News @ M-Media

Blog

  • အာဆီယံကိုယ်စားလှယ် မတ်လနှောင်းပိုင်းတွင် မြန်မာနိုင်ငံလာမည်

    အာဆီယံကိုယ်စားလှယ် မတ်လနှောင်းပိုင်းတွင် မြန်မာနိုင်ငံလာမည်

    မတ် ၃၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီယား နိုင်ငံခြားရေး၀န်ကြီး ပရက်ဆိုခွန်ဟာ အခုလ နှောင်းပိုင်းမှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်မယ်လို့ သိရပါတယ်။

    ၂၀၂၂ ခုနှစ် အာဆီယံ ဥက္ကဌအဖြစ် ဆောင်ရွက်မယ့် ကမ္ဘောဒီယား၀န်ကြီးချုပ် ဟွန်ဆန်က တပည့်ဖြစ်သူ ပရက်ဆိုခွန်ကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့တာပါ။

    ပရက်ဆိုခွန်တစ်ယောက် ၂၀ ရက်နေ့က ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ ကမ္ဘောဒီယားနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့မှာ ထုတ်ပြောခဲ့ပါတယ်။ ဒါပေမယ့် အသေးစိတ်အစီအစဥ်ကို ပြောကြားခဲ့ခြင်း မရှိပါဘူး။

    မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းဖို့အတွက် ၂၀၂၁ ခုနှစ် ဧပြီလ ထိပ်သီးအစည်းအ၀ေးမှာ အာဆီယံက သဘောတူညီချက် ၅ ချက် သတ်မှတ်ခဲ့ပါတယ်။ အဲဒီအထဲမှာ အကြမ်းဖက်မှုရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ခွင့်ပေးရေး၊ မြန်မာ့နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူအားလုံးနဲ့ အာဆီယံအထူးကိုယ်စားလှယ်တို့ တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းရေးတွေ ပါ၀င်ပါတယ်။

    ဒါပေမယ့် မြန်မာအာဏာသိမ်းစစ်ကောင်စီက သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ မကြိုးစားခဲ့တဲ့အတွက် အာဆီယံက အစည်းအ၀ေးတွေမှာ စစ်ခေါင်းဆောင်တွေကို ဖိတ်ကြားခြင်း မပြုပါဘူး။

    အထူးကိုယ်စားလှယ်ကို ဖြုတ်ချခံလိုက်ရတဲ့ NLD ပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ပေးမှာ မဟုတ်ဘူးလို့ အာဏာသိမ်းစစ်ကောင်စီက အစောပိုင်းမှာ ပြောကြားထားပေမယ့် ဇန်န၀ါရီလ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်နဲ့ ဖုန်းပြောဆိုမှုမှာတော့ ပရက်ဆိုခွန် မြန်မာနိုင်ငံကိုလာရင် NLD ခေါင်းဆောင်ပိုင်းနဲ့ တွေ့ခွင့်ပေးမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ပထမဆုံးအကြိမ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ခွင့်ရမှာမဟုတ်ဘူးလို့ ပရက်ဆိုခွန်က ၀န်ခံထားပါတယ်။
    ကမ္ဘောဒီးယာ၀န်ကြီးချုပ် ဟွန်ဆန်ဟာ အာဏာသိမ်းစစ်ကောင်စီကို အလိုလိုက်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ချင်ပေမယ့် အခြားအာဆီယံအဖွဲ့၀င်တွေက လက်မခံတဲ့အတွက် မအောင်မြင်ပါဘူး။

    Ref: AP

  • နျူအန္တရာယ်ကြီးနေသည့် ဓာတ်ပေါင်းဖိုကို ရုရှားသိမ်းပိုက်

    နျူအန္တရာယ်ကြီးနေသည့် ဓာတ်ပေါင်းဖိုကို ရုရှားသိမ်းပိုက်

    မတ် ၄၊ ၂၀၂၂
    M-Media

    -ယူကရိန်းအရှေ့ပိုင်းက ဥရောပရဲ့ အကြီးဆုံး နျူဓာတ်အားပေး စက်ရုံ ‘ဇာဖိုရေးရှား’ ကို ရုရှားတပ်တွေက သိမ်းပိုက်လိုက်ပါတယ်။

    ဇာဖိုရေးရှား နျူဓာတ်အားပေးစက်ရုံဟာ သောကြာနေ့က ရုရှားတပ်ဖွဲ့တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးအကြီးအကျယ်လောင်နေပြီး၊ ဥရောပမှာ နောက်ထပ် နျူအန္တရာယ်တစ်ခု ရင်ဆိုင်ရတော့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။

    ယူကရိန်းသမ္မတ ဇယ်လင်စကီးက ဒီတိုက်ခိုက်မှုဟာ နျူကလီးယား အကြမ်းဖက်မှုဖြစ်တယ်လို့ ရုရှားကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ယူကရိန်းမှာ ၁၉၈၆ ခုနှစ်က ချာနိုဘိုင်း နျူဓာတ်အားပေးစက်ရုံ ပေါက်ကွဲကာ ဓာတ်ရောင်ခြည် ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီး ကမ္ဘာ့အဆိုးရွားဆုံး နျူပြဿနာတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    ဇာဖိုရေးရှား စက်ရုံကို ရုရှားရဲ့ အခုတိုက်ခိုက်မှုဟာ ချာနိုဘိုင်း နျူစက်ရုံပြဿနာထက် ၆ ဆလောက်ကြီးမယ့် အန္တရာယ်မျိုး ဖြစ်တယ်လို့လည်း ယူကရိန်းသမ္မတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အမေရိကန်၊ နေတိုးအဖွဲ့နဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ရုရှားကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

    တိုက်ခိုက်မှုကြောင့် ဇာဖိုရေးရှားနျူစက်ရုံက ဓာတ်ရောင်ခြည်ယိုစိမ့်မှု မရှိသေးဘူးလို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) က ထုတ်ပြန်ထားပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ဇာဖိုရေးရှား နျူဓာတ်အားပေးစက်ရုံကို သောကြာ​နေ့ညပိုင်းမှာ သိမ်းပိုက်လိုက်ပြီး ယူကရိန်းအာဏာပိုင်တွေက ဒါကို အတည်ပြုခဲ့ပါတယ်။

    ရုရှားဟာ စွန့်ပစ်ထားတဲ့ ချာနိုဘိုင်း နျူဓာတ်အားပေးစက်ရုံကိုလည်း သိမ်းပိုက်ထားပါတယ်။

    Ref: BBC

  • ချေချင်းစစ်သားများအတွက် ကျည်ဆံကို ဝက်ဆီသုတ်နေသည့်ဗီဒီယို ယူကရိန်းစစ်တပ်ထုတ်ပြန်

    ချေချင်းစစ်သားများအတွက် ကျည်ဆံကို ဝက်ဆီသုတ်နေသည့်ဗီဒီယို ယူကရိန်းစစ်တပ်ထုတ်ပြန်

    မတ် ၂၊ ၂၀၂၂
    M-Media

    Azov အဖွဲ့မှ စစ်သားများ

    -ရုရှားက ချေချင်းစစ်သားတွေကို ပစ်ခတ်ဖို့ ရည်ရွယ်ပြီး ကျည်ဆံတွေ ဝက်ဆီသုတ်တဲ့ ဗီဒီယိုကို ယူကရိန်းစစ်သားတွေက ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ပါတယ်။

    ရုရှားတောင်ပိုင်းက ချေချင်းညာ ဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရင်းသားဒေသဖြစ်ပြီး ချေချင်းလူမျိုးအများစုဟာ အစ္စလာမ်ဘာသာကို သက်ဝင်ကြတာ ဖြစ်ပါတယ်။ ချေချင်းညာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခေါင်းဆောင် ရမ်ဇန် ကာဒီရော့ဗ် ရုရှားသမ္မတပူတင်ရဲ့ အဓိကမဟာမိတ်ဖြစ်ပြီး ယူကရိန်း ကျူးကျော်စစ်မှာ ချေချင်းစစ်သားတွေလည်း ပါဝင်တိုက်ခိုက်နေရပါတယ်။

    ယူကရိန်း နိုင်ငံတော်အစောင့်တပ်ဖွဲ့မှာ ပါဝင်တဲ့ Azov တပ်ရင်းက စစ်သားတွေဟာ ဝက်ဆီဘူးထဲကို ကျည်ဆံတွေနှစ်ကာ ချေချင်းစစ်သားတွေကို ရည်ညွှန်းပြောဆိုတဲ့ ဗီဒီယိုတစ်ခုကို Twitter စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။

    “မွတ်စလင်ညီအစ်ကိုတို့။ ငါတိုတိုင်းပြည်မှာ မင်းတို့ နိဗ္ဗာန်ကိုသွားရမှာ မဟုတ်ဘူး။ သွားခွင့်လည်း ပြုမှာမဟုတ်ဘူး။ ကျေးဇူးပြုပြီး အိမ်ပြန်ကြပါ။ ဒီမှာ မင်းတို့တွေ ဒုက္ခလှလှတွေ့လိမ့်မယ်။ ကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဂွတ်ဘိုင်” လို့ ဝက်ဆီဗူးထဲကို ကျည်ဆံနှစ်ကာ ကျည်ကတ်ထဲထည့်နေတဲ့ Azov စစ်သားတစ်ယောက်က ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

    Azov အဖွဲ့ဟာ နာဇီနဲ့ လူဖြူကြီးစိုးရေးဝါဒကို လက်ခံကျင့်သုံးတဲ့ လက်ယာစွန်းရောက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ရုရှားကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့တွေ ခွဲထွက်ရေးစလုပ်တဲ့ ၂၀၁၄ ခုနှစ်မှာ ဖွဲ့စည်းကာ တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

    နောက်ပိုင်းမှာ Azov အဖွဲ့ကို ယူကရိန်းစစ်တပ်က အမြဲတမ်းတပ်ဖွဲ့အဖြစ် သွတ်သွင်းခဲ့ပါတယ်။ Azov ဟာ နာဇီတွေ ဒုတိယကမ္ဘာစစ်မှာ အသုံးပြုခဲ့တဲ့ Wolfsangel အမှတ်တံဆိပ်ကို တပ်ဆင်တိုက်ပွဲဝင်နေတာပါ။

    ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားသမ္မတ ပူတင်ရဲ့ အကြောင်း​ပြချက်တွေထဲမှာ ယူကရိန်းစစ်တပ်အတွင်း နာဇီဝါဒလိုလားတဲ့အဖွဲ့တွေ တည်ရှိမှုလည်း အချက်တစ်ချက်အနေနဲ့ ပါဝင်ပါတယ်။

    ချေချင်းညာခေါင်းဆောင် ရမ်ဇန် ကာဒီရော့ဗ်က သူတို့တပ်သားတွေ ယူကရိန်းကျူးကျော်စစ်မှာ ပါဝင် တိုက်ခိုက်နေတယ်လို့ စစ်ပွဲစတင်ပြီး ၃ ရက်မြောက်တဲ့နေမှာ အတည်ပြု ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ရုရှားဘောလုံးအသင်းများ နိုင်ငံတကာပြိုင်ပွဲအားလုံးမှ ပိတ်ပင်ခံရ

    ရုရှားဘောလုံးအသင်းများ နိုင်ငံတကာပြိုင်ပွဲအားလုံးမှ ပိတ်ပင်ခံရ

    မတ် ၁၊ ၂၀၂၂
    M-Media

    -ရုရှားလက်ရွေးစင်အသင်းတွေနဲ့ ကလပ်အသင်းတွေအားလုံးကို နိုင်ငံတကာပြိုင်ပွဲကစားခွင့် ပိတ်ပင်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA တို့ မနေ့က ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရုရှားက ကမ္ဘာ့ဘောလုံးအသိုင်းအ၀ိုင်းက ဒဏ်ခတ်တာ ဖြစ်ပါတယ်။ 

    ရုရှား အမျိုးသားလက်ရွေးစင်အသင်းဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်အတွက် ရှုံးထွက်ပွဲကို မတ်လအတွင်း ကစားရမှာဖြစ်ပြီး၊ အမျိုးသမီးလက်ရွေးစင်အသင်းက ဇူလိုင်လ အင်္ဂလန်မှာကျင်းပမယ့် ဥရောပ ချန်ပီယံရှစ်ပြိုင်ပွဲကို ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။

    “နိုင်ငံကိုယ်စားပြု လက်ရွေးစင်အသင်းပဲဖြစ်ဖြစ်၊ ကလပ်အသင်းပဲဖြစ်ဖြစ် ရုရှားဘောလုံးအသင်းအားလုံး နောက်ထပ် ထုတ်ပြန်ချက် တစ်စုံတစ်ရာ မထွက်ခင်အချိန်အထိ FIFA နဲ့ UEFA ကလုပ်တဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရပ်ဆိုင်းထားဖို့ FIFA နဲ့ UEFA တို့က ဆုံးဖြတ်လိုက်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ရုရှားအသင်းနဲ့ ပွဲတွေကို ကြားကွင်းမှာ ကစားပြီး၊ ရုရှားအလံ၊ နိုင်ငံတော်သီချင်း မသုံးရဆိုတဲ့ ကြေငြာချက်တစ်ခုကို FIFA က တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရုရှားနဲ့ ကစားရမယ့် အသင်းတွေက ဝေဖန်ပြစ်တင်မှုတွေ လုပ်လာတာကြောင့် တနင်္လာနေ့မှာ ရုရှားအသင်းတွေကို ပြိုင်ပွဲအားလုံးကနေ ဖယ်ရှားမယ့် ကြေငြာချက်အသစ်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ရုရှားနှင့် ယူကရိန်းတို့ ဘီလာရုဇ်တွင် ဆွေးနွေးမည်

    ရုရှားနှင့် ယူကရိန်းတို့ ဘီလာရုဇ်တွင် ဆွေးနွေးမည်

    ဖေဖော်၀ါရီ ၂၈၊ ၂၀၂၂
    M-Media

    ယူကရိန်းကို ရုရှားက ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံသုံးပြီး တိုက်ခိုက်နေတာ ၅ ရက်မြောက် ရှိလာပြီ ဖြစ်ပါတယ်။ ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းက မြို့အနည်းငယ်ကို ရုရှားက သိမ်းထားနိုင်ပေမယ့် အဓိကမြို့တော် ကိဗ်ကို သိမ်းဖို့ ကြိုးစားရာမှာတော့ ယူကရိန်းတပ်တွေရဲ့ ပြင်းပြင်းထန်ထန် ခုခံမှုကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

    ယူကရိန်းသမ္မတ ဇယ်လင်စကီးက လာမယ့် ၂၄ နာရီကာလဟာ ‘အရေးကြီးတဲ့အချိန်’ ဖြစ်လိမ့်မယ်လို့ ယူကေ၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ ဖုန်းပြောဆိုမှုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ရုရှားရဲ့ ကျူးကျော်မှုအတွင်း ကလေးငယ် ၁၄ ဦးအပါအ၀င် အရပ်သား ၃၅၂ ဦးသေဆုံးထားတယ်လို့ ယူကရိန်း ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    ရုရှားသမ္မတပူတင်ဟာ သူ့ရဲ့ နျူတပ်ဖွဲ့ကို မနေ့က အမြင့်ဆုံးအဆင့် တပ်လှန့်ခဲ့ပြီး နျူစစ်ပွဲဖြစ်လာမှာကို နိုင်ငံတကာအသိုင်းအ၀ိုင်းက စိုးရိမ်လာပါတယ်။

    Ref: Reuters