News @ M-Media

Blog

  • အကြမ်းဖက်ဝါဒ အဆုံးသတ်ရေးအတွက် တမန်တော်မုဟမ္မဒ်၏ လမ်းစဉ်ကို ကျင့်သုံးရမည်ဟု ဘုန်းတော်ကြီး ဒလိုင်းလားမားပြော

    အကြမ်းဖက်ဝါဒ အဆုံးသတ်ရေးအတွက် တမန်တော်မုဟမ္မဒ်၏ လမ်းစဉ်ကို ကျင့်သုံးရမည်ဟု ဘုန်းတော်ကြီး ဒလိုင်းလားမားပြော

    ဇန်န၀ါရီ ၄၊ ၂၀၁၆
    M-Media

    dllm

    – အကြမ်းဖက်ဝါဒအား အဆုံးသတ်ရန်အတွက် မိမိတို့မှာ တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ၏ လမ်းစဉ်ကို ဖ၀ါးခြေထပ် လိုက်နာရမည်ဟု နိုဘယ်ဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောကြားလိုက်သည်။

    အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း မိုင်ဆိုးရ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့သည့် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ တွေ့ဆုံပွဲတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မုဟမ္မဒ်သခင်၏ လူသားများအပေါ် စွမ်းဆောင်ပေး ခဲ့မှုများကိုလည်း ဘုန်းတော်ကြီးက ချီးကျူးပြောဆိုခဲ့သည်။

    “တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းသာယာမှုသက်ရောက်ပါစေ) ရဲ့ ဘ၀အသက်တာဟာ လူသားထုတစ်ရပ်လုံးအတွက် အကောင်းဆုံး စံနမူနာပါပဲ။ ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့၊ အကြမ်းဖက်ဝါဒနဲ့ အာဏာရှင်စနစ်ကို ကမ္ဘာကြီးကနေ အဆုံးသတ်ဖို့ ကျွန်တော်တို့ဟာ မုဟမ္မဒ်သခင် ပြသခဲ့တဲ့ လမ်းစဉ်အတိုင်း ဖ၀ါးခြေထပ် လိုက်သင့်ပါတယ်။ တမန်တော် မုဟမ္မဒ်ဟာ ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာ၊ တရားမျှတမှုနဲ့ ဘာသာရေး သည်းခံမှု စတာတွေရဲ့ သတင်းစကားဖြစ်ပြီး လူသားထုတစ်ရပ်လုံးအတွက် အမြဲတမ်း မီးရှူးတန်ဆောင် ဖြစ်နေမှာပါပဲ” ဟု ဘုန်းတော်ကြီး ဒလိုင်းလားမားက မိန့်ကြားခဲ့သည်။

    အဆိုပါ ဗုဒ္ဓဘာသာဝင်များ တွေ့ဆုံပွဲတွင် ကမ္ဘာတစ်ဝှမ်းမှ ဗုဒ္ဓဘာသာဝင် ထောင်ပေါင်းများစွာ တက်ရောက်ခဲ့သည်။ ဒလိုင်းလားမားကို ဒေသတွင်းမှ ခရိုင်အုပ်ချုပ်ရေးမှူး မူရှ်တက် အဟ်မဒ်က ကုန်အာန်ကျမ်းတော်မြတ်အင်္ဂလိပ် ဘာသာပြန်တစ်အုပ်ကို လက်ဆောင်ပေးခဲ့သည်။

    ဒလိုင်းလားမားကမူ ကုရ်အာန်ကျမ်းတော်မြတ်မှာ လူသားထုအား လမ်းပြရန်နှင့် သာယာဝပြောရေးအတွက် ဘုရားသခင်ထံမှချပေးသည့် တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Siasat

  • အိန္ဒိလေတပ်စခန်း တိုက်ခိုက်ခံရမှု ၃ ရက်မြောက်ပြီ

    အိန္ဒိလေတပ်စခန်း တိုက်ခိုက်ခံရမှု ၃ ရက်မြောက်ပြီ

    ဇန်န၀ါရီ ၄၊ ၂၀၁၅
    M-Media

    india

    – ပါကစ္စတန်နယ်စပ်ရှိ အိန္ဒိ လေတပ်စခန်းကို သေနတ်သမားများက စီးနင်းတိုက်ခိုက်မှုမှာ ယနေ့တွင် တတိယမြောက်နေ့ ရှိလာပြီဖြစ်သည်။

    အိန္ဒိယာအာဏာပိုင်များကမူ ပါသန်ကော့ လေတပ်စခန်းတွင် ကျန်ရှိနေသည့် သေနတ်သမားကို သတ်ဖြတ်သုတ်သင်သွားမည်ဟု အခိုင်အမာ ပြောကြားခဲ့ပြီး အနည်းဆုံး သေနတ်သမား တစ်ဦးမှာ စခန်းထဲတွင် ရှိနေသည်ဟု ဆိုသည်။ အဆိုပါ စီးနင်းတိုက်ခိုက်မှုကြောင့် စစ်သား ၇ ယောက်နှင့် သေနတ်သမား ၆ ယောက် သေဆုံးခဲ့ပြီးဖြစ်သည်။

    ယမန်နေ့ကမူ ပြည်ထဲရေးဝန်ကြီး ရာဂျစ်ဗ် မဟ်ရီရှိက နောက်ဆုံးသေနတ်သမားများကို သုတ်သင်နိုင်ရန် နီးစပ်နေပြီး မကြာမီ တည်ငြိမ်သွားမည်ဟု ပြောကြားခဲ့သည်။ တိုက်ခိုက်ရေးသမားအချို့မှာ တိုက်ခိုက်မှုမပြုလုပ်ခင် ဘန်ကာများ၊ လေတပ်စခန်းအား ၀န်းရံထားသည့် တောအုပ်ထဲတွင် ပုန်းအောင်နေဖွယ်ရှိသည်ဟု သတင်းများက ဖော်ပြကြသည်။

    ပါသန်ကော့ လေတပ်စခန်းအား သေနတ်သမားများက စနေနေ့ အာရုဏ်မတက်မီအချိန်တွင် စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • ယနေ့မနက်ငလျင်ကြောင့် သေဆုံးသူ ၉ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀၀ နီးပါးရှိ

    ယနေ့မနက်ငလျင်ကြောင့် သေဆုံးသူ ၉ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀၀ နီးပါးရှိ

    ဇန်န၀ါရီ ၄၊ ၂၀၁၆
    M-Media

    – ဒီဇင်ဘာ ၄ ရက်နေ့ အာရုဏ်တက်ချိန်က အရှေ့တောင်အာရှတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အနည်းဆုံး သေဆုံးသူ ၉ ဦးရှိခဲ့ပြီး ဒဏ်ရာရသူမျာ ၂၀၀ နီးပါး ရှိသည်ဟု သိရသည်။

    ပြင်အား ၆.၈ မဂ္ဂနီကျုရှိသည့် အဆိုပါငလျင်မှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် မြန်မာနိုင်ငံတို့ပါ ငလျင်ဒဏ်ကို ခံစားခဲ့ရသည်။

    မဏိပူရပြည်နယ်မြို့တော် အင်မ်ဖာလ်တွင်မူ ခေါင်မိုးများ၊ လှေကားများ ပြိုကျပျက်ဆီးမှု ဖြစ်ပွားခဲ့ပြီး မြို့အတွင်း သေဆုံးသူမျာ ၆ ဦးရှိကာ စိုးရိမ်ရသည့် အခြေအနေရှိသူ ၃၃ ဦးအပါအ၀င် ဒဏ်ရာရရှိသူ ၁၀၀ ခန့်ရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ထို့ပြင် အပျက်အဆီးများအောက်တွင် ပိတ်မိနေသည်ဟု ယုံကြည်ရသောသူများကို ကယ်ဆယ်ရေးသမားများက လိုက်လံရှာဖွေလျက် ရှိနေပြီး အရေအတွက်အတိအကျကို သိရှိရခြင်း မရှိသေးပေ။ ပြည်သူများမှာ နေအိမ်များကို စွန့်ခွာထွက်ပြေးသူများလည်း ရှိခဲ့ပြီး ဓာတ်အားလိုင်းများနှင့် ဖုန်းလိုင်းများလည်း ပြတ်တောက်လျက်ရှိနေသည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မူ အဆိုပါငလျင်ကြောင့် သေဆုံးသူ ၃ ဦးရှိခဲ့ပြီး သေဆုံးသူများမှာ နှလုံးရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူအရေအတွက်မှာ အနည်းဆုံး ၉၀ ခန့်ရှိသည်ဟု ဆိုသည်။

    နေပြည်တော်ရှိ မိုးလေ၀သဌာနကမူ မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူမရှိဟု ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ဆေးလိပ်သောက်ခြင်းက ဆေးယဉ်မှုကို ပိုမိုဖြစ်စေနိုင်

    ဆေးလိပ်သောက်ခြင်းက ဆေးယဉ်မှုကို ပိုမိုဖြစ်စေနိုင်

    ဇန်န၀ါရီ ၃၊ ၂၀၁၆
    M-Media

    smoke

    – ဆရာဝန်များမှာ ဆေးလိပ်သောက်သုံးသူများကို အခြားသူများထက်ပို၍ ပဋိဇီဝ ဆေးဝါးများကို ပေးရလေ့ရှိပြီး ဆေးလိပ်သောက်သုံးမှုမှာ ဆေးမတိုးသည့်အခြေအနေကို ပိုမိုဖြစ်စေသည်ဟု အမေရိကန်ရှိ လေ့လာမှုတစ်ရပ်အရ သိရသည်။

    ဆေးလိပ်သောက်တတ်သူများသည် ကူးစက်ရောဂါများရှိသောအခါ ဆေးလိပ်မသောက်တတ်သူများထက် ၂၀ ရာခိုင်နှုန်းခန့်မှ ၃၀ ရာခိုင်နှုန်းပို၍ ဆေးစားရလေ့ရှိကြောင်း လေ့လာမှုများမှ တွေ့ရှိရမှုကို အမေရိကန်ဂျာနယ်တစ်စောင်ဖြစ်သော Preventive Medicine တွင် ရေးသားဖော်ပြခဲ့သည်။

    “ဆေးလိပ်သောက်တတ်တဲ့သူတွေကို တခြားလူတွေထက် ဆေး ၂၀ ရာခိုင်နှုန်း ကနေ ၃၀ ရာခိုင်နှုန်းကျော်လောက်အထိ ပိုပေးရလေ့ရှိပါတယ်၊ အဲ့ဒီလိုမှ မပေးရင် လူ့အဖွဲ့အစည်းထဲမှာ ပဋိဇီဝဆေးယဉ်မှုတွေ ဖြစ်လာပြီး ဘက်တီးရီးယားတွေကလည်း ပိုပိုပြီး ဒဏ်ခံလာနိုင်ကြပါတယ်” ဟု နယူးဂျာစီပြည်နယ် နယူးဘရွန်ဆွစ်ခ်ရှိ Rutgers Robert Wood Johnson ဆေးတက္ကသိုလ်မှ ဒေါက်တာ မိုက်ကယ်စတိန်းဘတ်က ပြောကြားခဲ့သည်။

    ပဋိဇီဝဆေးများအား မလျော်မကန်သုံးစွဲခြင်းမှာ ဘက်တီးရီးယားများကို ဒဏ်ခံနိုင်အောင် လေ့ကျင့်ပေးခြင်းနှင့်တူပြီး အချိန်ကြာလာသည့်အခါ ဆေးမတိုးမှုများ ဖြစ်လာစေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က နိုဝင်ဘာလအတွင်း ထုတ်ပြန်မှုတွင် ပဋိဇီဝဆေး ယဉ်ပါးမှုကို ‘ကမ္ဘာ့ကျန်းမာရေးဆိုင်ရာအကြပ်အတည်း’ ဟု ဖော်ပြခဲ့သည်။

    ယခင် သုတေသနပြုချက်များအရ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများသည် ပဋိဇီဝဆေး အကျိုးမသက်ရောက်နိုင်သော ဗိုင်းရပ်စ်များကြောင့် ဖြစ်ပေါ်ရသည်ဟု သက်သေပြထားပြီး ဖြစ်သည်။ ဘက်တီးရီးယားကြောင့်ဖြစ်သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများသည်ပင် ပြန်လည်ကောင်းမွန်ရန်အတွက် ပဋိဇီဝဆေးများနှင့် မလုံလောက်သည်ကို တွေ့ခဲ့ရသည်။

    “ဘက်တီးရီးယား ကူးစက်ခံရတဲ့ ဆေးလိပ်သောက်သူရော မသောက်သူကိုပါ ပဋိဇီဝဆေးတွေကို ညီညီမျှမျှပေးသင့်တယ်လို့ ခင်ဗျားတို့ ထင်ကောင်းထင်ပါလိမ့်မယ်” ဟု စတိန်းဘာ့ဂ်က ပြောသည်။

    ဆေးလိပ်မသောသူများနှင့် နှိုင်းယှဉ်လျှင် ဆေးလိပ်သောက်သူများကို ပဋိဇီဝဆေးဝါးများ ၂၀ ရာခိုင်နှုန်းခန့် ပိုမိုပေးရလေ့ရှိပြီး အသက်ရှုလမ်ကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားနေသော ဆေးလိပ်သောက်သုံးသူများကိုမူ ၃၁ ရာခိုင်နှုန်းအထိ ပိုပေးရလေ့ရှိကြောင်း ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ပြုလုပ်ခဲ့သော လေ့လာမှုများအရ သိရသည်။

    သို့သော်လည်း ဆေးလိပ်သောက်တတ်သူများကို ကူးစက်ရောဂါများအတွက် အဘယ့်ကြောင့် ပဋိဇီဝဆေးများ ပိုပေးရကြောင်း ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိပေ။ စတိန်းဘာ့ဂ်ကမူ ဤကိစ္စသည် ဆရာဝန်များအနေဖြင့် ဆေးလိပ်သောက်သူများသည် ကူးစက်ရောဂါများ ပိုမိုဖြန့်ဝေနိုင်သည်ဟု မရေမရာယုံကြည်နေသောကြောင့် ဖြစ်နိုင်သည်ဟု ဆိုသည်။

    ထို့ပြင် ဆေးလိပ်သောက်သူများကို ဆေးလိပ်ဖြတ်ရန် ကူညီအားပေးခြင်းမှာ ဆေးယဉ်မှုကို လျော့ချနိုင်ရုံသာမက ပတ်ဝန်းကျင်တစ်ခုလုံးအတွက် အကျိုးဖြစ်ထွန်းစေမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Reuters

  • Ballon d’Or ဆု နောက်ဆုံးစာရင်းတွင် ဘာတိုက်စစ်အတွဲ ဖြစ်သင့်သည်ဟု ဘိုင်ယန်ကွင်းလယ်လူပြော

    Ballon d’Or ဆု နောက်ဆုံးစာရင်းတွင် ဘာတိုက်စစ်အတွဲ ဖြစ်သင့်သည်ဟု ဘိုင်ယန်ကွင်းလယ်လူပြော

    ဇန်န၀ါရီ ၄၊ ၂၀၁၆
    M-Media

    thiago

    – ၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or အတွက် နောက်ဆုံး ဇကာတင် ၃ ယောက်စာရင်းတွင် မက်ဆီ၊ နေးမာနှင့် ဆွာရက်ဇ်တို့ ၃ ဦးစလုံး ပါဝင်သင့်သည်ဟု ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား သီယာဂို အလ်ကန်တာရာက ပြောကြားလိုက်သည်။

    မက်ဆီနှင့် နေးမာမှာ လက်ရှိ နောက်ဆုံး ၃ ဦးစာရင်းတွင် ရီးယဲလ်မှ ရော်နယ်ဒိုနှင့်အတူ ပါဝင်နေသော်လည်း ဆွာရက်ဇ်မှာမူ ပါဝင်နိုင်ခြင်းမရှိချေ။ ဆွာရက်ဇ်မှာ ၂၀၁၅ ခုနှစ်ကို လာလီဂါ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် အဆုံးသတ်ခဲ့ပြီး မက်ဆီနှင့် နေးမာနှင့် ဆွာရက်ဇ်တို့ ၃ ဦး၏ စုစုပေါင်း သွင်းဂိုးမှာလည်း စံချိန်များကို ချိုးဖျက်နိုင်ခဲ့သည်။ ဘာကာကစားသမားဟောင်းဖြစ်သည့် အလ်ကန်တာရာကမူ ၎င်းတို့ သုံးဦးစလုံးကို ချီးကျူးခဲ့သည်။

    “အခုအချိန်မှာ သူတို့ ၃ ယောက်စလုံးဟာ Ballon d’Or မှာ ပါဝင်ဖို့ ထိုက်တန်ပါတယ်။ သူတို့ဟာ ပြိုင်ဘက်ကင်းတဲ့ တိုက်စစ်မှူး ၃ ဦးဖြစ်ပြီး ဇာဗီ-မက်ဆီ-အင်နီယေစတာအတွဲ၊ မက်ဆီ-အီတူး-ဟင်နရီ အတွဲတို့လိုပါပဲ။ သူတို့ ၃ ယောက်ဟာ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ်အတွဲ ဖြစ်လာမယ့် လမ်းကြောင်းပေါ် ရောက်ရှိနေပါပြီ” ဟု သီယာဂိုက ပြောကြားခဲ့သည်။

    Ref: Goal