ဒီဇင်ဘာ ၂၄၊ ၂၀၁၅
M-Media
– ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင်ဖြစ်ပွားခဲ့သည့် ဗြိတိန်စုံတွဲနှစ်ယောက် အသတ်ခံရမှုအတွက် ဖမ်းဆီးတရားစွဲဆိုခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးအား အပြစ်ရှိကြောင်း တွေ့ရှိရ၍ ကော်စမွီတရားရုံးက ယနေ့တွင် သေဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။
အသက် ၂၂ နှစ်အရွယ်စီရှိသော ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့ဖြစ်ကြပြီး အသက် ၂၃ နှစ်အရွယ် ဟန်နာ ၀ှိုက်သရစ်ဂ်ျအား အဓမ္မကျင့်သတ်ဖြတ်မှု၊ အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မီလာအား သတ်ဖြတ်မှုတို့အတွက် သေဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါအမှုအပြင် ခိုးမှုနှင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င်ဝင်ရောက်မှုဖြင့်ပါ ထောင်ဒဏ် ၂ နှစ် သီးခြားချမှတ်ခဲ့သည်။
တရားရုံးမှထုတ်ပြန်သော ကြေငြာချက်တွင် ၎င်းတို့၏ ဆုံးဖြတ်ချက်မှာ ခိုင်မာသည့် DNA သက်သေအထောက်အထားများကို အခြေခံ၍ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ အဆိုပါ မြန်မာနိုင်ငံသား နှစ်ဦးမှာ အယူခံဝင်ရန်ရှိနေပြီး အယူခံကာလမှာ ရက်ပေါင်း ၃၀ အထိ ရရှိမည်ဖြစ်သည်။
စီရင်ချက်ချမှတ်ပြီးနောက် ၎င်းတို့နှစ်ဦးစလုံး၏ မိခင်များမှာ ၀မ်းနည်းစွာငိုကြွေးခဲ့ကြပြီး ၀င်းဇော်ထွန်း၏ မိခင်ဖြစ်သူမှာ မူးမေ့လဲကျသွားခဲ့သည်။
နှစ်ဦစလုံးကမူ ၎င်းတို့တွင် အပြစ်မရှိဘဲ ရဲတပ်ဖွဲ့၏ နှိပ်စက်မှုကြောင့် စောစောပိုင်းတွင် ၀န်ခံခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြသည်။ အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးမှာ ထိုလူသတ်မှုတွင် ဓားစားခံဖြစ်ခဲ့ရသည်ဟု ထိုင်းမီဒီယာများနှင့် နိုင်ငံတကာမီဒီယာများ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။
လူ့အခွင့်အရေးအဖွဲ့များကလည်း ထိုလူသတ်မှုအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အကြိမ်ကြိမ်အခါခါ တိုက်တွန်းခဲ့ကြသည်။
ထိုင်းရဲတပ်ဖွဲ့မှာ နိုင်ငံအတွင်းဖြစ်ပွားသည့် ရာဇ၀တ်မှုများတွင် မြန်မာ၊ ကမ္ဘောဒီယားနှင့် လာအိုတို့မှ လာရောက်အလုပ်လုပ်ကိုင်ကြသော ရွှေ့ပြောင်းလုပ်သားများအား ဓားစားခံအဖြစ် ဖမ်းဆီးကာ အပြစ်ပေးလေ့ရှိသည်ဟု မကောင်းသတင်းဖြင့် ကျော်ကြားသည်။
Ref: Bangkokpost
Leave a Reply
You must be logged in to post a comment.