News @ M-Media

Blog

  • အမေရိကန်တွင် လူမည်းများက Black Christmas ဆန္ဒပြမှု ပြုလုပ်

    အမေရိကန်တွင် လူမည်းများက Black Christmas ဆန္ဒပြမှု ပြုလုပ်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    american

    – အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့တွင် လူမည်းများမှာ ခရစ္စမတ်ကာလ နောက်ဆုံးအချိန်တွင် ကုန်တိုက်များ၌ ဈေးဝယ်မည့်သူများအား ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြပြီး ပြီးခဲ့သည့်နှစ်က လူမည်းလူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုနှင့်ပတ်သက်၍ မြို့တော်ဝန်အား နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။

    ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ဆယ်ကျော်သက်လူမည်းလူငယ် လက်ကွမ် မက်ဒေါ်နယ်အား ချီကာဂို ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျေဆန် ဗန် ဒိုက်ကီက သေနတ်ဖြင့် ၁၆ ချက် ပစ်သတ်ခဲ့သည်။ ထိုအဖြစ်အပျက်အား မှတ်တမ်းတင်ထားသည့် ဗီဒီယိုကို ရဲတပ်ဖွဲ့က ပြီးခဲ့သည့်လတွင် ထုတ်ပြန်ခဲ့ပြီး ရဲအရာရှိ ဒိုက်ကီကိုလည်း ပထမအဆင့် လူသတ်မှုဖြင့် တရားစွဲဆိုထားသည်။ သို့သော်လည်း ပြည်သူများကမူ ထိုအရေးယူမှုမှာ နည်းလွန်းသည်ဟု ယူဆနေကြသည်။

    ယခုဆန္ဒပြမှုမှာ Thanksgiving ပိတ်ရက်နောက်ပိုင်း Black Friday ဟု အမည်ပေးထားသည့် လူမည်းများ၏ ဆန္ဒပြမှု
    နောက်ဆက်တွဲဖြစ်ပြီး ယခုဆန္ဒပြမှုကို Black Christmas ဟု အမည်ပေးထားသည်။ ဆန္ဒပြမှုမှာ ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှု အနည်းငယ် ဖြစ်ခဲ့ကာ လူ ၂ ဦးကို ထိန်းသိမ်းခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ဆန္ဒပြသူအချို့မှာ “မြို့တော်ဝန်အသစ်အတွက် ဈေးဝယ်ခြင်း” ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြပြီး ချီကာဂို မြို့တော်ဝန် ရမ် အီမန်နျူယဲလ်နှင့် ပြည်နယ်တရားသူကြီးချုပ် အန်နီတာ အလ်ဗာရက်ဇ်တို့ နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။

    ဗုဒ္ဓဟူးနေ့ကလည်း မက်ဒေါ်နယ်အား သတ်ဖြတ်မှုကိစ္စနှင့်ပတ်သက်၍ မင်နီဆိုတာပြည်နယ် မင်နီယာပိုလစ်မြို့ရှိ Mall of America တွင် ထိုကဲ့သို့ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့ရသည်။

    Ref: RT

  • အိန္ဒိယ၀န်ကြီးချုပ် မိုဒီ ပါကစ္စတန်သို့ သွားရောက်

    အိန္ဒိယ၀န်ကြီးချုပ် မိုဒီ ပါကစ္စတန်သို့ သွားရောက်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီမှာ ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့သို့ ယနေ့တွင် ရောက်ရှိခဲ့ပြီး ကြေငြာခြင်းမရှိဘဲ သွားရောက်ခဲ့သောကြောင့် အံ့အားသင့်ဖွယ် လည်ပတ်မှုလည်း ဖြစ်သည်။

    ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကွာဇီ ခလီလွလ္လာဟ်ကမူ မိုဒီရောက်ရှိလာခြင်းကို အတည်ပြုခဲ့ပြီး ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရစ်ဖ်နှင့် တွေ့ဆုံသွားမည်ဖြစ်ကာ ကိစ္စအများအပြားကို ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။ ယနေ့မှာ နာဝဇ်ရရှစ်ဖ်၏ မွေးနေ့လည်းဖြစ်သည်။

    ပြီးခဲ့သည်မေလက ဒေလီမြို့တွင်ပြုလုပ်ခဲ့သည့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန် မိုဒီက နာဝဇ်ရှရစ်ဖ်အား ဖိတ်ကြားခဲ့ပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦး၏ သံတမန်ဆက်ဆံရေးမှာ ရင်းနှီးလာခဲ့ပြီး ရှရစ်ဖ်ကလည်း ပြီးခဲ့သည့် ၂ လအရင်က ကက်ရှ်မီးယားဒေသကိစ္စ အပါအ၀င် နှစ်နိုင်ငံပြဿနာများကိုဆွေးနွေးရန်အတွက် မိုဒီအား တိုက်တွန်းဆော်သြခဲ့သည်။

    Ref: PressTV

  • ပါလက်စတိုင်းသယံဇာတများအား အစ္စရေးက အမြတ်ထုတ်ခြင်းကို ဟန့်တားသည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလ အတည်ပြု

    ပါလက်စတိုင်းသယံဇာတများအား အစ္စရေးက အမြတ်ထုတ်ခြင်းကို ဟန့်တားသည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလ အတည်ပြု

    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    un

    – ပါလက်စတိုင်းရှိ သဘာဝသယံဇာတများမှာ ပါလက်စတိုင်းပြည်သူများသာ အမြဲတမ်းအတွက် သုံးစွဲပိုင်ခွင့် အချုပ်အခြာအာဏာ ရှိသည်ဆိုသော အခွင့်အရေးကို သေချာစေသည့် ဆုံးဖြတ်ချက်တစ်ခုကို ကုသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုလိုက်သည်ဟု သိရသည်။

    ယခုသီတင်းပတ်အတွင်း အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဆုံးဖြတ်ချက်တွင် “အရှေ့ဂျေရုစလင် အပါအ၀င် အစ္စရေးက ပိတ်ဆို့ထားသော နယ်နမိတ်များ၊ ဆီးရီးယားရှိ အစ္စရေးက သိမ်းယူထားသော ဂိုလန်တောင်ကုန်း၊ စသည်တို့မှ ပြည်သူများမှာ ၎င်းတို့နယ်မြေတွင်ရှိသည့် သဘာဝ သယံဇာတများအပေါ် သုံးစွဲပိုင်ခွင့် အချုပ်အခြာရှိသည်” ဟု ဖော်ပြထားသည်။ ထိုဆုံးဖြတ်ချက်အား အဖွဲ့ဝင် ၁၆၄ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ၅ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ကြသည်။

    မြေနှင့် ရေအရင်းအမြစ်များ အပါအ၀င် ပါလက်စတိုင်းတို့သာပိုင်ဆိုင်ပြီး မည်သူ့ကိုမှ လွှဲပြောင်းပေး၍မရသော သဘာဝသယံဇာတအခွင့်အရေးများကို အဆိုပါဆုံးဖြတ်ချက်က ဖြေရှင်းပေးလိုက်ခြင်းဖြစ်ပြီး အစ္စရေးအာဏာပိုင်များက တရားမ၀င်ဆောင်ရွက်မှုများကြောင့် သယံဇာတများ အမြတ်ထုတ်ခံရခြင်း၊ ဆုံးရှုံးခြင်းတို့ မရှိစေရေးအတွက် စီမံခန့်ခွဲမှုများပြုလုပ်ရန် ပါလက်စတိုင်းအာဏာပိုင်များကိုလည်း တာဝန်များ အပ်နှင်းခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းပိုင်နက်များရှိ သဘာဝ သယံဇာတများအား အစ္စရေးက အမြတ်ထုတ်ခြင်း၊ ဖျက်ဆီးခြင်း၊ ဆုံးရှုံးစေခြင်း သို့မဟုတ် လျော့ပါးအောင်ပြုလုပ်ခြင်းနှင့် ထိုသယံဇာတများကို အန္တရာယ်ဖြစ်လာအောင် ဆောင်ရွက်ခြင်းတို့ကိုလည်း ရပ်တန့်ရန် ထိုဆုံးဖြတ်ချက်တွင် တောင်းဆိုထားသည်။

    ဆုံးဖြတ်ချက်အား အတည်ပြုရေးအတွက် တင်သွင်းသော အကြံပြုချက် အစီရင်ခံစာတွင် အစ္စရေးက ပါလက်စတိုင်းတို့၏ လယ်ယာမြေများ၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်များအား သိသိသာသာ ဖျက်ဆီးနေမှုများကို ဖော်ပြထားသည်။ ပါလက်စတိုင်း၏ သောက်သုံးရေပိုက်လိုင်းများ၊ ရေဆိုးမြောင်းများ၊ လျှပ်စစ်ဓာတ်အားလိုင်းများကို အစ္စရေးက ဖျက်ဆီးနေခြင်းကိုလည်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားပြီး ၂၀၁၄ ခုနှစ်က ဂါဇာအား အစ္စရေးမှ ဗုံးကြဲမှုအတွင်း ထိုကဲ့သို့ အရေးပါသည့် အခြေခံ အဆောက်အဦးများအား ဖျက်ဆီးခဲ့ခြင်းကိုလည်း ထောက်ပြရေးသားထားသည်။

    ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည့်အချိန်တွင် အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်နှင့် ဂိုလန်တောင်ကုန်းများတွင် အစ္စရေးက အခြေချအိမ်ယာ ဆောက်လုပ်မှုများမှာ တရားမ၀င်ဟုလည်း ကုလက ထပ်မံပြောကြားခဲ့သည်။

    Ref: Ma’an News

  • ပရီးမီးယားလိဂ်နည်းပြများ ဖိအားများလာခြင်းအတွက် မာတီနက်ဇ်ဝေဖန်

    ပရီးမီးယားလိဂ်နည်းပြများ ဖိအားများလာခြင်းအတွက် မာတီနက်ဇ်ဝေဖန်

    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    mertinez

    – ပရီးမီးယားလိဂ်တွင် နာမည်ကြီးနည်းပြအများအပေါ် ဖိအားများ ပိုမိုများပြားလာခြင်းအတွက် မိမိအနေဖြင့် စိုးရိမ်မိပြီး နည်းပြများအပေါ်လည်း စာနာမိသည်ဟု အဲဗာတန်နည်းပြ မာတီနက်ဇ်က ပြောကြားလိုက်သည်။

    အင်္ဂလန်၏ ထိပ်တန်းအမှတ်ပေးဘောလုံးပြိုင်ပွဲ၌ အသင်းကြီးများ၏ နည်းပြများမှာ ယခုနောက်ပိုင်းတွင် အမှားမခံတော့ဘဲ၊ ဖိအားများမှာလည်း ယခင်ကထက် ပိုများလားခဲ့သည်။ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံဖြစ်သော ချယ်ဆီးမှာ နည်းပြမော်ရင်ဟိုအား ထုတ်ပယ်ခဲ့ပြီး ဂူစ်ဟစ်ဒင့်နှင့် ရာသီကုန်အထိ စခန်းသွားမည်ဖြစ်သည်။ ထို့ပြင် မန်ယူနှင့် မန်စီးတီးအသင်းသို့၏ နည်းပြနေရာများမှာလည်း အပြောင်းအလဲဖြစ်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    “ဘောလုံးလောကမှာ ကျွန်တော်ဟာ အတိုင်းအတာတစ်ခုအထိ နားလည်မှုရှိပါတယ်။ တစ်ချိန်လုံး အသစ်အသစ်တွေကိုကာ ချပြဖို့ ကြိုးစားနေရရင် ကျွန်တော်တို့လည်း ရူးသွားနိုင်ပါတယ်။ ဘောလုံးပွဲမှာ မနိုင်ရင်ရှုံးမယ်၊ ဒါမှမဟုတ် သရေကျမယ်။ ဒါကိုတော့ ကျွန်တော်တို့ လက်ခံဖို့ လိုအပ်ပါတယ်။ သီတင်းပတ်တိုင်း ကျွန်တော်တို့ အနိုင်ရမှာ မဟုတ်ပါဘူး။ ပြီးတော့ နည်းပြတွေဟာ သူတို့ရဲ့ ထင်မြင်မှုတွေကို ဆန်းစစ်အဖြေရှာဖို့အတွက် ကျွန်တော်တို့ အချိန်ပေးဖို့ ကြိုစားသင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ဟာ တော်တော်လေးကို ဂနာမငြိမ်ဖြစ်ပြီး တစ်ပွဲနှစ်ပွဲလောက်ရှုံးတာနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားပါလိမ့်မယ်”
    ဟု မာတီနက်ဇ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ဘ၀၏တန်ဖိုးများဘက်သို့ ပြန်လှည့်ရန် ခရစ်ယာန်များကို ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

    ဘ၀၏တန်ဖိုးများဘက်သို့ ပြန်လှည့်ရန် ခရစ်ယာန်များကို ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    jesus

    – ပိုင်ဆိုင်မှုများ၊ မတည်မြဲသော ရုပ်ဆင်းအင်္ဂါ လှပမှုများတွင် ယစ်မူးနေကြသူများအနေဖြင့် ဘ၀၏ ရေးအပါသော တန်ဖိုးများဘက်သို့ ပြန်လှည့်ကြရန် ၁.၂ ဘီလီယံသော ခရစ်ယာန်ကက်သလစ်ဘာဝင်များ၏ အကြီးအကဲ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ခရစ္စမတ်အကြိုအခမ်းအနားတွင် ပြောကြားခဲ့သည်။

    ဗာတီကန်ရှိ စိန့်ပီတာ ဘုရားကျောင်းတွင် ယမန်နေ့ညပိုင်းက ပြုလုပ်သည့် ၀တ်ပြုဆုတောင်းမှု အခမ်းအနားတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ကံမကောင်းအကြောင်းမလှသူများအတွက် တည်ကြည်လေးနက်မှုနှင့် စာနာထောက်ထားမှုတို့ကို ဆောင်ကျဉ်းပေးရန် ဆော်သြခဲ့ကာ ခရစ္စမတ်အခါသမယမှာ မိမိတို့ မည်သည့်အခြေအနေသို့ ရောက်ရှိနေသည်ကို တစ်ဖန်ပြန်၍ ဆန်းစစ်ရန် အချိန်ပင်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ကောက်ရိုးပုံထဲတွင် ဖွားမြင်ခဲ့သည့် ခရစ်တော်၏ ကလေးဘ၀ ရိုးရှင်းမှုကို မိမိတို့၏ စိတ်နှလုံး၊ မိမိတို့၏ဘ၀တွင် နှလုံးသွင်းနိုင်အောင် ဆောင်ရွက်ရမည်ဟုလည်း ပုပ်ဖရန်စစ်က ဆိုသည်။

    “ပျော်ပျော်နေပျော်ပျော်စားဘ၀တွေ၊ ကြွယ်ဝမှု၊ အသုံးအဖြုန်းကြီးမှု၊ ရုပ်ဆင်းအင်္ဂါတက်မက်မှု၊ အတ္တ၀ါဒတွေနဲ့သာ ယစ်မူးနေကြတဲ့ လူ့အဖွဲ့အစည်းမှာ ဒီကလေးငယ် (ခရစ်တော်) က ရိုးရိုးရှင်းရှင်း၊ မျှမျှတတ၊ တည်တည်တံ့တံ့နဲ့ နေထိုင်ပြုမူဖို့၊ တကယ်လိုအပ်တဲ့ အရာတွေကို ရှုမြင်တတ်ပြီး၊ ဆောင်ရွက်ကြဖို့ ကျွန်တော်တို့ကို တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်”

    အဆိုပါ ၀တ်ပြုဆုတောင်းမှုအခမ်းအနားသို့ လူပေါင်း ၁၀၀၀၀ ခန့် တက်ရောက်ခဲ့ပြီး ပုပ်ရန်ဟန်းမင်းကြီးက တရားမျှတမှုရှိရန်အတွက်လည်း ဆော်သြတိုက်တွန်းခဲ့သည်။

    “အပြစ်ရှိသူတွေကို မသနားတတ်တဲ့၊ အပြစ်တွေကနေ မရှောင်ထွက်ကြတဲ့ လောကကြီးမှာ ဘုရားသခင်ရဲ့ အလိုတော်ကို ခွဲခြားသိမြင်ဖို့၊ လိုက်နာဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ဟာ ခိုင်မာတဲ့ တရားမျှတမှုသဘောတရား လိုအပ်ပါတယ်”

    ပုပ်ရဟန်မင်းကြီးအဖြစ် တာဝန်ထမ်းဆောင်မှုကာလ ၃ နှစ်သက်တမ်း ရှိလာပြီဖြစ်သည့် ဖရန်စစ်မှာ ကက်သလစ်အသင်းတော်၏ အခြေခံမူဝါဒများကို ပြောင်းလဲခြင်းမရှိသော်လည်း အသင်းတော်အနေဖြင့် ပိုမိုခွင့်လွှတ်ရန်နှင့် ဝေဖန်ဆုံးဖြတ်မှုကို လျော့ချရန် တိုက်တွန်းနေဆဲဖြစ်ပြီး၊ လိင်တူချစ်သူများနှင့် ကွာရှင်းပြီးနောက် ပြန်လည်လက်ထပ်ကြသည့် အုပ်စုများအပေါ် ပိုမို၍ စာနာအားပေးသူလည်းဖြစ်သည်။

    Ref: Reuters