News @ M-Media
Blog
  • ရုရှား တားမြစ်ဆေး တိုက်ဖျက်ရေး အဖွဲ့မှ ခေါင်းဆောင်ပိုင်းများအားလုံး နှုတ်ထွက်
    ရုရှား တားမြစ်ဆေး တိုက်ဖျက်ရေး အဖွဲ့မှ ခေါင်းဆောင်ပိုင်းများအားလုံး နှုတ်ထွက်
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    russia
    – ရုရှားအားကစားလောကတွင် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း တားမြစ်ဆေးနှင့်ပတ်သက်၍ ပြဿနာများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရုရှား၏ တားမြစ်ဆေးတိုက်ဖျက်ရေး RUSADA မှ ခေါင်းဆောင်ပိုင်းအားလုံး ယမန်နေ့က နှုတ်ထွက်သွာခဲ့သည်ဟု သိရသည်။
    တားမြစ်ဆေးပြဿနာတွင် ပါဝင်သည့် အားကစားသမားများ၊ နည်းပြများ၊ တာဝန်ရှိသူများကို တစ်ယောက်မကျန် နှိမ်နင်းသွားမည်ဟု ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ပြောကြားခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ နှုတ်ထွက်မှု ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။
    “ယာယီဒါရိုက်တာ နီကီတာ ကမာယက်ဗ်ပါအ၀င် RUSADA က အကြီးအကဲ ၄ ဦးစလုံး နှုတ်ထွက်သွားခဲ့ကြတာပါ။ ကြားဖြတ်အထွေထွေဒါရိုက်တာအဖြစ် အန်နာ အန့်ဆီလီယိုဗစ်ခ်ျကို ခန့်အပ်ထားပါတယ်” ဟု RUSADA မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    ရုရှားအားကစားလောကတွင် တားမြစ်ဆေးဝါးများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသည်ဟု အစီရင်ခံစာတစ်စောင် ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် နိုင်ငံတကာ အားကစားသမားများအဖွဲ့ IAAF မှာ ရုရှား အားကစားသမားများ၊ RUSADA နှင့် ရုရှား၏ တားမြစ်ဆေးတိုက်ဖျက်ရေး စမ်းသပ်ခန်းတို့ကို နိုဝင်ဘာလတွင် ပိတ်ပင်ခဲ့သည်။ RUSADA ၏ အထွေထွေဒါရိုက်တာဖြစ်သူ ရာမီလ် ဘရီဗ်မှာလည်း ပြီးခဲ့သည့်လက ရာထူးမှ နှုတ်ထွက်ခဲ့သည်။
    Ref: Channelnewsasia
  • ပြင်သစ်ရွေးကောက်ပွဲတွင် အမျိုးသားရေးဝါဒီများ မရှုမလှ ရှုံးနိမ့်ခဲ့
    ပြင်သစ်ရွေးကောက်ပွဲတွင် အမျိုးသားရေးဝါဒီများ မရှုမလှ ရှုံးနိမ့်ခဲ့
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    franc
    Front National – FN ပါတီခေါင်းဆောင် မာရီနာလီပင်အား ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း မဲဆွယ်ပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ – AFP)
    – ၂၀၁၅ ဒီဇင်ဘာ ၁၃ ရက်ညဥ့်၌ ရွေးကောက်ပွဲအတွက် အစွန်းမရောက်ပြင်သစ်ပြည်သူတို့၏ မဲဆန္ဒများက လက်ျာစွန်းရောက်ခေါင်းဆောင် မာရီနီလီပင်၏ အမျိုးသားတပ်ဦးပါတီအား တုန်လှုပ်သွားစေခဲ့သည်။ သို့သော် သူမသည် သမ္မတလောင်းနေရာ၏လမ်းကြောင်းတွင် ရှိနေဆဲဟု ခေါင်းမာစွာ တင်းခံပြောကြားနေကြောင်း ပဲရစ်ရှိ John Lichfield ပေးပို့သောသတင်းများအရ သိရသည်။
    လက်ျာစွန်းရောက် FN ပါတီသည် ဒုတိယအကျော့ ဒေသတွင်း ရွေးကောက်ပွဲ၌ ၎င်းတို့အပေါ် စိတ်ပျက်နေကြသည့် အစွန်းမရောက်ပြည်သူများ၏ ဆန္ဒမဲလှိုင်းလုံးကြီးကြောင့် ၂၀၁၅ ဒီဇင်ဘာ ၁၃ ရက်ညဥ့်က မထင်မှတ်လောက်အောင် အလဲထိုးခံလိုက်ရသည်။
    ပြီးခဲ့သည့်ရက်သတ္တပတ် တနင်္ဂနွေက မာရီနီလီပန်၏ လက်ျာစွန်းရောက်ပါတီသည် ပထမအကျော့မဲပေးခြင်း၌ ပြင်သစ်နိုင်ငံ၏ အခရာကျသောဒေသ ၁၂ ခုအနက် ၆ ခုတွင် အနိုင်ရနေခဲ့သဖြင့် ဥရောပတစ်ခွင်မှ စိတ်အားထက်သန်စွာစောင့်ကြည့်ခဲ့ကြ၏။ သို့သော်လည်း ၎င်း၏သရဖူကို ပြည်လုံးကျွတ်မဲစာရင်း၌မူ မထိန်းသိမ်းနိုင်တော့ချေ။
    မြောက်ပိုင်း Calais-Lille-Amiens ဒေသကို ကိုယ်စားပြု၍ ကိုယ်တိုင်ဝင်ပြိုင်သော မစ္စ လီပင်၊ သူမ၏တူမဖြစ်သူ အရှေ့တောင်ပိုင်းဒေသကိုယ်စားပြု Marion Mareဲchal-Le Pen (၂၆ နှစ်) အပါအ၀င် FN ပါတီကိုယ်စားလှယ်လောင်းများမှာ လက်ဝဲယိမ်းနှစ်သက်သူများ၏ နည်းဗျူဟာမြောက် မဲထည့်ဝင်မှုကြောင့် အလူးအလဲ ရှုံးနိမ့်သွားသည်။ ကနဦးပိုင်းတွင် မဲထည့်ရန် ယာယီငြင်းဆိုထားသည့် ၃.၅ သန်းသော မဲဆန္ဒရှင်တို့က ထိုသူတို့နှင့်ဆန့်ကျင်ဖက်သို့ ပြန်လှည့်စုပြုံ မဲပေးခဲ့ကြခြင်းကြောင့်ဖြစ်သည်။
    ထိုရလဒ်က ဒေသတွင်း သရဖူဆောင်းရန် မျှော်လင့်နေပြီး၊ ၂၀၁၇ ခုနှစ်တွင် Elyseဲe နန်းတော်အား မဖွယ်မရာပြုလုပ်လိုနေသည့် မစ္စလီပင် (၄၇ နှစ်) အား အပြင်းအထန် စိတ်ပျက်စရာ ဖြစ်သွားစေခဲ့သည်။
    FN ပါတီသည် ၂၀၁၂ သမ္မတနေရာရွေးကောက်ပွဲ၌ လူထု၏မဲဆန္ဒ ၆.၄ သန်းကို ရယူနိုင်ခဲ့သလို ယခုတစ်ခါတွင်လည်း ၇ သန်းနီးပါးခန့် အလားတူ ရယူစုဆောင်းနိုင်ခဲ့သည်ကို တွေ့ရသည်။ ဒေသတွင်း သြဇာထူထောင်လိုမှု ရှုံးနိမ့်လင့်ကစား မစ္စလီပင်၏ ပါတီသည် နိုင်ငံရေးပါတီနှစ်ရပ်အနက် အတိုက်အခံအင်အားစုအနေဖြင့် ၎င်း၏အင်အားကိုသုံးကာ ကြားနေအုပ်စုဖယ်ရှားခြင်းအတွက် ခြိမ်းခြောက်နေသေးသည်။
    france 2
    သူမ၏ပါတီရှုံးနိမ့်သည့်သတင်းထွက်ပေါ်ခဲ့သော်လည်း အထက်စီးစကားဆိုနေဆဲ လီပင် (ဓာတ်ပုံ – AFP)
    သူမက အဆိုပါရလဒ်ကို ၁၈ လတာ ကာလအတွင်း သူမအား သမ္မတနေရာဝင်ပြိုင်စေသော “ကြောက်မက်ဖွယ်အောင်မြင်မှုတစ်ရပ်” ဟု ဆိုခဲ့၏။
    “တိုင်းပြည်မှာ အင်အားစုနှစ်ရပ်ထဲ ရှိကြောင်း ဒီရွေးကောက်ပွဲက ပြသလိုက်ပါတယ်။ နိုင်ငံတကာအရှုပ်အထွေးကိစ္စတွေနဲ့ ပြင်သစ်ပြည်ကို နစ်မြုပ်သွားစေလိုတဲ့ ကမ္ဘာ့အရေးအင်အားစု (နဲ့) အမျိုးသားရေးနဲ့မျိုးချစ်အင်အားစုတွေပဲ ဖြစ်တယ်”။
    လွန်ခဲ့သည့်လအတွင်း လူပေါင်း ၁၃၀ သေဆုံးခဲ့သော ပဲရစ်တိုက်ခိုက်မှုဂယက်များအောက်မှ ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ မကျော်ကြားလှသော ဆိုရှယ်လစ်အုပ်စုမှ ပြဋ္ဌာန်းလိုက်သည့် မပြတ်မသား ဈေးကွက်တံခါးဖွင့် ပြန်လည်ပြုပြင်ရေးဝါဒ၊ စံချိန်တင်အလုပ်လက်မဲ့ပြဿနာ၊ စီးပွားရေးထစ်ငေါ့နေမှု၊ အသုံးစားရိတ်လျှော့ချမှု စသည်တို့ကိုလည်း ဆန့်ကျင်သည့် မဲဆွယ်မှုများရှိခဲ့ကြသည်။
    ပထမအကျော့ မဲရလဒ်အပေါ် FN ၏ခေါင်းထောင်မှုသည် ပြင်သစ်၌ ပြည်တွင်းစစ်ဖြစ်ပွားစေနိုင်ကြောင်း မစ္စတာဗောစ်၏ ပြောကြားချက်အပါအ၀င် ပြည်တွင်းပြည်ပ၏ ပြတ်သားသည့်တုန့်ပြန်မှုများက မဲမထည့်လိုသူ သိန်းချီလူထုများအား စုစည်းနိုင်ခဲ့သည်။ ပထမအကျော့က မဲရှောင်သူ ၅၀ ရာခိုင်နှုန်းဝန်းကျင်အား ဒုတိယအကျော့တွင် မဲထည့်သူ ၅၉ ရာခိုင်နှုန်းဖြစ်စေသည်အထိ လှည့်ပြောင်းသွား၏။ အထူးသဖြင့် FN ပါတီမှ အနိုင်ရရန် မျှော်လင့်ထားသည့် နာမည်ကြီးဒေသသုံးခုအတွင်း ယင်းသို့ မြင့်တက်ပြောင်းလဲသွားခဲ့ပေသည်။
    FN ပါတီ၏ နည်းဗျူဟာမြောက်ခြေလှမ်းကြောင့် မြောက်ပိုင်းနှင့်အရှေ့ပိုင်းဒေသကြီးနှစ်ခု၌ အာဏာရ ဆိုရှယ်လစ်တို့ အကြီးအကျယ် ရှုံးနိမ့်ခဲ့သည်။ သို့ဖြင့် မိမိတို့၏ကိုယ်စားလှယ်အားလုံး ရှုံးနိမ့်ရသဖြင့် ၎င်းတို့က လက်ဝဲယိမ်းမဲဆန္ဒရှင်တို့ကို ကြားနေအဖြစ် ပြောင်းလဲရေးသို့ ခွင့်ပြုပေးခဲ့ကြသည်။
    အစောပိုင်းခန့်မှန်းချက်များအရ မစ္စလီပင်သည် သူမ၏ နိုင်ငံရေးဗဟိုပြုခံတပ်ဖြစ်သော Nord-Pas de Calais-Picardy နယ်တွင် သောင်ပြိုကမ်းပြို အနိုင်ရထားခဲ့ကြောင်း ဖော်ပြသည်။ ၎င်း၌ ဆန္ဒမဲ ၄၂ ရာခိုင်နှုန်းရရှိခဲ့၏။ သို့သော် ထိုပထမအကျော့ကရရှိခဲ့သော ၄၀ ရာခိုင်နှုန်းကျော်ထက် ထပ်တိုးမလာတော့ပေ။ သူမ၏ပြိုင်ဖက် လက်ျာယိမ်းကြားနေသူ ကျန်းမာရေးဝန်ကြီးဟောင်း ဇေဗီယာ ဘာထရန်က ၅၈ ရာခိုင်နှုန်း ရရှိခဲ့သည်။
    တောင်ပိုင်းရှိ Marseilles-Nice ဒေသတွင် Marion Mareဲchal-Le Pen သည်လည်း လက်ျာယိမ်းကြားနေ ကိုယ်စားလှယ်ဖြစ်သော Nice မြို့တော်ဝန် Christian Estrosi ၏အလဲထိုးခြင်းကို ခံလိုက်ရသည်။ သူမ၏ ၄၅ ရာခိုင်နှုန်းကို သူ၏ ၅၅ ရာခိုင်နှုန်းမဲဖြင့် အနိုင်ရခဲ့သည်။
    ပြင်သစ် အရှေ့မြောက်ပိုင်း Alsace-Lorraine ၊ Champagne နှင့် Ardennes ဒေသတစ်ကြောတွင် ဒေသခံ ဆိုရှယ်လစ်ခေါင်းဆောင်က ဆုတ်ခွာကျောခိုင်းမှုကို လက်မခံခဲ့။
    မည်သို့ပင်ဆိုစေကာမူ မြောက်များစွာသော လက်ဝဲယိမ်းသမားများက လက်ျာယိမ်းကြားနေ ကိုယ်စားလှယ်အား ဆန္ဒမဲလှည့်ပြောင်းထည့်ကာ ၎င်းကို ၄၆ ရာခိုင်နှုန်းဖြင့် အနိုင်ပေးလိုက်ကြသည်။ FN က ၃၇ ရာခိုင်နှုန်း၊ ဆိုရှယ်လစ်က ၁၆ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ကြသည်။
    မစ္စတာ ဆာကိုဇီ၏ လက်ျာယိမ်းကြားနေပါတီဖြစ်သော Les Reဲpublicains က တောင်စွန်းပိုင်းဒေသ Languedoc-Roussillon-Midi-Pyrenees မှ ကျန်ရှိနယ်ပယ်များကို FN အပေါ် အနိုင်ယူရေးအတွက် တိုးဝင်ခဲ့ကြသည်။ နောက်ဆုံးသော ဆိုရှယ်လစ် ကိုယ်စားလှယ်မှ ရှောင်တခင် မထင်မှတ်သောမဲတို့ဖြင့် လီပင်၏လုပ်ဖော်ကိုင်ဖက်နှင့် FN ၏ ဒုဥက္ကဋ္ဌဖြစ်သော လက်ျာစွန်းရောက်ကိုယ်စားလှယ် Louis Aliot အား ဖြတ်ကျော်သွားသည်။
    FN ပါတီသည် ယခင်ရက်သတ္တပတ်၌ အခြားဒေသသုံးခုအတွင်း ပထမနေရာရောက်နေရာမှ ပြီးခဲ့သည့်တနင်္ဂနွေညဥ့်တွင်မူ အားလုံးကို လက်လွှတ်ဆုံးရှုံးသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အပယ်ခံပါတီငယ်တို့ထံမှ မဲများကို လက်ဝဲ သို့ လက်ျာယိမ်းကြားနေ လူထုပါတီများမှ ရက်သတ္တပတ်အတွင်း ပြတ်သားထင်ရှားစွာ သိမ်းယူသွားနိုင်၍ဖြစ်သည်။
    သမ္မတဟောင်း နီကိုလပ် ဆာကိုဇီ ဦးဆောင်သော လက်ျာယိမ်းကြားနေ Reဲpublicians ပါတီက ဒေသကြီး ၇ ခု သို့မဟုတ် ၈ ခု၌လည်းကောင်း၊ ဆိုရှယ်လစ်ပါတီက ၄ ခု သို့မဟုတ် ၅ ခု၌လည်းကောင်း ကြီးစိုးသွားသည်။ မစ္စတာ ဆာကိုဇီက မိမိ၏ ပါတီဝင်အောက်ခြေအဆင့်များအဖို့ နားလည်လက်ခံရန် လိုအပ်နေသေးသော အောင်ပွဲတစ်ရပ်ဟု ဆိုလိုက်သည်။ လက်ဝဲသမားတို့၏ ဘက်ပြောင်းမှုမပါဝင်လျှင် FN အားရှုံးနိုင်ချေရှိသော ဒေသသုံးခုတွင် အနိုင်ရလာမှုကို ဆိုလိုသည်။
    ယမန်နှစ်မှစ၍ ကိုယ်ပိုင်အစိုးရအုပ်ချုပ်ရေးပေးရန် ကြိုးစားနေသော နယ်ပယ်ကြီး ၁၂ ခုအတွင်း ရွေးကောက်ပွဲမှာ အကြိတ်အနယ်ဖြစ်ခဲ့သည်။ တနင်္ဂနွေနေ့က Corsica ဒေသ၌လည်းကောင်း၊ ပြည်ပရှိ ပြင်သစ်အစိုးရဋ္ဌာနများ၌လည်းကောင်း မဲထည့်ခဲ့ကြသည်။
    မာရီနီ လီပင်သည် သူမဖက်ရပ်တည်သည့်လူဦးရေအင်အား တောင့်တင်းနေသေးသော်လည်း ထိုကိန်းဂဏန်းက ၂၀၁၇ ခုနှစ်တွင် သမ္မတလီပင် ဘ၀ရောက်ရန်လိုအပ်သည့် တစ်နိုင်ငံလုံး၏မဲအများစု ၅၀ ရာခိုင်နှုန်းရရန်အထိတော့ ဝေးကွာလွန်းလှသည်။
    FN ပါတီသည် အငယ်စား၊ အလတ်စားမြို့လက်တစ်ဆုပ်စာထက် ကြီးမားကျယ်ပြန့်သော မဲဆန္ဒနယ်ကြီးတစ်ရပ်မှာပင် အနိုင်ရရန် မစွမ်းဆောင်နိုင်ခဲ့။ သို့ဆိုလျှင် ဒေသတစ်ခု၌အနိုင်ရရှိယုံဖြင့် နိုင်ငံကြီးတစ်ခုလုံးကို အဆုံးသတ် အုပ်ချုပ်သွားနိုင်လိမ့်မည်ဟု လူထုက မည်သို့ယုံကြည်လက်ခံရပါတော့မည်နည်း ?
    (The Independent မှ ဖော်ပြသော John Lichfield ၏ France election: Front National fails to win a single region in second round of voting – but Marine Le Pen insists she’s still on course for presidency ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)
  • အမေရိကန် သံအမတ်ကြီးကို ဒုက္ခသည်စခန်းက မွတ်စလင်မ်များမှ ဘာတွေ ဆွေးနွေးခဲ့ကြသလဲ
    အမေရိကန် သံအမတ်ကြီးကို ဒုက္ခသည်စခန်းက မွတ်စလင်မ်များမှ ဘာတွေ ဆွေးနွေးခဲ့ကြသလဲ
    ဒီဇင်ဘာ ၁၈ ၊ ၂၀၁၅
    M-Media
    မောင်မြင့်လှိုင်( CJ) ပေးပို့ပါသည်။
    Derek Mitchell, Washington's special representative to Myanmar, talks during a press conference at Yangon International Airport in Yangon, Myanmar Wednesday, Sept. 14, 2011. (AP Photo/Khin Maung Win)
    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် Derek Mitchell ၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် တို့ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ၁၇.၁၂.၂၀၁၅ ကြာသပတေးနေ့ နံနက် ၉း၀၀ နာရီ အချိန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ သက္ကယ်ပြင် ဒုက္ခသည် စခန်းသို့ ရောက်လာပြီး မွတ်စလင်မ်  ရပ်မိရပ်ဖ ၇ ဦး နှင့် တွေ့ဆုံပြီး လက်ရှိကြုံတွေ့နေရသောအခက်ခဲနှင့် ရခိုင်လူထုနှင့် အနာဂတ်ပြန်လည်သင့်မြတ်ရေး သဟဇာတဖြစ်မြောက်ရေး နှင့်အတူ ယှဉ်တွဲနေထိုင်ရေးနှင့် ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
    မွတ်စလင်မ် ရပ်မိ ရပ်ဖများမှ ဆွေးနွေး တင်ပြခဲ့သည်မှာ
    ရခိုင်ဒေသမှ မွတ်စလင်မ် များ သွားလာရေး၊ ကျန်းမာရေး၊ ပညာရေး အစစ အရာရာ ပိတ်ပင် ခြင်းခံနေရပြီး အကျဉ်းထောင် အတွင်းနေသလို ဘဝ ခရီး ဖြတ်သန်းနေရကြောင်း၊
    တက္ကသိုလ်ကျောင်းသားများ သည် ၂၀၁၂ ဇွန်လ အရေးအခင်း ဖြစ်ကတည်းကပင် ယနေ့ထိ တက္ကသိုလ် တက်ခွင့်မရသေးကြာင်း၊
    ဒီ သုံးနှစ်တာ ကာလ အတွင်း ဆယ်တန်း အောင်မြင်ခဲ့သော ရိုဟင်ဂျာ မွတ်စလင်မ် ကျောင်းသားများလည်း တက္ကသိုလ် တက်ခွင့်မရဘဲ ပညာရေးနဲ့ ဝေးကွာလျက်ကြောင်း၊
    ကျန်းမာရေး ရှူ့ထောင့်မှကြည့်ရင်လည်း ဒုက္ခသည် စခန်းတွေမှာ ကျန်းမာရေးဌာန မှ ချပေးထားတဲ့ အရေးပေါ်ဆေးခန်းတွေကို တစ်ပတ်မှာ ၃/ ၄ ရက်လောက်သာဖွင့်ပြီး ဆရာဝန်တွေ ပုံမှန်မလာခြင်း၊
    ဆေးဝါး လုံလောက်မှုမရှိခြင်း၊ လိုအပ်သည့်ဆေးဝါးများ မရခြင်း၊ စသည့် အခက်အခဲပေါင်းမြောက်မြားစွာနဲ့ရင်ဆိုင်နေကြောင်း၊
    သွားလာရေး အပိုင်းမှာ ဆိုရင် ဒုက္ခသည် စခန်းမှာပဲပိတ်မိနေရပြီး လွတ်လပ်စွာ သွားလာခွင့်မရကြောင်း၊
    ကမ္ဘာ့ စားနပ်ရက္ခာ ကူညီပံ့ပိုးရေး အဖွဲ့မှ ထောက်ပံ့နေသည့် စားနပ်ရိက္ခာဖြင့် လုံလောက်မှုမရှိဘဲ နေထိုင်စားသောက်နေရကြောင်း၊
    မိမိတို့ ယခင်မူလ နေထိုင်ခဲ့သည့်နေရာတွင် ပြန်လည်နေထိုင်လိုကြပြီး၊ ရခိုင်လူထုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုကြောင်း၊
    ရခိုင်လူထုနှင့် ပြန်လည်သင့်မြတ်ရေး သဟဇာတဖြစ်မြောက်ရေး အတူယှဉ်တွဲနေထိုင်ရေး အပိုင်းတွင် မွတ်စလင်မ်များနှင့် ရခိုင်တိုင်းရင်းသားများကို  မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ပြုလုပ်ပေးစေလိုကြောင်း၊
    နှစ်ဖက်လူထု တွေ့ဆုံမှု မရှိဘဲ တစ်ဖက်နှင့် တစ်ဖက် စကား ကမ်းလှမ်း သယ်ဆောင်ယူလာခြင်းဖြင့် သဟဇာတ ဖြစ်မြောက်ရေး အတူယှဉ်တွဲနေထိုင်ရေး ကိစ္စ အဆင်ပြေမှာ မဟုတ်ကြောင်း ဆွေးနွေး တင်ပြခဲ့တယ်လို့ သိရပါတယ်။
    ကိုယ်စားလှယ်အဖွဲ့သည် ရပ်မိရပ်ဖတွေ ဆွေးနွေး တင် ပြခဲ့သည်ကို မှတ်တမ်းတင်ရေးသားပြီး ၁၀း၃၀ အချိန်တွင် ဆွေးနွေးပွဲ အဆုံးသတ်ပြီး ထွက်ခွာခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူ မွတ်စလင်မ်ရပ်မိရပ်ဖ တစ်ဦးက ပြောပါတယ်။
    အမေရိကန်သံအမတ်ကြီးဟာ ရခိုင်အမျိုးသားပါတီ ANP ထိပ်ပိုင်း ခေါင်းဆောင်အချို့နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေ အကြား နှစ်ဘက်ပြန်လည်သင့်မြတ်နိုင်ရေးကိစ္စရပ်တွေ၊ ပါတီရဲ့ သဘောထား ရပ်တည်ချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ RFA ရဲ့ ဖော်ပြချက်အရသိရပါတယ်။
  • တူရကီတွင် လေကြောင်းရန်ကာကွယ်ရေးစနစ် ထားရှိရန် နေတိုးအဖွဲ့ စီစဉ်
    တူရကီတွင် လေကြောင်းရန်ကာကွယ်ရေးစနစ် ထားရှိရန် နေတိုးအဖွဲ့ စီစဉ်
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    nato
    – ပြီးခဲ့သည့်လက ရုရှားတိုက်လေယာဉ်တစ်စီးကို နယ်စပ်တွင် ပစ်ချခဲ့ပြီးနောက်ပိုင်း ရုရှားနှင့် စကားလုံးတိုက်ပွဲများ ဖြစ်ပွားနေသည့် တူရကီနိုင်ငံတွင် နေတိုးအဖွဲ့က လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ပေးဖို့ထောက်ပံ့ရန် စီစဉ်နေသည်ဟု သိရသည်။
    အဆိုပါစနစ်တွင် ကြားဖြတ်ဟန့်တားနိုင်မည့် မြန်နှုန်းမြင့်တိုက်လေယာဉ်များ၊ လေကြောင်းသတိပေးမှုနှင့် ထိန်းချုပ်မှုများ ပြလုပ်နိုင်မည့် ရေဒါသုံးလေယာဉ်များ၊ ထိန်းချုပ်ရေးသင်္ဘောများ၊ သင်္ဘောဖျက်နှင့် လေယာဉ်ပစ် ဒုံးကျည်များ တပ်ဆင်ထားသည့် ဖရီးဂိတ် စစ်သင်္ဘောများ ပါဝင်မည်ဖြစ်သည်။
    ထိုကဲ့သို့ ပေးပို့ထောက်ပံ့မှု အစီအစဉ်အတွက် ၁၀ လကြာမျှ ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် နေတိုးအဖွဲ့က အတည်ပြုမည်ဟု မျှော်လင့်ရသည်။
    နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်စတိုလ်တန်ဘာ့ဂ်ကမူ ၎င်းအစီအစဉ်သည် တူရကီက ရုရှားဂျက်လေယာဉ်ကို ပစ်ချခဲ့သည့်ကိစ္စနှင့် မပတ်သက်ဟု ပြောကြားခဲ့သည်။ သို့သော် ခိုင်လုံသောသတင်းများအရ အဆိုပါပစ်ချခဲ့မှုကပင် တူရကီအား အထောက်အပံ့များပေးပို့ရန် ဆုံးဖြတ်ခဲ့သည့် အခြေအနေတစ်ခုဖြစ်သည်ဟု ဆိုသည်။
    သုတေသီများက အဆိုပါထောက်ပံ့မှုသည် တူရကီအား ကန့်သတ်ထိန်းချုပ်မှု ပြုလုပ်လိုသည့်အတွက်နှင့် အကာအကွယ်ပေးလိုသည့်အတွက်ပါ ရည်ရွယ်ချက်နှစ်မျိုးဖြစ်နိုင်သည်ဟု ဆိုသည်။
    “ဒါဟာ တူရကီကို မဟာမိတ်ဖြစ်လို့ ထောက်ပံ့ပေးတဲ့ ဟန်ပြသဘောမျိုးဖြစ်ပြီး၊ ပိုပြီး စောင့်ကြည့်ဖို့အတွက် ကြိုးစားတာဖြစ်ပါတယ်” ဟု ဥရောပကာကွယ်ရေးအေဂျင်စီ၏ အကြီးအကဲဟောင်း နစ်က် ၀စ်တနီက ပြောကြားခဲ့သည်။
    တူရကီက ရုရှားဂျက်လေယာဉ်မှာ တူရကီလေကြောင်းပိုင်းနက်အတွင်းသို့ ၀င်ရောက်လာခဲ့သောကြောင့် ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ရုရှားကမူ လေယာဉ်သည် ဆီးရီးယားအစိုးရ၏ တောင်းဆိုမှုအရ IS များကို တိုက်ခိုက်ရန်အတွက် စစ်ဆင်ရေးပြုလုပ်နေစဉ် ဆီးရီးယားလေပိုင်နက်တွင်သာ ရှိနေသည်ဟု တုန့်ပြန်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးမှာ တင်းမာလျက် ရှိနေသည်။
    Ref: PressTV
  • မော်ရင်ဟိုနှင့် ချယ်ဆီးကစားသမားများအကြား မပြေလည်မှုများ သိသိသာသာရှိခဲ့
    မော်ရင်ဟိုနှင့် ချယ်ဆီးကစားသမားများအကြား မပြေလည်မှုများ သိသိသာသာရှိခဲ့
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    morin
    – နည်းပြမော်ရင်ဟိုအား အသင်းမှထုတ်ပယ်ခြင်းမှာ အသင်း၏ အကျိုးစီးပွားအတွက်ဖြစ်သည်ဟု ချယ်ဆီးအသင်း၏ နည်းစနစ်ဒါရိုက်တာဖြစ်သူ မီခေးလ် အီမီနာလိုက ပြောကြားခဲ့ပြီး မော်ရင်ဟိုနှင့် ကစားသများ၏ ဆက်ဆံရေးမှာလည်း
    ကောင်းမွန်ခြင်းမရှိတော့ဟု အတည်ပြုပြောကြားခဲ့သည်။
    မော်ရင်ဟိုမှာ ယမန်နေ့က အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျ၊ အသင်းဒါရိုက်တာများနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံစဉ် ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။ အီမီနာလိုကမူ မော်ရင်ဟိုနှင့် ကစားသမားများ၏အကြား မကျေလည်မှုမှာ သိသာထင်ရှားလာခဲ့သည်ဟု ၀န်ခံခဲ့ပြီး၊ လွန်ခဲ့သည့် ၇ လက ပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့သည့် နည်းပြအား
    ထုတ်ပယ်ရန်မှာ မလွယ်ကူဟု ထည့်သွင်းပြောကြားခဲ့သည်။
    “အသင်းအတွက် အများကြီးစွမ်းဆောင်ပေးခဲ့သူတစ်ယောက်အပေါ် အားနာတာမျိုး ရှိနေပေမယ့်လည်း အချက်အလက်တွေက ချယ်ဆီးဟာ ပြဿနာရှိနေတယ်ဆိုတာကို ပြသနေပါတယ်။ ရလဒ်တွေမကောင်းဘူး၊ ကစားသမားနဲ့ နည်းပြကြားမှာလည်း အဆင်မပြေတာတွေ သိသာလာတယ်။ ဒါဟာ တစ်ခုခုလုပ်ရမယ့်အချိန်ပါပဲ။ အသင်းပိုင်ရှင်ကလည်း အသင်းကောင်းတစ်သင်းအတွက် အင်မတန်ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချဖို့ မဖြစ်မနေ လိုအပ်လာတယ်။ မှားတော့ မမှားခဲ့ပါဘူး။ ကမ္ဘာ့အသင်းကြီးတွေထဲက တစ်သင်းဖြစ်တဲ့ ချယ်ဆီးဟာ ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်အထက် ၁ မှတ်ကွာမှာ ရှိနေပါတယ်။ ဒါဟာ သိပ်တော့ မကောင်းပါဘူး”
    Ref: Goal