ဒီဇင်ဘာ ၂၈၊ ၂၀၁၅
M-Media
– ကားမတော်တဆမှုတစ်ခုတွင် အိန္ဒိယနိုင်ငံသားတစ်ဦးကို သေစေခဲ့သော ဖိလစ်ပိုင်တစ်ဦးအား အမှုမှလွတ်မြောက်စေရန်အတွက် တရားလိုဘက်မှတောင်းဆိုသော အသက်လျော်ကြေး ရီယဲလ် ၂၂၅၀၀၀ ကို ဆော်ဒီသူဌေးနှစ်ဦးမှ ပေးချေခဲ့သည်ဟု သိရသည်။
အသက်လျော်ကြေးကို သေဆုံးသူ၏ ဆွေမျိုးများက တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသားမှာ အဆိုပါ သူဌေးနှစ်ဦး၏ လုပ်ငန်းများတွင် လုပ်ကိုင်ပေးနေသည့် အလုပ်သမားတစ်ဦးဖြစ်သည်။ ဆော်ဒီတရားရုံးကမူ ဖိလစ်ပိုင်အမျိုးသားကို အမှုပိတ်၍ လွှတ်ပေးရန် အကျဉ်းထောင်အား အမိန့်ပေးခဲ့သည်။
အဆိုပါ ဖိလစ်ပိုင်အမျိုးသားမှာ ဆော်ဒီအလယ်ပိုင်း အလ်ရက်စ်မြို့၌ ဗန်ကားတစ်စီးမောင်းစဉ် လမ်းလျှောက်လာသူ အိန္ဒိယနိုင်ငံသားကို တိုက်မိကာ နေရာတွင် သေဆုံးသွားခြင်းဖြစ်သည်။ ဖိလစ်ပိုင်သံရုံးကမူ ဆော်ဒီသူဌေးများ၏ ထိုအပြုအမူအတွက် ကျေးဇူးတင်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Ref: Arabnews


Leave a Reply
You must be logged in to post a comment.