News @ M-Media

Blog

  • ကင်ညာမွတ်စ်လင်မ်များက ကမ္ဘာကိုပေးအပ်လိုက်သည့် ခရစ္စမတ်နှင့် ၂၀၁၆ နှစ်သစ်လက်ဆောင်မွန်

    ကင်ညာမွတ်စ်လင်မ်များက ကမ္ဘာကိုပေးအပ်လိုက်သည့် ခရစ္စမတ်နှင့် ၂၀၁၆ နှစ်သစ်လက်ဆောင်မွန်

    ဇန်န၀ါရီ ၃၊ ၂၀၁၆

    M-Media

    kenya
    – အကြမ်းဖက်လှိုင်း တစ်နှစ်တာကာလ လွန်မြောက်ပြီးနောက် ထိပ်တိုက်ရင်ဆိုင်ခြင်းသည် လူသားတို့၏ ဘာသာတရာများအကြား ရှောင်ဖယ်မရနိုင်သောကိစ္စတစ်ရပ်အဖြစ် လူအချို့အား ယူဆလက်ခံသွားစေသည်၌ ကင်ညာအရှေ့မြောက်ပိုင်းရှိ ဘတ်စ်ကားခရီးသည်မွတ်စ်လင်မ်လူတစ်စုက ကျွန်တော်တို့အားလုံးကို ခရစ္စမတ်နှင့် နှစ်သစ်ကူးလက်ဆောင်တစ်ရပ်အား ဆောင်ကြဉ်းပေးလိုက်ပါသည်။

    ဒီဇင်ဘာ ၂၁ ရက် မန်ဒီရာမြို့အနီး ဘတ်စ်ကားတစ်စင်းကို အလ်ရှဘာ့ဘ် လက်နက်ကိုင်အစွန်းရောက်များမှ စီးနင်းခဲ့၏။ လက်ရှိနှစ်များအတွင်း ကင်ညာနိုင်ငံသားတို့အပေါ် စိတ်လိုက်မာန်ပါ ထပ်ပြန်တလဲ ပြုလုပ်နေခဲ့သော တိုက်ခိုက်မှုများအတိုင်း ၎င်းတို့က ခရစ်ယာန်ဘာသာဝင်ခရီးသည်များကို ကွပ်မျက်နိုင်ရန်အတွက် မွတ်စ်လင်မ်တို့အား သီးခြားခွဲနေဖို့ ခိုင်းစေခဲ့ကြသည်။

    သို့သော် မွတ်စ်လင်မ်ခရီးသည်များသည် ၎င်းတို့နှင့်တစ်နယ်တည်းသားဖြစ်သည့် ခရစ်ယာန်များကို လူအစုအဝေးဖြင့် ၀ိုင်းရံကာကွယ်လိုက်ကြသည်။ ၎င်းနောက် သတ်မည်ဆိုလျှင် မွတ်စ်လင်မ်ရော ခရစ်ယာန်များကိုပါ မခွဲမခြား ကားတစ်စီးလုံး သတ်ဖြတ်လိုက်ကြရန် သူတို့က တိုက်ခိုက်ရေးသမားတို့အား တောင်းဆိုခဲ့သည်။ မွတ်စ်လင်မ်အမျိုးသမီးတို့က သူမတို့၏အစဉ်အလာဦးခေါင်းခြုံပုဝါများကို ဖယ်ရှား၍ မွတ်စ်လင်မ်မဟုတ်သူအမျိုးသမီးတို့ထံ အကာအကွယ်ဖြစ်စေရေးအလို့ငှာ လက်ကမ်းပေးလိုက်ကြကုန်၏။

    ဤကင်ညာသားတို့သည် ၎င်းတို့၏ခရစ်ယာန်မိတ်ဆွေများအတွက် အကာအကွယ်ပြုပေးခြင်းဖြင့် အကောင်းဆုံးသောလက်ဆောင် ပေးလိုက်ချေပြီ။

    ကင်ညာလူ့အဖွဲ့အစည်းသည် ခရစ်ယာန် လူများစု ဖြစ်သော်လည်း မွတ်စ်လင်မ်၊ ဘဟာအီ၊ ဗုဒ္ဓဘာသာနှင့် အာဖရိကန်ရိုးရာကိုးကွယ်မှုဆိုင်ရာ လူ့အစုအဝေးတို့က ကင်ညာပြည်သူများအကြား ယဉ်ကျေးမှု၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတွင် အရေးပါနေကြ၏။

    ဘာသာတရားများဆိုင်ရာ လူ့အသိုင်းအ၀ိုင်းတို့၏ ပေါင်းကူးတံတားတစ်ခုအဖြစ် ဖွဲ့စည်းထားသော Inter-Religious Council of Kenya ကဲ့သို့ အသင်းအဖွဲ့ကြီးများက ကင်ညာလူ့အဖွဲ့အစည်း၏ ကာလရှည် သဟဇာတဖြစ်ခြင်းနှင့် စုပေါင်းနေထိုင်ခြင်းအကြောင်းကို အားသွန်ခွန်စိုက် ဆောင်ရွက်ပြောဆိုနေကြသည်။

    တစ်စထက်တစ်စ ဒုက္ခနှင့်ဒေါသ အရှိန်မြင့်လာသော လောက၀န်းကျင်တစ်ရပ်၌ အစွန်းရောက်ဝါဒအပေါ် စုစည်းညီညွတ်မှု၏စွမ်းပကားဖြင့် အောင်နိုင်ကြောင်း ယင်းအဖြစ်က ကျွန်တော်တို့အားလုံးကို သတိပေးနှိုးဆော်လိုက်ပေ၏။

    ကမ္ဘာ့မွတ်စ်လင်မ်ဦးရေ သန်းပေါင်း ၁၆၀၀ မှ အများစုတို့က အကြမ်းဖက်မှုအခြေတည် သာသနာ့အတွေးအမြင်ကို ဆန့်ကျင်လျက်ရှိကြရာ မွတ်စ်လင်မ်ခရီးသည်တို့၏ သေနတ်ပြောင်းဝရှေ့ မားမားမတ်မတ်ရပ်လျက် ရဲဝံ့စွန့်စားမှုများကြောင့် အစွန်းရောက်အုပ်စုများက ခရစ်ယာန်နှင့် မွတ်စ်လင်မ်တို့ကို ခွဲခြားမရနိုင်တော့ပေ။

    ကမ္ဘာ့လူဦးရေအများပြားဆုံး ဘာသာရေးနှစ်ရပ်၏ လူ့အဖွဲ့အစည်းများက သဟဇာတသင့်မြတ်မှုနှင့် ငြိမ်းချမ်းရေးကို တူညီစွာ ပြသကျင့်သုံးနိုင်ပါလျှင် ဘာသာရေး သို့မဟုတ် လူမျိုးရေးဆိုင်ရာ အခြားအုပ်စုကွဲများအပေါ် အောင်မြင်လွှမ်းမိုးနိုင်ပါသည်။

    မွတ်စ်လင်မ်နှင့် ခရစ်ယာန်တို့၏ အပြန်အလှန်လေးစားအသိအမှတ်ပြုမှုသည် အရှေ့အာဖရိက၌ ၇ ရာစုကတည်းက အမှန်ပင် အမြစ်တွယ်ခဲ့ပြီးဖြစ်သည်။ ထိုကာလအတွင်း ရှေးဦးမွတ်စ်လင်မ်များသည် Axum မည်သော ရှေးဟောင်းခရစ်ယာန်ဘုရင့်နယ်မြေသို့ ထွက်ပြေးလာခဲ့ပြီး ဒုက္ခသည်များအဖြစ် ခိုလှုံကာကွယ်မှု ရရှိခဲ့ကြ၏။ ယင်းဖြစ်ရပ်မှာ (ရှေးဦးမွတ်စ်လင်မ်တို့၏) ပထမဆုံး ဟိဂ်ျရဟ်(ဇာတိစွန့်ခရီး)ဟု ကျော်ကြားထင်ရှား၏။

    တောကြိုအုံကြားလမ်းဘေးတစ်နေရာမှ ငြိမ်းချမ်းမှုအခြေတည် ဤအံတုချက်လုပ်ရပ်သည် ကင်ညာတွင်သာ သီးခြားဖြစ်သော ဖြစ်အင်မဟုတ်။ ဒေသန္တရဆိုင်ရာ ခွဲခြားမှု အုံကြွလာသည်နှင့်အမျှ ၎င်းတိုင်းပြည်၏ မတူကွဲပြားသော လူမျိုးရေးနှင့် ဘာသာရေးအသိုင်းအ၀ိုင်းများအကြား သဟဇာတဖြစ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုမှာလည်း မတ်စောက်မြင့်တက်လာတတ်ပေသည်။

    ယခုနှစ်များအတွင်း နိုင်ရိုဘီ၊ ဂါရစ်ဆာနှင့် အခြားပြည်တွင်းဒေသများသည်လည်း အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုကို ခါးသည်းစွာ ခံစားခဲ့ကြရသည်။ သို့ဖြင့် လူငယ်များအကြား တစ်ယူသန်ဝါဒ မပြန့်နှံ့အောင် ကာကွယ်သည့်အနေဖြင့် ဒေသခံအမျိုးသမီးများက “နယ်စည်းမခြား ညီအစ်မများ” အသင်းကို ထူထောင်ခဲ့ကြ၏။ သူတို့သည်လည်း ကင်ညာရဲတပ်ဖွဲ့များအတွက် အကောင်းဆုံး အကူအညီပေးနိုင်ရန် ကင်ညာအမတ်များကို တွန်းအားပေးစည်းရုံးထားကြသည်။

    အဆိုပါ မန်ဒီရာအရပ်မှ သတ္တိရှိရှိစာနာမှုတရားလုပ်ရပ်ကဲ့သို့သောအရာများကို ကျွန်တော်တို့ မကြာခဏ သတိလက်လွတ်ဖြစ်ကြလေ့ရှိသည်။ ဖေဖော်ဝါရီလက နော်ဝေးတွင် ဂျူးတို့အပေါ် အစွန်းရောက်တိုက်ခိုက်မှုကို ရှုတ်ချဆန့်ကျင်သောအားဖြင့် မွတ်စ်လင်မ်ပေါင်း ၁၀၀၀ ကျော်တို့သည် ဂျူးဘုရားကျောင်းတစ်ခုအား လက်ချင်းချိတ်ဝန်းရံပေးခဲ့ကြသည်။

    လန်ဒန်မှ ခရိုင်ဒေသတစ်ခုတွင်လည်း မိမိတို့နှင့်တစ်နယ်တည်းနေ မွတ်စ်လင်မ်များအပေါ် အမုန်းတရားအခြေတည်ဒုစရိုက်မှုများမှ ကာကွယ်ပေးနိုင်ရန် ရှေးရိုးစွဲဂျူးတို့က ကင်းလှည့်စောင့်ကြပ်ရေးအဖွဲ့များကို မကြာသေးမီက ဖွဲ့စည်းခဲ့ကြ၏။

    ဆီးရီးယား၊ အီရတ်၊ အာဖဂန်နစ္စတန် စသည်တို့မှ စစ်မက်ရေးရာများကို သတင်းခေါင်းစည်းပိုင်း၌ အဆက်မပြတ် ဖော်ပြနေခြင်းက ISIS ၊ အလ်ရှဘာ့ဘ်၊ ဘိုကိုဟရာမ် ကဲ့သို့သော အစွန်းရောက်အုပ်စုတို့အပေါ် ထိုးနှက်ရာ မရောက်ဘဲ နိုင်ငံတကာမူဝါဒများနှင့်စပ်လျဉ်းသည့် လူထု၏ နက်ရှိုင်းသော တုန်လှုပ်ခံစားမှုကိုသာ ဖြစ်ပေါ်နေစေသည်။

    သို့သော် အဆိုပါသတင်းခေါင်းကြီးပိုင်းဖော်ပြချက်၏တစ်ဖက်မှ အချက်အလက်မှန်များကို တူးဆွနေသည့် လူမှုသိပ္ပံပညာရှင်များကမူ အစွန်းရောက်ဝါဒအား မည်သည့်အချက်များဖြင့် ထိရောက်စွာ ကာကွယ်နိုင်သနည်း ဟူသည်ကို လေ့လာစူးစမ်းလျက်ရှိသည်။ US Institute of Peace အသိအမှတ်ပြု ကမ္ဘာလုံးဆိုင်ရာသုတေသန ကွန်ရက်တစ်ခုဖြစ်သော RESOLVE သည် လက်တွေ့ကျကျအသုံးချနိုင်ပြီး အံဝင်ခွင်ကျဖြစ်နိုင်သည့် မည်သည့်နည်းလမ်းကိုမဆို ဖော်ထုတ်ကာ လူ့အသိုင်းအ၀ိုင်းအတွင်း အခိုင်အမာ စိုက်ထူထားအပ်သည်ဟူ၍ ရိုးရှင်းစွာ ကောက်ချက်ချထား၏။

    မန်ဒီရာအနီး ဘတ်စ်ကားခရီးသည်တို့၏ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ဤအချက်ကို ထင်ထင်ရှားရှား ဖော်ကျူးပြနေသည်။ ထိုမွတ်စ်လင်မ်ခရီးသည်တို့က မိမိတို့နှင့်တစ်မြေတည်းနေတစ်ရေတည်းသောက်သူများကို ကူညီကာကွယ်ရမည်ဟူသည့် ပင်ကိုယ်အသိစိတ်ဓာတ်တစ်ခုတည်းဖြင့် ပြုမူဆောင်ရွက်ခဲ့ကြခြင်းဖြစ်၏။

    မန်ဒီရာဇာတ်လမ်းက အထောက်အကူတစ်ရပ်အဖြစ် အစပျိုးပေးခဲ့လေသည်။ ကင်ညာအစိုးရနှင့် ကမ္ဘာ့အသိုင်းအ၀ိုင်းမှ ၎င်းသာမန်ပြည်သူများ၏ ရဲစွမ်းသတ္တိအပေါ် ဂုဏ်ပြုချီးမွှမ်းခဲ့ရသည်။

    ကင်ညာ၊ အာဖရိကနှင့် ကမ္ဘာတစ်ဝှန်းမှ ရေဒီယို၊ အင်တာနက်၊ လူမှုမီဒီယာအခင်းအကျင်းများ၌ ကင်ညာမွတ်စ်လင်မ်များအကြောင်းနှင့် မွတ်စ်လင်မ်အစစ်အမှန်များအကြောင်း တမဟုတ်ချင်း ဖုံးလွှမ်းသွားပေသည်။

    သို့ဖြစ်ရာ တစ်သွေးတစ်သားစိတ်ဓာတ်၊ ရဲစွမ်းသတ္တိ၊ စည်းလုံးညီညွတ်မှု၏ အချက်ပေးသံကား ခွဲခြားခြင်း၊ အကြမ်းဖက်မှု၊ ဖယ်ကြဉ်မှုတို့၏အသံထက် ပိုမိုကျယ်လောင်ထိရောက်ကြောင်း သိမြင်နိုင်ပေသည်။

    သို့သော် မန်ဒီရာဖြစ်အင်သည် ကြုံတောင့်ကြုံခဲ ဖြစ်စဉ်မျှသာ မဟုတ်၊ ကျွန်တော်တို့ဝန်းကျင်တစ်ခွင်ရှိ လူသားအားလုံးမှာ ကမ္ဘာ့မိသားစုဝင်များ ဖြစ်ကြောင်းကိုလည်း ချိန်ထိုးကြည့်မြင်စေပါသည်။

    ဘာသာရေးခေါင်းစဉ်အောက်မှ အယူသည်းမှုနှင့် အကြမ်းဖက်မှုကို ရုပ်လုံးဖော်နေသူတို့၏အဆိုများထက် လက်တွဲညီညာအောင်ကြောင်းဖြာဖြစ်စဉ်များက မပြတ်စတမ်း ပိုမိုကျယ်လောင်လာပါလျှင် ကျွန်ုပ်တို့အဖို့ အကြမ်းဖက်အစွန်းရောက်ဝါဒကို အောင်နိုင်ရန် (နှင့်) ကျွန်ုပ်တို့၏လူ့အစုအဝေး၌ ငြိမ်းချမ်းမှုတည်ဆောက်ရန် နောက်ထပ်အဆင့်တစ်ခုသို့ နီးကပ်တက်လှမ်းလာမည်ဖြစ်ပေသည်။

    (United States Institute of Peace မှ အစွန်းရောက်အကြမ်းဖက်ဝါဒရေးရာ အထူးအကြံပေး Beth Ellen Cole နှင့် အာဖရိကရေးရာ ပရိုဂရမ်အရာရှိ Muhammad Fraser-Rahim တို့ ပူးပေါင်းရေးသားသော Muslims in Kenya offer a Christmas present to the world ဆောင်းပါးကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။)

    Source : Al Jazeera

  • လက်စတာနည်းပြ အသင်းအတွက် ပစ်မှတ်တစ်ခု ထပ်မံသတ်မှတ်

    ဇန်န၀ါရီ ၃၊ ၂၀၁၆
    M-Media

    leis

    – ရာသီမစခင်က သတ်မှတ်ထားသည့် အမှတ်အရေအတွက်ကို ရရှိခဲ့သည့် မိမိတို့ အသင်း၏ နောက်ထပ် ပစ်မှတ်ခုမှာ ရာသီကုန်လျှင် ၇၉ မှတ် ရရှိရန်ဖြစ်သည်ဟု လက်စတာစီးတီးနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    အားထားရသည့် တိုက်စစ်မှူး ရီယဒ် မဟ်ရက်ဇ်၏ ပင်နယ်တီလွဲချော်မှုနှင့်အတူ လက်စတာမှာ ယမန်နေ့က ဘုန်းမောက်နှင့် ဂိုးမရှိသရေကျခဲ့ပြီး ပရီးမီးယားလိဂ်တွင် စုစုပေါင်း ရမှတ် ၄၀ ရရှိထားသည်။ ထိုရမှတ်မှာ လက်စတာသို့ ရာနီယေးရီ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ရရှိအောင်ယူမည်ဟု လူသိရှင်ကြား သတ်မှတ်ထားသည့် အမှတ်လည်း ဖြစ်သည်။ လက်စတာအား ပရီးမီးယားလိဂ် ထိပ်ဆုံးအထိရောက်ရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သည့် ရာနီယေးရီမှာ နောက်ထပ် ပစ်မှတ်တစ်ခုကိုလည်း သတ်မှတ်ခဲ့သည်။

    “အခုတော့ ကျွန်တော်တို့ဟာ နောက်ထပ် ရည်ရွယ်ချက်တစ်ခုကို အောင်မြင်ဖို့ လိုနေပြီး၊ တည်တည်ငြိမ်ငြိမ် ရှိဖို့ လိုပါတယ်။ ပထမရာသီဝက်မှာ ကျွန်တော်တို့ ၃၉ မှတ် ရရှိခဲ့တယ်။ ဒါ့ကြောင့် ဒုတိယ ရာသီဝက်မှာတော့ ရမှတ် ၄၀ ရရှိအောင် ကျွန်တော်တို့ လုပ်ရပါမယ်။ ဒါဟာ ခက်ခဲတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒီအမှတ်ပေးပွဲဟာ ရူးသွပ်စရာကြီးပါ။ ကျွန်တော်တို့က အန္တရာယ်ကင်းနေတာကြောင့် ကြိုးစားရပါမယ်” ဟု ရာနီယေးရီက ဘုန်းမောက်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ၆၈ နှစ်မြောက်လွတ်လပ်ရေးနေ့ ဂုဏ်ပြု (စုစည်းဖော်ပြမှု)

    ၆၈ နှစ်မြောက်လွတ်လပ်ရေးနေ့ ဂုဏ်ပြု (စုစည်းဖော်ပြမှု)

    ဇန်နဝါရီ ၃ ၊ ၂၀၁၆
    M-Media

    Independence-Monument
    ပထမဆုံးသော လွတ်လပ်ရေးနေ့ မိန့်ကြားချက်(ဝန်ကြီးချုပ် သခင်နု)
    ===========================
    ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ နိုင်ငံရေး တသင်း တဖွဲ့ တည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဗမာမူစလင်၊လူငယ်၊အမျိးသ္မီး၊ တောင်သူလယ်သမား၊ အလုပ်သမားအစည်းအရုံး-သမဂ္ဂ အစရှိတဲ့ နိုင်ငံရေး အဖွဲ့အသီးသီးဟာ၊ ကိုယ့်ဆိုင်ရာ နယ်နိမိတ် အတွင်းမှနေပြီး၊ နယ်ချဲ့စနစ်ကြီးကို၊ ဝိုင်းအုံ တိုက်ခိုက်ကြတဲ့အတွက် ရရှိလာတဲ့ လွတ်လပ်ရေးကြီးဖြစ် တာကြောင့် ယခုလွတ်လပ်ရေးဟာ- ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဗမာမူစလင်၊လူငယ်၊ အမျိးသ္မီး၊ တောင်သူလယ်သမား၊ အလုပ်သမား အစည်းအရုံး-သမဂ္ဂ အစရှိတဲ့ များမြောင်လှစွာသော အသင်းအဖွဲ့အားလုံးရဲ့ လွတ်လပ်ရေးပင်ဖြစ်တယ်။
    အပြည်အစုံဖတ်ရန် =>  http://www.m-mediagroup.com/news/22435
    .
    “ မောင်သော်က ပြောတဲ့ လွတ်လပ်ရေးနေ့ အကြောင်း”
    ==============================
    ကျွန်တော်က မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ အရေးကြီးတဲ့အခန်းက ပါဝင်ခွင့်မရခဲ့ပေမယ့် သမိုင်းမှာရစ်သီရစ်သီတော့ပါခဲ့တာချည်းပဲ။ လွတ်လပ်ရေးရတဲ့အချိန်မှာတော့ အနီးကပ်ပါခွင့်ရခဲ့တယ်။ ဘယ်လောက်နီးနီး ကပ်ကပ်ပါခဲ့လို့လဲ။ ကိုက်ငါးဆယ်လောက် နီးကပ်တဲ့နေရာကပါခဲ့တယ်။
    အပြည်အစုံဖတ်ရန် => http://www.m-mediagroup.com/news/22457

    လွတ်လပ်ရေး (၁၉၅၇ ခုနှစ် ၉ ကြိမ်မြောက်လွတ်လပ်ရေးနေ့ ကမ္ဘာအလင်းရဲ့ အာဘော် )
    =============================
    ကျွန်ုပ်တို့သည် လွတ်လပ်သော ပြည်ထောင်စုသားများဖြစ်ကြသည့် လွတ်လပ်သူများပီပီ ကျွန်ုပ်တို့သည် မည်သည့်ကိစ္စကိုမဆို စည်းမရှိ ကမ်းမရှိ လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့်ရှိသည်ဟု လွတ်လပ်ရေး၏ အဓိပ္ပါယ်ကို တွေးဆ ကောက်ယူကြမည်ဆိုပါက ဤယူဆချက်မှာ လုံးဝမှားပေလိမ့်မည်။ ဤကဲ့သို့ စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့ပြုမူချက်မျိုးကို အစ္စလာမ်ကလည်း လုံးဝခွင့်မပြုချေ။ လွတ်လပ်ရေးဟူသည် အလွန်ကျယ်ပြန့်၍ လွတ်လပ်သော တိုင်းသူပြည်သားတို့တွင် ရှိအပ်သော အရည်အချင်းများကား ထူးကဲမြင့်မြတ်ရပေမည်။ လွတ်လပ်ရေးတွင် အခွင့်အရေးများရှိသကဲ့သို့ တာဝန်ဝတ္တရားများလည်း ရှိနေသည်ကို ကျွန်ုပ်တို့ သတိပြုရပေမည်။
    .
    အပြည်အစုံဖတ်ရန် =>  http://www.m-mediagroup.com/news/9603

    လွတ်လပ်ရေး ခေတ်ဦးကာလ မြန်မာ မွတ်စလင်မ်တို့၏ လွတ်လပ်ရေးနေ့ အပေါ်အမြင်
    ===========================
    သို့သော် … သို့သော် “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ အခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြေ”
    .
    ယင်းသည့် အပိုဒ်များကိုလည်း ကျွန်ုပ်ဗမာမွတ်စလင်သည် လှိုက်လှိုက်လှဲလှဲ သီဆိုခဲ့ပြီ သီဆိုနေပေလိမ့်ဦးမည်။ သို့ သီဆိုခဲ့သလိုပင် ယင်းသည့် အခွင့်အရေးများကိုလည်း လှိုက်လှိုက်လှဲလှဲ ခံစားရပေမည်။
    .
    အပြည်အစုံဖတ်ရန် =>  http://www.m-mediagroup.com/news/9617

    (ယခင်ဆောင်းပါးဟောင်းများ စုစည်းမှု)

  • အမြင်အာရုံချို့တဲ့သည့် ဆ်ာဒီအမျိုးသမီး၏ ပန်းချီလက်ရာများ လူကြိုက်များ

    အမြင်အာရုံချို့တဲ့သည့် ဆ်ာဒီအမျိုးသမီး၏ ပန်းချီလက်ရာများ လူကြိုက်များ

    ဇန်န၀ါရီ ၃၊ ၂၀၁၆
    M-Media

    blind saudi

    – အမြင်အာရုံ ချို့ယွင်းနေသည့် ဆော်ဒီအမျိုးသမီးတစ်ဦးမှာ ၎င်း၏ လက်ရာမြောက် ပန်းချီကားများကို ကျင်းပြသခဲ့ပြီး ပန်းချီပြပွဲသို့ တက်ရောက်လာသည့် လူအများအား ရင်သပ်ရှူမောသွားစေခဲ့ကာ ပန်းချီကားတစ်ချပ်မှာ ဆော်ဒီရီယဲလ် ၈၀၀၀ ခန့်ပင် ရရှိခဲ့သည်။

    နူရာ အလ်-မဂ်ျရာရှီဆိုသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ရီယာ့ဒ် ကွန်ဗန်းရှင်းစင်တာတွင် Muntijoon 3 အမည်ဖြင့် ပြုလုပ်သည့် ပန်းချီပြပွဲတွင် ၎င်း၏ ပန်းချီလက်ရာများကို ခင်းကျင်းပြသခဲ့ခြင်းဖြစ်သည်။ သူမမှာ တိုတောင်းသော အချိန်ကာလအတွင်း ပန်းချီကား ၃၀၀ ကျော်ကို ရေးဆွဲပြီးခဲ့သည်အထိ အောင်မြင်ခဲ့သည်။

    အလ်-မဂ်ျရာရှီသည် သူမ၏ပြပွဲကို “အဖြူရောင်ဖန်သား” ဟု ခေါင်းစဉ်တပ်ထားပြီး မခင်နှင့် မိသားစုဝင်များ၏ တိုက်တွန်းအားပေးမှုကြောင့် အသက် ၉ နှစ်အရွယ်မှစ၍ ပန်းချီကားများရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သူမမှာ သဘာဝရှုခင်းများကို ရေးဆွဲခြင်းကို နှစ်သက်ပြီး ရေးဆွဲနိုင်ရန် အထူးပြုလုပ်ထားသော ကိရိယာများကို အသုံးပြုရသည်။

    သူမမှာ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည့် အချစ်ဆုံးသူငယ်ချင်းတစ်ဦးအား ဂုဏ်ပြုသည့်အနေဖြင့် မကြာသေးမီက ပန်းချီကားတစ်ချပ်ကို အထူးရေးဆွဲခဲ့သည်။

    အလ်မဂ်ျရာရှီက သူမ၏ အရည်အချင်းများကို ထုတ်ဖော်ပြသခွင့်ရမည့် သင့်တော်သော နေရာတစ်ခုကို တွေ့ခဲ့သည့်အတွက် ပြပွဲတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။ အချို့ကလည်း ၎င်းတို့အတွက် ထူးခြားသည့်ပန်းချီကားများ ထပ်မံရေးဆွဲစေလိုကြောင်း သူမအား တောင်းဆိုခဲ့ကြသည်။

    Muntijoon 3 မှာ ရီယာဒ်စီးပွားကူးသန်းဌာနမှကြီးမှူး၍ နှစ်စဉ်ကျင်းပလေ့ရှိသော ပြပွဲတစ်ခုဖြစ်ပြီး ဆော်ဒီအမျိုးသမီးများ၏ အရည်အသွေးများ ထုတ်ဖော်ပြသရန်အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ကာ ၎င်းတို့၏လက်ရာပစ္စည်းများကိုလည်း ရောင်းချနိုင်ရန် အကူအညီပေးသည့်အတွက် ထင်ရှားကျော်ကြားသည်။

    Ref: Arabnews

  • မြန်မာ့ဆက်သွယ်ရေးကဏ္ဍနှင့် အနာဂတ်အလားအလာ

    မြန်မာ့ဆက်သွယ်ရေးကဏ္ဍနှင့် အနာဂတ်အလားအလာ

    ဇန်န၀ါရီ ၃၊ ၂၀၁၆
    M-Media

    myanmar

    – မြန်မာနိုင်ငံ၏ တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍမှာ တယ်လီနောနှင့် အော်ရီဒူးတို့ကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီများဖြင့် ဖွံ့ဖြိုးတိုးတက်မှု အစဦးပိုင်းအခြေအနေတွင် ရှိနေသည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် လုပ်ပိုင်ခွင့်လိုင်စင် ရရှိခဲ့သည့် အဆိုပါ ကုမ္ပဏီများ၏ လုပ်ငန်းလုပ်ကိုင်မှုမှာ ၁၈ လပင် ရှိခဲ့ပြီဖြစ်သည်။

    ၎င်းတို့မရှိခင်က မြန်မာ့စာတိုက်နှင့် ဆက်သွယ်ရေး MPT က နိုင်ငံတွင် တစ်ခုတည်းသော တယ်လီဖုန်း အော်ပရေတာဖြစ်ပြီး တယ်လီဖုန်းဈေးကွက်အား အကျိုးအမြတ်ရှာဖွေသည့် အရာအဖြစ် အသုံးချခဲ့လေသည်။၂၀၀၆ ခုနှစ်တွင် MPT ဆင်းမ်ကဒ်တစ်ကဒ်၏ မှောင်ခိုဈေးမှာ သိန်း ၄၀ အထိ ရှိခဲ့သည်။

    နိုင်ငံခြား အော်ပရေတာနှစ်ခု ၀င်ရောက်လာသည့် အချိန်မှ ဆင်းမ်ကဒ်ဈေနှုန်းမှာ လူတိုင်းတတ်နိုင်သည့် ၁၅၀၀ ကျပ်သို့ ကျဆင်းသွားခဲ့လေသည်။

    ထိုအချိန်မှစ၍ အခြေအနေအရပ်ရပ်မှာ တစ်ဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပြီး မြန်မာနိုင်ငံ၏ တယ်လီဖုန်း ပြန့်နှံ့မှု ရာခိုင်နှုန်းမှာလည်း ၂၀၁၃ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းရှိရာမှ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ၅၁ သန်းရှိသော လူဦး ရေ၏ ၆၀ ရာခိုင်နှုန်းမှာ တယ်လီဖုန်းကို အသုံးပြုနိုင်နေပြီဖြစ်သည်ဟု ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

    ယခုအချိန်တွင်တော့ စတုတ္ထမြောက် အော်ပရေတာတစ်ခုမှာ ၀င်ရောက်ရန် တာဆူနေပြီး ၂၀၁၆ ခုနှစ် နှစ်အလယ်ပိုင်းတွင် လုပ်ပိုင်ခွင့်ရရှိသည့် ကုမ္ပဏီကို ကြေငြာသွားမည်ဖြစ်သည်။

    ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် ဆက်သွယ်ရေး၊ သတင်းအချကအလက်နှင့် နည်းပညာ ၀န်ကြီးဌာနက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံအတွင်း စတုတ္ထမြောက် တယ်လီဖုန်းအော်ပရေတာအဖြစ် လုပ်ကိုင်ရန်အတွင် တင်ဒါခေါ်ယူခဲ့သည်။

    ယခင်တင်ဒါခေါ်ယူမှုနှင့် မတူညီသည့် အချက်တစ်ခုက လုပ်ပိုင်ခွင့်ရရှိသည့် ကုမ္ပဏီမှာ ပြည်တွင်းမှ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၊ နိုင်ငံခြား ကုမ္ပဏီတစ်ခုတို့နှင့် ပူးတွဲလုပ်ကိုင်ရမည်ဖြစ်သည်။

    “စတုတ္ထမြောက် အော်ပရေတာဟာ အနာဂတ်မှာ အောင်မြင်ကောင်းအောင်မြင်နိုင်ပေမယ့် စစချင်းတော့ ဇီးရိုးက စရမှာပါ။ အခြားသော ကုမ္ပဏီတွေနဲ့ယှဉ်ပြိုင်ဖို့အတွက် ဈေးကွက်အလွတ်တွေကို မြန်နိုင်သမျှမြန်အောင် ရှာဖို့လိုပါတယ်” ဟု ဥပဒေရေးရာနှင့် အကြံပေးလုပ်ငန်းဖြစ်သော Polastri Wint & Partners မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် အလက်စီယို ပိုလာစထရီက ပြောကြားခဲ့သည်။

    အခြေခံအဆောက်အဦး စိန်ခေါ်မှု

    သို့သော်လည်း နောက်ဆုံး ရောက်ရှိလာမည့် အော်ပရေတာအသစ်မှာ လွန်ခဲ့သည့် တစ်နှစ်ခွဲအရင်က ၎င်း၏ အရင် ရောက်ရှိလာခဲ့သူများ ကြုံတွေခဲ့ရသည့် အခြေခံအဆောက်အဦး ပြဿနာဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။

    ၎င်းက ထိုပြဿနာနှင့် ရင်ဆိုင်နေရချိန်တွင် ရှိပြီးသား အော်ပရေတာများကတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် တာဝါတိုင်များတည်ဆောက်ကာ ဝေးလံခေါင်ဖျားသော ဒေသများတွင် ကွန်ယက်များဖြန့်ကျက်နိုင်ရန် ကြိုးစားနေသည့်အတွက်ကြောင့် အော်ပရေတာအသစ်အနေဖြင့် အဆိုပါ တာဝါတိုင်များကို မျှဝေသုံးစွဲရန်အတွက် ချဉ်းကပ်မှုတစ်မျိုး ပြုလုပ်ရမည့် အခြေအနေ ရှိနေလေသည်။

    တယ်လီနောကမူ ၂၀၁၅ ခုနှစ် စက်တင်ဘာ လအထိ တာဝါတိုင်ပေါင်း ၂၈၀၀ ခန့်ကို စိုက်ထူပြီးဖြစ်ပြီး အသုံးပြုသူ ပေါင်း ၁၂ သန်းကို ၀န်ဆာင်မှုပေးနိုင်နေပြီဖြစ်သည်။ ၂၀၁၅ ခု နှစ်ကုန်ပိုင်းတွင်တော့ တာဝါတိုင် ၄၀၀၀ ခန့်ကို စိုက်ထူနိုင်ရန် တယ်လီနောက ရည်ရွယ်ထားလေသည်။

    လူဦးရေများပြားသည့် မြို့ပြဒေသများတွင် မိုဘိုင်းဖုန်းအသုံးပြုမှု အဆင်ပြေစေရန်အတွက် ကွန်ယက်ငယ်များဖြင့် ဖြေရှင်းမှုကိုလည်း တယ်လီနောက ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တစ်ဝှမ်းတွင် ကွန်ယက်ငယ် ၂၀ ကျော်ကို ဖန်တီးပေးခဲ့သည်ဟု တယ်လီနောမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အရေးပါသော ကျွမ်းကျင်မှု

    ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှာ အသုံးပြုသူများကို စွဲဆောင်နိုင်ရန်အတွက် အော်ပရေတာများ တစ်ခုနှင့်တစ်ခု အကောင်းဆုံးဝန်ဆောင်မှုကို တတ်နိုင်သလောက် ပေးနိုင်ရန် ပြိုင်ဆိုင်ကြသည့် နှစ်တစ်နှစ် ဖြစ်ခဲ့လေသည်။ ပြည်သူများ၏ သုံးစွဲမှုအရေအတွက်တွင် MPT က ၁၆ သန်း၊ တယ်လီနောက ၁၁ သန်းနှင့် အော်ရီဒူးက ၅ သန်း ရှိခဲ့လေသည်။

    အဆိုပါ ဆက်သွယ်ရေးကဏ္ဍတွင် ၀န်ဆောင်မှုပိုမိုပေးနိုင်ခြင်းက အော်ပရေတာများအနေဖြင့် ဈေးကွက်ဝေစုကို ပိုမိုရရှိနိုင်ပြီး ထိန်းသိမ်းထားနိုင်မည်လည်းဖြစ်သည်။

    ပိုလာစထရီ၏ အဆိုအရ တယ်လီနောမှာ အကောင်းအဆုံးအော်ပရေတာဖြစ်နေသည်ဟု ဆိုသည်။

    “၂၀၁၂ ခုနှစ်ကစလို့ ဆက်သွယ်ရေးနဲ့ ရင်းနှီးတဲ့ လူတော်တော်တော်များများက တယ်လီနောဟာ မြန်မာပြည်မှာ အကောင်းဆုံး အော်ပရေတာလို့ ပြောကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဈေးကွက်အတွင်းမှာ ကျွမ်းကျင်သူတွေ အမြောက်အများ ခန့်အပ်ထားတဲ့အတွက်ကြောင့်ပါ။ ထိုင်းနဲ့ ပါကစ္စတန်မှာ လုပ်ဖူးတာကြောင့် ပြည်သူတွေရဲ့လိုအပ်ချက်နဲ့ ဖြေရှင်းပေးမှုတွေကို သူတို့က နားလည်ပါတယ်” ဟု ပိုလာစထရီက ပြောကြားခဲ့သည်။

    သို့သော်လည်း MPT က အခြားသာအော်ပရေတာများထက် တစ်ပန်းသာနေသည်ကို သူကလည်း လက်ခံသဘောတူခဲ့သည်။ တယ်လီနောနှင့် အော်ရီဒူးတို့ထက် ပိုမိုရှည်ကြာစွာ ရှိနေခဲ့ပြီး ပြည်သူများ၏ သဘောသဘာဝနှင့် လိုအပ်ချက်တို့ကို ပိုပြီး ရင်းနှီးပြီးသားဖြစ်ကြောင့် ဈေးကွက်တွင် ပိုမိုအသာရနေလေသည်။

    အင်တာနက်နှင့်ဆက်စပ်သည့် အခြားသော စီးပွားရေးများ

    အင်တာနက်နှင့် ဆက်စပ်သည့် အခြေခံအဆောက်အဦးများ အားနည်းခြင်းက နိုင်ငံအတွင်း အီလက်ထရောနစ် ကုန်သွယ်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံခြင်း အလားအလာအတွက် ကန့်သတ်ချက် ဖြစ်နေသည်။ ပိုလာစထရီက “မြို့ကြီးတွေထက် မြန်မာနိုင်ငံက အခြားသော အစိတ်အပိုင်းတွေမှာ အင်တာနက်ဟာ အခုအချိန်အထိ သုံးလို့မရသေးပါဘူး။ လူတွေက 3G ကွန်ယက်တော့ ရရှိပေမယ့် ဖိုက်ဘာကွန်နက်ရှင် မရသေးပါဘူး” ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း အင်တာနက်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာမည်ဟု ၎င်းက ယုံကြည်နေလေသည်။

    “အင်တာနက်နဲ့ ဖုန်းခေါ်တာ၊ အိမ်ခြံမြေ၀ဘ်ဆိုက်တွေလို အထွေထွေဝန်ဆောင်မှု အက်ပလီကေးရှင်းတွေဟာ အနာဂတ်မှာ ပိုလူကြိုက်များလာပြီး အခြားတိုင်းပြည်တွေလိုပဲ ဖြစ်လာမှာပါ”

    ထိုကဲ့သို့ အင်တာနက်အချိုးအကွေ့တွင် မတူညီသော ပုံစံမျိုးဖြင့် အွန်လိုင်းလောကထဲသို့ ၀င်လာခဲ့သော ဈေးကွက်များအတွက် အကျိုးရှိလာမည်ဖြစ်သည်။ ၎င်းတို့ထဲမှ အချို့မှာ work.com.mm၊ shop.com.mm နှင့် jovago.com တို့ ဖြစ်လေသည်။

    ထို့ပြင် အင်တာနက်ဖွံ့ဖြိုးလာခြင်းနှင့်အတူ တစ်ဖြည်းဖြည်းဖြင့် လူကြိုက်များလာသည့် carsDB နှင့် iMyamarHouse တို့လည်း ရှိနေလေသည်။

    ဟိုတယ်များကို အွန်လိုင်းမှ ဘိုကင်လုပ်နိုင်သည့် ၀ဘ်ဆိုက်ဖြစ်သော Jovago မှ စီအီးအိုဖြစ်သူ ပေါလ် မစ်ဒီက မြန်မာပြည်သူများမှာ ပို၍ပို၍ အင်တာနက် သုံးလာခြင်းကြောင့် နိုင်ငံ၏ အင်တာနက်ကဏ္ဍများ တိုးတက်နေဦးမည်ဟု မှတ်ချက်ပြုခဲ့လေသည်။

    “အခုအချိန်မှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ စည်းကမ်းသတ်မှတ်ဖို့ ကျန်ရစ်နေတဲ့ အချို့သော ကဏ္ဍတွေကို အစိုးရက လျော်ညီတဲ့ ပေါ်လစီတွေ ချမှတ်အကောင်အထည်ဖော်ဖို့ စတင်ဆောင်ရွက်နေပါတယ်” ဟု ပိုလာစထရီက ထည့်သွင်းပြောကြားခဲ့သည်။

    မိုဘိုင်းအသုံပြု၍ ဈေးဝယ်နိုင်၊ ငွေပေးချေနိုင်မှုကဲ့သို့ စနစ်မျိုးအတွက် စည်းမျဉ်းစည်းကမ်းများကို ပြည်သူများကလည်း စိတ်ဝင်တစ်စား စောင့်ကြည့်နေကြလေသည်။

    “ဥပဒေ အပြည့်အ၀ထွက်လာဖို့အတွက် ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေက တာဆူနေကြတဲ့ အဲဒီလုပ်ငန်းတွေဟာ တရားဝင်ဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။ တကယ်လို့ ဥပဒေက အားနည်းမယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေကလည်း ယုံကြည်မှုရှိမှာ မဟုတ်ပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့လေသည်။

    Ref: Dealstreetasia