News @ M-Media

ဖီဖာဥက္ကဌနှင့် ယူအီးအက်ဖ်အေဥက္ကဌတို့ ဘောလုံးလောကမှ ၈ နှစ် ပိတ်ပင်ခံရ

ဒီဇင်ဘာ ၂၁၊ ၂၀၁၅
M-Media

fifa

– ငွေကြေးအပေးအယူပြဿနာအတွက် ရာထူးမှ ယာယီရပ်ဆိုင်းခံထားရသည့် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာနှင့် ယူအီးအက်ဖ်အေဥက္ကဌ မိုက်ကယ် ပလာတီနီတို့အား ဖီဖာကျင့်ဝတ်ကော်မတီက ဘောလုံးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများအားလုံးမှ ၈ နှစ်တာ ပိတ်ပင်လိုက်သည်ဟု သိရသည်။

ဆုံးဖြတ်ချက်အား ယနေ့တွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဘလတ္တာနှင့် ပလာတီနီတို့မှာ အကျိုးစီးပွား ရောထွေးမှုနှင့်ပတ်သက်သည့် ဖီဖာ၏ ကျင့်ဝတ်များကို ချိုးဖောက်ကာ၊ သစ္စာစောင့်သိမှု၊ စွမ်းဆောင်နိုင်မှု စည်းမျဉ်းများကိုလည်း ဖောက်ဖျက်ခဲ့သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းတို့နှစ်ဦးစလုံးမှာ ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်များမှာ ကင်းရှင်းသည်ဟု ဆိုသည်။

၂၀၁၁ ခုနှစ်က ဘလတ္တာ၏လက်မှတ်ဖြင့် ဖီဖာက ကန်ဒေါ်လာ ၂ သန်းကို ပလာတီနီအား ပေးချေခဲ့မှုနှင့်ပတ်သက်၍ ၎င်းတို့နှစ်ဦစလုံးမှာ ဖီဖာ ကျင့်ဝတ်ကော်မတီ၏ စစ်ဆေးမှုကို ခံယူခဲ့ရပြီး ရက်ပေါင်း ၉၀ ရာထူးမှ အနားပေးခြင်း ခံခဲ့ရသည်။

နှစ်ဦးစလုံးကမူ ထိုကိစ္စတွင် အမှားလုပ်ခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့သော်လည်း ဖီဖာက ယခုကဲ့သို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ပြစ်ဒဏ်မှာ ချက်ခြင်းချခံရမည်ဖြစ်ပြီး ဖီဖာအယူခံကော်မတီနှင့် CAS သို့ အယူခံဝင်ခွင့် ရှိမည်ဖြစ်သည်။

Ref: CNN

Comments

Leave a Reply