News @ M-Media

Blog

  • IS အား အမေရိကန်နှင့် အစ္စရေးက ဖန်တီးခဲ့သည်ဟု ကျူးဘားခေါင်းဆောင်ဟောင်း ပြော

    IS အား အမေရိကန်နှင့် အစ္စရေးက ဖန်တီးခဲ့သည်ဟု ကျူးဘားခေါင်းဆောင်ဟောင်း ပြော

    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    cuba

    – IS အကြမ်းဖက်အဖွဲ့ကို အမေရိကန်နှင့် အစ္စရေးတို့က ဖန်တီးခဲ့ခြင်းဖြစ်ပြီး၊ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များမှာ နိုင်ငံရပ်ခြားတွင် ပဋိပက္ခများကို မီးမွှေးနေသည်ဟု ကျူးဘားသမ္မတဟောင်း ဖီးလ်ဒ် ကက်စထရိုက ပြောကြားလိုက်သည်။

    ထို့ပြင် နေတိုးအဖွဲ့မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကြေငြာချက်ကို နာဇီ SS အဖွဲ့၏ ကြေငြာချက်နှင့် နှိုင်းယှဉ်ပြောကြားခဲ့ပြီး၊ ယူကရိန်းပြဿနာနှင့် ဆက်စပ်၍ ရုရှားအား ဖိအားပေးမှုကို ရည်ညွှန်း၍ အနောက်နိုင်ငံများမှ နိုင်ငံရေးသမားများမှာ ကြောင်သူတော်များဖြစ်ကာ၊ ရန်လိုကြသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “နေတိုးရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက နာဇီ SS မျက်နှာမျိုး၊ စတိုင်မျိုးတွေနဲ့ ထုတ်ပြန်တဲ့ ကြေငြာချက်တွေကို ကြားတဲ့အခါ လူတွေက အံ့သြနဘန်း ဖြစ်ကြရပါတယ်” ဟု ကက်စထရိုက ကျူးဘားနိုင်ငံပိုင်မီဒီယာတွင် ရေးသားခဲ့သည် ဆောင်းပါ၌ ဖော်ပြထားသည်။

    “သမိုင်းမှာ ကျရှုံးခဲ့တဲ့ လောဘအခြေခံ အဒေါ့ဖ်ဟစ်တလာရဲ့ အင်ပါယာဟာ နေတိုးရဲ့ ရန်လိုပြီး ဓနရှင်အစိုးရတွေဆီကလာတဲ့ ဆောင်ရွက်မှုတွေနဲ့ ဘာမှ သိပ်မကွာပါဘူး။ အဲဒီအစိုးရတွေဟာ ဥရောပနဲ့ ကမ္ဘာကြီး သူတို့ကို လှောင်ပြောင်အောင် လုပ်နေကြတာပါပဲ”

    အသက် ၈၈ နှစ်အရွယ်ရှိ ကက်စထရိုမှာ အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကိုလည်း ၎င်း၏ အရှေ့အလယ်ပိုင်းပေါ်လစီများအတွက် ဝေဖန်ခဲ့ပြီး၊ မက်ကိန်းမှာ အစ္စရေး၏ ချွင်းချက်မရှိသည့် မဟာမိတ်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မက်ကိန်းမှာ အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်အား ထောက်ခံသူဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့ကို ဖန်တီးရာတွင် ပါဝင်ခဲ့သည်ဟု ဆိုသည်။ နောက်နိုင်ငံများ၏ အကောင်းမမြင်မှုကိုလည်း ၎င်းက ဆန့်ကျင်ခဲ့ပြီး ထိုဝါဒမှာ နယ်ချဲ့ဝါဒဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: RT

  • ဆီးရီးယားစစ်ပွဲတွင် ဗြိတိန်ပါဝင်မှုကို ပြည်သူများ ရှုတ်ချ

    ဆီးရီးယားစစ်ပွဲတွင် ဗြိတိန်ပါဝင်မှုကို ပြည်သူများ ရှုတ်ချ

    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    syria

    – ဆီးရီးယားအရေးတွင် ယူကေက ကြားဝင်စွက်ဖက်မှုများနှင့် မကြာသေးမီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် လန်ဒန်တွင် ပြည်သူထောင်ပေါင်းများစွာက ယမန်နေ့တွင် လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး စစ်ဆန့်ကျင်ရေးလှုပ်ရှားသူများကလည်း ပြည်ပတွင် ယူကေ၏ စစ်ရေးလှုပ်ရှားမှုများကို လုံးဝ ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။

    “လူသတ်ဖို့ထောက်ခံကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ဆီးရီးယားဗုံးကြဲမှု အခုရပ်” “ငြိမ်းချမ်းရေးအတွက် ဗုံးကြဲခြင်းသည် အပျိုစင်ဖြစ်ရန်ဟုဆိုကာ အဓမ္မပြုကျင့်ခြင်းသာဖြစ်သည်” “ဆီးရီးယားပြည်သူများသည် ပြဿများနှင့် အသက်ရှင်နေရသည်” စသည့် ဆောင်ပုဒ်များကို အလံများနှင့် တံခွန်များပေါ်တွင် မြင်သာအောင် ရေးသားကိုင်ဆောင်ထားကြသည်။

    လူအုပ်ကြီးမှာ ဗြိတိန်ဝန်ကြီးချုပ်နေထိုင်ရာ ဒေါင်းနင်းလမ်းသို့ ရောက်သောအခါ ဟောပြောသူများက စင်မြင့်သို့တက်ကာ လက်နက်ကိုင်ပဋိပက္ခများတွင် အစိုးရ၏ ကြားဝင်စွက်ဖက်မှုကို ရှုတ်ချပြောဆိုခဲ့သည်။ ယူကေက နိုင်ငံရပ်ခြားစစ်ပွဲများတွင် ပါဝင်မှုမှာ ၂၀၀၁ ခုနှစ်တွင် အာဖဂန်တွင် စတင်ခဲ့သော အကြမ်းဖက်ဆန့်ကျင်ရေး လှုပ်ရှားမှုအပြီး လေးကြိမ်မြောက်ဖြစ်သည်။

    ဆီးရီးယားတွင် ဗြိတိန်က လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ရန် ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂ ရက်တွင် ပါလီမန်က အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ပါဝင်မှုကို အတိုက်အခံခေါင်းဆောင် ဂျယ်ရီမီ ကော်ရ်ဘန်ကလည်း ဆန့်ကျင်ခဲ့သည်။

    “တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် ကျွန်မတို့ တောင်းဆိုနေတာပါ။ ဒီစစ်ပွဲကြောင့်ဖြစ်လာတဲ့ လူမျိုးရေးခွဲခြားမှုတွေကို ရပ်တန့်ဖို့ ကျွန်မတို့ ပြောနေတာပါ” ဟု ဆိုရှယ်လစ်ပါတီမှ နန်စီ တာအက်ဖီက ပြောကြားခဲ့သည်။

    ဒေါင်းနင်းလမ်းအပြင်ဘက်တွင် ပြောကြားသော မိန့်ခွန်း၌ Green ပါတီ၏ ဒုတိယခေါင်းဆောင် ရှာရာဟ်အလီက ယူကေအစိုးရအနေဖြင့် ဆီးရီးယားဒုက္ခသည်များကို ပိုမိုလက်ခံရန်အတွက် တိုက်တွန်းပြောဆိုခဲ့သည်။

    Ref: RT

  • ပဲရစ်ရှိကျောင်းဆရာတစ်ဦး IS အဖွဲ့ဝင်ဟု ယူဆရသူ၏ တိုက်ခိုက်မှု ခံရ

    ပဲရစ်ရှိကျောင်းဆရာတစ်ဦး IS အဖွဲ့ဝင်ဟု ယူဆရသူ၏ တိုက်ခိုက်မှု ခံရ

    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    france

    – ပြင်သစ်နိုင်ငံ ပဲရစ်မြို့မြောက်ပိုင်း ဆင်ခြေဖုံးရှိ စာသင်ကျောင်းတစ်ခုတွင် ဆရာတစ်ဦးမှာ သေတ္တာဖျက် ကိရိယာနှင့် ကပ်ကြေးများ ကိုင်ဆောင်ထားသူတစ်ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး တိုက်ခိုက်သူမှာ IS အဖွဲ့၏ အမည်နာမကို သုံးစွဲခဲ့သည်ဟု ပြင်သစ်အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

    ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုအတွင်း ကျောင်းဆရာမှာ ခန္ဓာကိုယ်ဘေးဘက်နှင့် လည်ချောင်းတို့တွင် ဒဏ်ရာများ ရရှိခဲ့သော်လည်း အန္တရာယ်ရှိသည့် အခြေအနေမျိုးမဟုတ်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုဖြစ်ပွားစဉ် ကျောင်းဆရာမှာ စာသင်ခန်းထဲတွင် တစ်ဦးတည်းရှိနေပြီး စာသင်ကြားရန်အတွက် ပြင်ဆင်နေသည့်အချိန် ဖြစ်သည်။ တိုက်ခိုက်သူမှာ ဆေးသုတ်သမားများ ၀င်ဆင်သော အပေါ်ယံအ၀တ်နှင့် ဦးခေါင်းပါလုံသည့် ချည်သားခေါင်းစွပ်ကို ၀တ်ဆင်ထားပြီး စာသင်ခန်းအတွင်းရှိသော လက်နက်များကို ယူ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် “ဒါဟာ Daesh (IS) ပဲ။ ဒါဟာ သတိပေးလိုက်တာပဲ” ဟု ဟစ်အော်ခဲ့ကြောင်း တရားသူကြီးများက ပြောကြားခဲ့သည်။ မျက်မြင်သက်သေများကမူ တိုက်ခိုက်သူမှာ တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက်ပိုင်း အခင်းဖြစ်ရာနေရာမှ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

    IS ၏ ပြင်သစ်ဘာသာစကားဖြင့်ထုတ်ဝေသော Dar-al-Islam မဂ္ဂဇင်း နိုဝင်ဘာလထုတ်တွင် ပြင်သစ်ပညာရေးစနစ်မှ ဆရာများကို သတ်ပစ်ရန် ၎င်းတို့၏ နောက်လိုက်များအား တိုက်တွန်းထားပြီး ထိုဆရာများမှာ လောကီပညာများကိုသာ သင်ပေးခြင်းကြောင့် “ဘုရားသခင်၏ ရန်သူများ” ဖြစ်ကာ ၎င်းတို့မှာ “မွတ်စလင်မိသာစုများအား စစ်ပွဲ ဆင်နွှဲနေသည်” ဟုလည်း သွေးထိုး လှုံ့ဆော်ထားသည်။ ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက် ပြင်သစ်ရှိ စာသင်ကျောင်းများတွင် လုံခြုံရေးများ တိုးမြှင့်ခဲ့သည်။

    အီရတ်အား အမေရိကန်ဦးဆောင်သည့် ကျူးကျော်စစ်၏ ရလဒ်အဖြစ် ထွက်ပေါ်လာခဲ့သော IS အကြမ်းဖက်အဖွဲ့က အစ္စလာမ်၏ အမည်နာမကို အလွဲသုံးစားလုပ်ကာ အကြမ်းဖက်မှုများ ပြုလုပ်ခြင်းကို ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များက ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချခဲ့ပြီး ၎င်းတို့အဖွဲ့အား “အစ္စလာမ့်ရန်သူ” အဖြစ် သတ်မှတ်ခဲ့သည်။ ထို့ပြင် မွတ်စလင်လူငယ်များ IS ၏ သွေးဆောင်ဖျားယောင်းမှုအတွင်းသို့ မကျရောက်စေရေးအတွက်လည်း အစွမ်းကုန် ဆောင်ရွက်နေကြသည်။

    Ref: Aljazeera

  • ယီမင်ပြည်တွင်းစစ် အပစ်ရပ်ရေး သဘောတူညီချက်ရရှိ

    ယီမင်ပြည်တွင်းစစ် အပစ်ရပ်ရေး သဘောတူညီချက်ရရှိ

    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    yemen
    – ယီမင်ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် အင်္ဂါနေ့တွင် ဆွစ်ဇာလန်၌ ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအလို တစ်ရက်ဖြစ်သော ယနေ့တွင် ပဋိပက္ခတွင် ပါဝင်ကြသည့် နှစ်ဖက်စလုံးက တစ်ပတ်တာကြာမြင့်မည့် အပစ်ရပ်ရေးကို သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    ဆွေးနွေးပွဲတွင် သမ္မတ ရဘ်ဘူ မန်ဆူရ် ဟာဒီ၏ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည့် ယီမင်နိုင်ငံခြားရေးဝန်ကြီး အဘ်ဒဲလ် မာလစ် အလ်-မခ်လာဖီက တိုက်ခိုက်မှုများမှာ ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းတွင် ရပ်တန့်မည်ဟု ပြောကြားခဲ့သည်။

    အီရန်ကျောထောက်နောက်ခံပြုထားသည့် ဟူသီသူပုန်များဘက်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကလည်း တိုက်ခိုက်မှုများ ရပ်တန့်ရေး သဘောတူညီချက်ရရှိမှုကို အတည်ပြုခဲ့သည်။

    ယီမင်တွင် အစိုးရကို ထောက်ခံသူများနှင့် ဟူသီသူပုန်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်မှာ ၉ လကျော် ကြာမြင့်နေပြီဖြစ်ပြီး ဆော်ဒီဦးဆောင်သည့် မဟာမိတ်များကလည်း လေကြောင်းမှတိုက်ခိုက်ပေးခြင်း၊ မြေပြင်တပ်များ ချထားပေးခြင်းတို့ဖြင့် အစိုးရတပ်ဖွဲ့များအား ကူညီနေသည်။

    တိုက်ခိုက်မှုများကြောင့် လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိုအထဲတွင် ကလေးငယ် ၆၃၇ ဦး ပါဝင်ခဲ့သည်ဟု ကုလ၏ ထုတ်ပြန်ချက်များအရ သိရသည်။

    Ref: Aljazeera

  • အင်္ဂလန်နည်းပြ ၂၀၁၈ ကမ္ဘာ့ဖလားအထိ တာဝန်ယူရန် ဆန္ဒရှိနေ

    အင်္ဂလန်နည်းပြ ၂၀၁၈ ကမ္ဘာ့ဖလားအထိ တာဝန်ယူရန် ဆန္ဒရှိနေ

    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    england

    – လက်ရှိစာချုပ်မှာ ယူရိုပြိုင်ပွဲအပြီးတွင် ကုန်ဆုံးမည်ဖြစ်သော်လည်း အင်္ဂလန်နည်းပြ ရွိုင်ဟဒ်ဆန်က ၂၀၁၈ ကမ္ဘာဖလားပြိုင်ပွဲအထိ ဆက်လက်ကိုင်တွယ်ရန် ရည်ရွယ်နေသည်။

    ၂၀၁၂ ခုနှစ်က ဖာဘီယိုကာပယ်လို၏နေရာတွင် အစားထိုးခြင်း ခံခဲ့ရသည့် အသက် ၆၈ နှစ်အရွယ် ဟဒ်ဆန်၏ အင်္ဂလန်နည်းပြအဖြစ် ဆက်လက်ရှိနေရေးမှာ လာမည့်နှစ် ဇွန်လ၊ ဇူလိုင်တွင် ပြုလုပ်မည့် ယူရိုပြိုင်ပွဲတွင် အင်္ဂလန်အသင်း ပြသသည့် စွမ်းဆောင်ရည်အပေါ် မူတည်နေသည်။

    “၂၀၁၆ ဇန်န၀ါရီ ၁ ရက်နေ့ဆိုရင် ကျွန်တော့်ရဲ့နည်းပြသက်တမ်း နှစ် ၄၀ ပြည့်ပါပြီ။ နောက်ထပ်တစ်နှစ် ၄၁ နှစ်ဆိုရင်တော့ ကျွန်တော် တော်တော်ဂုဏ်ယူမိမှာပါ။ အခုအချိန်မှာ ပြိုင်ပွဲထက် အခြားအရာတွေကို ကျွန်တော် ဝေဖန်သုံးသပ်မှု မလုပ်ပါဘူး။ ဒါပေမယ့် ဒါက ကျွန်တော့်ရဲ့အတွေးပေါ်မှာ မူတည်ပါတယ်။ နောက်နှစ်နွေရာသီမှာ ဒီအလုပ်လုပ်နေမလားလို့ ကျွန်တော့်ကိုမေးရင် ကျွန်တော်က “သေချာတာပေါ့ဗျာ” လို့ ပြန်ဖြေမှာပါ” ဟု ဟဒ်ဆန်က ပြောကြားခဲ့သည်။

    အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၏ ဥက္ကဌဖြစ်သူ ဂရက်ဂ်ျ ဒိုက်ကီကမူ အင်္ဂလန်အသင်း ယူရိုတွင် အောင်မြင်ခဲ့ပါက ဟဒ်ဆန်မှာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ရှိနေမည်ဟု အရိပ်အမြွက် ပြောကြားခဲ့ဖူးသည်။

    Ref: Goal