News @ M-Media

Blog

  • တက္ကသိုလ်ဝင်တန်း အခမဲ့ ပညာဒါန သင်တန်း ဖွင့်ပွဲ ဒလမြို့နယ် ကမာကဆစ်မှာ ကျင်းပ

    တက္ကသိုလ်ဝင်တန်း အခမဲ့ ပညာဒါန သင်တန်း ဖွင့်ပွဲ ဒလမြို့နယ် ကမာကဆစ်မှာ ကျင်းပ

    ဒီဇင်ဘာ ၂၀ ၊ ၂၀၁၅
    M-Media
    သတင်း – ဟိန်းထက်
    1934609_141056316263423_1967768195376760947_n
    ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက် Peace Cultivation Network-(PCN) နှင့် ကမာကဆစ်ဆရာတော် ဦးဧသိက တို့ ပူးပေါင်း ဖွင့်လှစ်သည့် တက္ကသိုလ်ဝင်တန်း အခမဲ့ပညာဒါနသင်တန်း ဖွင့်ပွဲ့အခမ်းအနားကို  ရန်ကုန်တိုင်း ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ကမာကဆစ်အနောက် ဘုန်းတော်ကြီးကျောင်း၌ ဒီဇင်ဘာ ၂၀ ရက်နေ့ (ယနေ့) တွင် ကျင်းပပြုလုပ်ခဲ့သည်ဟုသိရသည်။

    အခမ်းအနားကို မနက် ၁၀ နာရီမှ ၁၂ နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းထိုင်ဆရာတော်၊ သင်ကြားမည့် ဆရာ၊ ဆရာမများ၊ ကျောင်သားကျောင်းသူများ၊ မြို့နယ်အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    အနောက်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်က ဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပညာဒါနသင်တန်းကို ပံ့ပိုးကူညီပေးသည့် “ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက် (PCN)” မှ ဒုဥက္ကဌ ဦးတင်မျိုးဝင်း(ဗိုလ်မှူး ငြိမ်း) က သင်တန်းနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များ၊ ဆောင်ရွက်သွားမည့် ကိစ္စများကို တင်ပြခဲ့သည်။

    ဒလမြို့အုပ်ချုပ်ရေးမှူးရုံး လူမှုအထောက်အကူပြုဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ကျေးဇူးတင်စကားပြောကြားခဲ့ကာ ဆရာများကိုယ်စား ဆရာဦးစိုးအောင်က ပညာဒါနသင်တန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

    အဆိုပါ တက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်းမှာ အခမဲ့ဖြစ်ပြီး ကျောင်းသားများအား၊ ဗလာစာအုပ်၊ ဘောပင်တို့ အပါအ၀င် ကျောင်းသုံးပစ္စည်းများ၊ သင်ကြားမည့် စာရွက်စာတမ်းများကိုပါ အခမဲ့ ဝေငှသွားမည်ဖြစ်ကာ၊ မေခွန်းဟောင်း စာအုပ်များကိုလည်း တစ်ယောက်တစ်အုပ်စီ အခမဲ့ပေးအပ်သွားရန် အစီအစဉ်ရှိနေသည်ဟု သင်တန်းတွင် အင်္ဂလပ်စာသင်ကြားပေးမည့် ဆရာ ဂျက်ဖရီ ဦးတင်အုန်းက ပြောကြားခဲ့သည်။ လက်ရှိတွင် သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းထားသည့် ကျောင်းသားဦးရေမှာ ၃၅ ဦးရှိနေသည်ဟု သိရသည်။

    ပညာဒါနသင်တန်း သင်ကြားမည့်အချိန်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိဖြစ်ပြီး၊ စနေ၊ တနင်္ဂနွေနေ့များတွင် မနက် ၉ နာရီမှ ၁၂ ခွဲအထိ တစ်ကြိမ်၊ နေ့လည် ၁ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ တစ်ကြိမ် သင်ကြားပေးသွားမည်ဖြစ်သည်။ ပညာဒါနသင်တန်းတွင် စုစုပေါင်း ဆရာ၊ ဆရာမ ၁၆ ဦးရှိပြီး နောက်ထပ် ဆရာများကိုလည်း ထပ်မံ ပေါင်းထည့်သွားမည်ဟု သိရသည်။

    10615419_141055702930151_7031100829342592329_n

    အဆိုပါ တက္ကသိုလ်ဝင်တန်း ပညာဒါနသင်တန်းကို ၂၀၀၉ ခုနှစ်ကတည်းက အစ္စလာမ်ဘာသာဝင်ဆရာအများစု ဦးစီး၍ သင်ကြားခဲ့ခြင်းဖြစ်ပြီး အောင်ချက်ကောင်းမွန်မှုကြောင့် ဒလမြို့ရှိပြည်သူများ အားထားရာ ပညာဒါန သင်တန်းတစ်ခုလည်းဖြစ်သည်ဟု သိရသည်။

    လူမျိုးဘာသာမရွေး လက်ခံသင်ကြားပေးသည့် အဆိုပါပညာဒါနသင်တန်းမှာ ချို့တဲ့သူသောပြည်သူများ အခက်အခဲမရှိ ပညာသင်ယူနိုင်ရေး အတွက် ရည်ရွယ်သည်ဟု ဆရာ ဂျက်ဖရီ ဦးတင်အုန်းက ပြောကြားခဲ့ပြီး ဖွင့်လှစ်ခဲ့သည့်သက်တမ်း တစ်လျှောက်လုံး ကျောင်းထိုင်ဆရာတော် အပါအ၀င် ကမာကဆစ် အနောက်ကျောင်းတိုက်မှ လိုလေသေးမရှိ ကူညီပေးခဲ့သည်ဟု ဆိုသည်။

    12360295_546123302217507_6060416007306161999_n

  • သီရိလင်္ကာလူ့အဖွဲ့အစည်းအတွက် တတိယမြောက်စာသင်ကျောင်းဆောက်လုပ်ရန် ဆော်ဒီခွင့်ပြု

    သီရိလင်္ကာလူ့အဖွဲ့အစည်းအတွက် တတိယမြောက်စာသင်ကျောင်းဆောက်လုပ်ရန် ဆော်ဒီခွင့်ပြု

    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    siri

    – နိုင်ငံအရှေ့ပိုင်း ဒမ်မမ်ပြည်နယ်ရှိ သီရိလင်္ကာလူ့အဖွဲ့အစည်းအတွက် စာသင်ကျောင်းဆောက်လုပ်ခွင့်ကို ဆော်ဒီပညာရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့ပြီး နိုင်ငံအတွင်း တတိယမြောက် သီရိလင်္ကာစာသင်ကျောင်း ဖြစ်လာမည်ဖြစ်သည်။

    ဆော်ဒီအစိုးရ၏ ထိုဆုံးဖြတ်ချက်အတွက် သီရိလင်္ကာ သံအမတ် အဇ်မီ သက်ဆင်မ်က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါပြည်နယ်တွင် သီရိလင်္ကာမိသားစု ၄၀၀ ခန့်ရှိနေပြီး ကလေးငယ် ၇၀၀ ခန့်မှာ ပြည်နယ်အတွင်းရှိ ဆော်ဒီအစိုးရကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေရသည်။

    စာသင်ကျောင်းဆောက်လုပ်ရေး လုပ်ငန်းများကို လာမည့်ဇန်န၀ါရီတွင် စတင်မည်ဖြစ်ပြီး လာမည့်နှစ် ပညာသင်နှစ်မှစ၍ ပညာသင်ကြားနိုင်မည်ဖြစ်သည်။

    “ကျွန်တော်တို့ဟာ ဘာသာစုံရှိတဲ့လူ့အဖွဲ့အစည်းပါ။ ဒီကျောင်းဟာ သီရိလင်္ကာနိုင်ငံသားတွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံနှုတ်ဆက်ဖို့၊ ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အစည်းအဝေး ပွဲလမ်းသဘင်တွေပြုလုပ်ဖို့အတွက် ကောင်းမွန်တဲ့နေရာတစ်ခု ဖြစ်လာမှာပါ” ဟု သီရိလင်္ကာ သံအမတ်က ပြောကြားခဲ့သည်။

    ကျောင်းဆောက်လုပ်ရေးအတွက် ဆော်ဒီအစိုးရက ၇ ဦးပါ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့သည်။ ဆော်ဒီရှိ သီရိလင်္ကာ လးငယ်များမှာ ကျောင်းစားရိတ်မတတ်နိုင်သောကြောင့် ကျောင်းတက်ခြင်းမရှိချေ။

    “ဒီကျောင်းကို မတူညီတဲ့ စီးပွားရေးနောက်ခံတွေက ကျောင်သားမိဘတွေ တတ်နိုင်တဲ့ပုံစံမျိုးဖြစ်အောင် ဆောင်ရွက်သွားမှာပါ” ဟု ကော်မတီမှ အတွင်းရေးမှူးဖြစ်သူ ဆာဘူရ် အဒီမ်းက ပြောကြားခဲ့သည်။

    ထိုကျောင်းမှာ နိုင်ငံအတွင်းရှိ သီရိလင်္ကာလူ့အဖွဲ့အစည်းအတွက် တတိယမြောက် စာသင်ကျောင်းဖြစ်မည်ဖြစ်ပြီး လက်ရှိတွင် မြို့တော်ရီယာ့ဒ်၌ တစ်ခု၊ ဂျစ်ဒါ၌တစ်ခု ရှိနေသည်။

    ဆော်ဒီအာရေဗျတွင်နေထိုင်သူ သီရိလင်္ကာနိုင်ငံသား အရေအတွက်မှာ ၅ သိန်း ၅ သောင်းဝန်းကျင်ခန့် ရှိပြီး အရှေ့အလယ်ပိုင်းရှိ သီရိလင်္ကာအလုပ်သမားအရေအတွက် စုစုပေါင်း၏ သုံးပုံတစ်ပုံလည်း ဖြစ်သည်။

    Ref: Arabnews

  • နိုင်ဂျာတွင် စစ်တပ်က အာဏာသိမ်းရန်ကြံစည်မှုကို အစိုးရက နှိမ်နင်း

    နိုင်ဂျာတွင် စစ်တပ်က အာဏာသိမ်းရန်ကြံစည်မှုကို အစိုးရက နှိမ်နင်း

    ဒီဇင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    niger

    – နိုင်ငံတော်အာဏာသိမ်းရန် ကြံစည်နေသည်ဟူသော သံသယဖြင့် စစ်တပ်အရာရှိ ၉ ဦးကို ဖမ်းဆီးလိုက်သည်ဟု အာဖရိကနိုင်ငံတစ်ခုဖြစ်သော နိုင်ဂျာအစိုးရက ယနေ့တွင် ကြေငြာခဲ့သည်။

    ယခုသီတင်းပတ်အစောပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား တစ်လတာ စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး ဟာဆူမီ မာဆာအူဒူက ယနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    “အာဏာသိမ်းဖို့ ကြိုးစားမှုအတွက် တာဝန်ရှိသူ အရာရှိ ၉ ဦးကို ဖမ်းဆီးလိုက်ပြီး၊ စစ်ခုံရုံးမှာ တရားစွဲဆိုသွားမှာပါ” ဟု ၀န်ကြီးက ပြောကြားခဲ့သည်။ ထိုကဲ့သို့ အာဏာသိမ်းမှုကို တားဆီးနိုင်ခဲ့ခြင်းမှာ ၎င်းတို့၏ အစီအစဉ်များကို ပုံမှန်သတင်းပို့နေသည့် သစ္စာရှိစစ်သားအချို့ကြောင့် ဖြစ်သည်ဟု မာဆာအူဒူက ဆိုသည်။

    သမ္မတ မဟာမာဒူ အစ်ဆူဖူကမူ ကြာသာပတေးနေ့က ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည့် မိန့်ခွန်း၌ အာဏာသိမ်းရန် ကြံစည်သူများမှာ လေကြောင်းအင်အားကို အသုံးပြုရန် စီစဉ်ထားသည်ဟု ဆိုသည်။ သို့သော်လည်း အတိုက်အခံအဖွဲ့ကမူ အစိုးရ၏ ပြာကြားမှုကို ငြင်းဆိုခဲ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲအရင် နိုင်ငံရေးအခြေအနေကို ကြိုးကိုင်လိုသည့် ရည်ရွယ်ချက်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဒုံးကျည်စမ်းသပ်မှုမှာ မိမိတို့အခွင့်အရေးဟု အီရန်ပြော

    ဒုံးကျည်စမ်းသပ်မှုမှာ မိမိတို့အခွင့်အရေးဟု အီရန်ပြော

    ဒီဇင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    iran 1
    အီရန်၏ Emad ဒုံးကျည်

    – အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က အီရန်၏ ဒုံးကျည်စမ်းသပ်မှု အခွင့်အရေးကို ကာကွယ်ပြောဆိုလိုက်ပြီး အီရန်ရှိ မည်သည့်ဒုံးကျည်မှ နျူထိပ်ဖူး တပ်ဆင်နိုင်စွမ်းရှိဟု ပြောကြားခဲ့သည်။

    “ဒါက ကျွန်တော်တို့ရဲ့ တရားဝင်အခွင့်အရေးပါပဲ၊ နျူကလီးယားထိပ်ဖူးတပ်ဆင်လို့ရအောင် ဒီဇိုင်းထွင်ထားတဲ့ ဒုံးကျည် တစ်စင်းမှ မရှိပါဘူး။ ဒါကြောင့်မို့လို့ ဒီစမ်းသပ်မှုဟာ ကျွန်တော်တို့ရဲ့ ကိုယ့်ကိုယ်ကိုကာကွယ်ပိုင်ခွင့်ထဲမှာပဲ ရှိနေပါတယ်” ဟု ဇာရစ်ဖ်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

    အီရန်သည် တာဝေးပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်သော Emad ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်။ သို့သော် ဤကိစ္စမှာ အီရန်က နျူကလီးယားသဘောတူညီမှုကို ချိုးဖောက်သည်ဟု စွပ်စွဲလိုက်သော အမေရိကန်နိုင်ငံရေးသမားများအကြား ဂယက်ထသွားခဲ့သည်။

    သမ္မတအိုဘားမားသို့ပေးပို့ခဲ့သော စာတစ်စောင်တွင် ရီပက်ဘလီကန်အမတ်များက နူးကလီးယားသဘောတူညီချက်စာချုပ်အရ အီရန်ကို ပိတ်ဆို့မှုများ ပယ်ဖျက်ပေးခြင်း မပြုလုပ်ရန် အစိုးရအား တောင်းဆိုခဲ့သည်။

    ဇာရစ်ဖ်က အီရန်၏ ကာကွယ်ရေးတွက် ဒုံးကျည်ထုတ်လုပ်မှုအစီအစဉ်အပေါ် မည်သည့်ဆွေးနွေးညှိနှိုင်းမှုကိုမှ လက်ခံခြင်းမရှိခဲ့ပေ။

    “ခင်ဗျားတို့ရဲ့မဟာမိတ်နိုင်ငံတွေဟာ ဒီဒေသမှာ မလိုအပ်ပဲ လက်နက်တွေကို ၁၀ ဘီလီယံဒေါ်လာဖိုးလောက် ၀ယ်ယူနေကြတယ်၊ အီရန်စစ်တပ်ပိုင် လက်နက်ပစ္စည်းတွေဟာ အဲ့ဒီနိုင်ငံတွေထက် အဆပေါင်းများစွာနည်းပါတယ်” ဟု ၎င်းက အင်တာဗျုးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အီရန်က ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ဟိုစိန် ဒဲဟ်ကန်ကမူ နူကလီးယားသဘောတူညီမှုစာချုပ်တွင် နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းရည်မြှင့်တင်မှုအား ပိတ်ပင်တားမြစ်ထားခြင်း မရှိဟု ပြောကြားခဲ့သည်။

    အီရန်က ၎င်း၏စစ်တပ်အင်အားသည် အခြားမည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်ရန်မဟုတ် ထပ်ခါတလဲလဲ ပြောဆိုထားပြီး ၎င်း၏ကာကွယ်ရေးမူဝါဒသည် နိုင်ငံတော်ကာကွယ်ရေးကိုသာ အခြေခံထားကြောင်း အလေးပေးပြောကြားခဲ့သည်။

    Ref: PresTV

  • အဲဗာတန်ပွဲမှာ အဝေးကွင်းအခက်ခဲဆုံးပွဲဟု လက်စတာတိုက်စစ်မှူးပြော

    အဲဗာတန်ပွဲမှာ အဝေးကွင်းအခက်ခဲဆုံးပွဲဟု လက်စတာတိုက်စစ်မှူးပြော

    ဒီဇင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    leis

    – အဲဗာတန်အား အနိုင်ရရှိခဲ့သည့် ယမန်နေ့ပွဲမှာ ယခုရာသီ မိမိတို့အသင်း၏ အဝေးကွင်း အခက်ခဲဆုံးပွဲဖြစ်သည်ဟု လက်စတာတိုက်စစ်မှူး ရီယဒ် မဟ်ရက်ဇ်က ပြောကြားလိုက်သည်။

    ထိုပွဲတွင် လက်စတာမှာ ခက်ခက်ခဲခဲကစားကာ ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ထိပ်ဆုံးနေရာကို ဆက်လက် ရယူထားနိုင်သည်။ လက်စတာအတွက်ဂိုးများကို မဟ်ရက်ဇ်က ပင်နယ်တီမှ ၂ ဂိုး အိုကာဇာကီက ၁ ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

    “ခက်ခဲတဲ့ပွဲပါ။ ဒီရာသီမှာ ကျွန်တော်တို့ရဲ့ အခက်ခဲဆုံး အဝေးပွဲလို့ ကျွန်တော်ထင်ပါတယ်။ ၃ ဂိုး ၂ ဂိုးနဲ့ ကျွန်တော်တို့နိုင်တယ်။ သူတို့ အခွင့်အရေး အများကြီး မရပါဘူး။ ဒါပေမယ့် ဘောလုံးပိုင်ဆိုင်မှုတော့ ရခဲ့တယ်။ ကျွန်တော်တို့ ခံစစ်တော်တော်ကောင်းပြီး အနိုင်နဲ့ထိုက်တန်တယ်လို့ ထင်ပါတယ်။ နိုင်တယ်ဆိုတာ အမြဲတမ်းကောင်းပါတယ်။ အထူးသဖြင့် အဝေးပွဲတွေမှာပေါ့။ ကျွန်တော်တို့ ဒီကွင်းမှာမနိုင်တာ နှစ် ၃၀ လောက်ရှိပြီလို့ သူတို့ပြောကြတယ်။ ဒါ့ကြောင့် ဒီအနိုင်ဟာ အသင်းနဲ့ ပရိတ်သတ်တွေအတွက် တော်တော်ကောင်းပါတယ်။ ကျွန်တော် အရမ်းပျော်ပါတယ်” ဟု မဟ်ရက်ဇ်က ပြောကြားခဲ့သည်။

    Ref: Goal