News @ M-Media

Blog

  • ချယ်ဆီးပွဲက ဗန်ဂါးလ်အတွက် နောက်ဆုံးဖြစ်မည်ဟု သတင်းများထွက်ပေါ်

    ချယ်ဆီးပွဲက ဗန်ဂါးလ်အတွက် နောက်ဆုံးဖြစ်မည်ဟု သတင်းများထွက်ပေါ်

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    man u

    – ယနေ့ညတွင် အိုးထရက်ဖို့ဒ်၌ကစားမည့် ချယ်ဆီးနှင့်ပွဲတွင် အနိုင်ရရှိပါကလည်း ဗန်ဂါးလ်မှာ မန်ယူနှင့် လမ်းခွဲတော့မည်ဟု The Telegraph သတင်းစာက ဖော်ပြခဲ့သည်။

    မန်ယူမှာ နောက်ဆုံး ၇ ပွဲတွင် အနိုင်ရရှိခဲ့ခြင်းမရှိဘဲ၊ ပြိုင်ပွဲအားလုံးတွင် နောက်ဆုံး ၄ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သည်။ ပြီးခဲ့သည့် Boxing Day တွင် စတုတ်စီးတီးအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းက ဗန်ဂါးလ်၏ အခြေအနေကို အဆိုးဆုံးသို့ ရောက်ရှိခဲ့သည်။

    နည်းပြသစ်ဂူစ်ဟစ်ဒင့်၏ ချယ်ဆီးအသင်းနှင့်ပွဲမှာ ဗန်ဂါးလ်၏ ၁၈ လကြာ နည်းပြသက်တမ်းကို အဆုံးသတ်စေမည်ဟု သတင်းများထွက်ပေါ်နေပြီး ဗန်ဂါးလ်ကိုယ်တိုင် နှုတ်ထွက်မည်လား၊ အသင်းက ထုတ်ပယ်မည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    The Telegraph ကမူ မန်ယူ၏ အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌဖြစ်သူ အက်ဒ်ဝုဒ်ဝါ့ဒ်က ဗန်ဂါးလ်အား ထောက်ခံသည်ဟု ထည့်သွင်းဖော်ပြခဲ့သော်လည်း လာမည့်နာရီများတွင် မည်သည့်အပြောင်းအလဲမဆို ဖြစ်သွားနိုင်သည်ဟု ဆိုသည်။

    Ref: Goal

  • တရုတ်နိုင်ငံက အငြင်းပွားဖွယ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်း

    တရုတ်နိုင်ငံက အငြင်းပွားဖွယ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်း

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    china

    – နည်းပညာကုမ္ပဏီများမှာ ရုပ်ဖျက်ထားသည့် မှတ်တမ်းများကဲ့သို့ အရေးပါသော အချက်အလက်များကို အစိုးရအား လွှဲပြောင်းပေးအပ်ရန် လိုအပ်ပြီး အကြမ်းဖက်မှုကို တန်ပြန်စစ်ဆင်နိုင်ရန် စစ်တပ်အား ပြည်ပသို့စေလွှတ်ခြင်းကို ခွင့်ပြုထားသည့် အငြင်းပွားဖွယ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေသစ်ကို တရုတ်ပါလီမန်က ယမန်နေ့တွင် အတည်ပြုလိုက်သည်ဟု သိရသည်။

    တရုတ်အစိုးရကမူ ၎င်းတို့တိုင်းပြည်တွင် စစ်သွေးကြွများနှင့် ခွဲထွက်ရေးသမားများ တဖြည်းဖြည်း များပြားလာခြင်းနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားထားသည်။ အဆိုပါဥပဒေသည် လွတ်လပ်စွာပြောဆိုခွင့်ကဲ့သို့သော လူ့အခွင့်အရေးများကို ချိုးဖောက်နိုင်သည့်အပြင် အင်တာနက်လွတ်လပ်ခွင့်ကိုလည်း ထိပါးလာနိုင်သောကြောင့် အနောက်နိုင်ငံများက အထူးစိုးရိမ်လျက် ရှိနေကြသည်။

    အမေရိကန်သမ္မတ အိုဘားမားကလည်း ထိုဥပဒေနှင့်ပတ်သက်၍ စိုးရိမ်မှုများ ရှိနေကြောင်း တရုတ်သမ္မတ ဇီဂျင်ပင်းကို တိုက်ရိုက် ပြောကြားထားဖူးသည်။

    သို့သော်လည်း ထိုဥပဒေမှာ နည်းပညာကုမ္ပဏီများ၏ ပုံမှန်ဆောင်ရွက်ချက်များကို ထိခိုက်စေမည်မဟုတ်ဘဲ အသိဥာဏ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ဆုံးရှုံးမှု သို့မဟုတ် မရိုးသားသည့် ကိစ္စများလည်း ပါဝင်မည်မဟုတ်ဟု လွှတ်တော်ရာဇ၀တ်မှုရေးရာဌာနမှ အကြီးအကဲ လီရှောင်ဝေက ပြောကြားခဲ့သည်။

    ဇူလိုင်လကပြဌာန်းခဲ့သော တရုတ်နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေး ဥပဒေတွင် သတင်းအချက်အလက်နှင့် ပတ်သက်သည့် အဓိက အခြေခံအဆောက်အဦးများနှင့် သတင်းအချက်အလက်စနစ်များမှာ လုံခြုံ၍ ထိန်းချုပ်နိုင်သည့်အနေအထားတွင် ရှိရန် လိုအပ်သည်ဟု ဖော်ပြထားသည်။

    ယခုပြဌာန်းလိုက်သည့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကိုလည်း ပြည်ပစစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်ရန် ခွင့်ပြုထားသည်။ သို့သော်လည်း ကျွမ်းကျင်သူများကမူ ထိုသို့ ပါဝင်ခြင်းက လက်တွေ့နှင့် သံတမန်ရေးဆိုင်ရာပြဿနာများ ကြုံတွေ့ရနိုင်သည်ဟု သတိပေးထားသည်။

    ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ အကြမ်းဖက်မှုဆန့်ကျင်ရေးဌာနခွဲမှ ခေါင်းဆောင် အန်ဝေကျင်းက တရုတ်နိုင်ငံမှာ အကြမ်းဖက်သမားများ အထူးသဖြင့် အရှေ့တာကက်စတန် တပ်ဖွဲ့များ၏ ခြိမ်းခြောက်မှုကို ခံနေရသည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေသစ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများကို အသေးစိတ်မတင်ပြရန် မီဒီယာကို ကန့်သတ်ထားသည်။ ပုံစံတူလိုက်လုပ်လာနိုင်သည့်အတွက် အကြမ်းဖက်ရေးလှုပ်ရှားမှုများကို မီဒီယာနှင့် လူမှုကွန်ယက်များတွင် မရေးသားရန်အပြင် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သည့် ပြကွက်များကိုလည်း မပြသရန် တားမြစ်ထားသည်။

    Ref: Reuters

  • သတင်းအမှားကို ဘာသာရေးနွယ်ပြီး တိုက်ခိုက်ရေးသားထားမှု ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့် ထပ်ဆင့်ဖြန့်ဝေ

    သတင်းအမှားကို ဘာသာရေးနွယ်ပြီး တိုက်ခိုက်ရေးသားထားမှု ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့် ထပ်ဆင့်ဖြန့်ဝေ

    786 and U Ko Ni
    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား အမုန်းစကားများဖြင့် တိုက်ခိုက်ရေးသားမှုများ ပြုလုပ်နေသည့် “Chit”(ကိုရင်လူထွက် ငပိချက်)  အမည်ဖြင့် Facebook တွင် ရေးသားထားသည့် ဘာသာရေး နှင့် ဆက်နွယ်ပြီး တိုက်ခိုက်ထားမှု ပိုစ်တခုအား ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်မှ ထပ်ဆင့် ဖြန့်ချိခဲ့သည့်ကို တွေ့ရှိရပါသည်။

    ref:
    https://www.facebook.com/ohnmyintmlfrd/posts/459875867543338
    https://www.facebook.com/maung.maung.56614/posts/484697498379526

  • အစ္စရေး၏ လူမဆန်မှုကို အံတုနေကြသည့် ဂါဇာမှ ပါလက်စတိုင်းခရစ်ယာန်များ

    အစ္စရေး၏ လူမဆန်မှုကို အံတုနေကြသည့် ဂါဇာမှ ပါလက်စတိုင်းခရစ်ယာန်များ

    ဒီဇင်ဘာ ၂၇၊ ၂၀၁၅
    M-Media
    church

    – ဂါဇာမှ နှစ်ပေါင်း ၁၆၀၀ သက်တမ်းရှိပြီဖြစ်သည့် စိန့် ပေါ်ဖိုင်ရီးစ် ခရစ်ယာန်ဘုရားကျောင်းတွင် ရှိနေကြသည့် ၀တ်ပြုဆုတောင်းသူများဘက်သို့ ဂိုဏ်းအုပ်ဘုန်းတော်ကြီးက မျက်နှာလှည့်လိုက်သည့်အချိန်တွင် ခုံတန်းများတွင် ထိုင်နေကြသော ၀တ်ပြုသူများက တစ်ညီတစ်ညွတ်တည်း မတ်တတ်ထရပ်ကြသည်။

    စက္ကန့်အနည်းငယ်အကြာတွင် ဘုန်းတော်ကြီးက အနောက်ပြန်လှည့်သည့်အခါတွင်တော့ ၀တ်ပြုသူများမှာ သစ်သားခုံတန်းများတွင် အစဉ်လိုက် ပြန်၍ ထိုင်ကြလေသည်။ ဂါဇာမှ ရာပေါင်းများစွာသော ခရစ်ယာန်များမှာ အဆိုပါ ဘုရားကျောင်းတွင် ပြွတ်သိပ်ကြပ်ညပ်နေပြီး ၎င်းတို့၏ ဓမ္မတေးသီဆိုမှု၊ ဘုရားဝတ်ပြုမှုနှင့် လှုပ်ရှားသွားလာမှုများက ရှေးဟောင်း အစီအစဉ်အတိုင်းပင် ဖြစ်လေသည်။

    ဘုရားကျောင်း၏ အတွင်းဘက်တွင်တော့ သူတော်စဉ်များ၊ သမ္မာကျမ်းစာတွင် ပါရှိသည့် အကြောင်းအရာများအား အ၀တ်ပေါ်တွင် ပိုးသားဖြင့်ထိုးထားသည့် ပိတ်ကားတန်းများဖြင့် ဆင်ယင်ချယ်သထားသည်။ လူလျှောက်လမ်းနှင့် နံရံများတွင် ဖယောင်းတိုင်များကို ထွန်းညှိထားပြီး ရာစုနှစ်ပေါင်းများစွာ ကြညောင်းနေပြီဖြစ်သည့် အနုပညာလက်ရာများမှာ ထိုအလင်းရောင်ကြောင့် သက်ဝင်လှုပ်ရှားသကဲ့သို့ ရှိနေလေ၏။

    ယခုခရစ္စမတ်ကာလမှာ ဂါဇာဒေသမှ ခရစ်ယာန်များအပါအ၀င် ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်အားလုံးအတွက် နှစ်တစ်နှစ်တွင် အထူးခြားဆုံး အချိန်ကာလဖြစ်သည်။

    ကမ္ဘာ့ခရစ်ယာန်များက ခရစ္စမတ်ပွဲတော်အား ပျော်ရွှင်စွာ ဆင်နွှဲနေချိန်တွင် အစ္စရေးက ပိတ်ဆို့ထားသော ဂါဇာကမ်းမြှောင်ရှိ ခရစ်ယာန်ဘာသာဝင်များကတော့ နေ့စဉ်ဘ၀ ရုန်းကန်ကြိုးစားနေရမှုမှ ငြိမ်းအေးမှုရှာဖွေရန် အချိန်ကာလအဖြစ် မှတ်ယူကြလေသည်။

    စိန့် ပေါ်ဖိုင်ရီးစ် ခရစ်ယာန်ဘုရားကျောင်းကြီးတွင် ၀တ်ပြုမှုများ၊ ဆုတောင်းမှုများက ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်ဘုရောင်းများတွင် ပြုလုပ်သည့်အတိုင်းပင် ဖြစ်လေသည်။

    သို့သော်လည်း ထိုဘုရားကျောင်းမှ လူများရှုပ်ထွေနေသည့် ဂါဇာရှိလမ်းမများပေါ်သို့ ခြေချလိုက်သည့်အခါတွင်တော့ ဂါဇာပြည်သူများဖြစ်သော မွတ်စလင်များ၊ ခရစ်ယာန်များ နိစ္စဓူဝ ကြုံတွေ့နေရသော ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ထင်းကနဲ ရှင်းကနဲ မြင်တွေ့ရမည်ဖြစ်ပေသည်။

    အချို့သော ခရိုင်များတွင် အိမ်များမှာ ၂၀၁၄ ခုနှစ် နွေရာသီက အစ္စရေ၏ ဗုံးကြဲမှုကြောင့် အုတ်ပုံများအဖြစ် ပြောင်းလဲနေသည်ကို တွေ့ရပေမည်။ ရက်ပေါင်း ၅၀ ကြာမြင့်ခဲ့သည့် အဆိုပါဗုံးကြဲမှုနှင့် မြေပြင်တပ် တစ်စိတ်တစ်ပိုင်းဖြင့် ၀င်ရောက်ကျူးကျော်တိုက်ခိုက်မှုက ဂါဇာပြည်သူများ ၈၀ ရာခိုင်နှုန်းအား ဆင်းရဲတွင်း နက်စေခဲ့လေသည်။

    အစ္စရေးက ဂါဇာကမ်းမြှောင်အား ပိတ်ဆို့ထားမှုကလည်း လွတ်လပ်စွာ လှုပ်ရှားသွာလာမှုနှင့် ကုန်ပစ္စည်းစီးဆင်းမှုကို ပြတ်တောက်လုမတတ် ဖြစ်စေသည်။ ဂါဇာတွင် အလုပ်လက်မဲ့နှုန်းက ၄၃ ရာခိုင်နှုန်းအထိ ရှိနေပြီး လူငယ်များ၏ ၆၀ ရာခိုင်နှုန်းမှာ အလုပ်အကိုင်မရှိဘဲ ကမ္ဘာပေါ်တွင် လူငယ်များ အလုပ်လက်မဲ့နှုန်း အမြင့်မားဆုံးဟု ယခုနှစ်စောပိုင်းတွင် ကမ္ဘာ့ဘဏ်မှထုတ်ပြန်သော ကြောငြာချက်၌ ဖော်ပြထားသည်။

    ယခုကဲ့သို့ အခြေအနေများ၊ ပိတ်ဆို့မှုများဖြင့် စခန်းသွားနေရပါက ၂၀၂၀ ခုနှစ်အရောက်တွင် ဂါဇာကမ်းမြှောင်မှာ လုံးဝ ရပ်တည်နိုင်တော့မည်မဟုတ်ဟု ကုလသမဂ္ဂက ပြောဆိုထားလေသည်။

    “ကျွန်တော်တို့အတွက်တော့ ခရစ္စမတ်ဟာ မိသားစုနဲ့အတူတကွရှိဖို့၊ ကျွန်တော်တို့ရဲ့ ဘာသာတရားကို ကျင့်သုံးဖို့ အမြဲတမ်း အရေးပါတဲ့အချိန် ဖြစ်ပါတယ်။ အထူးသဖြင့် ဒီလို ခက်ခဲကြပ်တည်းနေတဲ့အချိန်မှာ ခရစ္စမတ်အခါသမယက ကျွန်တော်တို့ကို အင်အားတွေ ပေးပါတယ်။ ဒါပေမယ့် ဂါဇာက ကျွန်တော်တို့ရဲ့ အခြေအနေကိုတော့ ကျွန်တော်တို့ မမေ့ပါဘူး။ ခရစ်ယာန်ဖြစ်ဖြစ်၊ မွတ်စလင်ဖြစ်ဖြစ်၊ လူကြီးလူငယ် အားလုံးဟာ ဒီအခြေအနေကြောင့် ထိခိုက်ခံစားနေကြရပါတယ်” ဟု စိန့် ပေါ်ဖိုင်ရီးစ် ဘုရားကျောင်းသို့ လာရောက်၍ ၀တ်ပြုဆုတောင်းသူ မီခေးလ် တာရာဇီက ပြောကြားခဲ့သည်။

    လွန်ခဲ့သည့် နှစ်အနည်းငယ်က ဂါဇာတွင် ခရစ်ယာန်ဦးရေ ၃၀၀၀ ၀န်းကျင် ရှိခဲ့သော်လည်း ယခုအချိန်တွင်တော့ ၁၂၀၀ ခန့်သာ ရှိတော့လေသည်။ အခြားနေရာတွင် ပိုမိုကောင်းမွန်သော ဘ၀တစ်ခု ရရှိရေးအတွက် ဂါဇာအားစွန့်ခွာရန် မည်သည့်အခွင့်အရေးကိုမဆို စောင့်ဆိုင်းနေကြသောကြောင့် ခရစ်ယာန်လူဦးရေမှာ ဆက်လက်လျော့ကျဖို့သာ ရှိနေ၏။

    နေအိမ်များတွင် ပြင်ဆင်ချယ်သခြင်း၊ မိသားစုများ စုစည်းခြင်းနှင့် ခရစ္စမတ်ပွဲတော်များကို အပြည့်အ၀ ဆင်နွှဲကျင်းပခြင်းများ ရှိနေသော်လည်း ပါလက်စတိုင်းခရစ်ယာန်များမှာ ၎င်းတို့၏ အခြေအနေဆိုးကို မေ့လျော့မည်မဟုတ်ဟု အာရဘီနှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာ ဟန်နာ ဂါကစ်က ပြောကြားခဲ့လေသည်။ ပွဲတော်ကာလက ဂါဇာခရစ်ယာန်များအတွက် ခဏတာငြိမ်းအေးမှုကို ရရှိစေသော်လည်း တော်လှန်မှုအတွက် အားလျော့သွားမည်မဟုတ်ဟု သင်းအုပ်ဆရာက ထပ်လောင်းပြောကြားခဲ့သည်။

    နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြဿနာများ၊ အစ္စရေးက ပိတ်ဆို့ထားမှုကို ရင်ဆိုင်နေရသည့် အခြေအနေများတွင် ပွဲတော်ရက်များအတွင်း ဘာသာတရားအဆုံးအမကို လိုက်နာကျင့်သုံးခြင်းက ၎င်းတို့၏ အားတင်းမှု ပုံစံ ဖြစ်နေလေ၏။

    “ခက်ခဲကြမ်းတဲ့တဲ့ အခြေအနေမျိုးတွေမှာ တတ်နိုင်သလောက် ဘ၀ကို ဆက်လက်ရှင်သန်နေဖို့ဟာ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ပြီးတော့ ဒါဟာ အစ္စရေးက ကျွန်တော်တို့ကို ချိုးနှိမ်လို့မရဘူးဆိုတာကို ပြသတာလည်းဖြစ်ပါတယ်” ဟု ဟန်နာဂါကစ်က ထည့်သွင်းပြောကြားခဲ့သည်။

    အီဂျစ်နိုင်ငံသားတစ်ဦးဖြစ်သော ဂါကစ်မှာ ဂါဇာသို့ ၂၀၁၁ ခုနှစ်တွင် ရောက်ရှိလာသူဖြစ်သည်။ သူက ကမ္ဘာပေါ်တွင် အချို့တဲ့ဆုံးသောဒေသ၌ အမှုတော်ထမ်းရွက်သွားမည်ဟု ဘုရားသခင်အား ကတိပေးထားသည်ဟု ဆိုသည်။

    “ဂါဇာကိုလာရောက်ခဲ့ခြင်းဟာ ကျွန်တော်တို့ရဲ့ ကတိက၀တ်ကို ဖြည့်ဆည်းလိုက်တာပါပဲ”

    ဂါဇာသို့ရောက်ပြီးနောက် ဂါကစ်မှာ ၀တ်ပြုရန်လာရောက်ကြသူများ၏ မိသားစုများအား စာရင်းပြုစုခဲ့သည်။ ဂါဇာတွင် ခရစ္စမတ်ပွဲတော်ကျင်းပကြသည့် ခရစ်ယာန်များ၏ ဇာတိမှာ ဂါဇာမဟုတ်။ ပါလက်စတိုင်းပိုင်နက်၌ ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံ ထူထောင်သည့်အချိန် ၎င်းတို့၏ နေအိမ်များမှ ဂျူးများ၏ မောင်းထုတ်ခြင်းခံရကာ ဂါဇာသို့ ဒုက္ခသည်အဖြစ် ရောက်ရှိလာကြသော ခရစ်ယာန်များမှ ဆင်းသက်လာသူများသာဖြစ်သည်။

    ရှေ့လာမည့် ခရစ္စမတ်ပွဲတော်များကို ဂါဇာရှိခရစ်ယာန်များက ဆက်လက်ဆင်နွှဲနေမည်ဖြစ်သော်လည်း ထိုပွဲတော်အား ၎င်းတို့၏ ဇာတိချက်ကြွေတွင်ပင် ဆင်နွှဲခွင့်ရှိသင့်သည်ဆိုသော ခံယူချက်များက ၎င်းတို့ရင်ထဲတွင် ကိန်းဝပ်နေလေသည်။

    “ဒီမိသားစုတွေလိုပဲ ပါလက်စတိုင်းပြည်သူတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ အရင်က သူတို့ရဲ့အိမ်တွေကနေ မောင်းထုတ်ခြင်း ခံခဲ့ရတယ်။ အခုအချိန်မှာလည်း အစ္စရေးရဲ့ ကျူးကျော်ပိတ်ဆို့မှုကြောင့် ပြည်သူတွေက လူချင်းတူတူ သူချင်းမျှမျှ မနေရပါဘူး။ သူတို့မှာ ဘာအခွင့်အရေးမှ မရှိဘူး။ သူတို့ရဲ့ဇာတိကို သူတို့ ပြန်ချင်ကြတယ်။ သူတို့မြေကို သူတို့ပြန်ဖို့လည်း သူတို့မှာ အခွင့်အရေးရှိပါတယ်” ဟု ဂါကစ်က ဆိုသည်။

    “အပြင်ကလူတွေကတော့ (ပါလက်စတိုင်းပြဿနာဟာ) မွတ်စလင်တွေနဲ့ ဂျူးတွေရဲ့ ဘာသာရေးပြဿနာလို့ ထင်ကောင်းထင်ကြမယ်။ အစ္စရေးက ဒါမျိုးဖြစ်အောင် ပုံသွင်းနေတာကြောင့် တစ်ချို့ကလည်း ဒီလိုပဲမြင်ကြပါတယ်။ ဒါပေမယ့် အဲဒီလိုမဟုတ်ဘူးဗျ။ ပါလက်စတိုင်းတွေက သူတို့ရဲ့မြေကနေ အတင်းအဓမ္မ မောင်းထုတ်ခံလိုက်ရတာ” ဟု အဆိုပါ သင်းအုပ်ဆရာက ထည့်သွင်းပြောကြားခဲ့သည်။

    အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင်နက်များရှိ ခရစ်ယာန်များကတော့ ကမ္ဘာကြီးက ၎င်းတို့နှင့် အခြားသော ပါလက်စတိုင်းပြည်သူများကို လစ်လျူရှုထားကြသည်ဟု ခံယူထားကြလေသည်။

    ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများနှင့် ခရစ်ယာန်များက ခရစ္စမတ်ပွဲတော် ဆင်နွှဲသည့်အချိန်၊ ခရစ်တော်မွေးဖွားရာ ဘက်သလီဟမ်ကဲ့သို့ ပါလက်စတိုင်းမြို့များတွင် ပျော်ရွင်စွာ ဓာတ်ပုံများရိုက်ကူးခြင်း၊ မြူးမြူးကြွကြွသီချင်းများ သီဆိုခြင်းဖြင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေကြချိန်တွင် တာရာဇီကဲ့သို့ ဂါဇာမှ ခရစ်ယာန်များမှာမူ ထိုအခွင့်အရေးမျိုး မရကြ။

    “ပါလက်စတိုင်းပြည်သူတစ်ယောက်အနေနဲ့၊ ပါလက်စတိုင်းခရစ်ယာန်တစ်ယောက်အနေနဲ့ အမေရိကန်တွေ၊ ဥရောပသားတွေကို ပြောချင်တာက “ကျွန်တော်တို့မှာ ဘာအခွင့်အရေးမှ မရှိဘူး” ဆိုတာပါပဲ။ ဂါဇာမှာ ကျွန်တော်တို့ဟာ နောက်ထပ်စစ်ဖြစ်မှာကို ကြောက်ရွံ့နေတယ်။ ကလေးအတွက်လည်း အလုပ်မရှိဘူး။ ဘ၀ဆိုတာလည်း မရှိပါဘူး။ ဒီအခြေအနေအတွက် အဖြေရှာရေး၊ ငြိမ်းချမ်းရေးမှာ ကူညီဖို့ လူတွေလိုအပ်တယ်။ ဒါကသာ ပါလက်စတိုင်းပြည်သူတွေဖြစ်တဲ့ ဒီကခရစ်ယာန်တွေ၊ မွတ်စလင်တွေနဲ့ အစ္စရေးနိုင်ငံသားတွေနဲ့ လူတိုင်းအတွက် အကူအညီ ဖြစ်စေပါလိမ့်မယ်” ဟု တာရာဇီက ထည့်သွင်းပြောကြားခဲ့လေသည်။

    (Aljazeera သတင်းဌာနမှ ဖော်ပြသည့် Gaza’s Christians : Israel can’t beat us down ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • တရုတ်၏ ကလေးတစ်ယောက်ပေါ်လစီ တရားဝင်အဆုံးသတ်

    တရုတ်၏ ကလေးတစ်ယောက်ပေါ်လစီ တရားဝင်အဆုံးသတ်

    ဒီဇင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    china

    – တရုတ်နိုင်ငံမှာ အိမ်ထောင်ရှင်များတွင် ကလေးနှစ်ဦးယူခွင့်ပြုသည့် ဥပဒေကို ယနေ့တွင် လက်မှတ်ရေးထိုးကာ တစ်အိမ်ထောင် ကလေးတစ်ယောက်စနစ်အား တရားဝင် ဖျက်သိမ်းလိုက်သည်ဟု သိရသည်။

    နိုင်ငံအတွင်း သက်ကြီးရွယ်အိုများ များပြားလာခြင်း၊ အမျိုးသား၊ အမျိုးသမီး ကွာဟချက် ကြီးမားလာခြင်းနှင့် အလုပ်လုပ်နိုင်သည့် အရေအတွက် နည်းပါးလာခြင်းတို့ကြောင့် ၁၉၇၀ ပြည့်နှစ်ကတည်းက ချမှတ်ကျင့်သုံးခဲ့သည့် တစ်အိမ်ထောင် ကလေးတစ်ယောက်ပေါ်လစီကို ဖျက်သိမ်းရန် ပြီးခဲ့သည့် အောက်တိုဘာက အာဏာရ ကွန်မြူနစ်ပါတီမှ ကြေငြာခဲ့သည်။

    ယခုဥပဒေ၌ တစ်အိမ်ထောင်လျှင် ကလေး ၂ ယောက် ယူခွင့်ရှိသော်လည်း ထပ်မံမွေးဖွားမှုများအတွက် ကန့်သတ်ချက်များ ရှိနေသည်။ တရုတ်အာဏာပိုင်များကမူ ထိုကဲ့သို့ တစ်အိမ်ထောင် ကလေးတစ်ယောက်ပေါ်လစီက တရုတ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်ခဲ့ပြီး မွေးဖွားမှုး သန်း ၄၀၀ ခန့်ကို ဟန့်တားနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: Channelnewsasia