News @ M-Media

Blog

  • မြန်မာနိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်းက ဘာ့ကြောင့် မရဏတံခါးဝ ဖြစ်နေတာလဲ

    မြန်မာနိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်းက ဘာ့ကြောင့် မရဏတံခါးဝ ဖြစ်နေတာလဲ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    hpa kant
    ဖားကန့်ရှိ ကျောက်စိမ်းတူးဖော်မှုမှ မြင်ကွင်းတစ်ခု

    – ဘ၀ကံကြမ္မာကို ပြောင်းလဲနိုင်မည့် ကျောက်စိမ်းတုံးလေးများ တွေ့လိုတွေ့ညား ရှာဖွေရင်းဖြင့် မြန်မာနိုင်ငံမှ ပြည်သူများမှာ အသုံးမတည့်သည့် မြေစာပုံများအကြားတွင် အသက်ပျောက်ကြရသည်။

    နိုဝင်ဘာ ၂၁ ရက်နေ့က မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွင် မြေစာပုံပြိုကြမှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။ နောက်တစ်နေ့မနက်တွင်တော့ မြေစာပုံများအောက်မှ အလောင်းပေါင်းများစွာ ဆွဲထုတ်ခဲ့ရလေသည်။

    ဒီဇင်ဘာ ၂၆ ရက်နေ့တွင်လည်း ထိုဒေသ၌ပင် မြေစာပုံပြိုကျမှုကြောင့် ဒါဇင်နှင့်ချီသော လူများ သေဆုံးမည့် အန္တရာယ် ရှိနေလေသည်။ ရုတ်တစ်ရတ်ဖြစ်ပွားသော အဆိုပါ ဖြစ်ရပ်ဆိုးကြီးများက မြန်မာနိုင်ငံရှိ ကြောက်စရာကောင်းပြီး ခြစားမှုပြည့်နေသည့် ကျောက်စိမ်းလုပ်ငန်းအား ကမ္ဘာတစ်ဝှမ်းမှ စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့သည်။

    မြန်မာနိုင်ငံရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများမှာ အာရှတစ်ဝှမ်းလုံးတွင် စိတ်ပျက်စရာအကောင်းဆုံး နေရာများထဲမှ တစ်ခုဖြစ်လေသည်။ ထိုဒေသများတွင် သေခြင်းတရား မင်းမူနေပြီး၊ ဥပဒေမဲ့မှုက မြင်မကောင်းအောင်ဖြစ်နေသည်။ ထိုအကြောင်းကြောင့်ပင် အစိုးရက ပြင်ပမှလူများကို ထိုနေရာသို့ လာရောက်ကြည့်ရှုခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။

    မြေစာပုံပြိုကျမှုများက ကချင်ပြည်နယ်မှ ဖုန်ထူပြီး သီးသန့်ဖြစ်နေသော ဖားကန့်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တစ်ချိန်က စိမ်းစိုခဲ့သော တောင်တန်းများမှာ ယနေ့တွင်တော့ အ၀ိစိချောက်နက်ကြီး ဖြစ်နေလေသည်။ အကျယ်က ဘောလုံးကွင်းကြီးများလောက် ရှိနေပြီး လကမ္ဘာမှ ချိုင့်ခွက်ကြီးများနှင့် တူနေသည်။ ကျောက်စိမ်းအတိုအစကလေးများ ရရှိမလားဟူသော မျှော်လင့်ချက်ဖြင့် ထိုတွင်းနက်ကြီးများသို့ ဆင်းရှာကြသူများလည်း နေ့စဉ် ရှိကြလေသည်။

    ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို စစ်တပ်မှ ထိပ်သီးပုဂ္ဂိုလ်များ၊ ၎င်းတို့နှင့် ပတ်သက်သက်သူများက လွှမ်းမိုးချုပ်ကိုင်ထားကြပြီး ၎င်းတို့၏ ကုမ္ပဏီများက ကျောက်စိမ်းများကို ဧရာမစက်ကြီးများသုံးကာ တူးဖော် ထုတ်ယူနေကြသည်။

    ကျောက်စိမ်းလုပ်ငန်းမှရရှိသည့် အကျိုးအမြတ်က ကြောက်စရာပင်ဖြစ်၏။ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းတွင်ပင် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံရရှိခဲ့သည်ဟု အကျိုးအမြတ်မယူသည့် Global Witness အဖွဲ့၏ စုံစမ်းဖော်ထုတ်မှုများအရ သိရသည်။ ထိုအဖွဲ့က ဖားကန့်ကို “စိတ်ဆင်းရဲစရာ စွန့်ပစ်မြေ” ဟု ကင်ပွန်းတပ်ခဲ့သည်။

    ကျောက်စိမ်းမှာ မြန်မာနိုင်ငံအတွက် သဘာဝကပေးသော ဆုလာဘ်ဖြစ်သော်လည်း လူတစ်စုက မဟားဒယား အကျိုးခံစားနေသည်။ မဖြစ်စလောက်သော ပမာဏကသာ တိုင်းပြည်ရှိ ပျက်ဆီးယိုယွင်းနေသော လမ်းများ၊ ဆေးရုံများနှင့် ကျောင်းများအား ပြင်ဆင်မှုဘက်သို့ ရောက်ရှိလေသည်။ အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့် ခြေညှပ်ဖိနပ်စီးကာ ကျောက်တွင်းတူးရသည့် အလုပ်သမားများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အသုံးပြုမှုမှာ မရှိသလောက်ပင်ရှား၏။

    စစ်တပ်နှင့် ဆက်နွယ်နေသည့် ကုမ္ပဏီများက ကျောက်စိမ်းမှရရှိသော အကျိုးအမြတ်များကို အငမ်းမရဖြစ်နေချိန်တွင် ထိုစီးပွားရေးက ဘ၀မျှော်လင့်ချက်ကင်းမဲ့နေသည့် အမျိုးသားနှင့် အမျိုးသမီးများကို ကျောက်စိမ်းတွင်း၏ အနားသို့ ရောက်ရှိအောင် ဆွဲခေါ်နေလသည်။ ၎င်းတို့မှာ စက်ကြီးများနှင့် တူးဖော်ပြီး ကျန်ခဲ့သော မြေများတွင် တစ်နိုင်တစ်ပိုင် ကျောက်စိမ်းလိုက်ရှာသူများ ဖြစ်သည်။

    မြေစာပုံပြိုကျမှုဒဏ်ကို ခံရသူများတွင် အများစုမှာလည်း ၎င်းတို့ပင်ဖြစ်သည်။ ထိုကဲ့သို့ ကျောက်စိမ်းရှာဖွေမှုမှာ တရားမ၀င်။ ကျောက်စိမ်းတူဖော်မည့်မြေနေရာနှင့် တူးဆွပြီနောက် ကျန်ခဲ့သော မြေစာပုံများအား ပိုင်ဆိုင်ခွင့်မှာ စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် ကုမ္ပဏီများတွင်ပင် ရှိသည်။ သို့သော်လည်း ပြည်သူအများစုက တစ်နေ့လျှင် ကန် ၂ ဒေါ်လာအောက်ဖြင့်သာ အသက်ရှင်နေထိုင်ရသည့် မြန်မာနိုင်ငံတွင် ကျောက်စိမ်းကုမ္ပဏီများက မတွေ့၍ ကျန်ခဲ့သော ကျောက်စိမ်းတုံးလေးများကို လိုက်ရှာရန်အတွက် မြေစာပုံပြိုကျမှု၊ လုံခြုံရေးအစောင့်များ၏ ရိုက်နှက်မှု စသည့်အန္တရာယ်များကို အရဲစွန့်ရင်ဆိုင်ခြင်းမှာ ထိုက်တန်သည်ဟု အချို့က ယုံကြည်နေကြလေသည်။

    “ခင်ဗျားကို မီလီယံနာဖြစ်စေနိုင်တဲ့ ကျောက်တုံးလား၊ ဘာမှအဖိုးမတန်တဲ့ ကျောက်တုံးလားဆိုတာ အပြင်ကနေကြည့်ရင် ခွဲခြားမသိနိုင်ဘူးလေ” ဟု ကျောက်တူးသမားတစ်ဦးဖြစ်သူ မျိုးအောင်က GlobalPost သို့ ၂၀၁၃ ခုနှစ်တွင် ပြောကြားခဲ့သည်။

    “အဲဒီကျောက်တုံးကို စုတ်ပျက်နေတဲ့ ကောင်မလေးတစ်ယောက်လို သဘောထားကြည့်ပေါ့ဗျာ။ သူက ရေလည်းမချိုးဘူး၊ အလှလည်းမပြင်ဘူး။ တကယ်လို့ ကိုယ်ထူကိုယ်ထ ကျောက်တူးသမားတစ်ယောက်ဟာ အဲလိုကျောက်တုံးမျိုးကို အရောင်တင်ပြီး သွားရောင်းနိုင်တယ်လေ” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့ပြီး ၀င်ငွေမှာ ဘ၀တစ်ခုလုံး ပြောင်းလဲသွားနိုင်သည်ဟု ဆိုသည်။

    ကန်ဒေါ်လာ ၃ သောင်းနှင့်အထက် တန်ကြေးရှိမည့် ကျောက်စိမ်းတုံးလေးများ တွေ့မလားဟူသော ထိုမျှော်လင့်ချက်က ကျောက်စိမ်းတွင်း၏ ဆင်ခြေဖုံးဒေသများသို့ ကိုယ်ထူကိုယ်ထ ကျောက်တူးသမားများကို ရောက်ရှိစေခဲ့သည်။ ထိုသူများက ၎င်းတို့ အဓိကရှာဖွေမည့်နေရာများနှင့် မလှမ်းမကမ်းတွင် တဲများထိုးကာ နေထိုင်ကြသည်။

    စခန်းငယ်လေးပုံစံမျိုးဖြစ်နေသည့် ၎င်းတို့၏တဲများက ပေ ၅၀၀၀ မြင့်သည့် မြေစာပုံကြီး၏ အရိပ်အောက်တွင် ရှိနေလေသည်။ ပြီးခဲ့သည့်စနေနေ့ အာရုဏ်တက်ချိန် ထိုမြေစာပုံကြီး ပြိုကျသည့်အချိန်တွင်တော့ ၎င်းတို့အားလုံးလည်း နစ်မြုပ်ကုန်ကြလေသည်။ ကျောက်တူးသမားအများစုမှာ အိပ်နေရင်းပင် သေဆုံးသွားခဲ့ကြသည်။

    အဆိုပါ စခန်းချရာနေရာများက ဆင်းရဲသားများ နေထိုင်သည့် ရပ်ကွက်ကဲ့သို့ဖြစ်သည်ဟု Reuters မှ ဆက်သွယ်မေးမြန်းခဲ့သည့် ဒေသခံ ကျောက်တူးသမားတစ်ဦးက ပြောလေသည်။ နိုင်ငံတော်ပိုင် သတင်းစာကတော့ အဆိုပါ ကျောက်တူးသမားများကို ယခင်က နေရာရွှေ့ပြောင်းရန် သတိပေးပြီးဖြစ်သည်ဟု ဆိုသည်။

    ဖားကန့်ဒေသအား နိုင်ငံခြားသားအားလုံးနီးပါး မ၀င်ရသည့် နယ်မြေအဖြစ် စစ်တပ်က သတ်မှတ်ထားသောကြောင့် အချက်အလက်အသေးစိတ်ကို ရရှိရန်မှာ ခက်ခဲလေသည်။ (ချွင်းချက်တစ်ခုက ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းဝယ်လာဘ်ဖြစ်သည့် တရုတ်နိုင်ငံမှ အ၀ယ်တော်များကတော့ တံခါးမရှိ ဓားမရှိ ၀င်ရောက်ခွင့်ရလေသည်။)

    အဆိုပါဘေးအန္တရာယ်များက လူ့အသက်ကို ဂရုမစိုက်သော ထိုလုပ်ငန်းများကို စစ်တပ်က ဆက်လက်လွှမ်းမိုးထားသည်ဟု သတိပေးနေခြင်းပင်ဖြစ်သည်။

    မြန်မာစစ်တပ်၏ ဘဏ္ဍာရေးစက်ကွင်းက ကျောက်စိမ်းလုပ်ငန်း၌ပင် ရှိနေသည်မဟုတ်။ GlobalPost မှ စုံစမ်းခဲ့ပြီး Asia’s Meth Wars အမည်ဖြင့် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် အာရှ၏ ဒေါ်လာဘီလီယံနှင့်ချီသော စိတ်ကြွဆေး ကုန်သွယ်မှုတွင် အဓိကနေရာမှ ပါဝင်နေသော စစ်တပ်နှင့် ပြည်သူစစ်များအကြား ဆက်နွယ်မှုကို ဖော်ပြထားလေသည်။

    ၎င်းတို့၏ အဓိကထွက်ကုန်ဖြစ်သော စိတ်ကြွဆေးပြားများမှာ လက်နက်ကိုင်အုပ်စုများရှိရာ တောင်တန်းဒေသများတွင် ပြန့်နှံ့နေသည်။ ကျောက်စိမ်းတူးဖော်သည့် ဒေသများတွင်လည်း ထိုစိတ်ကြွဆေးနှင့် ဘိန်းဖြူတို့က တရားဝင်ပုံစံ ဖြစ်နေပြီး ရဲတပ်ဖွဲ့ကလည်း လစ်လျူရှုထားသည်။

    ကျောက်စိမ်းထွက်ရာဒေသနှင့် စိတ်ကြွဆေးထွက်ရှိရာ ဒေသများသို့ ဦးတည်နေသောလမ်းများတွက် စစ်တပ် စစ်ဆေးရေးစခန်းများစွာ ရှိနေခြင်းကလည်း အကြောင်းရှိသည်။

    တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံမှာ ဆိုးရွားသော စစ်အာဏာရှင်စနစ်မှာ ပိုမိုလွတ်လပ်သော ဒီမိုကရေစီနိုင်ငံသို့ ပြောင်းလဲတော့မည်ဟု ယူဆနေချိန်တွင် စစ်တပ်က ၎င်းတို့နှင့် ဆက်နွယ်နေသူ လုပ်ငန်းရှင်ကြီးများ ဂုပ်သွေးစုပ် အမြတ်ထုတ်နေကြသော နေရာများအား ပြင်ပမှလူများ ကြည့်ရှုခြင်းကို တားဆီးချင်သောကြောင့်ပင် ဖြစ်လေသည်။

    (USA Today မှ ဖော်ပြသည့် Why Myanmar’s massive jade industry is so deadly ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • အစ္စလာမ်ကမ္ဘာရှိ ပြဿနာများကို ဖြေရှင်းရန် မွတ်စလင်များ ညီညွတ်ရမည်ဟု အီရန်သမ္မတပြော

    အစ္စလာမ်ကမ္ဘာရှိ ပြဿနာများကို ဖြေရှင်းရန် မွတ်စလင်များ ညီညွတ်ရမည်ဟု အီရန်သမ္မတပြော

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    iran

    – အစ္စလာမ်ကမ္ဘာမှာ လက်ရှိအချိန်တွင် အရေးပါသည့် အချိုးအကွေ့သို့ ရောက်ရှိနေပြီး မွတ်စလင်နိုင်ငံများအနေဖြင့် ရန်သူများ၏ လှည့်ကွက်များအား တန်ပြန်တိုက်ဖျက်ရေးအတွက် စည်းလုံးညီညွတ်မှုကို တည်ဆောက်ရန် အီရန်သမ္မတ ဟာဆန် ရူဟာနီက တိုက်တွန်းပြောကြားလိုက်သည်။

    ယမန်နေ့က တီဟီရန်တွင်ပြုလုပ်သည့် ၂၉ ကြိမ်မြောက် အစ္စလာမ့်ညီညွတ်ရေးညီလာခံ၌ ပြောကြားသော မိန့်ခွန်းတွင် ထိုကဲ့သို့ သတိပေး တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်သာသနာအား အကြမ်းဖက်သာသနာအဖြစ် ပုံဖော်ရန်အတွက် နိုင်ငံကြီးများမှာ အကောင်းဆုံး လုပ်ဆောင်နေကြသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အစ္စလာမ်အား ပုံဖျက်ရန် ရည်ရွယ်သော ကြိုးပမ်းမှုများအားလုံးကို ရှောင်ရှားရန်အတွက် မွတ်စလင်များမှာ လိုအပ်သော ဆောင်ရွက်မှုများကို ပြုလုပ်ရမည်ဟုလည်း အီရန်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။ ထိုလှည့်ကွက်များအား ရင်ဆိုင်ရာတွင် “မွတ်စလင်များမှာ စုစည်းညီညွတ်စွာ လက်တွဲ၍ မှန်ကန်သည့်လမ်းကြောင်းကို ရွေးချယ်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိ” ဟု လည်း ထည့်သွင်းပြောဆိုခဲ့သည်။

    လက်ရှိဖြစ်ပွားနေသော တိုက်ခိုက်မှုများ၊ အကြမ်းဖက်လုပ်ရပ်များနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများမှာ မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အနောက်အာရှတို့ဖြစ်သော မွတ်စလင်ကမ္ဘာတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ထိုလုပ်ရပ်များကို မဖြစ်မနေ ရပ်တန့်ရမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    IS အကြမ်းဖက်အဖွဲ့၏ လူသစ်များ စုဆောင်းနိုင်ခြင်းမှာ ယဉ်ကျေးမှုနှင့် စီးပွားရေး နုံချာနိမ့်ကျမှုကြောင့်ဖြစ်သည်ဟု ရူဟာနီက ဆိုပြီး မိမိတို့လူ့အဖွဲ့အစည်းအတွင်း ထိုကဲ့သို့ နုံချာနိမ့်ကျမှုကို အမြစ်ဖြတ် ဖယ်ရှားသွားရမည်ဟုလည်း ပြောကြားခဲ့သည်။

    အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရေးနှင့်ပတ်သက်၍လည်း ၎င်းက ဗုံးများ၊ စစ်လက်နက်ပစ္စည်းများက ထိုဝါဒကို တိုက်ဖျက်နိုင်ခြင်းမရှိဟုဆိုသည်။ မွတ်စလင်နိုင်ငံများ၏ အဓိကတာဝန်မှာ ကမ္ဘာ့မျက်နှာစာတွင် အစ္စလာမ်၏ ပုံရိပ်ကို ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ရန်ဖြစ်သည်ဟုလည်း ရူဟာနီက မီးမောင်းထိုးပြခဲ့သည်။

    ထို့ပြင် မိမိတို့နိုင်ငံနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများကြား ရှိခဲ့သည့် ပြဿနာတစ်ခုကို အသိဥာဏ်ပညာနှင့် ဆွေးနွေးညှိနှိုင်းမှုတို့မှတစ်ဆင့် အီရန်က ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “အရှုပ်ထွေးဆုံး နိုင်ငံတကာနိုင်ငံရေးပြဿနာကို ဆွေးနွေးပွဲမှာ ပါဝင်သူအားလုံး၊ ဒေသတွင်းနဲ့ ကမ္ဘာကြီးအတွက် အကျိုးမယုတ်စေတဲ့ အဖြေတစ်ခုရအောင် ကျွန်တော်တို့ စီမံဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု အီရန်နျူအရေးပြဿနာ ဆွေးနွေးမှုကို ရည်ညွှန်း၍ ရူဟာနီက ထပ်လောင်းပြောကြားခဲ့သည်။

    ၂၉ ကြိမ်မြောက် အစ္စလာမ့်ညီညွတ်ရေးညီလာခံသို့ နိုင်ငံပေါင်း ၇၀ မှ ထင်ရှားသည့် ဘာသာရေးခေါင်းဆောင်များ၊ ၀န်ကြီးများနှင့် ပညာရှင်များစွာ တက်ရောက်ခဲ့ကြသည်။ မွတ်စလင်ကမ္ဘာတွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များကို အဓိကထားဆွေးနွေးမည့် အဆိုပါ ညီလာခံမှာ အင်္ဂါနေ့တွင် ပြီးဆုံးမည်ဖြစ်သည်။

    Ref: PressTV

  • သမိုင်းပညာရှင် ဗိုလ်မှူးကြီးဘရှင် ရာပြည့်ပွဲမှာ ဘယ်သူတွေ ဘာပြောခဲ့ကြလဲ

    သမိုင်းပညာရှင် ဗိုလ်မှူးကြီးဘရှင် ရာပြည့်ပွဲမှာ ဘယ်သူတွေ ဘာပြောခဲ့ကြလဲ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media
    မိုးစက်
    1
    ရန်ကုန်။     ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးအပါအဝင် ပြည်သူတွေဘက်က ရပ်တည်ခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်ခဲ့တယ်ဆိုတာ အထင်အရှား ရှိနေတယ်လို့ ၈၈မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ၈၈မျိုးဆက်ကျောင်းသာခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။

    ကိုမြအေးသည် ဒီဇင်ဘာလ ၂၇ ရက်နေ့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပပြုလုပ်သော စာရေးဆရာနှင့် ကမ္ဘာသိမြန်မာ့သမိုင်းပညာရှင်  ဇေယျကျော်ထင်  ဗိုလ်မှူးကြီးဘရှင်၏ ရာပြည့်နေ့ ဂုဏ်ပြုအခမ်းအနားတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

    ထိုကဲ့သို့ပါဝင်ခဲ့ခြင်းမှာ အထင်အရှားရှိသော်ငြားလည်း အာဇာနည်ခေါင်းဆောင်ကြီးထဲမှာပါတဲ့ ဆရာကြီးဦးရာဇတ်နဲ့ ရဲဘော်ကိုထွေး ကိုတောင်မှ ဖယ်ရှားချင်တဲ့ အခြေအနေမျိုးရောက်ခဲ့ရတဲ့ အင်မတန်ဝမ်းနည်းစရာကောင်းတဲ့အချက်ဖြစ်ပါတယ်။ အင်မတန်လဲ စိတ်ပျက်မိပါတယ်၊စိတ်အားငယ်ခဲ့ပါတယ် လို့ ပြောဆိုခဲ့ပါတယ်။

    မည်သည့်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် မြန်မာပြည်မှာနေထိုင်သော နိုင်ငံသား စိတ်ဓာတ်ရှိသူတိုင်းဟာ နိုင်ငံအပေါ်သစ္စာရှိမှုနှင့် အတူ နိုင်ငံတော်မှာတာဝန်တွေကို ဆက်လက် ထမ်းဆောင်သွားဖို့ ဆိုတာဖြစ်တယ်ဆိုတာကို သူ့အနေနှင့်ယုံကြည်ကြောင်း ထပ်လောင်းပြောပါတယ်။
    15
    ဗိုလ်မှူးကြီးရဲ့ သမိုင်းတစ်လျှောက်တာဝန်ကျေပွန်ခဲ့ပုံများကိုတော့ ကိုမြအေးက “မြန်မ့ာသမိုင်းကို အစ္စလာမ်ဘာသာဝင် တစ်ယောက်အနေနဲ့ ထဲထဲဝင်ဝင်နှံ့နှံ့စပ်စပ်လေ့လာပြီး ရေးသားခဲ့တဲ့  ဗိုလ်မှူးကြီးရဲ့ တိုင်းပြည်အပေါ်ကျေပွန်ခဲ့တဲ့ ခေတ်ကာလ ကပေးတဲ့တာဝန်ကို ဘယ်လောက်ကျေပွန်ခဲ့လဲဆိုတာ ဒီနေ့လုပ်တဲ့ပွဲက  သက်သေပြနေပါတယ်။” ဟု ဆရာကြီးရဲ့ သမိုင်းတစ်လျှောက် ဆောင်ရွက်ချက်များကို ထင်သာမြင်သာရှိလာအောင် ပြောဆိုခဲ့ပါတယ်။

    စာရေးဆရာ မောင်ဇေယျကလည်း ဗိုလ်မှူးကြီး သမိုင်းများနှင့် ပတ်သတ်ပြီး “ဗိုလ်မှူး ဘရှင်ရဲ့ ဘဝက များပြားလွန်းလှပါတယ်။ ကျွန်တော်တို့က သူ့ကို သမိုင်းပညာအနေနဲ့ သိကြတယ်ဆိုတာက သူရဲ့လုပ်ရပ်တွေထဲက ဒါက အထင်ပေါ်ဆုံး ဖြစ်လို့ပါ။ ဗိုလ်မှူးရဲ့ အခမ်းအနားမှာ ကျွန်တော်တို့က ဗိုလ်မှူးအကြောင်းပြောရုံ ချီးကျူးနေရုံမျှနဲ့ မပြီးပါဘူး။ ကျွန်တော်တို့ရဲ့ သားတွေသမီးတွေကို ဗိုလ်မှူးရဲ့ သမိုင်းစာအုပ်တွေ ဖတ်ခွင့်ရအောင် လက်ဆင့်ကမ်းဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲဘော်တွေဖြစ်တဲ့ ဦးတင်ဦးတို့ ကိုမြအေးတို့က ဆရာကြီးကို ဂုဏ်ပြုချင်တယ်ဆိုပြီး ကျွန်တော်တို့တွေကလည်း ဆရာကြီးကို ဂုဏ်ပြုချင်လို့ ကျွန်တော်တို့ စာရေးဆရာများ သမဂနဲ့ ကော်မတီဖွဲ့ပြီး ဒီပွဲလေးကို ကျင်းပဖြစ်တာပါ။ ဆရာကြီးကို စာပေပညာရှင်၊ သမိုင်းပညာရှင်၊ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့ ဆရာကြီးအဖြစ် ကျွန်တော်တို့ ဂုဏ်ပြုရခြင်း ဖြစ်ပါတယ်။ ဆရာကြီးက အပင်ပန်းခံပြီး စေတနာနဲ့ သမိုင်းတွေကို မျိုးချစ်စိတ်နဲ့ ပြုစုခဲ့ခြင်း ဖြစ်တဲ့အတွက် ဒီနေ့အထိ ဆရာကြီးကို လေးစားရိုသေနေသူတွေ ရှိနေတယ်လို့ ကျွန်တော်တော့ ယူဆမိပါတယ်” လို့ မြန်မာနိုင်ငံ စာရေးဆရာများသမဂ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ဇော်က ရာပြည့်အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့ပါသည်။
    5
    ကမ္ဘာသိမြန်မာ့သမိုင်းပညာရှင် ဗိုလ်မှူးကြီးဘရှင်၏ ရာပြည့်နေ့ ဂုဏ်ပြုအခမ်းအနားကို ဆရာကြီး၏မိသားစုဝင်များ၊ ဆရာကြီးရဲဘော်များ၊ စာရေးဆရာများ၊ သမိုင်းဆရာများ၊ ဆရာကြီးကို ချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြပါတယ်။

    ဗိုလ်မှူးကြီး ဘရှင်သည် ခေတ်ဟောင်းမွန်မြန်မာ ကျောက်စာမင်စာနှင့် မြန်မာ့တိုင်းရင်းသားလူမျိုးစုရေးရာများတွင် နှံစပ်ကျွမ်းဝင်သည့် သမိုင်းပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဗိုလ်မှူးကြီးဘရှင်၏ သမိုင်းလက်ရာများတွင် မြန်မာနိုင်ငံသမိုင်းကော်မရှင်က ထုတ်ဝေခဲ့သည့် လောကထိပန်သည် အထင်ရှားဆုံးဖြစ်ပါတယ်။

    ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်သည် ကွယ်လွန်ချိန်ထိ မြန်မာနိုင်ငံ သမိုင်းကော်မရှင်နှင့် အစ္စလာမ် သာသနာရေးရာကောင်စီ တို့တွင် တာဝန်များထမ်းရွက်ခဲ့ပြီး တိုင်းကျိုးပြည်ကျိုး သာသနာ့ အကျိုးကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူအဖြစ် မှတ်တမ်းပြုရမည် ဖြစ်ပါတယ်။ အထင်ကရလုပ်ဆောင်ချက်တစ်ခုမှာ ကျမ်းတော်မြတ်ကုရ်အာန် နှစ် ၁၄၀၀ ပြည့်ကို ဦးစီးဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ဗိုလ်မှူးကြီး ဘရှင်သည် သမိုင်းစာအုပ်များစွာကို ပြုစုခဲ့သူတစ်ဦးပါတယ်။

    4

  • ရာမာဒီမြို့ IS လက်မှ လုံးဝ လွတ်မြောက်ပြီဟု အီရတ်ကြေငြာ

    ရာမာဒီမြို့ IS လက်မှ လုံးဝ လွတ်မြောက်ပြီဟု အီရတ်ကြေငြာ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    iraq

    – တစ်ပတ်ကျော်ကြာ အပြင်းအထန်ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် အီရတ်နိုင်ငံအနောက်ပိုင်းရှိ IS အကြမ်းဖက်အဖွဲ့ သိမ်းပိုက်ထားရာ ရာမာဒီမြို့မှာ လုံးဝ လွတ်မြောက်သွားခဲ့ပြီဟု အီရတ်စစ်တပ်က ယနေ့နေ့လည်ပိုင်းတွင် ကြေငြာခဲ့သည်။

    ယမန်နေ့မနက် စောစောပိုင်းကတည်းက အစိုးရတပ်များမှာ မြို့တွင်းရှိ IS ၏ နောက်ဆုံးခံတပ်ဖြစ်သော အစိုးရအဆောက်အအုံအား ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အီရတ် အကြမ်းဖက်တိုက်ဖျက်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆာဘာဟ် အလ်-နူမန်က ပြောကြားခဲ့သည်။ ယခုအခါ အဆိုပါအဆောက်အဦးတွင် အီရတ်အလံကို လွှင့်ထူထားနိုင်ပြီဖြစ်သည်။

    ရာမာဒီမှာ မဟာဗျူကျသည့် မြို့တစ်ခုဖြစ်ပြီး ယခုနှစ်အစောပိုင်းတွင် IS မှ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ အီရတ်စစ်တပ်မှာ နောက်ပိုင်းတွင် ထိုးစစ်ဆင်မှုများ တောက်လျှောက်ပြုလုပ်ခဲ့သော်လည်း မြို့၏ အစိတ်အပိုင်းအချို့ကိုသာ ပြန်လည်ရရှိခဲ့ပြီး ယခုမှ တစ်မြို့လုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

    Ref: PressTV

  • ရော်နယ်ဒို၊ ဆွာရက်ဇ်နှင့် နေးမာတို့မှာ မက်ဆီ၏အောက်တွင်သာ ရှိသည်ဟု ဇာဗီပြော

    ရော်နယ်ဒို၊ ဆွာရက်ဇ်နှင့် နေးမာတို့မှာ မက်ဆီ၏အောက်တွင်သာ ရှိသည်ဟု ဇာဗီပြော

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    messi

    – ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို၊ အသင်းဖော် နေးမာနှင့် ဆွာရက်ဇ်တို့မှာ လက်ဖျားခါလောက်သည့် ကစားသမားများ ဖြစ်သော်လည်း မက်ဆီထက် တစ်ဆင့်နိမ့်သော နေရာတွင်သာ ရှိသည်ဟု ဘာစီလိုနာ၏ ကွင်းလယ်ဖန်တီးရှိ ဇာဗီက ပြောကြားလိုက်သည်။

    မက်ဆီနှင့် ရော်နယ်ဒိုတို့နှစ်ဦးတွင် မည်သူက ပိုမိုကောင်းမွန်သည်ဆိုသော အငြင်းပွားမှုများမှာ မကြာခဏ ဖြစ်ပေါ်လာတတ်ပြီး လွန်ခဲ့သည့်တစ်နှစ်ခန့်မှ စ၍ ၎င်းတို့နှစ်ဦး၏ စာရင်းတွင် ဘရာဇီးလ်တိုက်စစ်မှူး နေးမာနှင့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်တို့ ပါဝင်လာခဲ့သည်။ ဇာဗီကမူ အဆိုပါ ကစားသမား ၄ ဦးလုံးအား ချီးကျူးခဲ့သည်။

    “ခရစ္စတီယာနိုရော်နယ်ဒို၊ နေးမာနဲ့ ဆွာရက်ဇ်တို့ဟာ တစ်မူထူးခြားပြီး လက်ဖျားခါလောက်တဲ့ ကစားသမားတွေပါ။ ဒါပေမယ့် သူတို့ဟာ မက်ဆီရဲ့အောက်မှာပဲ ရှိပါတယ်။ တိုက်စစ်ဆင်ဖို့ လိမ်ခေါက်ဖို့ဆိုတာ အခုအချိန်မှာ မခက်ခဲတော့ပါဘူး။ ကစားသမားတွေဟာ ပိုပြီး ကြံ့ခိုင်လာတယ်။ ကစားဖို့လည်း နေရာရှိလာကြပါတယ်။ လီယို (မက်ဆီ) ကတော့ ကက်သီးကတ်သတ်လုပ်တတ်တယ်၊ နေရာလွတ်တွေ ဖန်တီးပေးတယ်။ ဂိုးတွေသွင်းပေးတယ်။ ပွဲတိုင်းကို ထူးခြားအောင် လုပ်ဆောင်ပေးပါတယ်” ဟု ဇာဗီက ပေါ်တူဂီစာစောင်တစ်ခုဖြစ်သော Record သို့ ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ၇ နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီနှင့် ရော်နယ်ဒိုတို့သာ တစ်လှည့်စီ ရယူခဲ့ပြီး ယခုနှစ်တွင်လည်း ၎င်းတို့နှစ်ဦးမှ တစ်ဦးက ရရှိရန် ရေပန်းစားနေသည်။

    Ref: Goal