News @ M-Media

Blog

  • ဦးပိုင်လီမိတက်ရုံးချုပ်ကို စစ်ကောင်စီက နေပြည်တော်ရွှေ့မည်

    ဦးပိုင်လီမိတက်ရုံးချုပ်ကို စစ်ကောင်စီက နေပြည်တော်ရွှေ့မည်

    မတ် ၄၊ ၂၀၂၂
    M-Media

    -စစ်ခေါင်းဆောင်တွေ ဝင်ငွေအဓိကရနေတဲ့ စီးပွားရေးဦးပိုင်လီမိတက် (MEHL) ရုံးချုပ်အဆောက်အဦးကို နေပြည်တော်မှာ ဆောက်လုပ်နေပြီး လုံခြုံရေးအခြေအနေ စိုးရိမ်ရတဲ့အတွက်ဖြစ်တယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေက မီဒီယာကို ပြောပါတယ်။

    မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နဲ့ MEHL တို့ဟာ စစ်ခေါင်းဆောင်​တွေ ထိန်းချုပ်ထားတဲ့ လုပ်ငန်းစုတွေဖြစ်ပြီး ဒေါ်လာဘီလီယံချီရတဲ့ လုပ်ငန်းတွေအပါအဝင် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်း တော်တော်များများကို လုပ်ကိုင်နေတာဖြစ်ပါတယ်။

    ဒီလုပ်ငန်းစုက ရရှိတဲ့ဝင်ငွေတွေဟာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ပြည်သူလူထုအပေါ် နှိပ်စက်ညှင်းပမ်းမှုတွေကို အထောက်အကူပြုနေတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပြ ဝေဖန်ထားပါတယ်။

    MEHL က လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေထဲမှာ မြ၀တီဘဏ်နဲ့ စစ်တပ်အငြိမ်းစားရန်ပုံငွေလုပ်ငန်းတွေ ပါဝင်ပြီး ရုံးချုပ်တွေက ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်မှာ ရှိနေတာဖြစ်ပါတယ်။

    နေပြည်တော် ဥတ္တရသီရိမြို့နယ် မန္တလေးလမ်းမှာ MEHL က ၁၀ ထပ် ရုံးချုပ်အဆောက်အဦးတစ်ခု ဆောက်လုပ်နေတယ်လို့ အငြိမ်းစားဗိုလ်မှူးတစ်ဦးအပါအဝင် ရင်းမြစ်နှစ်ခုက ဧရာ၀တီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    တည်ဆောက်နေတဲ့နေရာဟာ နေပြည်တော်က လူစည်ကားတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဆောက်လုပ်မှုကို ဇန်နဝါရီက စတင်ခဲ့ပြီး လက်ရှိမှတော့ ဖောင်ဒေးရှင်းပိုင်း ပြီးသွားပြီလို့ ဒေသခံတွေက အတည်ပြု ပြောဆိုပါတယ်။

    နေပြည်တော်ကသာ သူတို့အကျိုးစီးပွားကို လုံခြုံစေမယ့် နေရာဖြစ်တယ်လို့ စစ်ကောင်စီက ယူဆတဲ့အတွက် ဒီလိုရွှေ့ပြောင်းတာဖြစ်မယ်လို့ အငြိမ်းစားဗိုလ်မှူးက ပြောကြားခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုဟာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို အဓိကထား ဆန့်ကျင် သပိတ်မှောက်လာကြပြီး တိုက်ခိုက်ဖျက်ဆီးမှုတွေပါ ရှိလာတာ ဖြစ်ပါတယ်။

    Ref: Irrawaddy English

  • ယူကရိန်းကျူးကျော်စစ်တွင် ရုရှားက စစ်အင်အား ၇၅ ရာခိုင်နှုန်းသုံးထား

    ယူကရိန်းကျူးကျော်စစ်တွင် ရုရှားက စစ်အင်အား ၇၅ ရာခိုင်နှုန်းသုံးထား

    မတ် ၁၊ ၂၀၂၂
    M-Media

    ကိဗ်ကို ချီတက်လာသည့် ရုရှားစစ်ယာဥ်တန်း)

    -ယူကရိန်းကို ကျူးကျော်မှုမှာ ရုရှားက စစ်အင်အားရဲ့ ၇၅ ရာခိုင်နှုန်းအထိ အသုံးပြုလာတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ရုရှားဟာ ယူကရိန်းကို တိုက်ခိုက်နေတာ ၆ ရက်မြောက်ရှိလာပြီဖြစ်ပါတယ်။ အစပိုင်းက စစ်အင်အားရဲ့ ၄၀ ရာခိုင်နှုန်းကိုသာ ပို့ခဲ့ပေမယ့် အခုအချိန်မှာတော့ ၇၅ ရာခိုင်နှုန်းလောက် အသုံးပြုနေတယ်လို့ အမေရိကန် ကာကွယ်ရေး၀န်ကြီးဌာန ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    တိကျမှုအားနည်းပြီး ထိခိုက်မှု ပြင်းထန်တဲ့ grad ဒုံးကျည်တွေ၊ အဆင့်ဆင့် ပေါက်ကွဲတဲ့ cluster ဗုံးတွေကို အသုံးပြုပြီး အရပ်သားတွေနေထိုင်တဲ့နေရာကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အထူးသဖြင့် ရုရှားထိုးစစ်ကြီးမားတဲ့ ယူကရိန်းအရှေ့မြောက်ပိုင်းက ဒုတိယမြို့တော် ခါကစ်ဗ်မှာပါ။

    မြို့တော်ကိဗ်ကို သိမ်းဖို့ ရုရှားက ကြိုးစားနေပေမယ့် ယူကရိန်းတပ်ဖွဲ့တွေက အပြင်းအထန် ခုခံထားနိုင်ပါတယ်။ တင့်ကားတွေ၊ အမြောက်တွေ၊ လက်နက်တပ်ယာဥ်တွေ ပါ၀င်တဲ့ ယာဥ်တန်းရှည်ကြီး တစ်ဖြည်းဖြည်းနဲ့ နီးကပ်လာတဲ့ ပုံတွေကိုလည်း နိုင်ငံတကာ သတင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။

    အဂ်ါနေ့က ရုရှားနဲ့ ယူကရိန်းတို့အကြား ဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် တိကျတဲ့ ရလဒ်တော့ မရခဲ့ပါဘူး။

    Ref: BBC

  • ဆော်ဒီအာရေဗျကို အလုပ်သမားစေလွှတ်ရန် ထိုင်း ပြင်ဆင်

    ဆော်ဒီအာရေဗျကို အလုပ်သမားစေလွှတ်ရန် ထိုင်း ပြင်ဆင်

    မတ် ၁၊ ၂၀၂၂
    M-Media


    -နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် ဆော်ဒီအာရေဗျကို အလုပ်သမားတွေစေလွှတ်ဖို့ ထိုင်းနိုင်ငံက ပြင်ဆင်နေပါတယ်။

    အလုပ်သမားစေလွှတ်နိုင်ရေး ဥပဒေမူကြမ်းနှစ်ခုကို ထိုင်းအစိုးရအဖွဲ့က အဂ်ါနေ့မှာ အတည်ပြုခဲ့ပြီး အဲဒီအထဲမှာ ဆော်ဒီအာရေဗျဖက်က အလုပ်သမားနဲ့ အလုပ်ရှင်တို့ရဲ့ အခွင့်အရေးကို ကာကွယ်ပေးရေး ပါ၀င်တယ်လို အစိုးရပြောရေးဆိုခွင့်ရှိသူ Thanakorn Wangboonkongchana က ပြောပါတယ်။

    “ဒါဟာ ထိုင်း-ဆော်ဒီ စီးပွားရေးဆက်ဆံမှု အားကောင်းစေရေး၊ အရှေ့အလယ်ပိုင်းမှာ ထိုင်းအလုပ်သမားစျေးကွက် ချဲ့ထွင်နိုင်ရေး ခေတ်သစ်တစ်ခု ဖြစ်လာမှာပါ”

    ဇန်န၀ါရီလ ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဆော်ဒီအာရေဗျနိုင်ငံကို သွားရောက်မှုအတွင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနဲ့ ကုန်သွယ်ရေး ပြန်လည်တည်ဆောက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

    ၁၉၈၉ ခုနှစ်မှာ ထိုင်းသန့်ရှင်းရေး၀န်ထမ်းတစ်ဦးက ဆော်ဒီတော်၀င်မင်းသားတစ်ဦး နေအိမ်က ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိတဲ့ စိန်ရွှေလက်၀တ်ရတနာတွေ ခိုးယူမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ တင်းမာမှုတွေဖြစ်ကာ ဆက်ဆံရေး ပြတ်တောက်သွားတာ ဖြစ်ပါတယ်။

    အဲဒီကိစ္စနောက်ဆက်တွဲ ထိုင်းနိုင်ငံမှာ ဆော်ဒီသံတမန် ၃ ဦး တစ်ညတည်း သီးခြားစီ လုပ်ကြံခံလိုက်ရပြီး၊ ပျောက်ဆုံးသွားတဲ့ လက်၀တ်ရတနာ တော်တော်များများကိုလည်း ပြန်မရခဲ့ပါဘူး။ ဒီကိစ္စမှာ ထိုင်းရဲတပ်ဖွဲ့က ထိပ်တန်းရဲချုပ်တွေ ပါ၀င်နေတယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။

    ဆက်ဆံရေးပြတ်တောက်မှုကြောင့် ထိုင်းနဲ့ ဆော်ဒီအာရေဗျ နှစ်နိုင်ငံစလုံးဟာ ကုန်သွယ်ရေးနဲ့ ခရီးသွားလာရေးလုပ်ငန်းမှာ ကန်ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးခဲ့ပါတယ်။


    Ref: CNA

  • တယ်လီနောလုပ်ငန်း ရောင်းချမှုတွင် ဒေါ်လာ သန်း ၁၀၀ လွှဲပြောင်းပေးရေးလည်း ပါ၀င်

    တယ်လီနောလုပ်ငန်း ရောင်းချမှုတွင် ဒေါ်လာ သန်း ၁၀၀ လွှဲပြောင်းပေးရေးလည်း ပါ၀င်

    မတ် ၂၊ ၂၀၂၂
    M-Media

    -နော်၀ေ ဆက်သွယ်ကုမ္ပဏီ Telenor က မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ ဆက်သွယ်ရေးလုပ်ငန်းကို ရောင်းချရာမှာ မြန်မာဘဏ်တွေမှာ သိမ်းဆည်းထားတဲ့ ကန်ဒေါ်လာ သန်း ၁၀၀ လွှဲပြောင်းပေးဖို့လည်း ပါ၀င်တယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ ရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဒီကနေ့မှာ ဖော်ပြပါတယ်။

    အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်ရင် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှု ဒဏ်ကို ခံရမှာ၊ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကိုတောင်းတာ၊ ကြားဖြတ်နားထောင်တဲ့ ဆော့ဖ်၀ဲ တပ်ဆင်တာလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ဆောင်ခိုင်းတာ၊ ၀န်ထမ်းတွေရဲ့ လုံခြုံရေးကို စိုးရိမ်ရတာတွေကြောင့် မြန်မာနိုင်ငံက ဆက်သွယ်ရေးလုပ်ငန်း ‘တယ်လီနောမြန်မာ’ ကို ရောင်းချတော့မယ်လို့ Telenor က ပြီးခဲ့တဲ့နှစ်မှာ ကြေငြာခဲ့ပါတယ်။

    အစပိုင်းက လက်ဘနွန်အခြေစိုက် M1 ကုမ္ပဏီကို ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချမယ်လို့ ပြောခဲ့ပေမယ့် စစ်ကောင်စီက သူတို့နဲ့ နီးစပ်တဲ့ ‘ရွှေဗျိုင်းဖြူ ကုမ္ပဏီ’ နဲ့ ပူးတွဲ၀ယ်ယူဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီအထဲက ၅၅ သန်းကို ချက်ခြင်းပေးချေရမှာ မဟုတ်ဘဲ နောက်ထပ် ၅ နှစ်အတွင်း ပေးချေရမှာ ဖြစ်ပါတယ်။

    ဒီအရောင်းအ၀ယ်နဲ့ နီးစပ်သူ ၃ ဦးက မြန်မာဘဏ်တွေမှာ အပ်နှံထားတဲ့ တယ်လီနောရဲ့ ၀င်ငွေ သန်း ၁၀၀ ကို ပိုင်ရှင်အသစ်တွေထံ လွှဲပြောင်းပေးရေးလည်း သဘောတူညီချက်မှာ ပါ၀င်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒီအချက်ဟာ Telenor က မြန်မာနိုင်ငံကနေ အလျင်အမြန်ထွက်သွားဖို့ ကြိုးစားနေမှုကို မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်။

    လက်ရှိမှာ ဒီအရောင်းအ၀ယ်ကို စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဌာနက အတည်ပြုထားပြီး၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဌာနရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။

    အခုပေါက်ကြားလာတဲ့ ဒေါလာ သန်း ၁၀၀ ကိစ္စကို Telenor က ဖြေကြားဖို့ ငြင်းဆန်ခဲ့ပြီး M1 ကုမ္ပဏီကလည်း ဒါဟာ အခြေအမြစ်မရှိတဲ့စကားဖြစ်တယ်လို့ ပြောကြားတုန့်ပြန်ခဲ့ပါတယ်။ ရွှေဗျိုင်းကုမ္ပဏီကလည်း ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

    Ref: Reuters

  • မတ်လ ၅ ရက်နောက်ပိုင်း မီးမပြတ်တော့ဟု နိုင်ငံ့ခေါင်းဆောင် ကတိပေး

    မတ်လ ၅ ရက်နောက်ပိုင်း မီးမပြတ်တော့ဟု နိုင်ငံ့ခေါင်းဆောင် ကတိပေး

    မတ် ၃၊ ၂၀၂၂
    M-Media

    -မတ်လ ၅ ရက်နေ့နောက်ပိုင်း မီးပြတ်တာတွေ ထပ်ဖြစ်တော့မှာမဟုတ်ဘူးလို့ သီရိလက်ာသမ္မတက ဂိုတာဘာယာ ရာဂျာပက်ဆာက ကတိပြု ပြောကြားလိုက်ပါတယ်။

    ဓာတ်အားပေးစက်ရုံတွေမှာ အသုံးပြုဖို့ လောင်စာဆီ၀ယ်ယူရေး အစိုးရမှာ ငွေကြေးအလုံအလောက် မရှိတဲ့အတွက် သီရိလက်ာနိုင်ငံတစ်၀ှမ်း ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ နိုင်ငံအတွင်း လောင်စာဆီ မလုံလောက်တာကြောင့် ဆီဆိုင်တွေမှာ လူတန်းရှည် စီနေရမှုဟာ တစ်လလောက်ရှိနေပါပြီ။

    သမ္မတ ဂိုတာဘာယာရဲ့ ထုတ်ပြန်ချက်မှာ မတ်လ ၅ ရက်နေ့နောက်ပိုင်း နိုင်ငံတစ်၀ှမ်း ဓာတ်အားပြတ်တောက်မှုရှိတော့မှာ မဟုတ်ဘဲ၊ ဆီဆိုင်တွေမှာလည်း ၄ ရက်နေ့ကနေစတင်ပြီး လောင်စာဆီ အပြည့်အ၀ ရရှိလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

    နိုင်ငံရဲ့ လောင်စာဆီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် သီရိလက်ာဟာ တစ်လကို ကန်ဒေါ်လာ သန်း ၅၀၀ လောက် လိုအပ်နေတာဖြစ်ပါတယ်။ ဗဟိုဘဏ်က လိုအပ်နေတဲ့ ငွေကြး ထုတ်ပေးမှုကို ရပ်ဆိုင်းထားတဲ့အတွက် လောင်စာဆီ၀ယ်ယူရေး အခက်အခဲ ဖြစ်နေတာပါ။

    အစိုးရက ဘယ်လိုစီမံထားလဲဆိုတဲ့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို သီရိလက်ာ စွမ်းအင်၀န်ကြီးဌာနက ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

    သီရိလက်ာနိုင်ငံ ဓာတ်အားပေးစက်ရုံတွေရဲ့ သုံးပုံတစ်ပုံဟာ လောင်စာဆီနဲ့ လတ်ပတ်တာဖြစ်ပြီး၊ ကျန်တာတွေက ကျောက်မီးသွေး၊ ရေအားနဲ့ လည်ပတ်တာမျိုး ဖြစ်ပါတယ်။

    Ref: Reuters