News @ M-Media

Blog

  • ကြိုးစားလိုစိတ်မရှိသည့် ကစားသမားများကို မလိုအပ်ဟု ချယ်ဆီးနည်းပြသစ်ပြော

    ကြိုးစားလိုစိတ်မရှိသည့် ကစားသမားများကို မလိုအပ်ဟု ချယ်ဆီးနည်းပြသစ်ပြော

    ဒီဇင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    hidink

    – နည်းပြတစ်ယောက်အနေဖြင့် မိမိချမှတ်သော စည်းမျဉ်းများကို ကစားသမားများက လိုက်နာရမည်ဖြစ်ပြီး လုံလောက်သည့် ကြိုးစားအားထုတ်မှု မရှိပါက ထည့်သွင်းအသုံးပြုသွားမည်မဟုတ်ဟု ချယ်ဆီးနည်းပြသစ် ဂူစ်ဟစ်ဒင့်က ပြောကြားလိုက်သည်။

    မော်ရင်ဟိုထွက်ခွာသွားပြီးနောက် ရာသီကုန်အထိ ချယ်ဆီးနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည့် အသက် ၆၉ နှစ်အရွယ် ဟစ်ဒင့်မှာ ယခုတစ်ပတ် ၀က်ဖို့ဒ်နှင့်ကစားမည့်ပွဲတွင် အသင်းအား ပထမဆုံး ကိုင်တွယ်ရမည်ဖြစ်သည်။ ၎င်းမှာ အသင်းသားများထံမှ ချက်ချင်းပြောင်းလဲမှုကို လိုချင်နေသည်။

    “ခင်ဗျားတို့နည်းပြက ယာယီဆိုပေမယ့် ခင်ဗျားတို့ကို ကောင်းကောင်းပညာပေးလို့ရတယ်ဆိုတာ မမေ့ပါနဲ့။ ကောင်းကောင်းကစားဖို့အတွက် ကစားသမားတွေကို ကျွန်တော် ခယသွားမှာမဟုတ်ပါဘူး။ အဲဒီလိုကစားဖို့ သူတို့မှာ ၀တ္တရားကို ရှိနေတာပါ။ သူတို့ဟာ အသင်းကြီးတစ်သင်းမှာ ရှိနေတယ်။ လခလည်း ကောင်းကောင်းရထားတယ်။ စိတ်ရောကိုယ်ပါ ကစားဖို့ လိုအပ်ပါတယ်။ တကယ်လို့ သူတို့မှာ အဲဒီလိုစိတ်မျိုး မရှိဘူးဆိုရင် “တာ့တာ့ပဲကွာ။ သွားတော့လို့” ကျွန်တော်က ပြောမှာပါ။ ကစားချင်စိတ်မရှိတဲ့ ကစားသမားမျိုးကို ကျွန်တော် မလိုအပ်ပါဘူး” ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။

    Ref: Goal

  • ဇင်ဘာဘွေက တရုတ် “ယွမ်” ငွေကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်မည်

    ဇင်ဘာဘွေက တရုတ် “ယွမ်” ငွေကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်မည်

    ဒီဇင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    zim

    – အာဖရိကနိုင်ငံတစ်ခုဖြစ်သော ဇင်ဘာဘွေမှာ တရုတ်ယွမ်ငွေကို နိုင်ငံ၏ တရားဝင်ငွေကြေးအဖြစ် သုံးစွဲမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် တရုတ်ကလည်း အကြွေး ကန်ဒေါ်လာ သန်း ၄၀ ကို ပယ်ဖျက်ပေးမည်ဟု သိရသည်။

    လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံများက ကျဉ်ထားသော ဇင်ဘာဘွေတွင် တရုတ်မှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်လာခဲ့သည်။ ထို့ပြင် ဇင်ဘာဘွေမှာ ၁၉၉၉-၂၀၀၈ ကာလအတွင်း ဆိုးရွားစွာ စီးပွားရေးကျဆင်းခဲ့မှုမှ ဦးမော့ရန် ရုန်းကန်နေရပြီး ထိုအကြောင်းအရင်းကြောင့်ပင် ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေးကို စွန့်ပယ်ရန် အကြောင်းအရင်းဖြစ်စေခဲ့သည်။

    ဇင်ဘာဘွေဘဏ္ဍာရေးဝန်ကြီး ပက်ထရစ် ချီနာမာဆာကမူ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယွမ်ငွေကြေး အသုံးပြုမှုမှာ “တရုတ်နှင့် ဇင်ဘာဘွေအကြား ကုန်သွယ်ရေးလုပ်ဆောင်ချက်တစ်ခုနှင့် ဇင်ဘာဘွေရှိ စားသုံးသူများကြား လက်ခံနိုင်မှုတစ်ရပ် ဖြစ်လာမည်” ဟု ပြောကြားခဲ့သည်။

    လွန်ခဲ့သော ငါးနှစ်အတွင်း ဇင်ဘာဘွေမှာ တရုတ်ထံမှ အတိုးနည်းချေးငွေ ဒေါ်လာ ၁ ဘီလီယံ လက်ခံရရှိခဲ့ပြီး တောင်အာဖရိကအပြီး တရုတ်၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်။

    “သူတို့ (တရုတ်) က ဒီနှစ်မှာ ဆပ်ရတော့မယ့် ကျွန်တော်တို့ရဲ့ အကြွေးတွေကို လျော်ပေးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ကလည်း အကြွေးတွေကို နောက်ဆုံးအနေနဲ့ တွက်ချက်နေပါတယ်” ဟု ချီနာမာဆာက ပြောကြားခဲ့သည်။

    ဇင်ဘာဘွေရှိ လေ့လာဆန်းစစ်သူတစ်ဦးကမူ ယွမ်ငွေမှာ လွန်ခဲ့သည့် ၂ နှစ်ကပင် ဇင်ဘာဘွေ၌ တရားဝင်ငွေကြေး ဖြစ်နေခဲ့သည်ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှာ ဇင်ဘာဘွေ၏ သံယဇာတများကို အမြတ်ထုတ်နေသည်ဟု စွပ်စွဲခံထားရသည်။

    Ref: Aljazeera

  • လီဗာပူးလ်အသင်း၏ မွတ်စလင်နောက်ခံလူ တိုယေး မိဘမဲ့ကလေးများအတွက် ခရစ္စမတ်ပါတီ ကျင်းပပေးမည်

    လီဗာပူးလ်အသင်း၏ မွတ်စလင်နောက်ခံလူ တိုယေး မိဘမဲ့ကလေးများအတွက် ခရစ္စမတ်ပါတီ ကျင်းပပေးမည်

    ဒီဇင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    toure

    – လီဗာပူးလ်အသင်းရဲ့ အိုက်ဗရီကို့စ်နောက်ခံလူ ကိုလို တိုးယေးဟာ မွေးရပ်မြေမှာရှိတဲ့ မိဘမဲ့ကလေးဂေဟာက ကလေးငယ်တွေအတွက် ခရစ္စမတ်ပါတီတစ်ခုကို ကျင်းပပေးမယ်လို့ ပြောကြားလိုက်ပါတယ်။

    အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပြီး အသက် ၃၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ တိုးယေးဟာ အဘစ်ဒ်ဂျန်ပြည်နယ် ယိုပူဂွန် မြို့က မိဘမဲ့ကလေးများဂေဟာမှာ ကျင်းပပြုလုပ်ပေးမှာဖြစ်ပြီး အဲဒီဂေဟာကို ၂၀၁၂ ခုနှစ်ကစလို့ သူက လစဉ် ငွေကြေးထောက်ပံ့ခဲ့တာဖြစ်ပါတယ်။

    အခုအချိန်မှာတော့ အဲဒီဂေဟာက ကလေးငယ်တွေ ခရစ္စမတ်ကာလမှာ ပြုံးပျော်နိုင်ဖို့အတွက် ကြိုးစားနေတယ်လို့ တိုးယေးက ဖွင့်ဟခဲ့ပါတယ်။

    “အစားအသောက်တွေ၊ အိမ်ငယ်လေးတွေ ထောက်ပံ့ပေးခြင်းအားဖြင့် ကျွန်တော်ဟာ သူတို့ကို ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမျိုးအလှူဒါနဟာ သိပ်တော့မကြီးကျယ်ပေမယ့် ကလေး ၁၀၀ လောက်ရှိတဲ့ မိဘမဲ့ဂေဟာအတွက် အထောက်အပံ့ဖြစ်စေပါတယ်။ သူတို့ကို ကူညီခွင့်ရတာ ကျွန်တော် ကံကောင်းတာပါ။ သူတို့လေးတွေ ကောင်းမွန်တဲ့ဘ၀ကို ရရှိဖို့ ကျွန်တော် လတိုင်း ငွေကြေးထောက်ပံ့ပေးပါတယ်။ ကျွန်တော် တတ်နိုင်သမျှကာလပတ်လုံး ဒီလို ဆက်လက်ကူညီသွားမှာပါ” လို့ တိုးယေးက ပြောကြားခဲ့ပါတယ်။

    လူဦရေ သန်း ၂၀ လောက်ရှိတဲ့ အိုက်ဗရီကို့စ်နိုင်ငံမှာ မိဘမဲ့ကလေးငယ်အရေအတွက်ဟာ ၁.၃ သန်းလောက်ရှိနေတယ်လို့ ၂၀၁၂ နှစ် ကုလကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ အချက်အလက်တွေရ အိုက်ဗရီကို့စ်ရဲ့ ပျမ်းမျှ သက်တမ်းဟာ ၅၃ နှစ်ရှိတယ်လို့ သိရပါတယ်။

    တိုးယေးကတော့ သူ့ရဲ့အကူအညီဟာ မပြည့်စုံပေမယ့် ကူညီနိုင်သလောက်တော့ ကူညီသွားရမယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့ဟာ ပြီးပြည့်စုံအောင်တော့ မလုပ်နိုင်ဘူးပေါ့လေ။ ဒါပေမယ့် လူတွေကို ကူညီနိုင်တယ်ဆိုရင်တော့ ကူညီလိုက်ပါ။ ရိုသားကြိုးစားတဲ့သူတွေ၊ ပြီးတော့ ဘာမှ နားမလည်သေးတဲ့ ကလေးလေးတွေကို ကျွန်တော်ကတော့ အမြဲကူညီမှာပါ။ သူတို့လေးတွေကို ကျွန်တော့်ရဲ့ ကလေးတွေလို့ မှတ်ယူတယ်။ လစဉ် ကျွန်တော်ထောက်ပံ့နေတာက ဘာမှမဟုတ်ပါဘူး။ သူတို့လေးတွေ ပျော်ရွှင်တာကိုကြည့်ပြီး ကျွန်တော် ကြည်နူးတယ်။ ဒီကြည်နူးမူသာ အရေးအကြီးဆုံးပါ”

    ခရစ္စမတ်ပါတီနဲ့ပတ်သက်ပြီးတော့လည်း တိုးယေးက “ကျွန်တော့်ဟာကျွန်တော် သိုသိုသိပ်သိပ်လုပ်နေတာပါ။ ဒါနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ မပြောပါဘူး။ ဒါပေမယ့် အခု ခရစ္စမတ်ရောက်လာပြီး ဒါဟာ တစ်ခုခုလုပ်ဖို့ အချိန်ကောင်းပါပဲ။ ခရစ္စမတ်လာတော့မှာဆိုတော့ သူတို့အတွက် ခရစ္စမတ်ပါတီတစ်ခု ကျင်းပပေးဖို့ စီစဉ်နေပါတယ်။ အခမ်းအနား တစ်ခု ဒါမှမဟုတ် နှစ်ခုလောက် ကျင်းပပေးချင်ပါတယ်။ ညစာစားပွဲလို၊ ဒါမှမဟုတ် သူတို့လေးတွေ နေထိုင်ဖို့အတွက် နေရာကောင်းလေးတွေ ဖန်တီးဖို့နဲ့ သူတို့ရဲ့အနာဂတ် အဆင်ပြေစေဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ရန်ပုံငွေရှာဖွေတဲ့ ပွဲလိုမျိုးပေါ့ဗျာ” လို့ ပြောကြားခဲ့ပါတယ်။

    အိုက်ဗရီကို့စ်နိုင်ငံရဲ့ ၃ ပုံနှစ်ပုံဟာ မွတ်စလင်နဲ့ ခရစ်ယာန်တွေဖြစ်ကြပြီး တိုယေးက ထောက်ပံ့ကူညီပေးနေတဲ့ မိဘမဲ့ဂေဟာကတော့ ဘာသာပေါင်းစုံက ကလေးတွေကို စောင့်ရှောက်ပေးနေတဲ့နေရာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တိုးယေးဟာ ခရစ္စမတ်ပါတီကျင်းပပေးဖို့ အိုက်ဒီယာ ရရှိခဲ့တာဖြစ်ပါတယ်။

    “လူမျိုးစုံ၊ ဘာသာစုံကကလေးငယ်တွေ အဲဒီမှာရှိပါတယ်။ အစ္စလာမ်ဘာသာက လူတွေအပေါ် ကောင်းမွန်စွာဆက်ဆံဖို့၊ ခရစ်ယာန်၊ မွတ်စလင် မခွဲခြားဘဲ့ လူတွေကိုကူညီဖို့ ကျွန်တော်တို့ကို သွန်သင်ထားပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ လူတိုင်းအပေါ်မှာ ကောင်းမွန်စွာ ဆက်ဆံဖို့ပါပဲ။ လူတိုင်းက ခင်ဗျားကို လေးစားလာပါလိမ့်မယ်။ ကျွန်တော့်အတွက်တော့ အဲဒီကလေးတွေအားလုံးကို ကူညီဖေးမပေးရတာဟာ ကောင်းမွန်တဲ့ ကိစ္စပါပဲ”

    Ref: Mirror

  • ခရစ္စမတ်အားပိတ်ပင်ကာ ခရစ်ယာန်များကို မောင်းထုတ်ရမည်ဟု အစ္စရေးမှ ဂျူးခေါင်းဆောင်တစ်ဦး ပြော

    ခရစ္စမတ်အားပိတ်ပင်ကာ ခရစ်ယာန်များကို မောင်းထုတ်ရမည်ဟု အစ္စရေးမှ ဂျူးခေါင်းဆောင်တစ်ဦး ပြော

    ဒီဇင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    jew

    – အစ္စရေးရှိ လက်ယာစွန်းရောက် ဂျူးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူက နိုင်ငံအတွင်း ခရစ္စမတ်ပွဲတော်အား ပိတ်ပင်ရန်နှင့် ခရစ်ယာန်များအား မောင်းထုတ်ရန် တောင်းဆိုခဲ့ပြီး ခရစ်ယာန်ဘာသာဝင်များကို သွေးစုပ်ဖုတ်ကောင်များအဖြစ် ပြောကြားခဲ့သည်။

    ဟီဘရူးဘာသာစကားဖြင့် “မီးတောက်” ဟု အမည်ရသည့် လာဟာဗာအဖွဲ့၏ ခေါင်းဆောင် ဘန်ဇီ ဂေါ့ပ်စတိန်းဆိုသူဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ်က အော်သိုဒေါ့စ်ဂျူး ၀ဘ်ဆိုက်တစ်ခုဖြစ်သော Kooker တွင် ရေသားခဲ့ခြင်းဖြစ်ကာ ခရစ်ယာန်များမှာ သန့်စင်မှုမရှိဘဲ နိုင်ငံအတွင်းမှ ထွက်သွားရမည်ဟု ဆိုသည်။

    “မြင့်မြတ်သောမြေမှာ ခရစ္စမတ်အတွက် နေရာမရှိပါဘူး။ သူတို့သာသနာပြုလုပ်ငန်းကို အခြေစိုက်ခွင့်ပေးလို့ မရပါဘူး။ ငါတို့ရဲ့ သွေးတွေကို ထပ်ပြီးမစုပ်ခင် ဒီသွေးစုတ်ဖုတ်ကောင်တွေကို ငါတို့မြေကနေ မောင်းထုတ်ပစ်ကြရအောင်” ဟု ဂေါ့ပ်စတိန်း၏ ရေးသားမှုကို ကိုးကား၍ အစ္စရေးမီဒီယာများက ဖော်ပြခဲ့သည်။

    ပြီးခဲ့သည့်သြဂုတ်လကလည်း ဂေါ့ပ်စတိန်းမှာ အစ္စရေးရှိ ခရစ်ယာန်ဘုရားကျောင်းများကို မီးရှို့ပစ်ရန် ဆော်သြခဲ့သည်။ ဂေါ့ပ်စတိန်းကမူ ၎င်း၏ပြောကြားမှုအား နားလည်မှုလွဲမှားကာ ဖော်ပြခြင်းဖြစ်ပြီး မိမိမှာ ခရစ်ယာန် သာသနာပြုအုပ်စုများကိုသာ သွေးစုပ်ဖုတ်ကောင်များဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း၊ ခရစ်ယာန်အားလုံးကို မရည်ရွယ်ကြောင်း အလ်ဂျာဇီးရား၏ မေးမြန်းမှုကို ဖြေကြားခဲ့ပြီးနောက် ဖုန်းချသွားခဲ့သည်။

    အစ္စရေးလွှတ်တော်မှ အာရပ်အမတ်ဖြစ်သူ အဟ်မဒ်တိုင်ဘီက ဂေါ့ပ်စတိန်း၏ လာဟာဗာ အဖွဲ့ကို ရှုတ်ချခဲ့ပြီး မွတ်စလင်များနှင့် ခရစ်ယာန်များအပေါ် လူမျိုးရေးခွဲခြားတိုက်ခိုက်မှုများကို ပြုလုပ်နေသည့် အမုန်းအခြေခံအုပ်စုဟု ပြောကြားခဲ့သည်။

    အဆိုပါ ဟာဗာနာအဖွဲ့မှာ ဂျူးများနှင့် အာရပ်များ လက်ထပ်မှုကိုလည်း ဆန့်ကျင်မှုများပြုလုပ်သည်ဟု စွပ်စွဲခံထားရသည်။

    အစ္စရေးအာဏာပိုင်များအနေဖြင့် ဂေါ့ပ်စတိန်း၏ ထိုကဲ့သို့လှုံ့ဆော်မှုအတွက် အရေးယူမည်လားဟု မေးမြန်ရာ တိုင်ဘီက “အစ္စရေးအစိုးရကိုယ်တိုင်က ကြံရာပါပဲ။ ဂေါ့ပ်စတိန်းတို့လို လူမျိုးရေးခွဲခြားသူတွေ၊ အကြမ်းဖက်သမားတွေကို သူတို့က ကူညီနေတာပါ” ဟု ပြောကြားခဲ့သည်။

    အစ္စရေးတရားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မိုရှေးကိုဟန်အား အလ်ဂျာဇီးရားသတင်းဌာနက မေးမြန်းရာတွင်လည်း ထိုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး အီမေးလ်ဖြင့် မေးမြန်းမှုကိုလည်း ဖြေကြားခဲ့ခြင်းမရှိပေ။

    Ref: Aljazeera

  • Miss Universe ဆုရှင် ဖိလစ်ပိုင်မယ်က မေ၀ယ်သာအား မိမိရှုံးနိမ့်မှုကို လက်စားချေခဲ့ခြင်းဟု ပက်ကွီအို ပြော

    Miss Universe ဆုရှင် ဖိလစ်ပိုင်မယ်က မေ၀ယ်သာအား မိမိရှုံးနိမ့်မှုကို လက်စားချေခဲ့ခြင်းဟု ပက်ကွီအို ပြော

    ဒီဇင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    miss
    ဖိလစ်ပိုင်မယ်အား သရဖူလွှဲပြောင်းပေးနေစဉ်

    – ၂၀၁၅ မယ်စကြာဝဠာ (Miss Universe 2015) ပြိုင်ပွဲတွင် သရဖူရခဲ့သည့် ဖိလစ်ပိုင်အလှမယ်ကို လက်ဝှေ့ကျော် ပက်ကွီအိုက ချီးကျူးလိုက်ပြီး သူမ၏ အငြင်းပွားဖွယ် သရဖူရရှိမှုက ဖလွိုက်မေ၀ယ်သာအား မိမိ ရှုံးနိမ့်ခဲ့မှုကို လက်စားချေလိုက်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    တနင်္ဂနွေနေ့ညက ပြုလုပ်ခဲ့သည့် အဆိုပါ အလှမယ်ပြိုင်ပွဲတွင် အစီအစဉ်ကြောငြာသူက ကိုလံဘီယာမယ် အရီယဒ်နာ ဂူတီယာရက်ဇ်အား သရဖူရှိသူအဖြစ် မှားယွင်းကြေငြာမိခဲ့ပြီး နောက်ပိုင်းမှ ၂၀၁၅ ခုနှစ် မယ်စကြ၀ဠာမှာ ဖိလစ်ပိုင်မယ်
    ပီယာ ၀ါ့တ်ဘက်ခ်ျဖြစ်သည်ဟု ပြန်လည်ကြေငြာခဲ့သည်။

    “ဖိအားတွေအောက်မှာ သတ္တိရှိခြင်းဟာ ဂုဏ်ကျက်သရေပါပဲ။ ဒါကို ပီယာက မယ်စကြ၀ဠာအသစ်အဖြစ် သရဖူယူရခဲ့တဲ့ ရှုပ်ထွေးမှု၊ အငြင်းပွားမှုတွေကြားမှာ ပြသခဲ့ပါတယ်။ မေလမှာ မေ၀ယ်သာကို ကျွန်တော်ရှုံးနိမ့်ခဲ့တာကို သတိရပါ။ အဲဒီအရှုံးကိုလက်စားချေပေးမယ်လို့ ဖိလစ်ပိုင်နိုင်ငံသားတွေကိုပေးခဲ့တဲ့ သူမရဲ့ ကတိကို Miss Universe ပြိုင်ပွဲမှာ ဖြည့်ဆည်းနိုင်ခဲ့ပါတယ်” ဟု ပက်ကွီအိုက ပြောကြားခဲ့သည်။

    မေ၀ယ်သာနှင့်ပြီးနောက် ပုခုံးဒဏ်ရာကြောင့် အနားယူခဲ့ရသည့် ပက်ကွီအိုမှာ လာမည့်နှစ်ဆန်းတွင် လက်ဝှေ့ကြိုးဝိုင်းထဲသို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ပြီး ၎င်းနှင့်ထိုးသတ်မည့်သူကို ယခုအချိန်အထိ ကြေငြာခြင်း မရှိသေးပေ။

    ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းကမူ ပက်ကွီအိုနှင့် ထိုးသတ်ချင်နေသော်လည်း ပက်ကွီအို၏ ပြိုင်ဘက်မှာ တီမိုသီ ဘရက်ဒလေ သို့မဟုတ် တီရန့်စ် ကရောဖို့ဒ်တို့နှစ်ဦးမှ တစ်ဦးသာဖြစ်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    Ref: Dailymail