News @ M-Media

Blog

  • ခိုတောင်ကျွန်း လူသတ်မှုတွင် ဓားစားခံဖြစ်ခဲ့ရသည်ဟု သတင်းထွက်သည့် မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းက  အပြစ်ရှိသည်ဟုဆိုကာ သေဒဏ်ချမှတ်

    ခိုတောင်ကျွန်း လူသတ်မှုတွင် ဓားစားခံဖြစ်ခဲ့ရသည်ဟု သတင်းထွက်သည့် မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းက အပြစ်ရှိသည်ဟုဆိုကာ သေဒဏ်ချမှတ်

    ဒီဇင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    thai

    – ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင်ဖြစ်ပွားခဲ့သည့် ဗြိတိန်စုံတွဲနှစ်ယောက် အသတ်ခံရမှုအတွက် ဖမ်းဆီးတရားစွဲဆိုခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးအား အပြစ်ရှိကြောင်း တွေ့ရှိရ၍ ကော်စမွီတရားရုံးက ယနေ့တွင် သေဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

    အသက် ၂၂ နှစ်အရွယ်စီရှိသော ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့ဖြစ်ကြပြီး အသက် ၂၃ နှစ်အရွယ် ဟန်နာ ၀ှိုက်သရစ်ဂ်ျအား အဓမ္မကျင့်သတ်ဖြတ်မှု၊ အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မီလာအား သတ်ဖြတ်မှုတို့အတွက် သေဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါအမှုအပြင် ခိုးမှုနှင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င်ဝင်ရောက်မှုဖြင့်ပါ ထောင်ဒဏ် ၂ နှစ် သီးခြားချမှတ်ခဲ့သည်။

    တရားရုံးမှထုတ်ပြန်သော ကြေငြာချက်တွင် ၎င်းတို့၏ ဆုံးဖြတ်ချက်မှာ ခိုင်မာသည့် DNA သက်သေအထောက်အထားများကို အခြေခံ၍ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ အဆိုပါ မြန်မာနိုင်ငံသား နှစ်ဦးမှာ အယူခံဝင်ရန်ရှိနေပြီး အယူခံကာလမှာ ရက်ပေါင်း ၃၀ အထိ ရရှိမည်ဖြစ်သည်။

    စီရင်ချက်ချမှတ်ပြီးနောက် ၎င်းတို့နှစ်ဦးစလုံး၏ မိခင်များမှာ ၀မ်းနည်းစွာငိုကြွေးခဲ့ကြပြီး ၀င်းဇော်ထွန်း၏ မိခင်ဖြစ်သူမှာ မူးမေ့လဲကျသွားခဲ့သည်။

    နှစ်ဦစလုံးကမူ ၎င်းတို့တွင် အပြစ်မရှိဘဲ ရဲတပ်ဖွဲ့၏ နှိပ်စက်မှုကြောင့် စောစောပိုင်းတွင် ၀န်ခံခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြသည်။ အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးမှာ ထိုလူသတ်မှုတွင် ဓားစားခံဖြစ်ခဲ့ရသည်ဟု ထိုင်းမီဒီယာများနှင့် နိုင်ငံတကာမီဒီယာများ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။

    လူ့အခွင့်အရေးအဖွဲ့များကလည်း ထိုလူသတ်မှုအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အကြိမ်ကြိမ်အခါခါ တိုက်တွန်းခဲ့ကြသည်။

    ထိုင်းရဲတပ်ဖွဲ့မှာ နိုင်ငံအတွင်းဖြစ်ပွားသည့် ရာဇ၀တ်မှုများတွင် မြန်မာ၊ ကမ္ဘောဒီယားနှင့် လာအိုတို့မှ လာရောက်အလုပ်လုပ်ကိုင်ကြသော ရွှေ့ပြောင်းလုပ်သားများအား ဓားစားခံအဖြစ် ဖမ်းဆီးကာ အပြစ်ပေးလေ့ရှိသည်ဟု မကောင်းသတင်းဖြင့် ကျော်ကြားသည်။

    Ref: Bangkokpost

  • ရုရှားက အီရန်တွင် နျူဓာတ်ပေါင်းဖိုနှစ်ခု စတင်တည်ဆောက်တော့မည်

    ရုရှားက အီရန်တွင် နျူဓာတ်ပေါင်းဖိုနှစ်ခု စတင်တည်ဆောက်တော့မည်

    ဒီဇင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    rus

    – ရုရှားမှာ အီရန်တွင် အဏုမြူဓာတ်ပေါင်းဖိုနှစ်ခု စတင်တည်ဆောက်တော့မည်ဖြစ်ကြောင်း အီရန် နျူစွမ်းအင်ဌာန၏ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားလိုက်သည်။

    အီရန်နိုင်ငံတောင်ပိုင်းရှိ ရုရှားလုပ် ဘူရှားနူကလီးယားစက်ရုံအနီးတွင် နောက်ထပ်အဏုမြူဓာတ်ပေါင်းဖိုနှစ်ခု ထပ်မံဆောက်လုပ်ရန် အီရန်နှင့် ရုရှားတို့ သဘောတူညီမှုတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် ယခုကဲ့သို့ အီရန်က ကြေငြာခဲ့ခြင်းဖြစ်သည်။

    အီရန်နျူစွမ်းအင်ဌာနမှ လက်ထောက်အကြီးအကဲဖြစ်သူ ဘဲဟ်ရူဇ် ကမာလ်ဗန်ဒီကမူ အဆိုပါ ဓာတ်ပေါင်းဖို နှစ်ခုကို လာမည့်တစ်ပတ်တွင် စတင်တည်ဆောက်သွားမည်ဟု ဆိုသည်။ အီရန်နှင့် ရုရှား နှစ်နိုင်ငံအကြား ပြီးခဲ့သည့်နှစ်က လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်များရ အီရန်နိုင်ငံတွင် ရုရှားမှဆောက်လုပ်ပေးသော နျူဓာတ်ပေါင်းဖိုများမှာ ၉ ခုအထိ ရှိလာမည်ဖြစ်သည်။

    ယခုဆောက်လုပ်မည့် ဓာတ်ပေါင်းဖိုနှစ်ခုအတွက် ကုန်ကျစားရိတ်များကို အီရန်က စိုက်ထုတ်ပေးမည်ဖြစ်သည်ဟု ရုရှားအစိုးရပိုင် နျူကုမ္ပဏီ Rosatom က ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ နျူလုပ်ငန်းစဉ်များမှာ ဆယ်စုနှစ်တစ်ခုကြာ လိပ်ခဲတည်းလည်းဖြစ်နေခဲ့သည့် အီရန်၏ နျူကလီးယားအစီအစဉ်အတွက် ဇူလိုင်လက အီရန်နှင့် ကမ္ဘာ့နိုင်ငံများအကြား သဘောတူညီချက် ရရှိပြီးနောက် ပြန်လည် စတင်ခဲ့ခြင်းဖြစ်သည်။ သဘောတူညီချက်တွင် နျူစွမ်းအားကို အီရန်က အရပ်ဖက်အတွက် အသုံးချမှုအား ကန့်သတ်ထားခြင်းမရှိပေ။

    ရုရှား စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး ဒန်းနစ် မန်တူရို့ဗ်က ရုရှားမှာ အီရန်အား လာမည့်နှစ်တွင် ဒေါ်လာ ၅ ဘီလီယံ ထုတ်ချေးရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သည်။

    Source: Agencies

  • အစိုးရဖွဲ့ရန် ဒေါ်အောင်ဆန်းစုကြည်၏ သိုသိုသိပ်သိပ် ခြေလှမ်းများ

    အစိုးရဖွဲ့ရန် ဒေါ်အောင်ဆန်းစုကြည်၏ သိုသိုသိပ်သိပ် ခြေလှမ်းများ

    ဒီဇင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    daw su
    – မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်လ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီးချိန်မှစ၍ အပြောအဆိုနှင့် လူထုရှေ့ထွက်ခြင်းများကို အနည်းငယ်မျှသာ ပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် သူမ၏မဲဆန္ဒနယ်၌ လူလုံးပြထွက်ပေါ်လာသောအခါ လာမည့်လပိုင်း လွှတ်တော်သစ်ဖွဲ့ပြီးနောက် သူမ၏ပါတီမှ မည်သို့ကိုင်တွယ်အုပ်ချုပ်သွားမည်ကို အရိပ်အမြွက် သိလိုဇောဖြင့် သတင်းထောက်များသည် သူမအား ၀ိုင်းရံမေးမြန်းခဲ့ကြ၏။

    ယင်းသို့ လူထုရှေ့ထွက်လာခြင်းမှာ အခြားကိစ္စများကြောင့် မဟုတ်။ အမှိုက်ကောက်ရန် ဖြစ်နေသည်။ ကိုယ်စီကိုယ်ငှတာဝန်ယူတတ်သည့် လုပ်ရပ်များအားဖြင့် အပြောင်းအလဲကိုဖော်ဆောင်နိုင်ရန်အလို့ငှာ သူမ၏ပါတီမှ
    လက်တွေ့ကျင့်သုံးဖော်ပြချက်တစ်ရပ်ဖြစ်ပေသည်။

    ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏သဲပြင်ပေါ်ဖုံးလွှမ်းနေသော အမှိုက်သရိုက်များကို အပင်ခြုံနွယ်များအကြား ကုန်းရုန်းသိမ်းနေရင်း “ဓာတ်ပုံတွေချည်း ရိုက်မနေကြပါနဲ့။ ၀ိုင်းဝန်းပြီး အမှိုက် ကောက်သိမ်းပေးကြပါဦး” ဟု သူမက ဓာတ်ပုံဆရာများအား မြည်တွန်တောက်တီးခဲ့သေး၏။

    လူဦးရေ ၅၁ သန်းရှိနိုင်ငံ၌ သြဇာအကြီးမားဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် ပေါ်ထွက်လာသော ဒေါ်အောင်ဆန်းစုကြည်သည် ရက်သတ္တပတ် ခြောက်ပတ်တာအတွင်း – နှစ်ပေါင်းငါးဆယ်ကျော် စစ်အုပ်ချုပ်ရေးမှ သူမ၏ဒီမိုကရေစီလှုပ်ရှားမှုထံသို့ တိုင်းပြည်အာဏာလွှဲပြောင်းရေးဆိုင်ရာ ကိစ္စများကို အသေးစိတ်မှအစ စိစစ်ကိုင်တွယ်နေသည်။

    သူမသည် ၀ိပဿနာတရားအားထုတ်ခြင်း များစွာပြုလုပ်ကြောင်း သူမ၏နီးစပ်သူ ပါတီ၏ဘတ်ဂျက်ကော်မတီအဖွဲ့ဝင် ဦးဖြိုးမင်းသိန်းက ဆိုသည်။

    “အတွေးအာရုံတွေ နောက်ကျိရှုပ်ထွေးလာပြီဆိုရင် သူမဟာ ၀ိပဿနာ တရားအားထုတ်လေ့ရှိပါတယ်။ ဒီအားထုတ်မှုကို သူမကို ကြည်လင်အေးချမ်းမှုနဲ့ ရိုးရှင်းတဲ့အဖြေတွေကို ရရှိစေတယ်လို့ သူမက ပြောပါတယ်”

    မည်သို့ပင်ဆိုစေကာမူ ဤမြင်ကွင်းများ၏နောက်ကွယ်တွင် အသွင်ကူးပြောင်းမှုတစ်ရပ်မှာ တဖြည်းဖြည်းနှင့် ပုံပေါ်ရန် အစပြုနေလေပြီ။

    ဒေါ်အောင်ဆန်းစုကြည်(၇၀ နှစ်)သည် လူနည်းစုဝင်တိုင်းရင်းသားအဖွဲ့များနှင့်လည်းကောင်း၊ သူမ၏ပါတီဝင်များနှင့်လည်းကောင်း၊ အာဏာမျှဝေရမည့် စစ်တပ်မှ အဓိကရပုဂ္ဂိုလ်များနှင့်လည်းကောင်း အနီးကပ်တွေ့ဆုံကာ တံခါးပိတ်ဆွေးနွေးမှုများ ပြုလုပ်ထားခဲ့ပြီးဖြစ်၏။ တွေ့ဆုံကြသူများဖက်က ပြည်သူလူထုထံသို့ မည်သည်ကိုပြောဆိုဆွေးနွေးကြောင်း မဆိုစလောက်မျှသာ ပေးသိသော်လည်း နှစ်ဖက်စလုံးရှိ ထိပ်တန်းတာဝန်ရှိသူများနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးများအရ သူမသည် ပရမ်းပတာမဖြစ်အောင်
    တည်ငြိမ်သိမ်မွေ့စွာ အမြန်ဆုံး ကိုင်တွယ်သွားလိမ့်မည်ဟု သုံးသပ်ရပေသည်။

    နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် နိုဗယ်ဆုရှင် နောက်တစ်ဦးဖြစ်သော နဲလ်ဆင် မင်ဒဲလားကဲ့သို့ပင် သူမသည် သူမအား အကျဉ်းချခဲ့သူများနှင့် ဆက်ဆံရေးခိုင်မာအောင်တည်ဆောက်ရန် အားသန်နေသည်ကို တွေ့ရသည်။

    “ပထမဆုံးရည်ရွယ်ချက်ကတော့ သူတို့ကို ထိခိုက်နစ်နာအောင် လုပ်မှာမဟုတ်တဲ့အကြောင်း နှစ်သိမ့်မှုပေးခြင်းပါပဲ။ ကျွန်တော်တို့ဟာ ကလဲ့စားချေလိုစိတ်မရှိဘူး၊ ပုဂ္ဂိုလ်ရေးအာဃာတ မရှိကြဘူး၊ ကျွန်တော်တို့ ရှေ့ဆက်လျှောက်ကြမယ်၊ အနာဂတ်ရေးရာကို ဆွေးနွေးမယ်လို့သာ ကျွန်တော်တို့ ပြောဆိုခဲ့ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်ဆုံးလက်တွဲဖော်နှင့် ပါတီ၏ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ပြောကြားသည်။

    စစ်တပ်အား ချက်ခြင်း အကျဉ်းအကြပ်ဖြစ်စေခြင်းမှာ အမျှော်အမြင်နည်းပါးရာရောက်ကြောင်း၊ ရွေးကောက်ပွဲ၌ သောင်ပြိုကမ်းပြို အနိုင်ရထားသော်လည်း ၁၉၉၀ ကြားဖြတ်ရွေးကောက်ပွဲဖြစ်အင်ကို ပါတီဝင်များအနေနှင့် သတိမမေ့သင့်ကြောင်း၊ ၎င်း၏နောက်တွင် ပါတီခေါင်းဆောင်များအဖမ်းခံခဲ့ရပြီး နှစ်ပေါင်း ၂၀ ကျော် အာဏာရှင်အုပ်ချုပ်ရေးအောက်သို့ ပြန်လည်ရောက်ရှိသွားကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူမ၏ပါတီသို့ ပြောဆိုမှာကြားခဲ့သည်ဟု သူက ဆို၏။

    စစ်တပ်အရာရှိဟောင်းများနှင့် ခွဲမရအောင်ဖြစ်နေသည့် ဗျူရိုကရေစီကြိုးနီစနစ်ကိုလည်း သူမက ထပ်မံအားပေးထားသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်တွင် အကြီးတန်းလူထုဝန်ထမ်းများနှင့် တွေ့ဆုံခဲ့စဉ်က အလုပ်မှဖယ်ရှားခံရမည်ကို စိုးရိမ်စရာ မလိုကြောင်း သူမက ၎င်းတို့အား ပြောဆိုခဲ့သည်။

    “မည်သည့်အစိုးရ၀န်ထမ်းကိုမှ လုပ်ငန်းရပ်စဲလိုက်ရေး အစီအစဉ် မရှိပါဘူး၊ လုံးဝလည်း ပြုလုပ်မှာမဟုတ်ဘူးလို့ သူမက ပြောကြားခဲ့ပါတယ်” ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သူ NLD လွှတ်တော်အမတ် ဦးဝင်းမြင့်မှ ပြောပြ၏။

    သူမသည် အမျိုးသားရင်ကြားစေ့ညီညွတ်ရေးကိုသာ လိုလားကြောင်း၊ ကလဲ့စားမချေလိုကြောင်း၊ သို့သော် စနစ်ကိုတော့ အခြေခံကျကျပြန်လည်ပြင်ဆင်ရမည်ဖြစ်ကြောင်း နှစ်အတန်ကြာကတည်းကပင် အခိုင်အမာပြောဆိုနေခဲ့သည်။

    ကျစ်လစ်၍အားကောင်းသောအစိုးရဖွဲ့နိုင်ရန် ၀န်ကြီးဋ္ဌာနများလျှော့ချရေး အဆိုကို NLD ပါတီ၏ မူဝါဒမှ တိုက်တွန်းထား၏။ သူမသည် ရွေးကောက်ပွဲမတိုင်မီက သူမအား အုပ်ချုပ်မှုနေရာမရအောင်တားမြစ်ထားသည့် – စစ်တပ်ရေးဆွဲခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြောင်းလဲရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုစည်းရုံးခဲ့သည်။

    ယခုသော် သူမ၏ပါတီမှာ လိုလိုလားလား စောင့်ဆိုင်းနေသည်ကို တွေ့ရပြန်ပါသည်။

    “လက်ရှိအနေအထားအရ စစ်တပ်သြဇာလျော့ကျသွားစေမယ့်ကိစ္စ တစ်စုံတစ်ရာမှ ကျွန်တော်တို့ ပြုလုပ်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အမျိုးသားသင့်မြတ်ရေးအတွက်သာ အမှန်တကယ် ရည်ရွယ်ထားကြောင်း သူတို့ကို နားလည်လက်ခံအောင် ပြုလုပ်သွားရမှာဖြစ်ပါတယ်” ဟု ဦးဝင်းထိန်က ဆိုသည်။

    ပါတီအနေဖြင့် တိုင်းရင်းလူနည်းစုဝင်များ ၀န်ကြီးဋ္ဌာနအချို့၌ ဦးဆောင်သွားနိုင်ရန်၊ သူမ၏အစိုးရအတွက် ပိုမို ထောက်ခံအားပေးမှု ရအောင် တည်ဆောက်သွားရန်၊ ၎င်းအပြင် စွမ်းအင်ဝန်ကြီးဋ္ဌာနကဲ့သို့သော အရေးပါသည့်ဝန်ကြီးဋ္ဌာနအချို့အား ကိုင်တွယ်လည်ပတ်ရေးအတွက် ပါတီပြင်ပရှိ ကျွမ်းကျင်သူများနှင့် လက်တွဲဆောင်ရွက်ရန် ဦးတည်ကြိုးပမ်းသွားမည်ဟု သူ၏အဆိုအရ သိရ၏။

    ပါတီ၏ဘတ်ဂျက်ကော်မတီဝင် ဦးဖြိုးမင်းသိန်းက ပြောကြားသည်မှာ ပါတီသည် မိမိ၏ကတိအတိုင်း နှစ်များစွာဖြစ်တည်နေသော ရာထူးကြီးစဉ်ငယ်လိုက်အုပ်ချုပ်ရေးမှသည် အာဏာခွဲဝေအုပ်ချုပ်ရေးစနစ်ဖြစ်လာအောင် ကြိုးပမ်းသွားမည်ဖြစ်သည်။

    “လက်ရှိမှာတော့ အထက်မှအောက် စနစ်မျိုးဖြစ်နေပါသေးတယ်”

    ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီပါတီကိုလည်း အထက်မှအောက် ထိန်းချုပ်မှုစနစ်ဖြစ်နေကြောင်း ထင်ထင်ရှားရှား တွေ့မြင်နေရသည်။ ထိပ်တန်းပါတီဝင်အချို့မှအပ ပါတီတစ်ခုလုံးသည် စတင်တည်ထောင်သည့် ၁၉၈၈ ခုနှစ်ကပင် သူမ၏အဆုံးအဖြတ်က အခရာ ဖြစ်နေခဲ့၏။

    နေအိမ်အကျယ်ချုပ်နှစ်များစွာအတွင်း သူမ၏ယုံကြည်ရသော အနီးကပ်အကြံပေးအုပ်စုများနှင့်သာ ထိတွေ့ဆက်ဆံမှုဖြင့် ကျင့်သားရနေခဲ့သည်။

    မူးယစ်ဆေးကုန်ကူးမှု၊ အကျင့်ပျက်ခြစားမှု၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်မှု၊ ဆင်းရဲမွဲတေမှု၊ ကျန်းမာရေးနှင့်ပညာရေးစနစ်မပြည့်ဝမှု စသည့် မြန်မာနိုင်ငံ၏ယိုယွင်းပျက်ပြားနေသောပြဿနာများကြောင့် သူမ ထဲထဲဝင်ဝင်ကိုင်တွယ်ရမည့်အခန်းကဏ္ဍ အလွန်များပြားသည့်အပေါ် သူမ၏အနီးကပ်လူယုံများပင်လျှင် စိုးရိမ်မကင်း ရှိနေကြ၏။

    ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေတဖြစ်လဲ ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဥာဏ်ဝင်းက “သူမမှာ ကောင်းမွန်သင့်မြတ်တဲ့ အသင်းအပင်းအစုအဖွဲ့တစ်ရပ် လိုအပ်နေပါတယ်။ ခုချိန်ထိ မရှိသေးဘူး။ ဒါတကယ့်ပြဿနာတစ်ရပ်ပါ” ဟု ဆိုပါသည်။

    စစ်အစိုးရမှ ဒီမိုကရေစီအရေးဖြိုလှဲရန် ကြိုးပမ်းစဉ် သူမ၏ အကျဉ်းစံကာလများတစ်လျှောက် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ သစ္စာရှိလူယုံများကိုသာ အလွန်အကျွံအားကိုးအားထားပြုခဲ့ရကြောင်း ၀ါရင့်ပါတီဝင်များက ဆိုသည်။ အကြောင်းအမျိုးမျိုးကြောင့် ယင်းအနီးဆုံးလူယုံတို့ကို မီဒီယာများနှင့် ပြောဆိုမှုမပြုရန် ညွှန်ကြားထားပေသည်။

    လွှတ်တော်၌ ပြောရေးဆိုခွင့်ရှိသော သမားတော်တစ်ဦးဖြစ်သူ ဒေါ်တင်မာအောင်အား တွေ့ဆုံမေးမြန်းရန် ကမ်းလှမ်းသောအခါ သူမ အလျဉ်းမပြုလုပ်နိုင်ကြောင်း ငြင်းဆိုခဲ့ပေသည်။

    (The New York Times မှ Thomas Fuller ရေးသားသော After Victory in Myanmar, Aung Sn Suu Kyi quietly
    shapes a transition ဆောင်းပါးကို လှိုင်းသစ်အောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။)

  • ဘာသာပေါင်းစုံ အမျိုးသမီးအဖွဲ့မှ မန္တလေးမှ ချို့တဲ့သူများ အတွက် အစားသောက်လှူဒါန်း

    ဘာသာပေါင်းစုံ အမျိုးသမီးအဖွဲ့မှ မန္တလေးမှ ချို့တဲ့သူများ အတွက် အစားသောက်လှူဒါန်း

    ဒီဇင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    mandalay

    – မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးရှိ ဧရာဝတီမြစ်ဘေးတွင် ယာယီတဲများဖြင့် နေထိုင်နေရသည့် ချို့တဲ့ ကလေးငယ်များ၊ မိသားစုများအတွက် ထမင်းတစ်နပ်က ခရစ္စမတ်အထူးလက်ဆောင် ဖြစ်လေသည်။

    ကက်သလစ် ခရစ်ယာန် ဘာသာဝင်၊ ဗုဒ္ဓဘာသာဝင်၊ အစ္စလာမ် ဘာသာဝင်နှင့် ဟိန္ဒူဘာသာဝင် အမျိုးသမီးများဖြင့် ဖွဲ့စည်းထားသည့် ဘာသာပေါင်းစုံအမျိုးသမီးအဖွဲ့တစ်ခုက ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်သတင်းစကားကို ဖြန့်ချီရန်အတွက် ဒီဇင်ဘာ ၂၀ ရက်နေ့က မန္တလေးမြို့ရှိ ချို့တဲ့သူများထံ သွားရောက်ကာ အစားသောက်များ လှူဒါန်း ကျွေးမွေးခဲ့သည်။

    “ချို့တဲ့သူတွေကြားထဲမှာ ခရစ်တော်ကို ကျွန်မတို့ တွေ့ရှိခဲ့တယ်။ ဒါ့ကြောင့် လူတွေအပေါ် ရိုးသားမှုနဲ့ ပျော်ရွှင်မှုကို ကျွန်မတို့ မျှဝေပေးပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ပြောသလိုပဲ ကျွန်မတို့ဟာ အပြင်ထွက်ပြီးတော့ သိုးတွေရဲ့အနံ့ကို ခံဖို့ လိုပါတယ်။ (ချို့တဲ့သူတွေကို ရှာဖွေဖို့ လိုအပ်ပါတယ်)” ဟု အဆိုပါ ဘာသာပေါင်းစုံအဖွဲ့အား စတင်တည်ထောင်ခဲ့သူ အိုင်းရစ်ရှ်ကိုလံဘန် ခရစ်ယာန်သီလရှင် စစ္စတာ ကက်သလင်း ဂီနေးက ပြောကြားခဲ့သည်။

    ထမင်းနှင့် ဟင်းကဲ့သို့ ရိုးရှင်းသည့် အစားသောက်တစ်ခုက ပြည်သူများ – အထူးသဖြင့် အဟာရချို့နေသူအများစုဖြစ်သည့် ကလေးငယ်များအား ကူညီရာတွင် တာသွားလိမ့်မည်ဟု စစ္စတာက ထပ်လောင်းပြောကြားခဲ့လေသည်။ ထိုကဲ့သို့ လှူဒါန်းကျွေးမွေးမှုကို ခရစ္စမတ်နှင့် အီစတာပွဲတော်တို့ကဲ့သို့ နေ့ထူးနေ့မြတ်များတွင် ပြုလုပ်သည်ဟု ဆိုသည်။ သို့သော်လည်း ၎င်းတို့၏ ဘာသာပေါင်းစုံအဖွဲ့က ချို့တဲ့သည့် မိသားစုများအား အပတ်စဉ် ကြက်ဥ အလုံး ၄၀၀ ခန့် ဖြန့်ဖြူးပေးလေသည်။

    မြစ်ဘေးတွင်တည်ရှိသည့် ဘုန်းကြီးကျောင်းတွင်ပြုလုပ်သော ၎င်းတို့၏ ခရစ္စမတ်အလှူဒါနကို ရာပေါင်းများစွာသော မိသားစုများက တန်းစီ စောင့်ဆိုင်း ရယူခဲ့ကြသည်။

    ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်ပြီး ထိုဘာသာပေါင်းစုံ အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ စင်သီယာ ယဉ်ယဉ်အုန်းက ချို့တဲ့သည့်ကလေးငယ်များ၊ မိခင်များနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအား လှူဒါန်းသည့် အဆိုပါ အလှူဒါနအတွက် ကန်ဒေါ်လာ ၂၃၀ ခန့် ကုန်ကျခဲ့သည်ဟုဆိုသည်။

    “မြစ်ဘေးမှာနေတဲ့ သူတို့တွေဟာ နေ့တိုင်း ထမင်းကောင်းဟင်းကောင်း မစားရပါဘူး။ ဒါ့ကြောင့် ကျွန်မတို့က ဒီအစီအစဉ်ကို ပြုလုပ်ရတာပါ။ အထူးသဖြင့် ခရစ္စမတ်လိုကာလမျိုးမှာ ကျွန်မတို့ဟာ ပျော်ရွှင်မှုတွေကို ချို့တဲ့သူတွေနဲ့အတူ မျှဝေခံစားချင်ပါတယ်” ဟု စင်သီယာက ထည့်သွင်းပြောကြားခဲ့သည်။

    ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် ထောင်ပေါင်းများစွာသော ပြည်သူများမှာ တရားမ၀င် ကျူးကျော်နေထိုင်နေကြရပြီး အများစုက ၎င်းတို့၏ နေ့စဉ်ဝင်ငွေကို သင်္ဘောများမှ ကုန်တင်ကုန်ချလုပ်ခြင်းဖြင့် ရှာဖွေရလေသည်။

    မြစ်ရေမြင့်တက်လာသည့် အချိန်တွင်မူ ၎င်းတို့မှာ ကုန်းမြင့်ဘက်သို့ ပြောင်းရွှေ့နေထိုင်ရသည်။ ထို့ပြင် အစိုးရက ပြောင်းရွှေ့ရန် ဖိအားပေးခြင်းကိုလည်း ၎င်းတိုက ခံစားနေရလေသည်။

    မြစ်ကမ်းတစ်လျှောက် အ၀တ်လျှော်အလုပ်ဖြင့် အသက်မွေးနေရသည့် အသက် ၄၃ နှစ်အရွယ် မခင်မျိုးဝင်းက သူမမှာ ထိုနေရာအပြင် အခြားသို့ သွားနေရန် အဆင်မပြေဟု ဆိုသည်။

    “ကျွန်မတို့အလုပ်က ကမ်းနားမှာလေ။ ဒါ့ကြောင့် အလုပ်အကိုင်အခွင့်အလမ်းမရှိတဲ့ အခြားနေရာတွေကို ကျွန်မတို့ ပြောင်းလို့မရဘူး။ ဒီနေရာမှာ ကျွန်မတို့နေလာတာ ၃၅ နှစ်ရှိပါပြီ” ဟု ကလေး ၇ ယောက်၏ မိခင်ဖြစ်သူ မခင်မျိုးဝင်းက ပြောကြားခဲ့သည်။

    မြစ်ကမ်းအနီးရှိ ပဲပင်ဘုန်းကြီးကျောင်းမှ ဆရာတော် အရှင် တေဇ၀န်သက ကုန်ထမ်းသည့်အလုပ်သမားများမှာ စက်ပစ္စည်းများ အစားထိုးဝင်လာသောကြောင့် အလုပ်များ ဆုံးရှုံးလျက်ရှိနေသည်ဟု ပြောကြားခဲ့သည်။ ဘုန်းတော်ကြီးများကလည်း အဆိုပါမိသားစုများအတွက် ၎င်းတို့ တတ်နိုင်သည့် အကူအညီများကို ပေးနေပြီး တစ်ခါတစ်ရံတွင် ကျောင်းစားရိတ်နှင့် ကျူရှင်စားရိတ်ထောက်ပံ့မှုများပင် ရှိနေသည်။

    “အဲဒီချို့တဲ့သူတွေရဲ့ အခက်အခဲကို ဘုန်းကြီးတွေကပဲ ဖြေရှင်းလို့မရပါဘူး။ အစိုးရနဲ့ အခြားသော ပါဝင်ပတ်သက်သူတွေကလည်း မြစ်ဘေးက ဒီလူတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့လိုပါတယ်” ဟု ဆရာတော် အရှင်တေဇ၀န်သက ပြောကြားခဲ့သည်။

    ဘာသာပေါင်းစုံအမျိုးသမီးများအဖွဲ့ကမူ ဘုန်းတော်ကြီးကျောင်း၏ ဆောင်ရွက်မှုများတွင် တစ်နည်းနည်းဖြင့်ပါဝင်ရန် ကြိုးစားခဲ့ကြပြီး ကျောင်းစားရိတ်နှင့် ကျူရှင်စားရိတ်များ ထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း စသည်တို့ကိုလည်း လုပ်ဆောင်နေသည်ဟု စစ္စတာဂီနေးက ထည့်သွင်းပြောကြားခဲ့သည်။

    အစားအသောက်လှူဒါန်းခြင်းမှာ လတ်တလောပြဿနာကို ဖြေရှင်းခြင်းသာဖြစ်ပြီး ပညာရေးထောက်ပံ့မှုကသာ ရေရှည်အဖြေဖြစ်သည်ဟု စစ္စတာက ဆိုလေသည်။

    Ref: Yangon.coconuts

  • ဂွာဒီယိုလာမှာ မည်သည့်နေရာ၌မဆို အောင်မြင်နိုင်သည်ဟု ရော်နယ်ဒင်ဟိုပြော

    ဂွာဒီယိုလာမှာ မည်သည့်နေရာ၌မဆို အောင်မြင်နိုင်သည်ဟု ရော်နယ်ဒင်ဟိုပြော

    ဒီဇင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    pep

    – ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာမှာ ကမ္ဘာ့မည်သည့်နေရာ၌မဆို နည်းပြနိုင်သည့် စွမ်းရည်ရှိပြီး မည်သည့်အသင်းတွင်မဆို အောင်မြင်နိုင်သည်ဟု ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟိုက ပြောကြားလိုက်သည်။

    ဂွာဒီယိုလာမှာ ယခုနှစ်ကုန်တွင် အသင်းနှင့် သက်တမ်းမတိုးတော့ဟု ဘိုင်ယန်မြူးနစ်က ယခုတစ်ပတ်တွင် ကြေငြာခဲ့ပြီး မန်စီးတီး၊ မန်ယူနှင့် ချယ်ဆီးတို့က လာမည့်နွေရာသီတွင် ခေါ်ယူရန် ကြိုးပမ်းနေကြသည်။ ၂၀၀၈ ခုနှစ်တွင် ဂွာဒီယိုလာအား ခန့်အပ်ပြီး သိပ်မကြာခင် ဘာစီလိုနာမှ ထွက်ခွာခဲ့သည့် ရော်နယ်ဒင်ဟိုကမူ ဂွာဒီယိုလာမှာ ဘောလုံးလောကကို ဆက်လက်လွှမ်းနိုင်မည်ဟု မျှော်လင့်နေသည်။

    “ပက်ပ် (ဂွာဒီယိုလာ) ဟာ ကမ္ဘာပေါ်က ဘယ်အသင်းကိုမဆို စီမံနိုင်တဲ့ ကြီးကျယ်တဲ့နည်းပြတစ်ဦးပါ။ ပြီးတော့ သူဟာ သူငယ်ချင်းကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။” ဟု ရော်နယ်ဒင်ဟိုက Omnisport သို့ ပြောကြားခဲ့သည်။ ထို့ပြင် ဘာကာတိုက်စစ်အတွဲဖြစ်သည့် မက်ဆီ၊ နေးမာနှင့် ဆွာရက်ဇ်တို့ကိုလည် ၎င်းက ချီးကျူးခဲ့သည်။

    Ref: Goal