News @ M-Media

Blog

  • ခရစ္စမတ်ဝတ်ပြုဆုတောင်းမှုအတွင်း ပြင်သစ်ရှိ ခရစ်ယာန်ဘုရားကျောင်းအား မွတ်စလင်များက စောင့်ကြပ်ပေးခဲ့

    ခရစ္စမတ်ဝတ်ပြုဆုတောင်းမှုအတွင်း ပြင်သစ်ရှိ ခရစ်ယာန်ဘုရားကျောင်းအား မွတ်စလင်များက စောင့်ကြပ်ပေးခဲ့

    ဒီဇင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    church

    – ခရစ္စမတ်ပွဲတော်အတွင်း သတိရှိကြရန် အစိုးရက တိုက်တွန်းခဲ့ပြီးနောက် ပြင်သစ်နိုင်ငံရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို ခရစ္စမတ်နေ့ ၀တ်ပြုဆုတောင်းမှုအတွင်း မွတ်စလင်များက ကင်းလှည့်စောင့်ကြပ်ပေးခဲ့သည်ဟု သိရသည်။

    နိုင်ငံမြောက်ပိုင်း လန်းစ်မြို့ရှိ ကက်သလစ် ဘုရားကျောင်းတွင်ဖြစ်ပြီး၊ ဒေသတွင်း မွတ်စလင်အဖွဲ့အစည်းက ဦးဆောင်ကာ ထိုကဲ့သို့ စည်းလုံးညီညွတ်မှုကို ပြသခဲ့ခြင်းဖြစ်သည်။ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနကမူ ပွဲတော်ကာလအတွင်း သတိဝီရိယ ရှိကြရန် တိုက်တွန်းခဲ့သည်။

    ထိုကင်းလှည့်စောင့်ကြပ်မှုကို စီစဉ်ခဲ့သည့် Pas-de-Calais မွတ်စလင်နိုင်ငံသားများသမဂ္ဂမှ အကြီးအကဲဖြစ်သူ အဘ်ဒဲလ်ကာဒါရ် အူစ်ဒါ့ဂ်ျကမူ ၂၀၁၃ ခုနှစ်က အီဂျစ်နိုင်ငံ မတည်ငြိမ်မှုအတွင်း မွတ်စလင်များက ကော့ပတစ်ခရစ်ယာန်များ၏ ဘုရားကျောင်းများအား ကာကွယ်ပေးမှုလုပ်ရပ်ကို သတိရကာ ထိုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

    “နေရာတိုင်းမှာ ဒါမျိုးဖြစ်ချင်ပါတယ်။ အထူးသဖြင့် မွတ်စလင်တွေဟာ ဘေးဖယ်ခံထားရတဲ့ ဒီလိုအချိန်မျိုးမှာပေါ့။ ဒီလိုကာကွယ်ပေးတာကမှ အစ္စလာမ့်ရဲ့တရားစစ်တရားမှန်ပါ။ (အကြမ်းဖက်သမားတွေလို) အရူးတွေ၊ ငခုံးမအပုပ်တွေက အစ္စလာမ်နဲ့ ဘာမှမဆိုင်ပါဘူး”

    လန်းစ်မြို့မှ မနီးမဝေးတွင်ရှိနေသည့် ကာလာအစ်မြို့မှာ ဒုက္ခသည်များ အင်္ဂလန်သို့ရောက်ရှိရေး ကြိုးပမ်းမှုတွင် ပါဝင်သည့်နေရာဖြစ်သောကြာင့် မကြာသေးမီလများအတွင်း တင်းမားမှုအနည်းငယ် ရှိခဲ့သည်။

    Ref: Sputniknews

  • တောင်ကိုရီးယားတွင် ကင်ဆာပျောက်ကင်းမှုနှုန်း ၇၀ ရာခိုင်နှုန်းအထိရှိလာ

    တောင်ကိုရီးယားတွင် ကင်ဆာပျောက်ကင်းမှုနှုန်း ၇၀ ရာခိုင်နှုန်းအထိရှိလာ

    ဒီဇင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    south

    – ဆေးသိပ္ပံဆိုင်ရာ တိုးတက်မှုများနှင့် ရောဂါစမ်းသပ်ရှာဖွေရေးစနစ် မြင့်မားလာခြင်းတို့ကြောင့် တောင်ကိုးရီးယား၌ ကင်ဆာရောဂါသည် သုံးယောက်တွင် နှစ်ယောက်မှာ အပြည့်အ၀ ပြန်လည်ကောင်းမွန်လာသည်ဟု တောင်ကိုရီးယားအစိုးရက ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

    ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ မှ ၂၀၁၃ ခုနှစ် ၅ နှစ်တာကာလအတွင်း ကင်ဆာဝေဒနာရှင်များ အသက်ရှင်နှုန်းမှာ ၆၉.၄ ရာခိုင်နှုန်းထိ ရောက်ရှိလာသည်ဟုလည်း ဆိုသည်။

    ထိုကဲ့သို့ အသက်ရှင်မှုရာခိုင်နှုန်း မြင့်မားလာခြင်းမှာ ဆေးသိပ္ပံဆိုင်ရာ တိုးတက်မှု၊ ပုံမှန်ဆေးစစ်ခြင်းဖြင့် စောစီးစွာ ရောဂါရှာဖွေတွေ့ရှိမှုတို့ကြောင့် ဖြစ်ပြီး ကျန်းမာစွာနေထိုင်တတ်မှု၏ အကျိုးကျေးဇူးလည်း ပါဝင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ တောင်ကိုးရီယားတွင် အမျိုးသားများ ဆေးလိပ်ဖြတ်သူအရေအတွက် တိုးပွားလာခြင်းကြောင့် အသက်ရှင်မှုရာခိုင်နှုန်း များပြားလာခြင်းလည်း ဖြစ်သည်။

    ကင်ဆာရောဂါ အရှင်းပျောက်ကင်းမှုတွင် အများစုမှာ လည်ပင်းကင်ဆာဖြစ်ပြီး ၁၀၀.၂ ရာခိုင်နှုန်းရှိကာ ကင်ဆာမရှိသူများထက်ပင် အသက်ရှင်မှုနှုန်း ကျော်လွန်နေသည်ကို ဖော်ပြနေသည်။

    ဝှေးစေ့ကင်ဆာနှင့် ရင်သားကင်ဆာ ခံစားနေသူ ၉၀ ရာခိုင်နှုန်းကျော်သည် ငါးနှစ်အကြာကုသမှုအပြီးတွင် လုံးဝပျောက်ကင်းသွားခဲ့သည်။ အူမကြီးကင်ဆာနှင့် အစာအိမ်ကင်ဆာသမား ၇၀ ရာခိုင်နှုန်းကျော်မှာနာတာရှည် ကုသနေစရာ မလိုတော့ပေ။

    သို့သော်လည်း ပန်ကရိယကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ ဖြစ်နေသူများ၏ အသက်ရှင်မှုနှုန်းသည် ၉.၄ ရာခိုင်နှုန်း၊ ၂၃.၅ ရာခိုင်နှုန်းနှင့် ၃၁.၄ ရာခိုင်နှုန်းသာ ရှိကြပြီး ပျောက်ကင်းမှုနှုန်း နည်းပါးနေဆဲဖြစ်သည်။ တောင်ကိုရီးယားတွင် ကင်ဆာဖြစ်ပွားသူနှုန်းထားမှာ ၂၀၁၂ ခုနှစ်တွင် လူတစ်သိန်း၌ ကင်ဆာဖြစ်ပွားသူအရေအတွက် ၃၂၂.၃ ဦး ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ၃၁၁.၆ ထိ လျော့ကျခဲ့သည်။

    Ref: Xinhua

  • အာဆင်နယ်အရှုံးက အဆုံးအဖြတ်မဟုတ်ဟု ပယ်လီဂရီနီပြော

    အာဆင်နယ်အရှုံးက အဆုံးအဖြတ်မဟုတ်ဟု ပယ်လီဂရီနီပြော

    ဒီဇင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    mancity

    – ပြီးခဲ့သည့်တစ်ပတ်တွင် အာဆင်နယ်အား ရှုံးနိမ့်ခဲ့ခြင်းမှာ မိမိတို့၏ ပရီးမီးယားလိဂ်တိုက်ပွဲအတွက် သေရေးရှင်ရေး မဟုတ်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်ပြီး မိမိတို့အသင်းမှာ အမှတ်ပေးဖလား မျှော်လင့်ချက် ရှိနေသည်ဟု ဆိုသည်။

    ၂ ဂိုး ၁ ဂိုးဖြင့် အာဆင်နယ်အား ရှုံးနိမ့်မှုကြောင့် တတိယနေရာတွင်ရှိနေသည့် မန်စီးတီးမှာ ထိပ်ဆုံးမှ လက်စတာနှင့် ၆ မှတ် ဒုတိယနေရာမှ အာဆင်နယ်နှင့် ၄ မှတ် ကွာဟသွားခဲ့သည်။ ယနေ့တွင် ဆန်းဒါးလန်းနှင့် ကစားရန် ပြင်ဆင်နေသည့် ပယ်လီဂရီနီကမူ ရာသီဝက်က အဆုံးအဖြတ်ကာလမဟုတ်ဟု ဆိုသည်။

    “အခု ကျွန်တော်တို့ အဆင့် ၃ မှာပါ။ ၂၉ ရက်နေ့မှာ ကျွန်တော်တို့ဟာ လက်စတာနဲ့ ကစားရမှာဖြစ်ပြီး ရာသီဝက်ကို အဆုံးသတ်ဖို့အတွက် (ဆန်းဒါးလန်းပွဲအပါအ၀င်) ဒီနှစ်ပွဲကို အနိုင်ရဖို့ အရမ်းအရေးကြီးပါတယ်။ နောက်ထပ်အရေးကြီးတာတစ်ခုက ဇန်န၀ါရီအဆုံးပိုင်းအထိ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် လုပ်နိုင်ဖို့ပါ။ နောက်ပိုင်းမှာတော့ ကျန်တဲ့ပွဲတွေမှာ နိုင်အောင်ကြိုးစားပြီး ဖလားယူဖို့ပါပဲ။ တစ်ပွဲချင်းဆီကိုကျွန်တော်တို့ အာရုံစိုက်ဖို့ လိုပါတယ်။ နောက်ပွဲကတော့ ဆန်းဒါးလန်းပေါ့။ သူတို့ကို အိမ်ကွင်းမှာ အနိုင်ရဖို့ ကြိုးစားရမယ်။ လွယ်တော့မလွယ်ဘူးပေါ့လေ” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    Ref: Goal

  • အမေရိကန် စစ်အခြေစိုက်စခန်းအတွက် အိုကီနာဝါပြယ်နယ်က ဂျပန်အစိုးရအား တရားစွဲ

    အမေရိကန် စစ်အခြေစိုက်စခန်းအတွက် အိုကီနာဝါပြယ်နယ်က ဂျပန်အစိုးရအား တရားစွဲ

    ဒီဇင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    japan

    – မဟာဗျူဟာမြောက်သည့် ၎င်းတို့၏ကျွန်းတွင် အမေရိကန်စစ်အခြေစိုက်စခန်းအား ပြန်လည်နေရာချထားခြင်းအပေါ် ဒေသခံများ မကျေနပ်ကြမှုနှင့် ပတ်သက်၍ ဂျပန်နိုင်ငံရှိ အိုကီနာဝါပြည်နယ်က ဗဟိုအစိုးရကို တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ပြည်နယ်မြို့တော် နာဟာတွင် ယမန်နေ့က ထိုကဲ့သို့ တရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်မည့်နေရာဖြစ်သော နာဂိုရှိ ဟီနိုကိုဧရိယာတွင် နယ်မြေခွင့်ပြုလိုက်ခြင်းနှင့်ပက်သက်၍ ဂျပန်အစိုးရ၏ ဆုံးဖြတ်ချက်ကို သုံးသပ်မှုများ ပြုလုပ်ပေးရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။

    ပြီးခဲ့သည့် အောက်တိုဘာလက အိုကီနာဝါ အုပ်ချုပ်ရေးမှူး တာကီရှီအိုနာဂါသည် အမေရိကန်အခြေစိုက်စခန်းအတွက် အုပ်ချုပ်ရေးမှူးဟောင်းက မြေနေရာချထားပေးမှုမှာ တရားမ၀င်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဂျပန်အစိုးရနှင့် တရားရုံးတော်က ချေဖျက်ခဲ့ပြီး နိုဝင်ဘာတွင် ဗဟိုအစိုးရမှာ အိုကီနာဝါ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အား တရားစွဲဆိုမှုပင် ပြုလုပ်ခဲ့သည်။

    ယမန်နေ့က ပြုလုပ်သည့် ဗဟိုအစိုးရအား တရားစွဲဆိုမှုတွင် ကျွန်းမြောက်ပိုင်း၌ အမေရိကန်စစ်အခြေစိုက်စခန်း နေရာချထားမှုကို ရပ်တန့်ရေးအတွက် မြေနေရာခွင့်ပြုချက်ကို ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။

    ကက်ဘိနတ်အဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ယူရှီဟိုက် ဆူဂါကမူ အဆိုပါ တရားစွဲဆိုမှုမှာ အလွန်နောင်တရဖွယ်ကောင်းသော လုပ်ရပ်ဖြစ်သည်ဟု ဆိုပြီး မူလခွင့်ပြုချက်မှာ တရားဝင်ကာ ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ရန် ခွင့်ပြုထားပြီးဖြစ်သည်ဟု တုံ့ပြန်ဖြေကြားခဲ့သည်။

    ဂျပန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းဖြစ်သော MCAS Futenma မှာ အိုကီနာဝါပြည်နယ် ဂီနိုဝမ်မြို့တွင် ရှိနေပြီး ထောင်ပေါင်းများစွာသော အမေရိကန်စစ်သားများ ပါဝင်သည်။ အမေရိကန်နှင့်ချုပ်ဆိုထားသော ၁၉၉၆ သဘောတူညီမှုအရ ဂျပန်အစိုးရမှာ လူနေဧရိယာတွင်တည်ရှိသော Futenma လေတပ်စခန်းကို နေရာရွှေ့ပြောင်း ပေးရမည်ဖြစ်သည်။

    ဒေသခံများကမူ အဆိုပါစခန်းကို ကျွန်းပေါ်သို့ ရွှေ့ပြောင်းမည့်အစား အပြီးပိတ်ပစ်ရန် လိုလားနေကြသည်။ အမေရိကန်တပ်သားများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများရှိခဲ့ခြင်းကြောင့် ဒေသခံများမှာ အလွန်အမင်း ဒေါသူပုန်ထနေကြပြီး ပြင်းပြင်းထန်ထန်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ကျူးလွန်ခဲ့သည့် အမေရိကန်စစ်သား အများစုမှာ အလွန်နည်းပါးသော အပြစ်ဒဏ်ကိုသာ ခံခဲ့ရပြီး အချို့မှာ လုံးဝအရေးယူမခံခဲ့ရပေ။

    Ref: Press TV