News @ M-Media

Blog

  • ၃ လအတွင်း တရားမ၀င်မြန်မာနိုင်ငံသား ၆ ထောင်နီးပါးဖမ်းမိဟု ထိုင်း ထုတ်ပြန်

    ၃ လအတွင်း တရားမ၀င်မြန်မာနိုင်ငံသား ၆ ထောင်နီးပါးဖမ်းမိဟု ထိုင်း ထုတ်ပြန်

    မတ် ၇၊ ၂၀၂၂

    M-Media 

    – အခုနှစ် ၃ လအတွင်း ထိုင်းနိုင်ငံကို တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆၀၀၀ လောက်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

    ဒါဟာ ဇန်န၀ါရီလကနေ မတ်လ ပထမအပတ်အတွင်း  ကန်ချာနာဘူရီနဲ့ ပရာချွတ် ကီရီကန်ခရိုင်တွေမှာ ဖမ်းဆီးရမိတဲ့ အရေအတွက် ဖြစ်ပါတယ်။ 

    ပွဲစားတွေဟာ တနင်္သာရီတိုင်းဒေသကြီး ထား၀ယ်၊ မြိတ်ဖက်က ရွာတွေကနေတစ်ဆင့် တောလမ်းကနေ ခေါ်လာကြတာလို့ ထိုင်းဒေသခံတစ်ဦးက ပြောပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲ အလုပ်ရရှိနိုင်ရေး တရားမ၀င်၀င်ရောက်တဲ့ မြန်မာနိုင်ငံသားအရေအတွက် သိိိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်န၀ါရီလမှာ ၀င်ရောက်လာတဲ့ ပမာဏဟာ တစ်လအတွင်း အမြင့်ဆုံးဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ 

    ထိုင်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက ထိုင်းလုပ်ငန်းရှင်တွေဟာ တရားမ၀င်လာဖို့ အရင်ခေါ်ပြီး ရောက်လာမှ ပါမစ်လုပ်ပေးကြတယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref : The Star 

  • ရုရှားလုပ် တိုက်လေယာဥ်များ ယူကရိန်းထံ ပေးပို့ရန် အမေရိကန် ကြိုးပမ်းလာ

    ရုရှားလုပ် တိုက်လေယာဥ်များ ယူကရိန်းထံ ပေးပို့ရန် အမေရိကန် ကြိုးပမ်းလာ

    မတ် ၇၊ ၂၀၂၂

    M-Media


    -ပိုလန်အပါအ၀င် နေတိုးအဖွဲ့၀င် အနည်းဆုံး ၃ နိုင်ငံက ရုရှားလုပ် တိုက်လေယာဥ်တွေ ယူကရိန်းထံ လွှဲပြောင်းပေးနိုင်ရေး အမေရိကန်အစိုးရက စီစဥ်နေပါတယ်။ 

    စနေနေ့က အမေရိကန်လွှတ်တော်အမတ် ၃၀၀ လောက်နဲ့ ဖုန်းခေါ်ဆိုမှုအတွင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီးက ယူကရိန်းလေတပ်အတွက် တိုက်လေယာဥ်တွေ ထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံခဲ့တာပါ။

    ယူကရိန်းလေတပ်သားတွေဟာ ရုရှားတိုက်လေယာဥ်တွေကို ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်တဲ့အတွက် နေတိုးအဖွဲ့၀င် နိုင်ငံတွေမှာရှိတဲ့ တိုက်လေယာဥ်အဟောင်းတွေ ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ 

    ယူကရိန်းကို လေယာဥ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ တောင်းဆိုတာကို နေတိုးအဖွဲ့က မလိုက်လျောတဲ့အတွက် ရုရှားရဲ့ ကျူးကျော်မှုကို ကာကွယ်ရေး အခုနည်းလမ်းနဲ့ ကူညီပေးသင့်တယ်လို့လည်း ဇယ်လင်စကီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အမေရိကန်အစိုးရက နေတိုးအဖွဲ့၀င် ပိုလန်နိုင်ငံနဲ့ ဒီကိစ္စကို ဆွေးနွေးနေပါတယ်။ ပိုလန်က သူတို့မှာရှိတဲ့ ရုရှားလုပ် တိုက်လေယာဥ်တွေကို ယူကရိန်းထံ ပေးပို့ရမှာဖြစ်ပြီး အစားထိုးအနေနဲ့ အမေရိကန်က F16 တိုက်လေယာဥ်တွေ ပြန်ပေးရမှာ ဖြစ်ပါတယ်။ 

    အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က နေတိုးအဖွဲ့၀င်နိုင်ငံတစ်ချို့ဟာ ယူကရိန်းထံ တိုက်လေယာဥ်တွေ ပေးပို့ဖို့ သဘောတူထားကြတယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref : CBS News 

  • နိုင်ငံတကာခရီးသွားများကို မလေးရှားက မကြာခင် ၀င်ခွင့်ပေးမည်

    နိုင်ငံတကာခရီးသွားများကို မလေးရှားက မကြာခင် ၀င်ခွင့်ပေးမည်

    မတ် ၇၊ ၂၀၂

    M-Media

    – နိုင်ငံတကာ ခရီးသွားတွေ ၀င်ရောက်လာနိုင်မယ့် ၀င်ပေါက်အားလုံးကို မကြာခင် ဖွင့်ပေးဖို့ရှိတယ်လို့ မလေးရှား ခရီးသွားလာရေးနှင့် ယဥ်ကျေးမှု၀န်ကြီး ဒါတွတ်ဆရီ နန်ဆီ ရွှတ်ကရီက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ 

    ကိုဗစ်အလွန် စီးပွားရေး ပြန်လည်ဦးမော့လာအောင် ဆောင်ရွက်ဖို့ မလေးရှားက ပြင်ဆင်နေရာမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ ကုန်လမ်းကြောင်းအပါအ၀င် ၀င်ပေါက်အားလုံးကို ဖွင့်ပေးဖို့လည်း ပါ၀င်တယ်လို့ ရွှတ်ကရီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ဖွင့်ပေးမယ့်ရက်အတိအကျကို မလေးရှား၀န်ကြီးချုပ် အစ္စမာအီလ် ဆာဘရီက မကြာခင် ကြေငြာဖို့ ရှိနေပါတယ်။

    “ခရီးသွားလာရေးနဲ့ ယဥ်ကျေးမှု၀န်ကြီးဌာနဟာ ဒီအတွက် ကောင်းကောင်းပြင်ဆင်ထားပြီး နိုင်ငံခြားသားခရီးသွားတွေကို ပြန်လည်ကြိုဆိုဖို့အတွက်လည်း အမြဲတမ်း အဆင်သင့်ဖြစ်အောင် လုပ်ထားပါတယ်” လို့ ခရီးသွားလာရေးကဏ္ဍ လုပ်ငန်းရှင်တွေနဲ့ ဒီကနေ့တွေ့ဆုံမှုမှာ ၀န်ကြီး နန်ဆီ ရွှတ်ကရီက ပြောကြားခဲ့ပါတယ်။ 

    နိုင်ငံရဲ့ နယ်စပ်တွေကို မကြာခင်ဖွင့်ပေးတော့မယ်ဆိုတာကို ၀န်ကြီးချုပ် ဆာဘရီကလည်း စနေနေ့မှာ အတည်ပြုပြောဆိုခဲ့ပါတယ်။ 

    မေလမှာကျရောက်မယ့် အစ္စလာမ်ဘာသာ၀င်တွေရဲ့ အီဒွလ်ဖိသီရ် ၀ါကျွတ်အီးဒ်ပွဲတော်မှာ ၀ေးကွာနေတဲ့ မိသားစု၀င်တွေ ပြန်လည်ဆုံစည်းနိုင်အောင် ရည်ရွယ်တယ်လို့လည်း ၀န်ကြီးချုပ်က ဆိုပါတယ်။ 

    Ref: The Star 

  • ဆော်ဒီအိမ်ရှေ့မင်းသား၏ ရွှေပြည်အေးမှတ်ချက်ကို အီရန်ချီးကျူး

    ဆော်ဒီအိမ်ရှေ့မင်းသား၏ ရွှေပြည်အေးမှတ်ချက်ကို အီရန်ချီးကျူး

    မတ် ၇၊ ၂၀၂၂

    M-Media 

    -နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ အဆင်သင့်ရှိတယ်ဆိုတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆလ်မန်ရဲ့ မှတ်ချက်ကို  နှစ်ခြိုက်အားရတယ်လို့ အီရန်နိုင်ငံခြားရေး၀န်ကြီး ဟိုစိန် အမီရ် အဘ်ဒူလာဟီယန်က ပြောကြားလိုက်ပါတယ်။ 

    Atlantic သတင်းဌာနနဲ့ ပြီးခဲ့တဲ့တစ်ပတ် အင်တာဗျူးမှာ ဘင်ဆလ်မန်က အီရန်ဟာ ထာ၀ရအိမ်နီးချင်းနိုင်ငံဖြစ်ပြီး ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းသွားမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    “ဆော်ဒီ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးရဲ့ လတ်တလောမှတ်ချက်မှာ အီရန်နဲ့ ဆက်ဆံရေး ထူထောင်ဖို့ သဘောဆန္ဒကို တွေ့ရပါတယ်။ ဒီအတွက် ကျွန်တော်တို့ ကြိုဆိုပါတယ်” လို့ အဘ်ဒူလာဟီယန်က နိုင်ငံပိုင် သတင်းဌာနကို IRNA ကို ပြောကြားခဲ့ပါတယ်။ 

    ၂၀၁၆ ခုနှစ် ဆော်ဒီက ရှီအာဘာသာရေးခေါင်းတစ်ဦးကို ကွပ်မျက်ခဲ့မှုနဲ့ ပတ်သက်ပြီး အီရန်ပြည်သူတွေ မကျေနပ်တဲ့အတွက် မြို့တော် တီဟီရန်မှာ ဆန္ဒပြပြီး ဆော်ဒီသံရုံးကို ၀င်ရောက်စီးနင်းခဲ့ပါတယ်။ 

    အဲဒီနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ရပ်ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။ 

    ဒါပေမယ့် အီရတ်ရဲ့ ကြား၀င်ပေးမှုနဲ့အတူ ပြီးခဲ့တဲ့နှစ်ကစပြီး ဆော်ဒီ-အီရန် အဆင့်မြင့်အရာရှိတွေ တွေ့ဆုံဆွေးနွေးမှု အနည်းဆုံး ၄ ကြိမ်လောက် လုပ်ခဲ့ပြီး ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားခဲ့ကြပါတယ်။ 

    အဒ်ဒူလာဟီယန်က ဆော်ဒီအနေနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာတဲ့အတွက် ပျော်ရွှင်မိတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : Teheran Tiems 

  • ထိုင်း လယ်ယာပို့ကုန်အဖွဲ့ PWO မြန်မာနိုင်ငံတွင် အခြေစိုက်မည်

    ထိုင်း လယ်ယာပို့ကုန်အဖွဲ့ PWO မြန်မာနိုင်ငံတွင် အခြေစိုက်မည်

    မတ် ၆၊ ၂၀၂၂
    M-Media

    -ထိုင်းအစိုးရ လယ်ယာထွက်ကုန် တင်ပို့ရောင်းချရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Public Warehouse Organisation (PWO) ဟာ မြန်မာနိုင်ငံမှာ အခြေစိုက် ဂိုထောင်တစ်ခု လာရောက်ဖွင့်လှစ်ဖို့ ရှိ​နေပြီး ပို့ကုန်သွင်းကုန် အဆင်ပြေချောမွေ့စေဖို့ဖြစ်ပါတယ်။

    မြန်မာဖက်က တာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့တစ်ပတ်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။ ဒါဟာ ၁၉၅၅ ခုနှစ် PWO စတင် တည်ထောင်ပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံခြားမှာ အခြေစိုက်မှုဖြစ်ပါတယ်။

    ဒီဂိုထောင်ဟာ ထိုင်းနိုင်ငံက တင်ပို့တဲ့ ပစ္စည်းတွေ ဖြန့်ဝေပေးရေးသာမကဘဲ၊ ထိုင်းရင်းနှီးမြှုပ်နှံသူတွေ အွန်လိုင်း စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ စျေးကွက်ရှာဖွေနိုင်ရေးကိုပါ လုပ်ဆောင်သွားမယ်လို့ PWO ဒါရိုက်တာ ကရီယန်ဆက် ပရာတီဗီဆက်က ပြောပါတယ်။

    PWO ဟာ မြန်မာနိုင်ငံမှာ ပဲပုပ် စိုက်ပျိုးရေးလုပ်ငန်း တိုးချဲ့လုပ်ကိုင်သွားဖို့လည်း စီစဉ်နေပါတယ်။ ထိုင်းနိုင်ငံဟာ တစ်နှစ်ကို ပဲပုပ်တန်ချိန် ၂ သန်း၊ ပဲပုပ်ထွက် တိရစ္ဆာန်အစာ တန်ချိန် ၂ သန်း တင်သွင်းဖို့ လိုအပ်နေတာ​ ဖြစ်ပါတယ်။

    Ref: Nation Thailand