင်ခဲ့ကြတာပါ။ အခုဆိုရင်တော့ ကျွန်တော်တို့မှာ တိတ်ဆိတ်တဲ့ ဒစ်ဂျစ်တယ်နာရီတွေ၊ တစ်ချက်ချက်သွားနေတဲ့ ခေတ်ပေါ် လက်တံနာရီတွေ ရှိနေပါပြီ။ အဲဒီနာရီတွေရဲ့ အစကတော့ အစက်ချတဲ့နည်းစနစ်ကို အသုံးပြုတဲ့ ရေနာရီ (clepsydra) ပဲဖြစ်ပါတယ်။ အိုးတစ်ခုရဲ့ အောက်ခြေမှာ အပေါက်ဖောက်ထားပြီး အဲဒီအပေါက်ကနေ ရေကျသွားတဲ့အခါ အိုးပေါ်မှာ ပြုလုပ်ထားတဲ့ အမှတ်အသားကိုကြည့်ပြီး အချိန်ကိုတွက်ချက်တဲ့ ရိုးရှင်းတဲ့ ဒီရေနာရီကို ဘီစီ ၁၅၀၀ မတိုင်ခင်ကတည်းက အီဂျစ်မှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
    clepsydra
    ရေနာရီ (clepsydra)
    နောက်ထပ် ရှေးဟောင်း အချိန်မှတ်ပစ္စည်းတစ်ခုကတော့ အိန္ဒိယက ဂါတီကာ-ယန်ထရာ (ghatika-yantra) လို့ခေါ်တဲ့ ကိရိယာပါပဲ။ အဲဒီကိရိယာမှာတော့ အောက်ခြေမှာ အပေါက်ဖောက်ထားတဲ့ (ကြေးနီ သို့မဟုတ် အုန်းမုတ်ခွက်နဲ့လုပ်ထားတဲ့) စက်လုံးပုံသဏ္ဍာန် ခွက်တစ်ခု ပါဝင်ပါတယ်။ အဲဒီခွက်ကလေးကို ရေဇလုံထဲမှာ မျောစေလိုက်တဲ့အခါမှာ ဖောက်ထားတဲ့အပေါက်ကနေ ရေဟာ တစ်ဖြည်းဖြည်းချင်းစိမ့်ဝင်ပြီး ခွက်ကလည်း ရေအောက်ကို နစ်မြုပ်သွားခဲ့ပါတယ်။ ဇလုံရဲ့ ကြမ်းပြင်နဲ့ အဲဒီခွက်လေး ထိတဲ့အခါမှာ အချိန်မှတ်တဲ့သူဟာ ခွက်ကိုပြန်ထုတ်ပြီး ရေပေါ်မှာ ပြန်မျောစေကာ လုပ်ငန်းစဉ်တစ်ခုလုံးကို ပြန်လည်စတင်ခြင်းအားဖြင့် အချိန်ကို မှတ်သားတာဖြစ်ပါတယ်။ အဲဒီအချိန်မှတ်ကိရိယာဟာ အိန္ဒိယနိုင်ငံအတွင်းက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနဲ့ ဟိန္ဒူဘုရားကျောင်းတွေမှာ တော်တော်လေး လူကြိုက်များခဲ့ပြီး နောက်ပိုင်းမှာတော့ ဗလီဝတ်ကျောင်းတော်တွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။
    ၁၃ ရာစုနှစ်မှာတော့ တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ဒီယာဘာကီရ် (Diyarbakir) ဆိုတဲ့မြို့လေးက  အလ်-ဂျာဇာရီ (Al-Jazari) လို့ခေါ်တဲ့ တီထွင်ပညာရှင်ကြီးတစ်ယောက်ဟာ ခေတ်ပေါ်နာရီတွေရဲ့ ရှေ့ပြေးဖြစ်တဲ့ အလိုအလျောက် နာရီကို တီထွင်ဖန်တီးခဲ့ပါတယ်။ ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်ဖြစ်တဲ့ အလ်-ဂျာဇာရီဟာ အလွန်ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတစ်ယောက်လည်း ဖြစ်ပြီး အလိုအလျောက်စက်ပစ္စည်းတွေရဲ့ အခြေခံသဘောတရားကို မွေးထုတ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ သူ့အရင်ရှိခဲ့တဲ့ စက်ကိရိယာဆိုင်ရာ သမိုင်းကြောင်းတွေ၊ နည်းပညာတွေကို အထူး စိတ်ဝင်စားခဲ့သူဖြစ်ပြီး အထူးသဖြင့် ရှေးဟောင်း ဂရိတွေနဲ့ အိန္ဒိယတွေရဲ့ သိပ္ပံပညာဆိုင်ရာ ထီထွင်ဆန်းသစ်မှုတွေ ဖြစ်ပါတယ်။
    ၁၂၀၆ ခုနှစ်မှာတော့ ဒီယာဘာကီရ်က အာတုက်မင်းဆက် (Artuq) တွေထံမှာ အမှုထမ်းစဉ် အလ်-ဂျာဇာရီဟာ ပုံသဏ္ဍာန်၊ အရွယ်အစားမျိုးစုံရှိတဲ့ နာရီတွေကို တီထွင်ဖန်တီးခဲ့ပါတယ်။ ဘုရင် နာဆီရ်-အလ်ဒင် (Nasir Al-Din) လက်ထက်မှာ ဘုရင်ကြီးဟာ ထူးခြားဆန်းပြားတဲ့ ကိရိယာတွေကို တီထွင်ဖန်တီးဖို့ အလ်-ဂျာဇာရီကို အမိန့်တော်မှတ်ခဲ့ပြီး လာမယ့်မျိုးဆက်တွေကလည်း ဒီကိရိယာတွေကို ဆက်လက်ချဲ့ထွင် တည်ဆောက်သွားနိုင်ရမယ်လို့ ဆိုပါတယ်။ ဒါတင်မကသေးဘဲ အဲဒီတီထွင်မှုတွေနဲ့ ပတ်သက်သမျှကို ပုံတွေနဲ့တကွ အသေးစိတ်ရေးသားဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ကိုလည်း ဆက်သရမယ်လို့ ဘုရင် အလ်-ဒင်ရဲ့ အမိန့်တော်ထဲမှာ ပါဝင်ခဲ့ပါတယ်။
    al-jazari
    ၁၃ ရာစုမှ မွတ်စလင်အင်ဂျင်နီယာပညာရှင်ကြီး အလ်-ဂျာဇာရီ
    ဒီအမိန့်ရဲ့ ရလဒ်အနေနဲ့ အလ်-ဂျာဇာရီဆီကနေ The Book of Knowledge of Ingenious Mechanical Devices (ဆန်းပြားသည့် စက်ပစ္စည်းများဆိုင်ရာ အသိပညာကျမ်း) ဆိုတဲ့ ကျမ်းကြီးတစ်စောင် ပေါ်ထွက်လာခဲ့ပါတော့တယ်။ အဲဒီကျမ်းကြီးဟာ အင်ဂျင်နီယာဘာသာရပ် နယ်ပယ်အားလုံးအတွက် အဖိုးမဖြတ်နိုင်တဲ့ ရင်းမြစ်ကျမ်းတစ်စောင် ဖြစ်ခဲ့ပါတယ်။ အဲဒီကျမ်းထဲမှာတော့ ကဏ္ဍ ၆ ခုခွဲထားပြီး ရေနာရီအပါအ၀င် သူကိုယ်တိုင် တီထွင်ဖန်တီးခဲ့တဲ့ စက်ကိရိယာ အခု ၅၀ ကို အလ်-ဂျာဇာရီက အသေးစိတ် ဖော်ပြထားပါတယ်။
    ဒီနေ့ခေတ်မှာ ကျွန်တော်တို့ဟာ အချိန်ကိုသိဖို့ လိုအပ်သလိုပဲ လွန်ခဲ့တဲ့ နှစ် ၇၀၀ ကျော်က မွတ်စလင်တွေဟာလည်း အချိန်ကိုသိဖို့ လိုအပ်ခဲ့ပါတယ်။ အလ်-ဂျာဇာရီကတော့ နာရီတီထွင်ဖန်တီးတဲ့ မွတ်စလင်တွေရဲ့ ရိုးရားဓလေ့ကို ထိန်းသိမ်းခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ နေ့စဉ် ဖြုန်းတီးနေကြတဲ့ အချိန်ကို ရပ်တန့်လို့မရဘူးဆိုတာ မွတ်စလင်တွေက သိခဲ့ကြပြီး ဒါ့ကြောင့်ပဲ ကောင်းမှုကုသိုလ်တွေ ဆောင်ရွက်တဲ့နေရာမှာ အသုံးပြုဖို့အတွက် အချိန်ကို သိရှိနိုင်ရေးဟာ သူတို့အတွက် အရေးကြီးခဲ့ပါတယ်။ နေ့စဉ် ၅ ကြိမ်ဝတ်ပြုမှုကို ဘယ်အချိန်တွေမှာ ဆောင်ရွက်ရမလဲဆိုတာကို မွတ်စလင်တွေက သိဖို့ လိုအပ်ပြီး ဒါမှသာ ဗလီဝတ်ကျောင်းတော်တွေကလည်း ၀တ်ပြုဖို့ နှိုးဆော်သံကို ဟစ်ကြွေးနိုင်ကြမှာ ဖြစ်ပါတယ်။ ရမ်ဇာန်လမှာ ဥပုသ်သီလစောင့်တည်တာ၊ အီးဒ်ပွဲတော် ဆင်နွှဲတာ၊ မက္ကာမြို့ကို ဘုရားဖူးသွားတာ စတဲ့ နှစ်စဉ် အရေးပါတဲ့ အခါသမယတွေကို တွက်ချက်သတ်မှတ်ဖို့အတွက်လည်း အချိန်ကို အတိအကျသိဖို့ အရေးကြီးပါတယ်။
    အဲဒီလိုတွန်းအားတွေကပဲ ဘုရင် နာဆီရ်-အလ်ဒင် ရည်ညွှန်းခဲ့တဲ့ ဆန်းပြားတဲ့ ကိရိယာတွေထဲမှာ ဆင်နာရီ (Elephant Clock) ပါဝင်လာတာပဲဖြစ်ပါတယ်။ အဲဒီဆင်နာရီဟာ အချိန်ကို ပြောပြနိုင်သလိုပဲ အဆင့်အတန်း၊ ဂုဏ်သိက္ခာနဲ့ ကြွယ်ဝမှုတို့ရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။ နောက်ပြီး ဒါဟာ ပထမဆုံး စက်ပစ္စည်းနဲ့ ပေါင်းစပ်ထားတဲ့ ရွေ့လျား အချိန်ပြစက် ဖြစ်ခဲ့ပါတယ်။
    ဆင်နာရီ
    elephant clock
    ဆင်နာရီဒီဇိုင်းကို အလ်-ဂျာဇာရီက ရေးဆွဲထားပုံ
    ဒီနေ့ခေတ်မှာ တိကျတဲ့ ဒစ်ဂျစ်တယ်နာရီတွေ၊ စက်နာရီတွေမရှိရင် ခေတ်မီကမ္ဘာကြီး ရှေ့ဆက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ ကျော်ကတည်းက ဘယ်အချိန်ဝတ်ပြုရမယ်၊ ဥပုသ်သီလ ဆောက်တည်ရမယ်၊ ဘယ်နေ့မှာ အီးဒ်ပွဲတော် ဆင်နွှဲရမယ်၊ ဘယ်အချိန်မှာ ဘုရားဖူးသွားရောက်ရမယ် ဆိုတာတွေကို တွက်ချက်သတ်မှတ်ဖို့အတွင် တီထွင်ကြံဆသူတွေဟာ အဆန်းပြားဆုံး အချိန်ပြစက်တွေကို တီထွင်ခဲ့ကြပါတယ်။
    အဲဒီအထဲမှာ ဆင်နာရီကတော့ လူသားတွေရဲ့ ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေကို ပေါင်းစည်းထားတဲ့ အပြောင်မြောက်ဆုံး လက်ရာပါပဲ။ နာရီရဲ့ ရွေ့လျားနိုင်တဲ့ စက်ယန္တရားဟာ အိန္ဒိယတွေရဲ့ နည်းပညာကို အတုယူထားတဲ့ ရေစွမ်းအင်သုံး အလိုအလျောက် ယန္တရားဖြစ်ပါတယ်။ အဲဒီ ယန္တရားကို အီဂျစ်က ဇာမဏီငှက်၊ ဂရိရဲ့ ဟိုက်ဒရောလစ်နည်းပညာ၊ တရုတ်နဂါး၊ အိန္ဒိယဆင်၊ အာရပ်ဝတ်စုံဝတ် လူရုပ်တွေနဲ့ အချိုးကျစွာ ပေါင်းစပ်ထားတာဖြစ်ပြီး စပိန်ကနေ တရုတ်နိုင်ငံအထိ နည်းပညာတွေလည်း ဒီကိရိယာမှာ လွှမ်းမိုးနေပါတယ်။
    ဆင်နာရီကို တီထွင်တဲ့သူကတော့ တူရကီတောင်ပိုင်းက အင်ဂျင်နီယာပညာရှင် အလ်-ဂျာဇာရီပဲ ဖြစ်ပါတယ်။ သူဟာ ပုံသဏ္ဍာန်မျိုးစုံ၊ အရွယ်အစားမျိုးစုံရှိတဲ့ စက်ကိရိယာတွေကို တီထွင်ခဲ့သူဖြစ်ပြီး ၁၂၀၆ ခုနှစ်မှာ ထွက်ပေါ်လာတဲ့ သူရဲ့ The Book of Knowledge of Ingenious Mechanical Devices အင်ဂျင်နီယာကျမ်းထဲမှာ အသေးစိတ်ဖော်ပြခဲ့ပါတယ်။ အလ်-ဂျာဇာရီရဲ့ ထိပ်တန်း တီထွင်မှုတွေကတော့ ကောက်တံနဲ့လှည့်တဲ့ ဘီး၊ ၀င်ရိုးဆက်သွယ်မှု၊ စက်ဝိုင်းပုံစံရွေ့လျားမှုကနေ ဒေါင်လိုက်ရွေ့လျားမှုကို ပြောင်းလဲပေးတဲ့ ပြွန်ကျပ်စနစ် (piston system)၊ ရေစုပ်နည်းပညာ၊ အင်ဂျင်တွေဖြစ်ပြီး အခြားသော စက်ကိရိယာ များစွာလည်း သူ့ရဲ့တီထွင်မှုမှာ ပါဝင်နေပါတယ်။ ဒါတင်မကသေးဘဲ သူ့ရဲ့ အင်ဂျင်နီယာကျမ်းကြီးထဲမှာ လက်ဆေးစက်၊ ၀င်ရိုးတွေ၊ စက်သွားတွေနဲ့လည်ပတ်တဲ့ သံစုံတီးဝိုင်းတွေပါအ၀င် သူတီထွင်ခဲ့တဲ့ စက်ပစ္စည်းမျိုးစုံကိုလည်း ဖော်ပြခဲ့ပါတယ်။
    ဆင်နာရီမှာတော့ အပေါက်ဖောက်ထားတဲ့ ခွက်တစ်ခုဟာ ဆင်ခန္ဓာကိုယ်က မမြင်ရတဲ့ ရေတိုင်ကီထဲမှာ တဖြည်းဖြည်းခြင်းနစ်မြုပ်စေတဲ့ နည်းပညာကို အသုံးပြုထားပြီး အိန္ဒိယက ဂါတီကာ (Ghatika) လို့ခေါ်တဲ့ နည်းပညာ ပုံစံမျိုးပါပဲ။ သူ့ရဲ့အရင်က အီဂျစ်ကနေ ဂရိအထိ လူ့အဖွဲ့အစည်းတွေမှာ အပေါက်ဖောက်ထားတဲ့ ခွက်ထဲကနေ ရေစိမ့်ထွက်ခြင်းအားဖြင့် အချိန်ကိုတိုင်းတာတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ကြပြီး အဲဒီပုံစံနဲ့ ဖန်တီးထားတဲ့ ကိရိယာကို ရေနာရီ (clepsydra) လို့ ခေါ်ပါတယ်။
    အလ်-ဂျာဇာရီရဲ့ ဆင်နာရီကတော့ နာရီဝက်ကြာတိုင်းမှာ သာယာနာပျော်ဖွယ်အသံနဲ့ လှုပ်ရှားမှုတွေကို မြင်ရ၊ ကြားရပါတယ်။ နာရီရဲ့ ထိပ်ဆုံးကနေကြလာတဲ့ အလုံးလေးဟာ ဘယ်နှစ်နာရီရှိပြီဆိုတာကို ပြသတဲ့ ဒိုင်ခွက်ကို ရွေ့လျားစေပြီး စာရေးနေတဲ့ပုံသဏ္ဍာန် ရုပ်ထုနဲ့ သူ့ရဲ့ ကလောင်တံကတော့ နောက်တစ်နာရီရဲ့ မိနစ်တွေကို ပြဖို့အတွက် မူလနေရာကို ပြန်လည်သွားပါတော့တယ်။ နဂါးရဲ့ပါးစပ်ကနေတစ်ဆင့် နာရီအောက်ခြေက ပန်းအိုးထဲကို ဒီအလုံးလေး ကျသွားတဲ့အချိန်မှာ ဆင်ထိန်းရုပ်ထုလက်ထဲက တူနဲ့ လင်ကွင်းကို ရိုက်ခတ်စေပြီး အသံထွက်ကာ နာရီဝက်ကုန်ဆုံးသွားကြောင်း အသိပေးလိုက်ပါတော့တယ်။
    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
    ss
    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)
    ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၁) – ကို ဖတ်ရှုရန်
    ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၂) – ကို ဖတ်ရှုရန်
  • ဂါဇာတွင် အင်ဒိုနီးရှားမှတည်ဆောက်ပေးသည့် ဆေးရုံသစ်တစ်ခု ဖွင့်လှစ်
    ဒီဇင်ဘာ ၃၁၊ ၂၀၁၅
    M-Media
    pal
    – ဂါဇာမြောက်ပိုင်းရှိ ပြည်သူများအား ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုပေးရန် အင်ဒိုနီးရှားနိုင်ငံမှ အကုန်အကျခံ
    တည်ဆောက်သည့် ဆေးရုံသစ်တစ်ခုကို ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
    ဂါဇာမြောက်ပိုင်းတွင် ရှိနေသော ဆေးရုံဟောင်း ကမာလ် အဒ်ဝမ်ကိုမူ အသစ်ပြန်လည်ပြုပြင်ခြင်းနှင့် ပြင်ဆင်ဆောင်ရွက်ခြင်းတို့ ပြုလုပ်နေသည့်အတွက် ပိတ်ထားသည်။
    အင်ဒိုနီးရှားက တည်ဆောက်ပေးသော အဆိုပါဆေးရုံသစ်မှာ ကုတင် ၁၁၀ ဆန့်ပြီး အရေးပေါ်လူနာများအတွက်
    သီးသန့်ကုသဆောင် ၁၀ ခု ပါဝင်သည်။
    “အင်ဒိုနီးရှားဆေးရုံသစ်ဟာ အရည်အသွေးမြင့် ဆေးဘက်ဆိုင်ရာကိရိယာတွေ တပ်ဆင်ထားပြီး ဂါဇာမြောက်ပိုင်းက ပြည်သူတွေအတွက် ၀န်ဆောင်မှုပေးနိုင်ဖို့ အရေးပါတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ နေရာသစ်တစ်ခု ဖြစ်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အရှ်ရဖ် အလ်-ကွဒ်ရာက မီဒီယာသို့ ပြောကြားခဲ့သည်။
    ထို့ပြင် အဆိုပါဆေးရုံသစ်တွင် စီတီစကန်စက်လည်း ပါဝင်မည်ဖြစ်ပြီး ကျွမ်းကျင်သည့်ဆရာဝန်များ၊ သူနာပြုများနှင့်အတူ အဆင့်မြင့်ခွဲစိတ်ခန်း လေးခုလည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
    ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနမှာ ကမာလ် အဒ်ဝမ်ဆေးရုံကိုလည်း ၀န်ဆောင်မှုအရည်အသွေးမြှင့်တင်နိုင်ရေး ပြင်ဆင်မွမ်းမံမည် ဖြစ်သည်။ မွမ်းမံနေစဥကာလအတွင်း ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ဂါဇာရှိအခြားသော ဆေးရုံများသို့ ယာယီရွှေ့ပြောင်းထားမည် ဖြစ်သည်။
    Ref; Middleeastmonitor
  • Facebook ၏ အခမဲ့အင်တာနက်ဝန်ဆောင်မှုအစီအစဉ် အိန္ဒိယတွင် ပြင်းထန်သော ဆန့်ကျင်မှုနှင့် ကြုံနေရ
    Facebook ၏ အခမဲ့အင်တာနက်ဝန်ဆောင်မှုအစီအစဉ် အိန္ဒိယတွင် ပြင်းထန်သော ဆန့်ကျင်မှုနှင့် ကြုံနေရ
    ဒီဇင်ဘာ ၃၁၊ ၂၀၁၅
    M-Media
    – အခမဲ့ အင်တာနက်အသုံးပြုခွင့်ရဖို့အတွက် အိန္ဒိယနိုင်ငံဟာ စစ်မြေပြင်ဖြစ်လာခဲ့ပြီး နိုင်ငံအတွင်းမှာ အင်တာနက် အခမဲ့အသုံးပြုခွင့်ပေးဖို့ Facebook တည်ထောင်သူ မာ့ခ်ဇူကဘာ့ဂ်ရဲ့ ကြိုးပမ်းမှုကို ဒေသအတွင်းက နည်းပညာကုမ္ပဏီတွေ ပူးပေါင်းကာ ကန့်ကွက်ဖို့ အားကြိုးမာန်တက် လုပ်ဆောင်နေကြပါတယ်။
    Fee Basics လို့ခေါ်တဲ့ Facebook ရဲ့ အဲဒီ အခမဲ့အင်တာနက်အစီအစဉ်ကို လောလောဆယ်မှာ ခဏဆိုင်းငံ့ထားဖို့ အိန္ဒိယအစိုးရက အမိန့်ပေးထားပြီး သူတို့ဘာလုပ်ရမလဲဆိုတာကို ဆုံးဖြတ်ဖို့အတွက် ဆောင်ရွက်နေကြပါတယ်။
    ဖွံ့ဖြိုးဆဲနိုင်ငံ ၃၀ ကျော်လောက်မှာ ဆောင်ရွက်နေတဲ့ ဒီအစီအစဉ်ဟာ ၀ဘ်ဆိုက်တွေကို မိုဘိုင်းဖုန်းထဲ ရောက်ရှိစေပြီး၊ Facebook ကို မက်ဆေ့ခ်ျအပါအ၀င် ပိုက်ဆံပေးစရာမလိုဘဲ သုံးစွဲနိုင်ပါတယ်။
    ဒါပေမယ့် Reliance Communications ကုမ္ပဏီနဲ့ ပူးပေါင်းပြီး လွန်ခဲ့တဲ့ ၁၀ လကတည်း အိန္ဒိယမှာ လုပ်ဆောင်နေတဲ့ Facebook ရဲ့ အခမဲ့အင်တာနက်အစီအစဉ်ဟာ အင်တာနက်ကုမ္ပဏီတွေကို ဥပဒေက တူညီစွာ ဆက်ဆံရမယ်ဆိုတဲ့ စည်းကမ်းကို ချိုးဖောက်နေတယ်လို့ ဝေဖန်ဆန်းစစ်သူတွေက စောဒကတက်ခဲ့ကြပါတယ်။ ၀ဘ်ဆိုက်ကုမ္ပဏီအသေးလေးတွေနဲ့ တည်ထောင်ကာစ ကုမ္ပဏီလေးတွေကိုလည်း ထိခိုက်စေတယ်လို့လည်း ဆိုကြပါတယ်။
    “အိန္ဒိယဟာ Facebook လို ကုမ္ပဏီတစ်ခုအတွက် အစမ်းသပ်ခံနေရာပါပဲ။ ဒီမှာဖြစ်တာတွေဟာ အဲဒီ အင်တာနက် အခမဲ့အစီအစဉ်ကို သွားလုပ်မယ့် အခြားသော နိုင်ငံငယ်လေးတွေမှာလည်း သက်ရောက်မှာပါ။ အဲဒီနိုင်ငံတွေမှာ အခုအချိန်အထိ သတိမပြုမိကြသေးပါဘူး” လို့ နည်းပညာနဲ့ အင်တာနက် အကြံပေး ပြဿနာတွေနဲ့ပက်သတ်ပြီး အလုပ်လုပ်နေတဲ့ နယူးယောက်အခြေစိုက် ဥပဒေပညာရှင် မီရှီချောင်ဒရီက ဆိုပါတယ်။
    Facebook ရဲ့ အင်တာနက်အခမဲ့ အစီအစဉ်ဟာ သူတို့ရဲ့ အကြီးဆုံးဈေးကွက်ကြီးကို အမေရိကန်ပြင်ပမှာ ချဲ့ထွင်ဖို့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ၁.၃ ဘီလီယံသော လူဦးရေမှာ အင်တာနက်အသုံးပြုခွင့်ရသူဟာ ၂၅၂ သန်းသာ ရှိပါသေးတယ်။ ဒါဟာ Google နဲ့ Facebook တို့လို လုပ်ငန်းတွေအတွက် ဈေးကွက်တိုးတက်အောင်လုပ်ဖို့ အခွင့်အလမ်းပါပဲ။
    စံချိန်တင်တောင်းဆိုမှု
    အိန္ဒိယ တယ်လီဖုန်းဆက်သွယ်ရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ TRAI ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ဥပဒေသတ်မှတ်ရေးလုပ်ငန်းစဉ် ရှေ့ပြေးအဖြစ် အများပြည်သူ အကြံပြုရေးအစီအစဉ်မှာ စံချိန်တင် အကြံပြုမှုကို ရရှိခဲ့တယ်လို့ ဒီကနေ့မှာ ပြောခဲ့ပါတယ်။
    ဒါပေမယ့် Facebook ကနေတစ်ဆင့် ရရှိတဲ့ မှတ်ချက်ပေါင်း ၁.၈ သန်းမှာ ၄ ပုံ ၃ ပုံကျော်ဟာ အခမဲ့အင်တာနက်အစီအစဉ်ကို ထောက်ခံကြတယ်လို့ TRAI ဥက္ကဌ ရမ် ဆီဗက် ရာရ်မာက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့သီတင်းပတ်ကလည်း Facebook ဟာ အိန္ဒိယမှာရှိတဲ့ အသုံးပြုသူတွေကို TRAI ဆီ လှုမှုကွန်ယက်တွေ၊ မိုဘိုင်းဖုန်းတွေကနေတစ်ဆင့် အခမဲ့အင်တာနက် ပိတ်ပင်ရေးအစီအစဉ်ကို တုန့်ပြန်ပြောဆိုကြဖို့ တိုက်တွန်းခဲ့ပါတယ်။
    ဒါပေမယ့် ပြင်းထန်တဲ့ ဟန့်တားမှုကိုတော့ Facebook က ကြုံတွေ့နေရပါတယ်။
    Reuters သတင်းဌာနက ရရှိခဲ့တဲ့ စာတစ်စောင်ထဲမှာ Alibaba ကျောထောက်နောက်ခံပြုထားတဲ့ Paytm နဲ့ Zomato တို့အပါဝင် တည်ထောင်တာမကြာသေးတဲ့ အင်တာနက်လုပ်ငန်း ၉ ခုက အကြီးအကဲတွေဟာ လက်မှတ်ရေးထိုးထားပြီး TRAI ကို လိပ်မှုထားတာ တွေ့ရပါတယ်။ စာထဲမှာတော့ အင်တာနက်အသုံးပြုခွင့်ကို ဈေးနှုန်း ကွဲပြားမှုမရှိစေဘဲ လုပ်ကိုင်ခွင့်ပေးရေးကို သေချာအောင်ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
    အင်တာနက်အသုံးပြုခွင့်အတွက် မတူညီတဲ့ ဈေးနှုန်းတွေကို လုပ်မယ်ဆိုရင် Free Basics ၀န်ဆောင်မှုနဲ့ Facebook လို ကုမ္ပဏီအနည်းစုဟာ ဈေးကွက်ကို သိမ်းကြုံးယူသွားလိမ့်မယ်လို့ အဲဒီစာမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။
    ”ဆင်းရဲသူတွေကို အင်တာနက်အသုံးပြုခွင့်ပေးတယ်ဆိုတဲ့ ခေါင်းနဲ့ ကန့်သတ်ထားတဲ့ဝန်ဆောင်မှုတွေကိုပေးပြီး ဒစ်ဂျစ်တယ်လုပ်ငန်းကို ခွဲပစ်ဖို့ကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး” လို့ နည်းပညာဆိုင်ရာ အဲဒီကုမ္ပဏီတွေရဲ့ အကြီးအကဲတွေက ထည့်သွင်းရေးသားခဲ့ပါတယ်။
    ဇူကာဘာ့ဂ်ကလည်း ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
    “အင်တာနက်ကို အသုံးပြုနေသူ ၁၀ ဦးမှာ အကြမ်းဖျင်း တစ်ဦးဟာ ဆင်းရဲတဲ့သူဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ အိန္ဒိယနိုင်ငံကို တိုးတက်အောင်လုပ်ဖို့ဆိုရင် လူ ၁ ဘီလီယံကျော်လောက်ဟာ အင်တာနက် ဆက်သွယ်အသုံးပြုနိုင်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်။ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေး၊ လယ်ယာလုပ်ငန်းနဲ့ အမျိုးသမီးအခွင့်အရေးတွေအတွက် အရေးပါတဲ့ ၀န်ဆောင်မှု ရရှိတာကို လက်မခံတဲ့ အကြောင်းအရင်းက ဘာလဲ” လို့ ဒီတစ်ပတ်ထုတ် the Times of India သတင်းစာမှာ ဇူကာဘာ့ဂ်က ရေးသားခဲ့ပါတယ်။
    ဘက်နှစ်ဖက်
    Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ သူတို့ရဲ့ Free Basics အခမဲ့အင်တာနက်ဝန်ဆောင်မှုဟာ အင်တာနက်က ဘာတွေကို ပေးအပ်နိုင်လဲဆိုတာကို လူတွေမြည်းစမ်းဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ သူတို့ရဲ့အစီအစဉ်အတွက် ဆန့်ကျင်မှုတွေကို သတင်းစာတွေမှာ စာမျက်နှာအပြည့် ကြော်ငြာတွေထည့်ခြင်း၊ လမ်းတွေမှာ ဆိုင်းဘုတ်အကြီးတွေ ထောင်ခြင်းအားဖြင့်လည်း ပြန်လည်တုန့်ပြန်မှုတွေ ပြုလုပ်နေပါတယ်။
    “Free Basics အဒီအစဉ်ဟာ ပိတ်ပင်ခံရမယ့် အန္တရာယ် ရှိနေပါတယ်။ ပြီတော့ အိန္ဒိယရဲ့ ဒစ်ဂျစ်တယ်တိုးတက်မှုကို နှေးကွေးစေပါလိမ့်မယ်” လို့ မနေ့က မွမ်ဘိုင်းသတင်းစာမှာ ထည့်သွင်းခဲ့တဲ့ Facebook ရဲ့ ကြော်ငြာမှာ သတိပေးထားပြီး ပြည်သူတွေအနေနဲ့ ဒီလှုပ်ရှားမှုကို ထောက်ခံဖို့လည်း တိုက်တွန်းထားပါတယ်။
    ပြီးခဲ့တဲ့နှစ် ဇမ်ဘီယာမှာ စတင်ခဲ့တဲ့ အဲဒီ Free Basics အခမဲ့အင်တာနက်အစီအစဉ်ဟာလည်း အင်တာနက်ဆိုင်ရာ ညီမျှမှုစည်းမျဉ်းကို ချိုးဖောက်တယ်ဆိုပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြပါတယ်။ အီဂျစ်မှာတော့ ယမန်နေ့က ကုန်သွားတဲ့ ပါမစ်သက်တမ်းကို ထပ်မတိုးတဲ့အတွက်ကြောင့် Facebook ရဲ့ အဲဒီအစဉ်ဟာ ရပ်ဆိုင်းခံလိုက်ရပါတယ်။
    TRAI ကတော့ နောက်လမှာ သူတို့ နောက်ဆုံး ဆုံးဖြတ်ချက်မချခင်ထိ ဒီ အခမဲ့ အင်တာနက်ဝန်ဆောင်မှုကို ရပ်ဆိုင်းထားပေးဖို့ Facebook နဲ့ Reliance Communications တို့ကို တောင်းဆိုထားပါတယ်။
    “ဒီမိုကရေစီမှာ ဘက်နှစ်ဖက် ရှိပါတယ်။ ဒီလှုပ်ရှားမှုအတွက် Facebook က ငွေတွေအများကြီး သုံးနေသလို။ အခြားတစ်ဖက်မှာလည်း အင်တာနက် တက်ကြွလှုပ်ရှားသူတွေက ကြိုးပမ်းမှုတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့အလုပ်ကတော့ တယ်လီဖုန်းဆက်သွယ်ရေး အော်ပရေတာတွေနဲ့ အိန္ဒိယက အသုံးပြုသူတွေ အကျိုးမယုတ်အောင် ပေါ်လစီချမှတ်ပေးဖို့ပါပဲ” လို့ TRAI က တာဝန်ရှိသူ ရှာရ်မာက ယမန်နေ့မှာ ပြောကြားခဲ့ပါတယ်။
    (Reuters သတင်းဌာနမှ Facebook fights for free Internet in India, global test-case ဆောင်းပါးကို လေးမောင်မှ ဆီလျောအောင် ဘာသာပြန်ဆိုသည်)
  • ကာတွန်းဆရာကြီး ရွှေတလေးကို အစပြုသည့် မြန်မာကာတွန်း နှစ်(၁၀၀) ပြည့်
    ကာတွန်းဆရာကြီး ရွှေတလေးကို အစပြုသည့် မြန်မာကာတွန်း နှစ်(၁၀၀) ပြည့်
    ဒီဇင်ဘာ ၃၁၊ ၂၀၁၅
    M-Media
    သတင်း-ဓါတ်ပုံ- ဖြူလေး
    .myanmar Cartoon 100
    ရန်ကုန်။ ။ မြန်မာ့ကာတွန်း လောကတွင် ပထမဆုံး ကာတွန်းဆရာကြီးတစ်ဦးဖြစ်သော ဆရာကြီး ရွှေတလေး(ခ) ဦးဘကလေး ၏ ၁၉၁၅ခုနှစ် ကောလိပ်မဂ္ဂဇင်းတွင် ပါရှိသော ကာတွန်းမှအစပြု၍ ၂၀၁၅ ခုနှစ်အထိ မြန်မာကာတွန်းများ၏သက်တမ်း နှစ် (၁၀၀) ပြည့် အခမ်းအနားကို ရန်ကုန်မြို့ Myanmar Convention Center တွင် ဒီဇင်ဘာလ ၃၀၊ ၃၁ ရက်နေ့တွင် ပြုလုပ်ကျင်းပလျက်ရှိပါတယ်။
    .
    မြန်မာ့ကာတွန်းလောကတွင် ပထမဆုံး ကာတွန်းဆရာအဖြစ် သတ်မှတ်ထားခြင်း ခံရသူမှာ ဆရာကြီး ရွှေတလေးပင် ဖြစ်ပါတယ်။ ဆရာကြီးသည် နယ်ချဲ့ဆန့်ကျင်ရေး ကာတွန်းများ ရေးဆွဲခဲ့ပြီး ဦးရွှေရိုးဆိုသည့် ပျော်ပျော်နေသေခဲ ဇာတ်ရုပ်ဖြင့် ရွှေရိုးအကကို မြန်မာ့ရုပ်ရှင်နှင့် မြန်မာ့ဇာတ်သဘင်လောကတွင် ဖန်တီးတီထွင်ပြီး ကိုယ်တိုင် သရုပ်ဆောင် ကပြခဲ့သူတစ်ဦးပင် ဖြစ်ပါတယ်။
    .
    “နှစ် ၁၀၀ ပြည့်ဆိုတာ ကြုံတောင့်ကြုံခဲပါပဲ။ ဆရာကြီး ဦးရွှေတလေး ကနေစပြီး ဖြတ်သန်းလာတဲ့ ကာတွန်းဆရာကြီးတွေဟာ ပြည့်သူ့ဘက်တော်သားတွေပါပဲ။ ဆရာကြီးတွေရဲ့ ကာတွန်းတွေက တကယ်ကို အရသာရှိပြီး တကယ်ကို လိုအပ်နေတာတွေကို ဖော်ပြတဲ့ ကာတွန်းတွေပဲ ဖြစ်တယ်” လို့ ကာတွန်းနှစ် (၁၀၀) ပြည့်ပွဲတော်ကို လာရောက်သူ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝက ပြောပါတယ်။
    .
    အဆိုပါ ကာတွန်းပြပွဲတွင် ကွယ်လွန်သွားကြပြီဖြစ်သော ကာတွန်းဆရာကြီးများ၏ ဓာတ်ပုံများအပါအဝင် ခေတ်အဆက်ဆက် ကာကွန်ဆရာများ၏ ကိုယ်ပိုင်ဖန်တီးမှုလက်ရာများ၊ ယနေ့ခေတ် အဖြစ်အပျက်များကို ထင်သာမြင်သာရှိစေသော ကာတွန်းများကို ပြသချိတ်ဆွဲထားသည်။
    .
    “မြန်မာနိုင်ငံရဲ့ ကာတွန်းလောကက နိုင်ငံတကာနဲ့ ယှဉ်ရင်တော့ မတိုးဖောက်နိုင်သေးပါဘူး။ ကြိုးစားဆဲပါ။ နောက်မျိုးဆက်သစ်တွေ မွေးထုတ် လမ်းညွှန်နိုင်ပြီး စာများများဖတ် နိုင်ငံတကာ အတွေ့အကြုံရှိအောင် ကျွန်တော်တို့ လေ့ကျင့်သင်ကြားပေးဖို့ လိုနေပါသေးတယ်။ ကျွန်တောတို့ရဲ့ အရင်က ကာတွန်းဆရာကြီးတွေ ကျွန်တော်တို့ကို သင်ပေးခဲ့သလို မျိုးဆက်သစ်တွေကိုလည်း ကျွန်တော်တို့က ပြန်သင်ပေးဖို့ အဆင်သင့်ပါပဲ” လို့ လက်ရှိမြန်မာနိုင်ငံရဲ့ ကာတွန်းလောက အခြေအနေနှင့် ပတ်သတ်ပြီး ကာတွန်းဆရာ ရွှေထူးက ပြောဆိုခဲ့ပါတယ်။
    .
    နှစ်ရက်တာ ကျင်းပနေသော ကာတွန်းနှစ် (၁၀၀) ပြည့်ပွဲတော်တွင် ကာတွန်းများအပြင် နာမည်ကျော် ကာတွန်းဇာတ်လိုက်ကျော်များနှင့် ဓာတ်ပုံများရိုက်ကူးခြင်း၊ ကလေးငယ်များအတွက် ပုံများရေးဆွဲခြင်း၊ အနုပညာရှင်များ၏ ပျော်စရာ ရုပ်ပြောင်ရုပ်များကို ရယူခြင်းနှင့် အခြားစိတ်ပန်းဖြေစရာများကိုပါ ထည့်သွင်းကျင်းပလျှက် ရှိပါတယ်။
    More Photo =>https://www.facebook.com/media/set/?set=a.997693806939756.1073742279.468226919886450&type=3
    ဆက်စပ် ဆောင်းပါးများဖတ်ရန်
    ——————————
    တက္ကသိုလ်မှ ကာတွန်း သင်ခန်းစာ တပုဒ် (ကာတွန်း ဦးဟိန်းစွန်း)
    http://www.m-mediagroup.com/news/9973
    ရွှေရိုးအက တီထွင်ခဲ့သူ မြန်မာမွတ်စလင် ကာတွန်းပညာရှင် ဦးဘကလေး ဖတ်ရန်။
    ရွှေရိုးအက တီထွင်ခဲ့သူ မြန်မာမွတ်စလင် ကာတွန်းပညာရှင် ဦးဘကလေး