News @ M-Media

Blog

  • တမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ဟောပြောပွဲ မြေနီကုန်းမှာ ပြုလုပ်မည်

    တမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ဟောပြောပွဲ မြေနီကုန်းမှာ ပြုလုပ်မည်

    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media
    မိုးစက်
    Metta 1
    ရန်ကုန်။    ။ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ကျရောက်တော့မည့် အစ္စလာမ်ဘာသာဝင်များ၏ ရှေ့ဆောင်ပ တမန်တော်မုဟမ္မဒ် (ငြိမ်းချမ်းစေသား) ၏ ဖွားသန့်စင်နေ့ အထိမ်းအမှတ် အဖြစ် မေတ္တာ ကမ်းပိန်းမှ ဦးစီးပြီး ငြိမ်းချမ်းရေး အခမ်းအနားတစ်ခုကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

    ဘာသာမခြား၊ လူမျိုးမခွဲခြားဘဲ မေတ္တာနှင့်ခွင့်လွှတ် ချစ်ကြည်စို့ ဟူသည့်ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေး အခမ်းအနားကို ပြုလုပ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

    အဆိုပါ ငြိမ်းချမ်းရေးတရားများကို ဘာသာအသီးသီးမှ ဆရာတော်ကြီးများ ဖြစ်ကြသော ဘန္ဒန္တအရိယာဝံသာဘိဝံသ (မေတ္တာကမ်းပိန်း ပဓာန နာယက ဆရာတော် စေတိယင်္ဂဏဓမ္မာစရိယ ဝဋံသကာပရိယတ္တိသာသနဟိတ (သကျသီဟ)ဓမ္မာစရိယ မြဝတီမင်းကြီး စာသင်တိုက်၊ မန္တလေးမြို့) ၊ အလ်ဟာဂ်ျခလီဖွာ ဦးအေးလွင် (နာယကမေတ္တာကမ်းပိန်း၊ ကာဒရီယာ၊ အလီယာ ဆော်သြရေးမှူး၊ အစ္စလာမ်ဓမ္မဗိမာန်) ၊ ဦးဇိန (ဦးဇင်းသုည) (မေတ္တာ ကမ်းပိန်း မလိခဝါဆိုကျောင်း ၊ မဟာဝိဇီတာရာမတိုက်၊ မန္တလေးမြို့) ၊ Rev.George Shwe Tun (ကက်သလစ်ဂိုဏ်းချုပ်ကျောင်း) ၊ အလ်ဟဂ်ျဒေါက်တာဆောင်းလွင်အောင် (Imamah Alazhar. Cairo, Imamah LLU,Parkisstan) နှင့် ဆရာဦးဆန်းမင်းနိုင် (ဓမ္မကထိက၊ ဟိန္ဒူဓမ္မပလက အဖွဲ့) တို့မှ တရားရေအေးတိုက်ကျွေးမှာ ဖြစ်ပါတယ်။

    metta 2

    “ကျွန်တော်တို့ မေတ္တာကမ်းပိန်းက ဒီလို ဘာသာရေးအခမ်းအနားတွေမှာ ဘာသာပေါင်းစုံက ညီအစ်ကိုမောင်နှမတွေ ပူးပေါင်းလုပ်ဆောင်နေကြပါ။ ဘာသာပေါင်းစုံက ဆရာတော်ကြီးတွေကလည်း ဒီလိုနေ့ထူးနေ့မြတ်တွေ မှာ မေတ္တာတရားငြိမ်းချမ်းရေး တရားတွေကို ဟောကြားပေးတယ်။ ဒီအခမ်းအနားကိုလည်း လူမျိုးဘာသာမခွဲခြားဘဲ မည်သူမဆို လာရောက်နိုင်ပါတယ်” လို့ မေတ္တာကမ်ပိန်းမှ တာဝန်ခံ ဦးဆန်တင့်ကျော်က ပြောပါတယ်။

    ယင်းငြိမ်းချမ်းရေးတရားပွဲကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ည ၇နာရီခွဲမှ ည ၁၁နာရီခွဲအထိ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်း (မြောက်) ကူဝသွလ်အစ္စလာမ်ရာသစ်အဖွဲ့ ရှမ်းကုန်းလမ်းတွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

    မေတ္တာကမ်းပိန်းကို 2010 ခုနှစ်တွင် မေတ္တာကို လိုလားသည့် လူငယ်တစ်စုမှ စတင်တည်ထောင်ခဲ့ပြီး ဘာသာကြီးလေးခု၏ နေ့ထူးနေ့မြတ်များ၊ တိုင်းရင်းသား တို့၏ နေ့ကြီး ရက်ကြီးများတွင် စည်းလုံးစွာဖြင့် ဘာသာလူမျိုးမခွဲခြားဘဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

  • ဗာဂျီးနီးယားတက္ကသိုလ်က အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းအား အားပေးထောက်ခံသည့် သ၀ဏ်လွှာ ထုတ်ပြန်

    ဗာဂျီးနီးယားတက္ကသိုလ်က အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းအား အားပေးထောက်ခံသည့် သ၀ဏ်လွှာ ထုတ်ပြန်

    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    – နိုင်ငံရေသမားများထံမှ မွတ်စလင်ဆန့်ကျင်ရေးမှတ်ချက်များ အမြောက်အများ ထွက်ပေါ်လာပြီးနောက် အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားတက္ကသိုလ်မှ ရေးသားပြီး နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား ထောက်ခံအားပေးအားသည့် သ၀ဏ်လွှာတစ်ခုကို လူရာပေါင်းများစွာက လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

    အဆိုပါ သ၀ဏ်လွှာကို တက္ကသိုလ်မှ ဆရာနှစ်ဦးဖြစ်သည့် ဖရန့်ဒူကက်စ်နှင့် ဂျွန်အလက်ဇန်းဒါးတို့က ရေးသားခဲ့ခြင်းဖြစ်ပြီး ယခုလအစောပိုင်းက စတင်ပြန့်နှံ့ခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့်သီတင်းပတ် အဆုံးပိုင်းတွင် လက်မှတ်ပေါင်း ၁၀၀၀ နီးပါး ရရှိခဲ့သည်။

    “ဗာဂျီးနီးယားတက္ကသိုလ်က ၀န်ထမ်းတွေနဲ့ ဆရာ၊ ဆရာမတွေဟာ မိမိတို့ရဲ့ မွတ်စလင်ကျောင်းသူကျောင်သားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေနဲ့ သူတို့ရဲ့ မိသားစု၊ လူ့အဖွဲ့အစည်းတွေကို ထောက်ခံအားပေးပြီး ချစ်မြတ်နိုးတယ်ဆိုတာကို ခိုင်ခိုင်မာမာ ပြောကြားလိုပါတယ်။ ရာစုနှစ်ပေါင်းများစွာ အရင်ကတည်းက မွတ်စလင် ပညာရှင်တွေဟာ သိပ္ပံ၊ ဆေးဘက်ဆိုင်ရာ၊ ဥပဒေ၊ နိုင်ငံရေး၊ ဗိသုကာ၊ ကုန်သွယ်မှု၊ အနုပညာနဲ့ လူသားချင်းစာနာမှုတွေမှာ ဦးဆောင်သူတွေ၊ လမ်းသစ်ဖောက်ခဲ့သူတွေ ဖြစ်ခဲ့ပါတယ်။ ခင်ဗျားတို့ မွတ်စလင်လူ့အဖွဲ့အစည်း ဒီမှာဆက်လက်ရှိနေမှာကို ကျွန်တော်တို့ လက်ခံအားပေးတယ်။ ကျွန်တော်တို့ရဲ့
    လူ့အဖွဲ့အစည်းမှာ ပါဝင်ချင်ကြတဲ့ မည်သူ့ကိုမဆို လူမျိုး၊ ဘာသာ၊ ဇာတိ မခွဲခြားဘဲ ကျွန်တော်တို့က ကြိုဆိုပါတယ်”
    ဟု အဆိုပါသ၀ဏ်လွှာတွင် ရေးသားဖော်ပြခဲ့သည်။

    ဗာဂျီးနီးယားတက္ကသိုလ်မှ သဘာဝပတ်ဝန်းကျင် ဆွေးနွေးညှိနိုင်းမှုဆိုင်ရာဌာန၏ ဒါရိုက်တာဖြစ်သူ ဒူကက်စ်က ၎င်းမှာ ပြီးခဲ့သည့်လများတွင် နိုင်ငံရေးနှင့် မီဒီယာနယ်ပယ်များ၌ အစ္စလာမ်ဆန့်ကျင်ရေး သဘောထားများ မြင့်တက်လာသည့်အတွက် စိုးရိမ်မိခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော့်ကိုကျွန်တော် မေးမိတယ်ဗျ။ ကျွန်တော်တို့ (မွတ်စလင်တွေကို) ဘယ်လို ထောက်ခံအားပေးရမလဲ၊ ဒီရန်ညှိုးတွေကို ဘယ်လို တိုက်ဖျက်ရမလဲ ဆိုတာပေါ့” ဟု ဒူကက်စ်က ပြောကြားခဲ့ပြီး အဆိုပါ သ၀ဏ်လွှာကို အခြားသူများနှင့် ပူးပေါင်းရေးသားရန် အကြံရခဲ့သည်ဟုဆိုသည်။

    သ၀ဏ်လွှာအား အများပြည်သူများ သိရှိနိုင်အောင် ထုတ်ပြန်လိုက်သည့်အချိန်တွင် တက္ကသိုလ်မှ မွတ်စလင်ကျောင်းသားများအသင်း MSA ကလည်း ထိုသ၀ဏ်လွှာနှင့် လက်မှတ်ထိုးသူများအားလုံးကို ကျေးဇူးတင်သည့် ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

    “မွတ်စလင်ကျောင်းသားများအသင်းက မိမိတို့ဟာ တက္ကသိုလ်နဲ့ တစ်သားတည်းဖြစ်တယ်လို့ အမြဲတမ်း ခံယူထားပါတယ်။ မိမိတို့အနေနဲ့ တင်ကူးမှန်းဆမှုတွေ၊ အသိဥာဏ်ကင်းမဲ့မှုတွေကို တိုက်ဖျက်နေရတဲ့ ဒီလိုခက်ခဲတဲ့အခြေအနေမျိုး ကြုံတွေ့နေရပေမယ့် အဆွေတော်တို့လို ပုဂ္ဂိုလ်တွေကြောင့် မိမိတို့ဟာ ဘယ်လိုအမုန်းတရားပုံစံမျိုးကိုမဆို အတူတကွ ဆန့်ကျင်နိုင်တဲ့ မိသားစုကြီးတစ်ခုရဲ့ တစ်ကယ့်အစိတ်အပိုင်း ဖြစ်တယ်ဆိုတာကို ထပ်မံအတည်ပြု ပြောကြားချင်ပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    MSA ၏ ဒုတိယဥက္ကဌဖြစ်သူ ပါကစ္စတန်နွယ်ဖွား တတိနှစ်ကျောင်းသူ ဆန်ဒက်ဇ် ရက်ဇက်ကလည်း မိမိအနေဖြင့် မွတ်စလင်လူ့အဖွဲ့အစည်းအား အားပေးထောက်ပံ့ရန်အတွက် တက္ကသိုလ်ရှိ တာဝန်ရှိသူများက အဆိုပါသ၀ဏ်လွှာထုတ်ပြန်ခြင်းကို အံ့အားသင့်မိပြီး ထိုကဲ့သို့ဆောင်ရွက်ခြင်းက မိမိနှင့် မွတ်စလင်အသိုင်းအ၀ိုင်းအားလုံးကို သက်တောင့်သက်သာဖြစ်စေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    နိုင်ငံရေးသမားများက ၎င်းတို့အာဏာရရန်အတွက် မွတ်စလင်ဆန့်ကျင်ရေး သဘောထားများကို ပြီးခဲ့သည့်သီတင်းပတ်များတွင် ပြောကြားခဲ့ပြီးနောက်ပိုင်း အမေရိကန်ပြည်သူများက ထိုမှတ်ချက်များအား ဆန့်ကျင်ရှုတ်ချခဲ့ကာ နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား အားပေးထောက်ခံသည့် လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြသည်။ လာမည့်ဗုဒ္ဓဟူးနေ့တွင်လည်း Thomas Jefferson Memorial Church-Unitarian Universalis မှ ကြီးမှူးကာ အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းအား အားပေးထောက်ခံသည့် ချီတက်လမ်းလျှောက်မှုတစ်ခုကို ဆောင်ရွက်ရန် စီစဉ်ထားသည်။

    Ref: IINA

  • ပါလက်စတိုင်းကို ဂရိက အသိအမှတ်ပြုတော့မည်

    ပါလက်စတိုင်းကို ဂရိက အသိအမှတ်ပြုတော့မည်

    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    – ဂရိနိုင်ငံမှာ မနက်ဖြန်တွင်ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုသွားရန် ရှိနေပြီး ထိုအစည်းအဝေးသို့ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်လည်း တက်ရောက်သွားရန် ရှိနေသည်ဟု သိရသည်။

    အဘတ်စ်မှာ ၎င်း၏ ဂရိသို့ ၃ ရက်တာခရီးစဉ်အဖြစ် ယမန်နေ့က အေသင်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဂရိသမ္မတ ပရိုကိုမစ် ပါဗ်လိုပူးလော့စ်၊ ၀န်ကြီးချုပ် အလက်ဇစ် တီစီပရက်စ်တို့နှင့်လည်း တွေ့ဆုံရန်ရှိနေသည်။

    ဂရိမှာ ပြီးခဲ့သည့်ဇွန်လကလည်း မိမိတို့၏ အာဏာပိုင်များမှာ “ပါလက်စတိုင်း” ဟူသည့် စကားလုံးကို တရားဝင်သုံးစွဲသွားမည်ဟု ကြေငြာခဲ့သည်။

    “ကျွန်တော်တို့ရဲ့ မိတ်ဆွေနိုင်ငံကို ရည်ညွှန်းတဲ့အခါ “ပါလက်စတိုင်း” လို့ တစ်သတ်မှတ်တည်း သုံးနှုန်းသွားဖို့အတွက် ဂရိအုပ်ချုပ်ရေးယန္တယားတစ်ခုလုံးကို ညွှန်ကြားချက်ဖြန့်ဝေပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ပြီးပါပြီ” ဟု နိုင်ငံခြားရေးဝန်ကြီး နီကို့စ် ကော့ဇီယက်စ်မှ ထိုစဉ်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်လများအတွင်း ယူကေ၊ ပြင်သစ်၊ စပိန်၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယံနှင့် ပေါ်တူဂီတို့အပါအ၀င် အခြားသော ဥရောပနိုင်ငံများမှ လွှတ်တော်များကလည်း ပါလက်စတိုင်းအား အသိအမှတ်ပြုခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ဥရောပပါလီမန်၌ ပါလက်စတိုင်းအား အသိအမှတ်ပြုရန် နိုင်ငံအများစုက ထောက်ခံခဲ့ကြသည်။

    Ref: IINA, Press TV

  • ဗန်ဂါးလ်အား ပရိတ်သတ်များက ထုတ်ပယ်စေချင်ကြသည်ဟု စစ်တမ်းတစ်ခုက ဖော်ပြ

    ဗန်ဂါးလ်အား ပရိတ်သတ်များက ထုတ်ပယ်စေချင်ကြသည်ဟု စစ်တမ်းတစ်ခုက ဖော်ပြ

    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    vangal

    – မန်ယူနည်းပြ ဗန်ဂါးလ်၏ အနာဂတ်နှင့် ပတ်သက်၍ နာမည်ကြီးဘောလုံးဝဘ်ဆိုက် Goal က စစ်တမ်းကောက်ယူခဲ့ရာ ၈၆ ရာခိုင်နှုန်းက မန်ယူအနေဖြင့် ဗန်ဂါးလ်အား ထုတ်ပယ်သင့်သည်ဟု ဆန္ဒပြုခဲ့ကြသည်။

    နော်ဝစ်ခ်ျအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် စာဖတ်ပရိတ်သတ်များအကြား ထိုကဲ့သို့ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ မန်ယူမှာ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက်တိုက် နိုင်ပွဲမရရှိခဲ့ဘဲ ထိုမှတ်တမ်းမှာ ဖလား ၃ လုံးရခဲ့သည့် ၁၉၉၈-၉၉ ဘောလုံးရာသီနောက်ပိုင်း အရှည်ကြာဆုံး နိုင်ပွဲပျောက်မှုလည်းဖြစ်သည်။

    ကြာသာပတေးနေ့က ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် မော်ရင်ဟိုကို မန်ယူနည်းပြသစ်အဖြစ် အစားထိုးရန် ရေပန်းစားနေသည်။ အဆိုပါ မဲပေးမှုတွင် မန်ချက်စတာမြို့မှ ပရိတ်သတ်များ၏ ၈၂ ရာခိုင်နှုန်းက အံ့သြစရာကောင်းလောက်အောင် ဗန်ဂါးလ်အား ထုတ်ပယ်ရန် ဆန္ဒပြုခဲ့ကြသည်။

    Ref: Goal

  • ကုလအရေးပေါ်ရန်ပုံငွေအတွက် ဆော်ဒီက ကန်ဒေါ်လာ သန်း ၁၅၀ လှူဒါန်း

    ကုလအရေးပေါ်ရန်ပုံငွေအတွက် ဆော်ဒီက ကန်ဒေါ်လာ သန်း ၁၅၀ လှူဒါန်း

    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    saudi

    – သဘာဝဘေးအန္တရာယ် ခံစားနေရသော နိုင်ငံများကို ကူညီထောက်ပံ့ရန်အတွက် ဆော်ဒီအာရေဗျမှာ ကုလ ဗဟိုအရေးပေါ်ကယ်ဆယ်ရေးရန်ပုံငွေအဖွဲ့ CERF သို့ ကန်ဒေါ်လာ သန်း ၁၅၀ လှူဒါန်းလိုက်သည်ဟု သိရသည်။

    ထိုသို့ လှူဒါန်းခြင်းကို ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ ဆအာ့ဒ် ဘင် အဗ္ဗဒူလာ အလ်-ဆာ့ဒ်က နယူးယောက်၌ သောကြာနေ့က ပြုလုပ်ခဲ့သော CERF အစည်းအဝေးတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

    “ကမ္ဘာတစ်ဝှမ်း မိုးခေါင်ရေရှားမှုဒဏ်၊ ရောဂါကပ်ဆိုက်မှုဒဏ်တွေ ခံစားနေရပြီး ဆင်းရဲမှုမွဲတေမှု များပြားလာခြင်းအပေါ် မိမိတို့နိုင်ငံက စိုးရိမ်ပူပန်လျက်ရှိနေသည်” ဟု အလ်-ဆာ့ဒ်က ပြောကြားခဲ့ပြီး ထိုလှူဒါန်းမှုမှာ ၂၀၁၆ ခုနှစ်အတွက် ဖြစ်သည်ဟု ဆိုသည်။

    အလ်ဆာ့ဒ်က ကမ္ဘာကြီးမှာ ဘေးအန္တရာယ်များနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း သတိပေးထောက်ပြခဲ့ပြီး CERF အဖွဲ့မှာ အရေးပေါ်ဖြစ်ရပ်များအတွင်း ပြည်သူများအား ကူညီရန်အတွက် ကမ္ဘာပေါ်တွင် အကောင်းဆုံး အားထုတ်ကြိုးပမ်းသည့် အဖွဲ့ဟုလည်း ချီးကျူးပြောဆိုခဲ့သည်။

    ကုလအရေးပေါ်ကယ်ဆယ်ရေးရံပုံငွေအဖွဲ့ (CERF) သည် စစ်ဘေးဒဏ်နှင့် သဘာဝဘေးအန္တရာယ်များ ခံစားနေရသူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန် အမြန်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းများအနက်မှ တစ်ခုဖြစ်သည်။

    လူ့အသက်ကယ်ဆယ်ရေးဖြစ်သော လူသားချင်းစာနထောက်ထားသည့် လုပ်ရပ်များကို ကမ္ဘာတစ်ဝှမ်းတွင် မဆိုင်းမတွ ထောက်ပံ့ရန်အတွက် ၎င်းအဖွဲ့သည် အလှူငွေများ လက်ခံရရှိထားပြီး၊ အစိုးရများမှ အဓိက ထောက်ပံ့မှုများ ပြုလုပ်သည်။

    သို့သော် ဖောင်ဒေးရှင်းများ၊ ကုမ္ပဏီများ၊ ပရဟိတသင်းများနှင့် တစ်ဦးချင်းစီမှလည်း နှစ်စဉ် ဒေါ်လာ သန်း ၄၅၀ ခန့် ထည့်ဝင်မှုများ ရှိနေသည်။ အရေးပေါ်ကယ်ဆယ်ရေး ဖြစ်ရပ်များတွင် လူသားချင်းစာနာထောက်ထားရေးအဖွဲ့များက ရံပုံငွေအတွက် လျှောက်လွှာတင် တောင်းခံရသည်။ အရေးပေါ်လိုအပ်ချက်များနှင့် အသက်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် တောင်းဆိုလွှာများသည် CERF ၏ မူဘောင်နှင့် ကိုက်ညီပါက ရံပုံငွေများကို ချက်ချင်းထုတ်ပေးလေ့ရှိသည်။

    ငွေချက်ခြင်းထုတ်ပေးသည့်အတွက် ကယ်ဆယ်ရေးအဖွဲ့များသည် အစားအစာ၊ သောက်သုံးရေ၊ ဆေးဝါးနှင့်အခြားသော အသက်ကယ်ရေးအကူအညီများကို မြန်မြန်နှင့် ထိရောက်စွာ ပေးပို့နိုင်မည်ဖြစ်သည်။

    Ref : Arabnews