ဒီဇင်ဘာ ၂၁၊ ၂၀၁၅
M-Media
– သဘာဝဘေးအန္တရာယ် ခံစားနေရသော နိုင်ငံများကို ကူညီထောက်ပံ့ရန်အတွက် ဆော်ဒီအာရေဗျမှာ ကုလ ဗဟိုအရေးပေါ်ကယ်ဆယ်ရေးရန်ပုံငွေအဖွဲ့ CERF သို့ ကန်ဒေါ်လာ သန်း ၁၅၀ လှူဒါန်းလိုက်သည်ဟု သိရသည်။
ထိုသို့ လှူဒါန်းခြင်းကို ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ ဆအာ့ဒ် ဘင် အဗ္ဗဒူလာ အလ်-ဆာ့ဒ်က နယူးယောက်၌ သောကြာနေ့က ပြုလုပ်ခဲ့သော CERF အစည်းအဝေးတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
“ကမ္ဘာတစ်ဝှမ်း မိုးခေါင်ရေရှားမှုဒဏ်၊ ရောဂါကပ်ဆိုက်မှုဒဏ်တွေ ခံစားနေရပြီး ဆင်းရဲမှုမွဲတေမှု များပြားလာခြင်းအပေါ် မိမိတို့နိုင်ငံက စိုးရိမ်ပူပန်လျက်ရှိနေသည်” ဟု အလ်-ဆာ့ဒ်က ပြောကြားခဲ့ပြီး ထိုလှူဒါန်းမှုမှာ ၂၀၁၆ ခုနှစ်အတွက် ဖြစ်သည်ဟု ဆိုသည်။
အလ်ဆာ့ဒ်က ကမ္ဘာကြီးမှာ ဘေးအန္တရာယ်များနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း သတိပေးထောက်ပြခဲ့ပြီး CERF အဖွဲ့မှာ အရေးပေါ်ဖြစ်ရပ်များအတွင်း ပြည်သူများအား ကူညီရန်အတွက် ကမ္ဘာပေါ်တွင် အကောင်းဆုံး အားထုတ်ကြိုးပမ်းသည့် အဖွဲ့ဟုလည်း ချီးကျူးပြောဆိုခဲ့သည်။
ကုလအရေးပေါ်ကယ်ဆယ်ရေးရံပုံငွေအဖွဲ့ (CERF) သည် စစ်ဘေးဒဏ်နှင့် သဘာဝဘေးအန္တရာယ်များ ခံစားနေရသူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန် အမြန်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းများအနက်မှ တစ်ခုဖြစ်သည်။
လူ့အသက်ကယ်ဆယ်ရေးဖြစ်သော လူသားချင်းစာနထောက်ထားသည့် လုပ်ရပ်များကို ကမ္ဘာတစ်ဝှမ်းတွင် မဆိုင်းမတွ ထောက်ပံ့ရန်အတွက် ၎င်းအဖွဲ့သည် အလှူငွေများ လက်ခံရရှိထားပြီး၊ အစိုးရများမှ အဓိက ထောက်ပံ့မှုများ ပြုလုပ်သည်။
သို့သော် ဖောင်ဒေးရှင်းများ၊ ကုမ္ပဏီများ၊ ပရဟိတသင်းများနှင့် တစ်ဦးချင်းစီမှလည်း နှစ်စဉ် ဒေါ်လာ သန်း ၄၅၀ ခန့် ထည့်ဝင်မှုများ ရှိနေသည်။ အရေးပေါ်ကယ်ဆယ်ရေး ဖြစ်ရပ်များတွင် လူသားချင်းစာနာထောက်ထားရေးအဖွဲ့များက ရံပုံငွေအတွက် လျှောက်လွှာတင် တောင်းခံရသည်။ အရေးပေါ်လိုအပ်ချက်များနှင့် အသက်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် တောင်းဆိုလွှာများသည် CERF ၏ မူဘောင်နှင့် ကိုက်ညီပါက ရံပုံငွေများကို ချက်ချင်းထုတ်ပေးလေ့ရှိသည်။
ငွေချက်ခြင်းထုတ်ပေးသည့်အတွက် ကယ်ဆယ်ရေးအဖွဲ့များသည် အစားအစာ၊ သောက်သုံးရေ၊ ဆေးဝါးနှင့်အခြားသော အသက်ကယ်ရေးအကူအညီများကို မြန်မြန်နှင့် ထိရောက်စွာ ပေးပို့နိုင်မည်ဖြစ်သည်။
Ref : Arabnews
Leave a Reply
You must be logged in to post a comment.