ဒီဇင်ဘာ ၂၉၊ ၂၀၁၅
M-Media
– ဖိအားများရှိနေသည့် အသင်းအတွက် ကစားသမားများမှာ စိတ်ပါလက်ပါ ကစားပေးခြင်းမရှိဟု ဝေဖန်မှုများအား မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ငြင်းဆိုလိုက်ပြီး မိမိတို့အသင်းသားများမှာ အသင်းအတွက် ရေကုန်ရေခန်း ပေးဆပ်နေကြသည်ဟု ပြောကြားလိုက်သည်။
ပြီးခဲ့သည့် ၇ ပွဲဆက်တိုက် နိုင်ပွဲမရှိဘဲ၊ လေးပွဲဆက်ရှုံးထားသည့် မန်ယူမှာ ယနေ့မနက်က ချယ်ဆီးအသင်းနှင့် ကစားသည့်ပွဲတွင်လည်း ဂိုးမရှိသရေဖြင့်သာ အဆုံးသတ်ခဲ့သည်။ နည်းပြဗန်ဂါးလ်ကမူ အသင်း၏ ခြေစွမ်းကျဆင်းမှုများအတွက် ကစားသမားများကို ပြစ်တင်ပြောဆိုမှု ပြုလုပ်ခဲ့ပြီး ရူနီက လက်မခံခဲ့ပေ။
“လူတွေကတော့ တစ်ယောက်တစ်မျိုး ပြောနေကြတာပါပဲ။ တကယ်လို့ ကျွန်တော်တို့ဟာ ဖိဖိမကစားဘူးဆိုရင်တော့ အပြစ်တင်ခံမှာပါ။ ကျွန်တော်တို့ အဆုံးအထိ တိုက်ပွဲဝင်သွားဖို့ လိုပါတယ်။ ပြီးတော့ ကျွန်တော်တို့ ပြန်လာရမှာပါ။ ဒါကို ကျွန်တော်တို့ သိပါတယ်။ အလုပ်ကို ပြင်းပြင်းထန်ထန်လုပ်ဖို့လိုတယ်။ အောင်နိုင်မှုတွေ ရောက်လာတော့မယ်ဆိုတာကို ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု ချယ်ဆီးနှင့်ပွဲအပြီးတွင် ရူနီက ပြောကြားခဲ့သည်။
ဗန်ဂါးလ်ကမူ အသင်းမှာ လွန်ခဲ့သည့် ၄၈ နာရီက စတုတ်စီးတီးအသင်းအား ရှုံးနိမ့်သောပွဲထက် ပိုကောင်းလာသည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။ ထို့ပြင် မိမိအနေဖြင့် အသင်းမှ နှုတ်ထွက်သွားမည်မဟုတ်ဟုလည်း ဆိုသည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.