News @ M-Media
Blog
  • ပဲရစ်ရှိကျောင်းဆရာတစ်ဦး IS အဖွဲ့ဝင်ဟု ယူဆရသူ၏ တိုက်ခိုက်မှု ခံရ
    ပဲရစ်ရှိကျောင်းဆရာတစ်ဦး IS အဖွဲ့ဝင်ဟု ယူဆရသူ၏ တိုက်ခိုက်မှု ခံရ
    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media
    france
    – ပြင်သစ်နိုင်ငံ ပဲရစ်မြို့မြောက်ပိုင်း ဆင်ခြေဖုံးရှိ စာသင်ကျောင်းတစ်ခုတွင် ဆရာတစ်ဦးမှာ သေတ္တာဖျက် ကိရိယာနှင့် ကပ်ကြေးများ ကိုင်ဆောင်ထားသူတစ်ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး တိုက်ခိုက်သူမှာ IS အဖွဲ့၏ အမည်နာမကို သုံးစွဲခဲ့သည်ဟု ပြင်သစ်အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။
    ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုအတွင်း ကျောင်းဆရာမှာ ခန္ဓာကိုယ်ဘေးဘက်နှင့် လည်ချောင်းတို့တွင် ဒဏ်ရာများ ရရှိခဲ့သော်လည်း အန္တရာယ်ရှိသည့် အခြေအနေမျိုးမဟုတ်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    တိုက်ခိုက်မှုဖြစ်ပွားစဉ် ကျောင်းဆရာမှာ စာသင်ခန်းထဲတွင် တစ်ဦးတည်းရှိနေပြီး စာသင်ကြားရန်အတွက် ပြင်ဆင်နေသည့်အချိန် ဖြစ်သည်။ တိုက်ခိုက်သူမှာ ဆေးသုတ်သမားများ ၀င်ဆင်သော အပေါ်ယံအ၀တ်နှင့် ဦးခေါင်းပါလုံသည့် ချည်သားခေါင်းစွပ်ကို ၀တ်ဆင်ထားပြီး စာသင်ခန်းအတွင်းရှိသော လက်နက်များကို ယူ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
    ထို့ပြင် “ဒါဟာ Daesh (IS) ပဲ။ ဒါဟာ သတိပေးလိုက်တာပဲ” ဟု ဟစ်အော်ခဲ့ကြောင်း တရားသူကြီးများက ပြောကြားခဲ့သည်။ မျက်မြင်သက်သေများကမူ တိုက်ခိုက်သူမှာ တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက်ပိုင်း အခင်းဖြစ်ရာနေရာမှ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။
    IS ၏ ပြင်သစ်ဘာသာစကားဖြင့်ထုတ်ဝေသော Dar-al-Islam မဂ္ဂဇင်း နိုဝင်ဘာလထုတ်တွင် ပြင်သစ်ပညာရေးစနစ်မှ ဆရာများကို သတ်ပစ်ရန် ၎င်းတို့၏ နောက်လိုက်များအား တိုက်တွန်းထားပြီး ထိုဆရာများမှာ လောကီပညာများကိုသာ သင်ပေးခြင်းကြောင့် “ဘုရားသခင်၏ ရန်သူများ” ဖြစ်ကာ ၎င်းတို့မှာ “မွတ်စလင်မိသာစုများအား စစ်ပွဲ ဆင်နွှဲနေသည်” ဟုလည်း သွေးထိုး လှုံ့ဆော်ထားသည်။ ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက် ပြင်သစ်ရှိ စာသင်ကျောင်းများတွင် လုံခြုံရေးများ တိုးမြှင့်ခဲ့သည်။
    အီရတ်အား အမေရိကန်ဦးဆောင်သည့် ကျူးကျော်စစ်၏ ရလဒ်အဖြစ် ထွက်ပေါ်လာခဲ့သော IS အကြမ်းဖက်အဖွဲ့က အစ္စလာမ်၏ အမည်နာမကို အလွဲသုံးစားလုပ်ကာ အကြမ်းဖက်မှုများ ပြုလုပ်ခြင်းကို ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များက ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချခဲ့ပြီး ၎င်းတို့အဖွဲ့အား “အစ္စလာမ့်ရန်သူ” အဖြစ် သတ်မှတ်ခဲ့သည်။ ထို့ပြင် မွတ်စလင်လူငယ်များ IS ၏ သွေးဆောင်ဖျားယောင်းမှုအတွင်းသို့ မကျရောက်စေရေးအတွက်လည်း အစွမ်းကုန် ဆောင်ရွက်နေကြသည်။
    Ref: Aljazeera
  • ယီမင်ပြည်တွင်းစစ် အပစ်ရပ်ရေး သဘောတူညီချက်ရရှိ
    ယီမင်ပြည်တွင်းစစ် အပစ်ရပ်ရေး သဘောတူညီချက်ရရှိ
    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media
    yemen
    – ယီမင်ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် အင်္ဂါနေ့တွင် ဆွစ်ဇာလန်၌ ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအလို တစ်ရက်ဖြစ်သော ယနေ့တွင် ပဋိပက္ခတွင် ပါဝင်ကြသည့် နှစ်ဖက်စလုံးက တစ်ပတ်တာကြာမြင့်မည့် အပစ်ရပ်ရေးကို သဘောတူညီခဲ့ကြသည်ဟု သိရသည်။
    ဆွေးနွေးပွဲတွင် သမ္မတ ရဘ်ဘူ မန်ဆူရ် ဟာဒီ၏ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည့် ယီမင်နိုင်ငံခြားရေးဝန်ကြီး အဘ်ဒဲလ် မာလစ် အလ်-မခ်လာဖီက တိုက်ခိုက်မှုများမှာ ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းတွင် ရပ်တန့်မည်ဟု ပြောကြားခဲ့သည်။
    အီရန်ကျောထောက်နောက်ခံပြုထားသည့် ဟူသီသူပုန်များဘက်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကလည်း တိုက်ခိုက်မှုများ ရပ်တန့်ရေး သဘောတူညီချက်ရရှိမှုကို အတည်ပြုခဲ့သည်။
    ယီမင်တွင် အစိုးရကို ထောက်ခံသူများနှင့် ဟူသီသူပုန်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်မှာ ၉ လကျော် ကြာမြင့်နေပြီဖြစ်ပြီး ဆော်ဒီဦးဆောင်သည့် မဟာမိတ်များကလည်း လေကြောင်းမှတိုက်ခိုက်ပေးခြင်း၊ မြေပြင်တပ်များ ချထားပေးခြင်းတို့ဖြင့် အစိုးရတပ်ဖွဲ့များအား ကူညီနေသည်။
    တိုက်ခိုက်မှုများကြောင့် လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိုအထဲတွင် ကလေးငယ် ၆၃၇ ဦး ပါဝင်ခဲ့သည်ဟု ကုလ၏ ထုတ်ပြန်ချက်များအရ သိရသည်။
    Ref: Aljazeera
  • အင်္ဂလန်နည်းပြ ၂၀၁၈ ကမ္ဘာ့ဖလားအထိ တာဝန်ယူရန် ဆန္ဒရှိနေ
    အင်္ဂလန်နည်းပြ ၂၀၁၈ ကမ္ဘာ့ဖလားအထိ တာဝန်ယူရန် ဆန္ဒရှိနေ
    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media
    england
    – လက်ရှိစာချုပ်မှာ ယူရိုပြိုင်ပွဲအပြီးတွင် ကုန်ဆုံးမည်ဖြစ်သော်လည်း အင်္ဂလန်နည်းပြ ရွိုင်ဟဒ်ဆန်က ၂၀၁၈ ကမ္ဘာဖလားပြိုင်ပွဲအထိ ဆက်လက်ကိုင်တွယ်ရန် ရည်ရွယ်နေသည်။
    ၂၀၁၂ ခုနှစ်က ဖာဘီယိုကာပယ်လို၏နေရာတွင် အစားထိုးခြင်း ခံခဲ့ရသည့် အသက် ၆၈ နှစ်အရွယ် ဟဒ်ဆန်၏ အင်္ဂလန်နည်းပြအဖြစ် ဆက်လက်ရှိနေရေးမှာ လာမည့်နှစ် ဇွန်လ၊ ဇူလိုင်တွင် ပြုလုပ်မည့် ယူရိုပြိုင်ပွဲတွင် အင်္ဂလန်အသင်း ပြသသည့် စွမ်းဆောင်ရည်အပေါ် မူတည်နေသည်။
    “၂၀၁၆ ဇန်န၀ါရီ ၁ ရက်နေ့ဆိုရင် ကျွန်တော့်ရဲ့နည်းပြသက်တမ်း နှစ် ၄၀ ပြည့်ပါပြီ။ နောက်ထပ်တစ်နှစ် ၄၁ နှစ်ဆိုရင်တော့ ကျွန်တော် တော်တော်ဂုဏ်ယူမိမှာပါ။ အခုအချိန်မှာ ပြိုင်ပွဲထက် အခြားအရာတွေကို ကျွန်တော် ဝေဖန်သုံးသပ်မှု မလုပ်ပါဘူး။ ဒါပေမယ့် ဒါက ကျွန်တော့်ရဲ့အတွေးပေါ်မှာ မူတည်ပါတယ်။ နောက်နှစ်နွေရာသီမှာ ဒီအလုပ်လုပ်နေမလားလို့ ကျွန်တော့်ကိုမေးရင် ကျွန်တော်က “သေချာတာပေါ့ဗျာ” လို့ ပြန်ဖြေမှာပါ” ဟု ဟဒ်ဆန်က ပြောကြားခဲ့သည်။
    အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၏ ဥက္ကဌဖြစ်သူ ဂရက်ဂ်ျ ဒိုက်ကီကမူ အင်္ဂလန်အသင်း ယူရိုတွင် အောင်မြင်ခဲ့ပါက ဟဒ်ဆန်မှာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ရှိနေမည်ဟု အရိပ်အမြွက် ပြောကြားခဲ့ဖူးသည်။
    Ref: Goal
  • ဂျာမနီရှိ Facebook ရုံး အဆောက်အဦး ဖျက်ဆီးခံရ
    ဂျာမနီရှိ Facebook ရုံး အဆောက်အဦး ဖျက်ဆီးခံရ
    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media
    facebook
    – ဂျာမနီနိုင်ငံမြောက်ပိုင်း ဟမ်းဘတ်မြို့ရှိ Facebook ရုံခန်းများရှိရာ အဆောက်အဦးမှာ တိုက်ခိုက်ဖျက်ဆီးမှု ခံခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ယမန်နေ့တွင် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
    စနေနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုအား အနက်ရောင်အင်္ကျီနှင့် ခေါင်းစွပ်များ ၀တ်ဆင်ထားသည့် လူ ၁၅ မှ ၂၀ ခန့် ပါဝင်သော အုပ်စုက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦးရှိ မှန်များကို ရိုက်ခွဲကာ နံရံတွင်လည်း Facebook dislike ဆိုသည့် စာသားကို စပရေးဖြင့် ရေးသားခဲ့သည်။
    Facebook မှာ ၎င်းတို့၏ စာမျက်နှာတွင် လူမျိုးရေး အမုန်းစကားမှတ်ချက်များကို ဖယ်ရှားရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ Facebook ၏ ဥရောပဆိုင်ရာ အကြီးအကဲမှာ ဂျာမနီတွင် စုံစမ်းစစ်ဆေးမှုများကို ခံနေရသည်။
    ဂျာမနီရှိ နိုင်ငံရေးသမားများနှင့် ထင်ရှားကျော်ကြားသူများမှာ Facebook ၌ ဂျာမနီနိုင်ငံသားများ၏ နိုင်ငံခြားသားမုန်း သဘောထားများကို ဖော်ပြမှု မြင့်တက်လာခြင်းအတွက် စိုးရိမ်မိသည်ဟု ပြောကြားခဲ့ကြပြီးနောက်ပိုင်း ထိုစုံစမ်းစစ်ဆေးမှုကို ပြီးခဲ့သည့်လက စတင်ခဲ့ခြင်းဖြစ်သည်။
    ထိုကဲ့သို့ အမုန်းစကားများ မဖယ်ရှားမှုအတွက် ဥရောပ မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဆိုင်ရာ Facebook ၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်ပြီး ဟမ်းဘတ်တွင် အခြေစိုက်သည့် မာတင်အော့တ်က တာဝန်ယူရမည်ဟု စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။
    ထိုစုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ Facebook ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဒီစွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ပြောလို့ရပါတယ်။ Facebook နဲ့ သူတို့ရဲ့ လုပ်သားတွေဟာ ဂျာမနီရဲ့ ဥပဒေကို ချိုးဖောက်မှု မရှိခဲ့ပါဘူး” ဟု ပြီးခဲ့သည့်လက ပြန်လည်ဖြေရှင်းခဲ့သည်။
    မာလ်တီမီဒီယာ ၀န်ဆောင်မှုကုမ္ပဏီများအား စေတနာ့ဝန်ထမ်း စောင့်ကြည့်နေသည့် FSM အဖွဲ့နှင့် မိတ်ဖက်ဖြစ်သည့် Facebook မှာ မိမိတို့၏ အသုံးပြုသူများကို လူမျိုးရေးခွဲခြားမှုအား ဆန့်ကျင်ရေး တွန်းအားပေးသွားမည်ဟု ဆိုသည်။
    Ref: The Guardian
  • ဇယားကို အာဆင်နယ်ဦးဆောင်နိုင်ခဲ့ပြီး နောက်ဆုံးမိနစ်ကျမှ အဖြေပြောင်းတဲ့ပွဲတွေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆
    ဇယားကို အာဆင်နယ်ဦးဆောင်နိုင်ခဲ့ပြီး နောက်ဆုံးမိနစ်ကျမှ အဖြေပြောင်းတဲ့ပွဲတွေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆
    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media
    epl 1
    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ မန်ယူက တစ်ပတ်အတွင်း ဒုတိယမြောက်ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပြီး ပွဲအချို့ကတော့ နောက်ဆုံးမိနစ်ဂိုးတွေနဲ့ ရလဒ်တွေ ပြောင်းခဲ့ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ်က လက်ရှိချန်ပီယံ ချယ်ဆီးကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘုန်းမောက်ဟာ အိမ်ကွင်းမှာ မန်ယူကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ပွဲအစ ၂ မိနစ်မှာပဲ ဂျူနီယာ စတာနစ်လက်စ်က ထောင့်ကန်ဘောကနေ တိုက်ရိုက်ဦးဆောင်ဂိုး သွင်းနိုင်ခဲ့တာက မန်ယူကို ဦးချိုးလိုက်သလို ဖြစ်ခဲ့ပါတယ်။ ဟန်ချက်ပြန်ထိန်းနိုင်ခဲ့တဲ့ မန်ယူအတွက် ၂၄ မိနစ်မှာ ဖယ်လိုင်နီက ချေပဂိုး သွင်းပေးခဲ့ပါတယ်။ ဒီ့အရင်မှာ အန်သိုနီမာရှယ်က အကောင်းအဆုံး အခွင့်အအရေးတစ်ခု ရပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ၅၄ မိနစ်မှာ
    မန်ယူကစားသမားဟောင်း ဂျိုရှူဝါကင်းရဲ့ ဂိုးကိုတော့ မန်ယူတို့ ပြန်မချေပနိုင်ဘဲ ၃ မှတ် ဆုံးရှုံးခဲ့ရပါတယ်။
    epl 2
    အီတီဟတ်က မန်စီးတီးနဲ့ ဆွမ်ဆီးတို့ပွဲကတော့ အတော်ကို အကြိတ်အနယ်ရှိခဲ့ပြီး နည်းပြသစ်နဲ့ ပထမဆုံးပွဲထွက်ရတဲ့ ဆွမ်ဆီးဟာ သရေတစ်မှတ်နဲ့ ထိုက်တန်ခဲ့တာ အမှန်ပါပဲ။ ၂၆ မိနစ်မှာ ၀ီလ်ဖရိုင်းဘိုနီက မန်စီးတီးအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ဆွမ်ဆီးက နောက်ပိုင်းမှာ ဒုက္ခပေးနိုင်ခဲ့ပြီး မိနစ် ၉၀ မှာ ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ မန်စီးတီးအတွက် ကံကောင်းထောက်မတဲ့ အနိုင်ဂိုးကတော့ ၉၂ မိနစ်မှာ ရခဲ့တာဖြစ်ပြီး ယာယာတိုးယေးရဲ့ကန်ချက်ဟာ လူစားဝင်လာတဲ့ ကီလီချီ အိုင်ဟီယာနာချိုနဲ့ထိ လမ်းကြောင်းပြောင်းပြီး
    ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။
    epl 3
    ချန်ပီယံလိဂ်မှာ ခြေစွမ်းပြခဲ့တဲ့ ဂျရူးနဲ့ ရမ်ဆေးတို့ရဲ့ ဂိုးတွေနဲ့ အာဆင်နယ်က အက်စတွန်ဗီလာကို အဝေးကွင်းမှာအနိုင်ရပြီး ဇယားကို ဦးဆောင်လိုက်နိုင်ပါတယ်။ ပင်နယ်တီကတစ်ဆင့် ဂိုးရခဲ့တဲ့ ဂျရူးရဲ့ဒီဂိုးဟာ အသင်းအတွက် ၅၀ မြောက်ဂိုးလည်း ဖြစ်ပါတယ်။ နောက်တစ်ပတ်မှာတော့ အနီးကပ်ဆုံးပြိုင်ဘက် မန်စီးတီးနဲ့ အာဆင်နယ်က ယှဉ်ပြိုင်ကစားရမှာပါ။
    ပြီးခဲ့တဲ့တစ်ပတ်က နယူးကာဆယ်ကိုရှုံးခဲ့တဲ့ လီဗာပူးလ် အိမ်ကွင်းမှာ နောက်ဆုံးမိနစ်ဂိုးနဲ့ ကံကောင်းထောက်မစွာ သရေတစ်မှတ် ရခဲ့တာပါ။ ၀က်စ်ဘရွန်းရဲ့ခံစစ်ကျစ်လစ်မှုကြောင့် အခက်တွေ့ခဲ့တဲ့ လီဗာပူးလ် ၂၁ မိနစ်မှာ ဟန်ဒါဆန်ရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် မိနစ် ၃၀နဲ့ ၇၃ မိနစ်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးလိုက်ရပါတယ်။ ဘန်တီကီရဲ့ အဖိုးတန်အခွင့်အရေးနှစ်ခုကို ဖြုန်းတီးပစ်မှုနဲ့အတူ ဂိုးထပ်ရဖို့ ရုန်းကန်နေရတဲ့ လီဗာပူးလ် ၉၆ မိနစ်မှာ အိုရီဂီရဲ့ကန်ချက် လူထိပြီးဝင်သွားတာကြောင့် သရေတစ်မှတ် ရခဲ့တာဖြစ်ပါတယ်။
    ဇယားေepl 4အာက်ဆုံးက နယူးကာဆယ်လည်း စပါးကို နောက်ကလိုက်ကစားပြီး နောက်ဆုံးမိနစ်ဂိုးနဲ့ နိုင်ပွဲဆက်ခဲ့ပါတယ်။ ၀က်စ်ဟမ်းကတော့ ပြိုင်ဘက် စတုတ်ရဲ့ ဂိုးသမားနဲ့ နောက်တန်းတွေ ကောင်းလွန်းမက ကောင်းတာကြောင့် အိမ်ကွင်းမှာ ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
    ထိပ်ဆုံးက လက်စတာနဲ့ ချယ်ဆီးတို့ပွဲကတော့ ဒီနေ့ညမှာ ကစားမှာပါ။
    ဒီတစ်ပတ် ပရီးမီးယားလိဂ်ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    နော်ဝစ်ခ်ျ ၁-၁ အဲဗာတန်
    ခရစ္စတယ်ပဲလေ့စ် ၁-၀ ဆောက်သက်တမ်
    မန်စီးတီး ၂-၁ ဆွမ်ဆီး
    ဆန်းဒါးလန်း ၀-၁ ၀က်ဖို့ဒ်
    ဘုန်းမောက် ၂-၁ မန်ယူ
    အက်စတွန်ဗီလာ ၀-၂ အာဆင်နယ်
    လီဗာပူးလ် ၂-၂ ၀က်စ်ဘရွန်း
    စပါး ၁-၂ နယူးကာဆယ်