News @ M-Media

Blog

  • “သူရိယနေ၀န်း ” ၊”ဆောင်းပါးရှင် ပြည်ရွှေဘို” နှင့် ဘာသာတရားတို့၏သိက္ခာ

    “သူရိယနေ၀န်း ” ၊”ဆောင်းပါးရှင် ပြည်ရွှေဘို” နှင့် ဘာသာတရားတို့၏သိက္ခာ

    ဒီဇင်ဘာ ၁၄၊ ၂၀၁၅

    12347582_1531303903855543_1497057956486448504_n
    ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက် စနေနေ့ထုတ် သူရိယနေ၀န်းဂျာနယ် အတွဲ(၁) အမှတ်(၇၇) ပါ ပြည်ရွှေဘို ရေးသားသော “ဘာသာကို မကာကွယ်ဘဲ ဘာသာကိုးကွယ်လို့ မရပါ(၆)” အခန်းဆက်ဆောင်းပါးတွင် အစ္စလာမ်သာသနာနှင့် အစ္စလာမ် တမန်တော်ကိုသာမက အခြား ဘာသာတရားများ အပေါ် အထင်အမြင် လွဲမှားစေသော၊ တမင်စော်ကားထားသော ရေးသားချက်များ ပါဝင်နေပါသည်။

    ထိုဆောင်းပါးသည် ယေဘူယျအားဖြင့် ISIS အကြမ်းဖက်များ အကြောင်းကို ဇောင်းပေးရေးသားသည့်အသွင်ဆောင်ထားသော်လည်း အရေးအသားပညာကို မလှိမ့်တပတ် အသုံးချ၍ ဘာသာတရားဆိုင်ရာ အပုပ်ချထားခြင်းများကို တွေ့မြင်ရပါသည်။

    ကျနော် လေ့လာမိသမျှ စာဖတ်သူတို့ကို ရှင်းလင်းထောက်ပြချက်နှင့်တစ်ကွ ဝေငှပါမည်။

    “ရှင်းလင်းထောက်ပြချက်” ဖြစ်ပါသည် – ဖြေရှင်းချက် မဟုတ်ပါ။

    ယင်းဆောင်းပါးရှိ “ISIS ၏ စိတ်ဓာတ်နှင့်အတွေးအခေါ်” ခေါင်းစဉ်အောက် ဒုတိယအပိုဒ်တွင် “ISIS ၏ စိတ်ဓာတ်နှင့် အတွေးအခေါ်ကို သိမှ အစ္စလာမ်ဘာသာရဲ့လွှမ်းမိုးမှုအန္တရာယ်ကို သိနိုင်ပါမည်” ဟုလည်းကောင်း၊ တတိယပိုဒ်တွင် “ဒီအကြမ်းဖက်အဖွဲ့တွေရဲ့ ဦးတည်ချက်က အစ္စလာမ်ဘာသာဝင်တိုင်း မိုဟာမက် အသက်ရှိစဉ်အတိုင်း နေထိုင်ကြဖို့ဖြစ်သလို အစ္စလာမ်မဟုတ်သူတွေကို သတ်ဖြတ်ပြီး အစ္စလာမ်ဘာသာ ကမ္ဘာကြီးကို စိုးမိုးရေး ဖြစ်ပါတယ်” ဟုလည်းကောင်း ရေးသားထားသည်။

    အစ္စလာမ်ဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ၊ ဂျူးဖြစ်စေ၊ ဟိန္ဒူဖြစ်စေ၊ ဗုဒ္ဓဘာသာဖြစ်စေ ထိုဘာသာတရားများ၏ လွှမ်းမိုးကျယ်ပြန့်လာမှုကို သိလိုလျှင် သက်ဆိုင်ရာဘာသာတရားများ၏ တန်ဖိုးများ၊ ကမ္ဘာ့သမိုင်းများကို လေ့လာခြင်းဖြင့် သိရှိနိုင်သည်။ အစ္စလာမ် သာသနာပြန့်ပွားလာသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၅၀ ကျော် ကာလ ကတည်းကပင်ဖြစ်သည်။ အစ္စလာမ်ဘာသာ အကြောင်းသိလိုလျှင် အစ္စလာမ် အကြောင်းကိုသာ လေ့လာရပါမည်။ ISIS အကြောင်းကိုလေ့လာလျှင် ISIS အကြောင်းကိုသာ သိပါမည်။ ISIS အဖွဲ့သည် မနေ့တစ်နေ့ကမှ ရုတ်တရက်ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယနေ့ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ့်လောကရှိ ပညာရှင်အပေါင်း၊ အသိုင်းအ၀ိုင်းတို့ကလည်း အဆိုပါ အကြမ်းဖက်အဖွဲ့များမှာ အစ္စလာမ်ခေါင်းစဉ်ဖြင့် အစ္စလာမ်ဘာသာ၏ အဆုံးအမဟူသမျှနှင့် အလျဉ်းမကိုက်ညီဘဲ လုပ်ချင်ရာလုပ်နေသည့် အုပ်စုများဖြစ်ကြောင်း၊ အစ္စလာမ်သာသနာ၊ မုစ်လင်မ်တို့နှင့် အလျဉ်းမသက်ဆိုင်ကြောင်း တရားဝင်ထုတ်ပြန်ကြေငြာရှုတ်ချခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင်လည်း ၎င်းတို့အား ကန့်ကွက် ရှုတ်ချနေကြကြောင်း အတိုင်းသား တွေ့မြင်နိုင်မည်ဖြစ်သည်။ ISIS နှင့်အလားတူအုပ်စုများသည် အစ္စလာမ်ဘာသာကို ကိုယ်စားမပြုပါ။ (စာရေးသူ၏စကားအတိုင်း) စာရေးသူ၏ စကားအတိုင်း အသုံးပြုပြီး “၉၆၉ အဖွဲ့၏ စိတ်ဓာတ်နှင့် အတွေးအခေါ်ကိုသိမှ ဗုဒ္ဓဘာသာရဲ့လွှမ်းမိုးမှု အန္တရာယ်ကို သိနိုင်ပါမည်” ဟုဆိုလျှင် စာရေးသူကိုယ်တိုင် လက်ခံနိုင်ပါ၏လော ? ထို့ကြောင့် ၎င်းဖော်ပြချက်သည် စုံလုံးကန်းနေသူ တစ်ဦး၏ ရေးသားချက်အဖြစ် ဝေဖန်သုံးသပ်ရပါသည်။

    တဖန် “ဒီအကြမ်းဖက်အဖွဲ့တွေရဲ့ ဦးတည်ချက်က အစ္စလာမ်ဘာသာဝင်တိုင်း မိုဟာမက် အသက်ရှိစဉ်အတိုင်း နေထိုင်ကြဖို့ဖြစ်သလို အစ္စလာမ်မဟုတ်သူတွေကို သတ်ဖြတ်ပြီး အစ္စလာမ်ဘာသာ ကမ္ဘာကြီးကို စိုးမိုးရေး ဖြစ်ပါတယ်” ဆိုသော ရေးသားချက်သည် အစ္စလာမ် သာသနာအား လူသတ်သာသနာနှင့် အစ္စလာမ့်တမန်တော်အား လူသတ်ဖို့ ခိုင်းစေသူအဖြစ် အပြင်းထန်ဆုံး ပရမ်းပတာ စွပ်စွဲလိုက်ခြင်းဖြစ်သည်။ အစ္စလာမ့်တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းစေသား)သည်လည်းကောင်း၊ သူ၏အလျင် ပွင့်ပေါ်လေခဲ့သမျှ တမန်တော်တို့သည်လည်းကောင်း ဖန်ဆင်းရှင်၏ဗျာဒိတ်တော်အတိုင်း အတိအကျ လိုက်နာအကောင်အထည်ဖော်ပြီး သာသနာဖြန့်ဖြူးခဲ့သည့် ပုဂ္ဂိုလ်မွန်များဖြစ်သည်။ ဖန်ဆင်းရှင်၏ ဗျာဒိတ်တော်တစ်ရပ်အား ရှုပါလေ။

    “မည်သူမဆို (အပြစ်မဲ့သူ)တစ်ဦးတစ်ယောက်၏အသက်ကို မတရားသတ်ဖြတ်ခဲ့လျှင် လူခပ်သိမ်းကို သတ်ဖြတ်သကဲ့သို့ ဖြစ်ပြီး၊ တစ်ဦးတစ်ယောက်၏အသက်ကို ကယ်တင်ခဲ့လျှင် လူအပေါင်းတို့ကို ကယ်တင်သကဲ့သို့ဖြစ်၏” ကုရ်အာန်(၅း၃၂)

    တမန်တော့်ရွှေနှုတ်တော်ထွက် သြ၀ါဒတစ်ရပ်ကိုလည်း ထပ်မံ ရှုစားပါလေ။

    “ကမ္ဘာ့တစ်ဖက်ခြမ်းမှ မတရားသတ်ဖြတ်မှုတစ်ခုအား ကျန်ကမ္ဘာ့တစ်ဖက်ခြမ်းမှ တစ်ဦးတစ်ယောက်က ထောက်ခံအားပေးလျှင် ထိုထောက်ခံအားပေးသူသည်လည်း သတ်ဖြတ်သူကဲ့သို့ အပြစ်ရှိ၏”။ စာဖတ်တတ်ပြီး အသိဥာဏ်ရှိသူတိုင်း ဤစကားနှစ်ရပ်ဖြင့် အစ္စလာမ်သာသနာအကြောင်းကို ရိပ်စားသိမြင်နိုင်ပြီဖြစ်၏။

    “ဘာသာရေးအပိုင်း” ခေါင်းစဉ်အောက်စာပိုဒ်၌ “အပေါ်ယံအားဖြင့် မိုဟာမက် သေသွားပြီးတဲ့အခါ” ဟု ရေးသားထားသည်။ The Voice သတင်းစာပါရေးသားချက်ထက်ပင် ပို၍ ရိုင်းစိုင်းနေပါသည်။

    ထိုစာပိုဒ်ထဲမှာပင် စွန္နီ – ရှီအာ ကွဲပြားမှုကို မိမိဖာသာစိတ်ကူးယဉ်ဇာတ်လမ်းထွင် ရေးသားထားပြန်ပါသည်။

    ဒုတိယစာပိုဒ်တွင်တော့ စွန္နီနှင့်ရှီအာကို ပြောင်ပြောင်တင်းတင်း ရန်တိုက်ထားခြင်းအား တွေ့ရပြန်ပါသည်။ ဤသည်ကို မဆီမဆိုင် ဗုဒ္ဓဘာသာ၏ ထေရ၀ါဒနှင့် မဟာယန ဂိုဏ်းကွဲမှုဖြင့် နှိုင်းယှဉ်ရေးသားထားသည်။

    (မုစ်လင်မ်လူ့အဖွဲ့အစည်းအားလုံး၏ခေါင်းဆောင်ဖြစ်လာအံ့သော) တမန်တော် မုဟမ္မဒ်၏မြေးတော် ဟုစိုင်းန်အား အာဏာရူးဖြစ်သူ ယဇီးဒ်နှင့်နောက်လိုက်များက ကရ်ဘလာဟူသောအရပ်သို့ ဖြားယောင်းခေါ်ယူကာ သတ်ဖြတ်ခဲ့ကြသည်။ ထိုအချိန်အထိ မွတ်စ်လင်မ် လူ့အသိုင်းအ၀ိုင်းတွင် စွန္နီ၊ ရှီအာ အုပ်စုများအဖြစ် သီးသန့်ရပ်တည်မှု မရှိသေးပါ။ သို့ဆိုလျှင် စွန္နီတို့က ဟုစိုင်းန်သခင်ကိုသတ်၍ ရှီအာတို့က မကျေနပ်ဖြစ်ပြီး ကမ္ဘာ့ရန်ဖြစ်ရသည့်သဘောမျိုးရေးသားချက်မှာကား (မည်သည့်ဘာသာဝင်ဖြစ်စေ) အစ္စလာမ်သမိုင်းကို လေ့လာထား သူတိုင်း အဖို့ အပြင်းစားဟာသတစ်ခု ဖြစ်သွားပါသည်။ စာရေးသူမှာ ထင်ရာရမ်းတုပ်သူဖြစ်ကြောင်း အတိအလင်း ပေါ်လွင်နေပါသည်။

    တတိယပိုဒ်မှာ ဗုဒ္ဓအယူဝါဒကို တင်ပြပြီး စတုတ္ထပိုဒ်တွင်တော့ ဖန်ဆင်းရှင်အယူဝါဒကို လက်ခံထားသည့် ဂျူး၊ ခရစ်ယာန်နှင့် အစ္စလာမ် – ဘာသာတရားသုံးရပ်စလုံးကို ဗုဒ္ဓဘာသာအယူဝါဒဖြင့် ဆက်နွှယ်၍ မသိမသာ ရှုတ်ချရေးသားထားသည်။ ပဉ္စမပိုဒ်တွင် “ဘုရားသခင်ကို (ယုံကြည်မှု) ဆိုတဲ့ (ကိုးကွယ်မှု)ရဲ့နောက်ကွယ်မှာ (အကြောက်)တရားနဲ့ ဘာသာကို (ထိန်းကျောင်း)ထားသည်ပါ” ဟူသော ရေးသားချက်ဖြင့် ဘာသာတရားသုံးခုစလုံး၏ အနှစ်သာရနှင့်ဆန့်ကျင်ကာ စွပ်စွဲစော်ကားထားပါသည်။

    ထိုဘာသာတရားသုံးရပ်စလုံးက အမှန်ပင် ဖန်ဆင်းရှင်အယူဝါဒကို အခြေတည်ထားပါသည်။ ဗုဒ္ဓဘာသာသာသည် ဖန်ဆင်းရှင် အယူဝါဒကို အခြေတည်မထားသည့်အပြင် ဘုရားဟောတရားဓမ္မများတွင်လည်း ဖန်ဆင်းရှင်နှင့်ပတ်သက်၍ ဖော်ပြထားချက် အလျဉ်းမရှိပါ။ ထို့ကြောင့် မတူညီသော အခြေခံအယူဝါဒများကို အတင်းအဓမ္မ နှိုင်းယှဉ်သုံးသပ်ပြနေခြင်းသည် ဦးနှောက်အခန်းပျက်နေသူတစ်ဦး၏အတွေးအခေါ်သာ ဖြစ်သည်။

    ဆဋ္ဌမအပိုဒ်မှာ အစ္စလာမ်ကို အစွန်းအရောက်ဆုံးဟု စကားခံပြီး ခရစ်ယာန်ဘာသာသည်လည်း အစွန်းရောက် ဘာသာဖြစ်ကြောင်း ဖော်ပြလိုက်ပြန်သည်။

    ကမ္ဘာပေါ်တွင် အစွန်းရောက်သည့်ဘာသာတရားတစ်ခုမျှ မရှိပါ။ လူသားများသာ အစွန်းရောက်ပြီး ရန်ပွဲ၊ သတ်ပွဲ၊ စစ်ပွဲများ ဖြစ်နေကြခြင်းပင်။ လူတို့၏လုပ်ရပ်များဖြင့် ဘာသာတရားကို အခါခပ်သိမ်း ချိန်ထိုးဝေဖန်သတ်မှတ်၍ မရပါ။ အကယ်၍ရပါသည်ဟုဆိုပါက မြန်မာနိုင်ငံ၏လေးနှစ်တာကာလအတွင်း (လက်ရှိအချိန်ထိ) ဗုဒ္ဓဘာသာဝင်များ(အချို့)မှ အခြားဘာသာတရားနှင့်ဘာသာဝင်များအပေါ် မရပ်မနား စော်ကားဖိနှိပ်ချိုးနှိမ် တိုက်ခိုက်သတ်ဖြတ်ခြင်းများကိုကြည့်ပြီး “ဗုဒ္ဓဘာသာသည် ဤသို့သောဘာသာတရားမျိုးဖြစ်သည်” ဟု ဝေဖန်လျှင် စာရေးသူမှ မည်သို့အဖြေပေးမည်နည်း။ “လူတို့၏ လုပ်ရပ်များဖြင့် ဘာသာတရားကို အခါခပ်သိမ်း ချိန်ထိုးဝေဖန်သတ်မှတ်၍ မရပါ” ဟူ၍ ကျွန်ုပ်၏ ရေးသားချက် အတိုင်း(ထိုသဘောတရားအတိုင်း)သာ စာရေးသူဖက်မှ မုချဧကန် ဖြေကြားပေလိမ့်မည်။

    အဆိုပါစာမျက်နှာ ပဉ္စမကော်လံနောက်ဆုံးပိုင်းနှင့် ဆဌမကော်လံအထက်ပိုင်းတွင် အာဖဂန်၌ ဗုဒ္ဓဘာသာကွယ်ပျောက်ရခြင်းကို “အစ္စလာမ်ဘာသာရေးပုဂ္ဂိုလ်တွေက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကိုလိုက်သတ်ပြီး အစ္စလာမ်ဘာသာလွှမ်းမိုးသွားခဲ့ရတယ်။ ထွက်ပြေးကြရတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ မြေမြှုပ်ဝှက်ခဲ့ကြတဲ့ ဗုဒ္ဓရဲ့လဲလျောင်းတော်ရုပ်ပွားတော်တွေကို ဂျာမန်ရှေးဟောင်းသုတေသနပညာရှင်တွေက လိုက်ရှာလျက်ရှိကြရာ ယနေ့အထိတော့ မတွေ့ကြသေးပါဘူး” ဟူ၍ လုပ်ကြံ ဇာတ်လမ်းနှင့် ရေးသားပြန်ပါသည်။

    အာဖဂန်နစ္စတန်သမိုင်းကို မဖတ်ရှုဖူးသူများသာ ဟုတ်နိုးနိုးဖြင့် ယုံကြည်ကြပါမည်။ အာဖဂန်နစ္စတန်သည် တစ်ချိန်က ဗုဒ္ဓဘာသာကြီးစိုးသောနိုင်ငံ တစ်ခုဖြစ်ခဲ့ကြောင်း အမှန်ဖြစ်သည်။ သို့သော် အစ္စလာမ်နိုင်ငံဖြစ်လာရသောသမိုင်းတွင် မည်သည့်သွေးချောင်းစီးမှုမျှ မရှိခဲ့။ ၎င်းတို့ပြည်သူပြည်သားတို့မှ ဆန္ဒအလျောက် ကူးပြောင်းကုန်ကြခြင်းဖြစ်သည်။

    “အစ္စလာမ်ဘာသာရေးပုဂ္ဂိုလ်တွေက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို လိုက်သတ်ပြီး” ဟူသောရေးသားချက်မှာ ဗြောင်လိမ်စကားဖြင့် အမုန်းတရား သပ်လျှိုလိုက်ခြင်းပင်ဖြစ်နေပေသည်။ တစ်ခါ “ထွက်ပြေးကြရတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ မြေမြှုပ်ဝှက်ခဲ့ကြတဲ့ ဗုဒ္ဓရဲ့လဲလျောင်းတော် ရုပ်ပွားတော်တွေကို ဂျာမန်ရှေးဟောင်းသုတေသနပညာရှင်တွေက လိုက်ရှာလျက်ရှိကြရာ ယနေ့အထိတော့ မတွေ့ကြသေးပါဘူး” ဟူသောရေးသားချက်မှာပင် အဖြေပေါ်နေပြီဖြစ်ပါသည်။ ထိုသို့သောဖြစ်စဉ်မျိုး မရှိခဲ့၍ ရှာမတွေ့ရခြင်းဖြစ်ကြောင်း စိတ်မနှံ့သူတစ်ဦးပင် အလွယ်တကူ နားလည်နိုင်ပေမည်။

    နောက်တစ်ပိုဒ်မှာ “ကိုယ့်ဘာသာဝင်အချင်းချင်းတောင် လေးစားမှုမရှိကြတဲ့ အစ္စလာမ် အစွန်းရောက်တွေဟာ တခြားဘာသာဆိုရင် လေးစားဖို့ဝေလာဝေး လွှမ်းမိုးဖို့ ဦးတည်နေကြတာ ရှင်းရှင်းလင်းလင်းတွေ့မြင်နေကြရပါပြီ” ဟူသော ရေးသားချက်ဖြင့် ဘာသာတရားများအချင်းချင်း တမင်ရန်တိုက်နေခြင်းကို ရှင်းရှင်းလင်းလင်း ပေါ်လွင်နေလျက်ရှိသည်။

    သို့ဆိုလျှင် ပထမမြန်မာနိုင်ငံတော်တည်ထောင်သည့်ခေတ်ကာလမှစ၍ ယနေ့ချိန်အထိ (ကမ္ဘာပေါ်တွင် နှစ် အရှည်ကြာဆုံးပြည်တွင်း စစ်ပွဲများ အပါအ၀င်) ဖြစ်ခဲ့သမျှ ပြည်တွင်းပြည်ပစစ်ပွဲများ၌ ဗုဒ္ဓဘာသာဝင်အချင်းချင်း သတ်ဖြတ်လိုက်ကြသည်မှာ မည်မျှအထိပင် ရှိနေပါသနည်း ? စာရေးသူ၏စကားအတိုင်း အတိအကျမှီးယူ၍ “ကိုယ့်ဘာသာဝင် အချင်းချင်းတောင် လေးစားမှုမရှိကြတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ တခြားဘာသာဆိုရင် လေးစားဖို့ဝေလာဝေး လွှမ်းမိုးဖို့ ဦးတည်နေကြတာ ရှင်းရှင်း လင်းလင်းတွေ့မြင်နေကြ ရပါပြီ” ဟု ဆိုပါလျှင် မည်သို့ရှိခြိမ့်နည်း။ ဤဆယ်စုနှစ်အတွင်း ဗုဒ္ဓဘာသာဝင်များ(အချို့)၏ လက်ချက်ဖြင့် အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ဘ၀ ထိခိုက်နစ်နာခဲ့ကြရကုန်သော ခရစ်ယာန်များ၊ မုစ်လင်မ်များသည်ပင် ထိုသို့ တရားဝင်ရေးသားပြောဆိုမှုဟူ၍ မကြားဖူးသေးပါ။ သို့ဖြစ်ရာ စာရေးသူသည် ဗုဒ္ဓဘာသာခေါင်းစဉ်အောက်မှ ဗုဒ္ဓဘာသာ၏ တန်ဖိုးကို ပြန်လည်ဖျက်ဆီးသည့် အသွင် ဆောင်နေပါတော့သည်။

    ၎င်း၏အောက် “ISIS ဆိုတာဘာလဲ” ခေါင်းစဉ်အောက် အစပိုဒ်၌ “အစ္စလာမ်မစ်သောင်းကြမ်းသူတွေကို လေ့လာရင် အစ္စလာမ်ဘာသာကို မလေ့လာလို့မရပါ” ဟု ရေးသားထားပြန်သည်။ ဆောင်းပါးတစ်ခုလုံးတွင် ထိုစာသားအား အကြိမ်ကြိမ်ရေးသားနေခြင်းကိုကြည့်လျှင် ရည်ရွယ်ချက် ရှိရှိ မီးမွှေးနေကြောင်း သိသာပါသည်။ (မှတ်ချက် – စာလုံးပေါင်း အမှန်မှာ သောင်းကျန်းသူ ဖြစ်ပါသည်။ စာလုံးပေါင်းပင် မှန်အောင် မရေးနိုင်သေးသည် ကိုကြည့်၍ ရေးသားသည့်အကြောင်းအရာ အဘယ်သို့ မှန်ကန်နိုင်တော့မည်နည်းဟု တွေးတောမိပါသည်)။

    အထက်ပါအချက်အလက်များကို ထောက်ရှုပါလျှင် ထိုဆောင်းပါးကို ရေးသားနေသူ ပြည်ရွှေဘိုသည် လည်းကောင်း၊ သူရိယနေ၀န်း ဂျာနယ်သည်လည်းကောင်း အများပြည်သူတို့အတွင်း အမုန်းတရားများကို မှိုင်းတိုက်ရိုက်သွင်းလျက်ရှိကြောင်း၊ တစ်စုံတစ်ရာသော မတည်ငြိမ်မှု (၀ါ) ပဋိပက္ခကြီးတစ်ခု ဖြစ်ပေါ်လာစေရန် ရည်ရွယ် ဦးတည်နေပုံရကြောင်း ငြင်းမရအောင် ထင်ရှားနေပါသည်။

    မြန်မာနိုင်ငံသူနိုင်ငံသား အားလုံးနီးပါးတို့သည် စစ်မှန်သော ဒီမိုကရေစီစနစ်အခြေတည် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်မှုကို အငမ်းမရ ဆာလောင် မွတ်သိပ်မှုတို့ဖြင့် အသည်းကြားက မဲတစ်ပြားစီ ရင်းနှီးပေးဆပ်ခဲ့ကြသည်။ အစိုးရသစ်ပြောင်းလဲရန်လည်း လအနည်းငယ်သာ လိုတော့သည်။ ယခုလိုစပ်ကူးမတ်ကူး အပြောင်းအလဲကာလသည် ဘာသာရေး မဆိုထားနှင့်၊ နိုင်ငံရေးအရပင် ထိလွယ်ရှ လွယ်လွန်းသော အနေအထားဖြစ်သည်။ တစ်စုံတစ်ရာသော ကြီးကြီးမားမား ပဋိပက္ခဖြစ်သည်နှင့် နိုင်ငံ့ အနာဂတ်ကောင်း၏ လမ်းကြောင်း ချော်ထွက်ပျက်ပြားသွားနိုင်သည်။ အမှိုက်ကစ ပြသာဒ် မီးလောင်နိုင်သည်။ သို့ဖြစ်ရာ ၎င်းဆောင်းပါးရှင်နှင့် သူရိယနေ၀န်းဂျာနယ်(အပါအ၀င် အလားတူ ပုံနှိပ်မီဒီယာများ)သည် မြန်မာနိုင်ငံအား တိုးတက်စေချင်လိုသူလော သို့တည်းမဟုတ် ချိုးဖျက်ချင်သူလောဟု မေးခွန်းထုတ်လိုက်ရပေသည်။

    ဂျူလိုင်ရဲရင့်

    **စာရေးသူ၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • လူမျိုး၊ ဘာသာမခွဲခြားဘဲ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် မြိတ်မွတ်စလင် လူငယ်အဖွဲ့ ၆ နှစ်ပြည့်  အခမ်းအနား ကျင်းပ

    လူမျိုး၊ ဘာသာမခွဲခြားဘဲ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် မြိတ်မွတ်စလင် လူငယ်အဖွဲ့ ၆ နှစ်ပြည့် အခမ်းအနား ကျင်းပ

    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    သတင်း- ဟိန်းထက်

    FB_IMG_1450002798015.
    – တနင်္သာရီတိုင်း မြိတ်မြို့ ကန်ခေါင်းရပ်ရှိ ထုံးဖိုဗလီဝတ်ကျောင်းတော် အခြေပြု  “ထုံးဖိုဗလီလူငယ်များအဖွဲ့ နာရေးကူညီမှုလုပ်ငန်း” ၏ ၆ နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက်နေ့ တနင်္ဂနွေနေ့က အဆိုပါ ဗလီဝတ်ကျောင်းတော်တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
    .
    အမျိုးသမီး ၀တ်ပြုဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါအခမ်အနားသို့ ဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင် အီမာမ်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ လူငယ်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
    .
    အဖွဲ့တည်ထောင်မှုမှာ ပြီးခဲ့သည့် အောက်တိုဘာလတွင် ၆ နှစ်ပြည့်ခဲ့သော်လည်း နှစ်ပတ်လည်အခမ်းအနားကို အကြောင်းအမျိုးအမျိုးကြောင့် ယခုမှ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
    .12376024_793344310811410_5021175675897575531_n
    ကုရ်အာန်ကျမ်းတော်မြတ်၏ ပထမဆုံး ကဏ္ဍကို ရွတ်ဖတ်သရာဇ္ဈယ်၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဂေါပကအဖွဲ့ ဥက္ကဌ ဦးစိန်ဝင်းမှ အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် အတွင်းရေးမှူး ဦးဇော်မိုးက အဖွဲ့ဖြစ်ပေါ်လာပုံ၊ လက်ရှိလုပ်ဆောင်နေသည့် သာရေး/နာရေးနှင့် ပရဟိတလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းများ၊ အဖွဲ့ဝင်များအတွင်း တာဝန်ခွဲဝေမှုများ၊ အုပ်ချုပ်ရေးပိုင်းဆောင်ရွက် မှုများကို ပရို ဂျက်တာဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
    .
    ထို့နောက် လူငယ်အဖွဲ့ဥက္ကဌ ဦးထွန်းမြင့်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ထုံးဖိုဗလီ ရှေ့ဆောင်အီမာမ် ဆရာကြီး အလ်ဟာ့ဂ်ျ မောင်လာနာ ဟာဖစ်ဇ်တွာရ်ဟာမှ ဒိုအာဆုမွန်တောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ အခမ်းအနားသို့ တက်ရောက်လာကြသူများကို အကျွေးအမွေးဖြင့် ဧည့်ခံခဲ့သည်။
    .
    “ထုံးဖိုဗလီလူငယ်များအဖွဲ့ နာရေးကူညီမှုလုပ်ငန်း” ကို ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင်များ၏ နာရေးကိစ္စများကို ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် တစ်ဖြည်းဖြည်းဖြင့် ဘာသာပေါင်းစုံ နာရေး ကိစ္စများ၊ သာရေးကိစ္စများ၊ ပရဟိတ လုပ်ငန်းများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးလုပ်ငန်းများကိုပါ ချဲ့ထွင်လုပ်ကိုင်လာနိုင်ခဲ့သည်ဟု အဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဦးဇော်မိုးက ပြောကြားခဲ့သည်။

    မွတ်စလင်များအပြင် ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များကလည်း မိမိတို့အဖွဲ့ကို ယုံကြည်စိတ်ချစွာ လာရောက် အကူအညီတောင်းခံမှုများကြောင့် သွားရောက် ကူညီပေးရမှုလည်း ရှိနေပြီး ယခုနှစ်အတွင်း မြန်မာနိုင်ငံ တစ်ဝှမ်းတွင် ဖြစ်ပွားခဲ့သော ရေးဘေးကြောင့် ထိခိုက်ခံစားခဲ့ရသူ ပြည်သူများအတွက်လည်း မိမိတို့အဖွဲ့က ထောက်ပံ့ ကူညီမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    .
    လက်ရှိအချိန်တွင် “ထုံးဖိုဗလီလူငယ်များအဖွဲ့ နာရေးကူညီမှုလုပ်ငန်း” ၏ အဖွဲ့ဝင် အိမ်ထောင်စုပေါင်းမှာ ၁၀၀၀ ကျော်ရှိပြီး၊ ပရဟိတလုပ်ငန်းများကို လိုက်လံ လုပ်ဆောင်ပေးနေသော အဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၅ ဦးခန့် ရှိနေသည်။ အဖွဲ့၏ ရန်ပုံငွေများအတွက် အဖွဲ့ဝင်တစ်အိမ်ထောင်လျှင် တစ်လ ၁၀၀၀ ကျပ်နှုန်း ကောက်ခံကာ ထိုရန်ပုံငွေမှာ အဖွဲ့ဘဏ္ဍာရေးအပိုင်းအတွက် အဓိက အားထားရသည့် ရန်ပုံငွေဖြစ်သည်။ အဖွဲ့ဝင်အိမ်ထောင်စုများ၌ နာရေးကိစ္စဖြစ်လျှင်လည်း မိမိတို့အဖွဲ့မှ ထောက်ပံ့ကြေး ၁ သိန်းခွဲပေးအပ်သည်ဟု ဦးဇော်မိုးက ဆိုသည်။
    .
    “အဓိကတော့ စည်းလုံးညီညွတ်မှုပါပဲ။ အဖွဲ့သားတွေက စည်းလုံးညီညွတ်မှုရှိတယ်။ ပြီးတော့ အဖွဲ့သားတွေရဲ့ တာဝန်ခွဲဝေမှုအပိုင်းတွေမှာလည်း အကန့်လေးတွေနဲ့ ခွဲပေးထားတယ်။ အဲဒီတော့ (အခြားအဖွဲ့တွေလည်း) စည်းစည်းလုံးလုံးနဲ့ လုပ်မယ်ဆိုရင်တော့ အောင်မြင်မှာပါ” ဟု ဦးဇော်မိုးက အကြံပြုပြောကြားခဲ့သည်။

    (ဓာတ်ပုံများကို “ထုံးဖိုဗလီလူငယ်များအဖွဲ့ နာရေးကူညီမှုလုပ်ငန်း” ၏ Facebook စာမျက်နှာမှ ရယူဖော်ပြသည်။)

    အဖွဲ့၏ Facebook Page >> “ထုံးဖိုဗလီလူငယ်များအဖွဲ့ နာရေးကူညီမှုလုပ်ငန်း”

  • တုပ်ကွေးကာကွယ်ဆေးက ကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အကူဖြစ်စေနိုင်

    တုပ်ကွေးကာကွယ်ဆေးက ကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အကူဖြစ်စေနိုင်

    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    health

    – ကျန်းမာရေးဝန်ထမ်းများမှာ တုပ်ကွေးရောဂါကာကွယ်ဆေးကို စောစီးစွာထိုးထားခြင်းက တုပ်ကွေးလက္ခဏာများ ဖြစ်ပွားခြင်း နည်းပါးသွားကာ အလုပ်မှအနားယူရခြင်း မဖြစ်နိုင်တော့ကြောင်း မက္ကဆီကန်လေ့လာမှုတစ်ရပ်က ဖော်ပြထားသည်။

    “‘ဒါက နားလည်ရလွယ်ကူတဲ့ကိစ္စတစ်ရပ်ပါ၊ ရောဂါပိုးတိုက်ဖျက်တဲ့ ပစ္စည်းတွေက န္ဓာကိုယ်တွင်းမှာပေါက်ပွားဖို့ သုံးပတ်လောက်ကြာပါတယ်၊ ဒါကြောင့် ကာကွယ်ဆေးစောစောထိုးထားလေ အခြေအနေပိုကောင်းလေပါပဲ” ဟု သုတေသနတွေ့ရှိချက်များကို ရေးသားခဲ့သည့် ဒေါက်တာ အက်ဒရီယန် ကာမာချို -အော်တစ်ဇ်က ပြောကြားခဲ့သည်။

    “တုပ်ကွေးဖြစ်ပေါ်တဲ့ ရာသီမျိုးမှာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကာကွယ်ဆေး စောစောထိုးထားလေ တုပ်ကွေးရောဂါတွေ အဖြစ်နည်းပြီး အလုပ်လည်း မပျက်နိုင်တော့ပါဘူး”

    သုတေသီများမှာ ကျန်းမာရေးဝန်ထမ်း ၆၂၀၀ နီးပါးကို တုပ်ကွေးရာသီ နှစ်ရာသီကြာ လေ့လာမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    ပထမရာသီတွင် ကာကွယ်ဆေးကို ဒုတိယရာသီထက် နောက်ကျမှ ထိုးပေးခဲ့သည်။ စမ်းသပ်မှုတွင် ပါဝင်သူများ၌ စောစီးစွာကာကွယ်ဆေးထိုးခံရသော ကျန်းမာရေးဝန်ထမ်းများမှာ အလုပ်ပျက်ကွက်မှုအနည်းဆုံး ဖြစ်ခဲ့သည်။ ပထမရာသီတွင် ၅၂ ယောက်ထိ ပျက်ကွက်ခဲ့ပြီး ဒုတိယရာသီတွင် ၁၅ ယောက်သာ ပျက်ကွက်မှုရှိခဲ့သည်။

    Ref: Channelnewsasia

  • ပဲရစ် ရာသီဥတုဆိုင်ရာ သဘောတူညီချက်က ကမ္ဘာကြီးကိုကယ်တင်ရန် အကောင်းဆုံး အခွင့်အရေးဟု ဘားမားပြော

    ပဲရစ် ရာသီဥတုဆိုင်ရာ သဘောတူညီချက်က ကမ္ဘာကြီးကိုကယ်တင်ရန် အကောင်းဆုံး အခွင့်အရေးဟု ဘားမားပြော

    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    obama

    – အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ပဲရစ်တွင် ရရှိခဲ့သည့် ရာသီဥတုဆိုင်ရာ သဘောတူညီမှုကို ကောင်းမွန်ခိုင်မာသည့် သမိုင်းဝင်သဘောတူညီချက်ဟု သမုတ်လိုက်ပြီး ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုမှ ကမ္ဘာမြေအား ကယ်တင်နိုင်ရန် အကာင်းဆုံးအခွင့်အလမ်းတစ်ရပ်ဟု ပြောကြားခဲ့သည်။

    “ဒီနေ့မှာ ယခုလို သမိုင်းဝင်သဘောတူညီချက် တစ်ရပ်ကို အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပြုလုပ်နိုင်ခဲ့တဲ့အတွက် အမေရိကန်ပြည်သူတွေက ဂုဏ်ယူနိုင်မှာပါ။ ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်အတွင်း ရာသီဥတုဖောက်ပြန်မှုကို တွန်းလှန်တဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုကို ကမ္ဘာ့ခေါင်းဆောင်နေရာ တွန်းပို့နိုင်ခဲ့ပါတယ်” ဟု အိုဘားမားက ပြောကြားသည်။

    ကမ္ဘာကြီးမှာ တစ်ပေါင်းတစ်စည်းတည်း ရပ်တည်ပါက မည်သည့်အရာ ဖြစ်လာနိုင်သည်ဆိုသည်ကို ယင်းသဘောတူညီချက်က ပြသနေသည်ဟုလည်း အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီသဘောတူညီချက်ဟာ ကျွန်ုပ်တို့ရဲ့ကမ္ဘာကြီးကို ကယ်တင်နိုင်ဖို့ အကောင်းဆုံးအခွင့်အရေးတစ်ရပ်ကို ကိုယ်စားပြုနေပါတယ်”

    ကမ္ဘာ့ခေါင်းဆောင်များနှင့် သဘောတူညီချက် ရရှိပြီးနောက် အိမ်ဖြူတော်တွင် အိုဘားမားက “ဘယ်သဘောတူညီမှုကမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဒီတစ်ခုအပါအ၀င်ပေါ့” ဟု ပြောကြားခဲ့ပြီး နိုင်ငံပေါင်း ၂၀၀ နီးပါး ပါဝင်ခဲ့သည့် ဆွေးနွေးညှိနှိုင်းမှုများသည် အမြဲတမ်း စိန်ခေါ်မှုများရှိနေသည်ဟု ဆိုသည်။

    အိုဘားမားသည် ၎င်း၏ သမ္မတသက်တမ်းကာလအတွင်း ရာသီဥတုဖောက်ပြန်မှု တိုက်ဖျက်ရေးကို အဓိကဦးစားပေး လုပ်ဆောင်ခဲ့သော်လည်း လွှတ်တော်တွင် ၎င်းတင်သွင်းခဲ့သော အဆိုများမှာ ရီပတ်ဘလေကန်များ၏ ကန့်ကွက်မှုများစွာကို ရင်ဆိုင်နေရဆဲဖြစ်သည်။

    Ref: Reuters

  • စီးပွားရေး၊ စီမံခန့်ခွဲရေးအပြီး နည်းပညာနယ်ပယ်တွင်ပါ နေရာယူလာကြသည့် အီရန်အမျိုးသမီးများ

    စီးပွားရေး၊ စီမံခန့်ခွဲရေးအပြီး နည်းပညာနယ်ပယ်တွင်ပါ နေရာယူလာကြသည့် အီရန်အမျိုးသမီးများ

    ဒီဇင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    – အီရန်ရဲ့ သိပ္ပံနဲ့ နည်းပညာကျောင်းသားတွေထဲက ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ကြပြီး၊ သေးငယ်ပေမယ့် အောင်မြင်ဖို့အလားအလာရှိနေတဲ့ စွန့်ဦးလုပ်ငန်းငယ်လေးတွေမှာလည်း အမျိုးသမီးတွေက အများစုဖြစ်ပါတယ်။ နောက်ပြီး အဲဒီအမျိုးသမီးတွေဟာ ပိုမိုကြီးမားတဲ့အခန်းကဏ္ဍတွေမှာ ပါဝင်လာဖို့လည်း တိုက်တွန်းအားပေးခြင်း ခံနေရပါတယ်။

    အီရန်နိုင်ငံက အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ကြားနေကြ ဒဏ္ဍာရီတွေကတော့ သူတို့တွေဟာ မြင်သာမြင်ရ၊ မကြားရသူတွေဖြစ်တယ်။ သူတို့ဟာ ကားမောင်းလို့မရဘူး။ ဒုတိယတန်းစားနိုင်ငံသားတွေဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတွေ စွန့်ဦးတီထွင်လုပ်ဆောင်ဖို့နဲ့ ပါဝါအာဏာရှိတဲ့နေရာတွေရဖို့ဆိုတာ အိမ်မက်တောင်မက်လို့မရတဲ့ အနေအထားမှာ နေကြရတယ်ဆိုတာတွေပါပဲ။ ဒီလိုထင်မြင်ယူဆချက်တွေက လုံးဝ မှားယွင်းပါတယ်။

    အီရန်အမျိုးသမီးတွေဟာ စီးပွားရေးလုပ်ငန်းတွေကို ပိုင်ဆိုင်ပြီး စီမံခန့်ခွဲနေကြတာ တော်တော်လေးကြာခဲ့ပါပြီ။ သူတို့ထဲက အများစုဟာ အမျိုးသားတွေသာ လွှမ်းမိုးတဲ့ စီးပွားရေးမျိုးဖြစ်တဲ့ ရေနံနဲ့ သဘာဓာတ်ငွေ့လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်းတွေမှာ ကြီးကြီးမာစတာတွေအဖြစ် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အီရန်အမျိုးသမီးတွေဟာ နည်းပညာဘက်ကိုပါ ခုန်ကူးလာကြပါပြီ။

    သိပ္ပံနဲ့ အင်ဂျင်နီယာနယ်ပယ်တွေမှာ ဘွဲ့ရတဲ့ အမျိုးသမီးအရေအတွက် မြင့်တက်လာခြင်းဟာ အီရန်ရဲ့ ဖူးသစ်စ သိပ္ပံနယ်ပယ်မှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့ တွန်းအားဖြစ်စေမှာ ဖြစ်ပါတယ်။

    အသက် ၂၀ အရွယ်သာရှိသေးတဲ့ ဂွန်ချီ တာဗူစီဟာ သူရဲ့ စွန့်ဦးလုပ်ငန်းဖြစ်တဲ့ Lendem ဖုန်းဆော့ဖ်ဝဲကို မကြာသေးမီက ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီဆော့ဖ်ဝဲဟာ အီရန်နိုင်ငံရဲ နည်းပညာလုပ်ငန်းကို အထောက်အကူပြုဖြစ်စေဖို့ ဆောာင်ရွက်တဲ့ iBridges ညီလာခံမှာ McClure ရဲ့ “စွန့်ဦးလုပ်ငန်း ၅၀၀” စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

    ဒီ Lendem ဆော့ဖ်ဝဲကနေတစ်ဆင့် သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆွေတွေဟာ ဖုန်းအားသွင်းကြိုးလို ဟာမျိုးတွေနဲ့ အခြားပစ္စည်းတွေကို တစ်ယောက်နဲ့တစ်ယောက် ငှားရမ်းမျှဝေ သုံးစွဲနိုင်ကြပါတယ်။ Lendem ၀ဘ်ဆိုက်မှာတော့ ဘယ်သူ့မှာ ဘာတွေရှိတယ်ဆိုတာမျိုး အမြဲတမ်း လိုက်လံစူးစမ်းနေပြီး ငှားပြီးသားပစ္စည်းကို ပြန်ပေးဖို့ သတိပေးတာမျိုးတွေလည်း လုပ်ပေးသလို၊ ငှားရမ်းဖို့အတွက် အာမခံပေးတာလည်း လုပ်ပေးပါတယ်။ McClure ကတော့ ဒီဖန်တီးမှုကို ချီးကျူးခဲ့ပေမယ့် အီရန်အပေါ် ပိတ်ဆို့မှုတွေ မဖယ်ရှားမချင်း ရင်းနှီးမြှုပ်နှံမှု လုပ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

    အီရန်ရဲ့ ဖူးသစ်စ နည်းပညာလုပ်ငန်းမှာ အရေအတွက်နည်းပေမယ့် အီရန်အမျိုးသမီးတွေဟာ ရှေ့ရောက်နေပါတယ်။ ရီယာနာဟ်နဲ့ ဘဟာရာဟ် ဗာဟီဒီယန်တို့ ညီအမနှစ်ဦးကတော့ မြို့တော် တီဟီရန်မှာ အမျိုးသမီးစွန့်ဦးလုပ်ငန်းရှင်များရဲ့သီတင်းပတ် Startup Weekend For Women ကို ပထမဆုံး စီစဉ်ကျင်းပပေးပြီး အဲဒီအခမ်းအနားမှာ အမျိုးသမီး စွန့်ဦးလုပ်ငန်းရှင်တွေရဲ့ အယူအဆတွေ၊ ကွန်ယက်တွေကို မျှဝေစေခဲ့ပါတယ်။

    လက်ရှိ အီရန်လူငယ်အမျိုးသမီးတွေဟ နည်းပညာကဏ္ဍမှာ လမ်းသစ်ဖောက်ဖို့ တွေးတောစဉ်းစားကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အရင်ကတည်းက ဒီလို လမ်းသစ်ဖောက်တဲ့ အမျိုးသမီးတွေ ရှိခဲ့ပြီး အဲဒီအထဲမှာ ရှေ့ဆောင်အမျိုးသမီးဖြစ်တဲ့ ဘဟ်နဇ် အာရီယာလည်း ပါဝင်ပါတယ်။

    လွန်ခဲ့တဲ့ ၁၅ နှစ် အီရန်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းအငယ်စားဆိုတာ ဘာမှန်း ဘယ်သူမှမသိခင်ကတည်းက အာရီယာနဲ့ သူရဲ့ မိတ်ဖက်တွေဟာ နိုင်ငံရဲ့ ပထမဆုံး IT လေ့ကျင့်ရေးသင်တန်းကျောင်း Kahkeshan Institute of Technology ကို တည်ထောင်ဖွင့်လှစ်ခဲ့သူပါ။

    ဒီသင်တန်းကျောင်းကို တိုးတက်ဖွံ့ဖြိုးဖို့ ကြိုးစားခဲ့တဲ့ စောစောပိုင်းအချိန်တုန်းက သူမကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေဟာ သာမန်အမျိုးသမီးတွေ မကြုံဖူးတဲ့ အရာတွေပါပဲ။

    “အဲဒီအချိန်တုန်းက အီရန်မှာ အိုင်တီဝန်ဆောင်မှုဟာ အစပိုင်ပဲ ရှိပါသေးတယ်။ အဲဒီအချိန်က ကျွန်မတို့ရဲ့အတန်းဟာ ပညာရှင်အဆင့်မျိုးပါ။ သင်တန်းကျောင်းအကြီးကြီးပုံစံ ဟန်ဆောင်ထားပေမယ့်  တကယ်တော့ လူ ၄၊ ၅ ယောက်လောက်ပဲ ရှိပါတယ်။ ကျွန်မဟာ ဖုန်းတွေကို မန်နေဂျာတစ်ယောက်လို၊ နည်းပညာအကြံပေးတစ်ယောက်လို၊ သာမန်ဝန်ထမ်းတစ်ယောက်လို့ အသံမျိုးစုံသုံးပြီး ဖြေကြားခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ကျွန်မတို့ အခုလို ကြီးမားကျယ်ပြန့်လာတာ ဖြစ်ပါတယ်” လို့ အာရီယာက ဆိုပါတယ်။

    အာရီယာနဲ့ အဲဒီသင်တန်းကျောင်းကို အတူတည်ထောင်ခဲ့တဲ့သူတွေဟာ အလျင်အမြန်ပဲ ၀န်ထမ်းတွေကို ၂ ဆတိုးခဲ့ပြီး အဆောက်အဦးတစ်ခုလုံးကိုလည်း နည်းပညာစမ်းသပ်ခန်းနဲ့ ရုံးခန်းနေရာတွေပါ ထားနိုင်အောင် ပြင်ဆင်ခဲ့ကြပါတယ်။ သင်တန်းကျောင်းက ၀န်ထမ်းတွေရဲ့ ၄၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး ကျောင်းသား ၃၇ ရာခိုင်နှုန်းကလည်း အမျိုးသမီးတွေဖြစ်ပါတယ်။ ဒါဟာ သင်ကျောင်းတစ်လျှောက်လုံးမှာ အမျိုးသမီးပါဝင်မှု ပိုများလာတာလည်း ဖြစ်ပါတယ်။ အီရန်က စွန့်ဦးလုပ်ဆောင်သူ အမျိုးသမီးတွေရဲ့လေးစားအားကျစရာ role model ဖြစ်တဲ့ အာရီယာဟာ ကုမ္ပဏီကြီးတစ်ခုကို ပိုင်ဆိုင်နေပါပြီ။

    ရေနံဓာတုစက်ရုံကို တည်ထောင်ခဲ့သူ အီရန်အမျိုးသမီးတစ်ဦးကလည်း လွန်ခဲ့တဲ့နှစ် ၂၀ သူ လုငန်းစတင်ခဲ့တဲ့အချိန်က ဘယ်လိုခြားနားမှုတွေ ရှိခဲ့သလဲဆိုတာကို ဒီလို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

    “ကျွန်မတို့ခေတ်တုန်းက အစိုးရအလုပ်မှာ ခန့်အပ်ခံရဖို့သာ မျှော်လင့်ရတာပါ။ ဒါပေမယ့် ဒီနေ့အချိန်အခါမှာတော့ “ငါက ပညာတတ်၊ အခွင့်အလမ်းလည်းရှိတယ်။ ဘာ့ကြောင့် သူများအတွက် အလုပ်လုပ်မလဲ။ တကယ်လို့ (ကိုယ်ပိုင်အလုပ်လုပ်ဖို့) ကြိုးစားပြီး ကျရှုံးရင် ကုမ္ပဏီမှာ ဘယ်အချိန်သွားလုပ်လုပ် ရတာပဲ” လို့ ပြောနေကြတဲ့ အမျိုးသမီးတွေ အများကြီး ရှိလာပါပြီ”

    အီရန်နိုင်ငံမှာ အမျိုးသမီးတွေဟာ မရည်ရွယ်တဲ့ အကျိုးဆက်တွေကနေတစ်ဆင့် အသက်မွေးဝမ်းကြောင်းကဏ္ဍမှာ သြဇာကြီးလာပါတယ်။ ၁၉၇၉ တော်လှန်ရေးဟာ တင်းကြပ်တဲ့ ဘာသာရေးအသိုင်းအ၀ိုင်းကို ဖြစ်လာစေခဲ့ပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေလည်း လျော့ကျခဲ့ပါတယ်။ ဒါပေမယ့် စီးပွားရေး မငြိမ်မသက်ဖြစ်တဲ့အချိန်မှာ မိမိတို့ရဲ့ ဇနီးတွေကို အလုပ်လုပ်ခွင့်ပေးဖို့ကလွဲလို့ ရွေးချယ်စရာမရှိဘူးဆိုတာ အမျိုးသားတွေက သဘောပေါက်လာကြပါတယ်။ တစ်ချိန်တည်းမှာပဲ အစိုးရလည်း အနောက်နိုင်ငံတွေကို ယှဉ်ပြိုင်ချင်လာခဲ့ပါတယ်။ ဒါ့ကြောင့် အီရန်မှာ အခမဲ့ပညာရေးစနစ် ဖြစ်လာခဲ့ပြီး နိုင်ငံတစ်ဝှမ်း မြို့ကြီးတွေနဲ့ ကျေးလက်ဒေသတွေမှာ အစိုးရတက္ကသိုလ်တွေ အစီအရီပေါ်ပေါက်လာခဲ့ကြပါတယ်။ ဒါက အမျိုးသမီးတွေကို ပညာသင်ယူခွင့် ပိုမိုရရှိစေခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်က ကျွန်တော် အီရန်ကို သွားလည်တဲ့အချိန်တုန်းက ဒီသမိုင်းသင်ခန်းစာကို ကြားခဲ့ရပါတယ်။ စာရေးဆရာ ဒေါက်တာ နီနာ အန်ဆာရီက ဒီအကြောင်းနဲ့ပတ်သက်ပြီး မကြာသေးခင်က ထွက်ရှိခဲ့တဲ့ သူမရဲ့စာအုပ် Jewels of Allah: The Untold Story of Women In Iran မှာ နှိုက်နှိုက်ချွတ်ချွတ် ရေးသားထားပါတယ်။

    အီရန်နိုင်ငံရဲ့ အဓိက ပြုပြင်ပြောင်းလဲမှုမှာ ပါဝင်ကူညီခဲ့ကြတဲ့ မတူညီတဲ့အသိုင်းအ၀ိုင်းတွေက အမျိုးသမီးတွေဟာ (အီရန်အဓိပတိ) ခိုမေနီရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။

    “ကျွန်တော်တို့တိုင်းပြည်က အမျိုးသမီး ငယ်တွေ၊ အမျိုးသမီးကြီးတွေအတွက် ဂုဏ်ယူပါတယ်။ ပြီးတော့ ဒီအမျိုးသမီးတွေဟာ ပညာရေးနဲ့ စီးပွားရေးနယ်ပယ်တွေမှာ တက်တက်ကြွကြွ ရှိကြပါတယ်။ အီရန်အမျိုးသမီးတွေလို အမျိုးသမီးတွေရှိတဲ့ နိုင်ငံတိုင်းဟာ အမှန်တကယ်အောင်မြင်ပါလိမ့်မယ်”

    ဒီစကားလုံးတွေဟာ အမျိုးသမီးအများစုကို အားအင်တွေဖြစ်စေမယ်လို့ ခိုမေနီက မသိရှိခဲ့ပါဘူး။ ခန္ဓာကိုယ်ကို မဖြစ်မနေ လုံခြုံအောင် ၀တ်စားဆင်ယင်ရမှုကလည်း အီရန်အမျိုးသမီးတွေ အိမ်အလုပ်တွေကို ထားခဲ့ပြီး စာသင်ဖို့၊ အလုပ်လုပ်ဖို့ သက်တောင့်သက်သာဖြစ်စေခဲ့ပါတယ်။

    အန်ဆာရီနဲ့ အခြားသူတွေကတော့ ဒီနေ့ခတ် အီရန်နိုင်ငံရဲ့ မိသားစုဘ၀တွေမှာ အမျိုးသားအမျိုးသမီး တန်းတူညီမျှမှုဟာ ၁၉၈၀ ပြည့်နှစ်တွေမှာဖြစ်ပွားခဲ့တဲ့ အီရတ်-အီရန်စစ်ပွဲတွင်း အမျိုးသမီးတွေ လုပ်ငန်းခွင့်ဝင်ကြတဲ့ရလဒ် ဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေဟာ စီမံခန့်ခွဲရေတာဝန်တွေ၊ ဒါမှမဟုတ် ဆရာဝန်အဖြစ်၊ ရှေ့နေ့အဖြစ်၊ တရားသူကြီးတွေအဖြစ် စတဲ့ကဏ္ဍတွေမှာ တစ်နေ့ကုန်တစ်နေ့ခန်း အလုပ်လုပ်ရတဲ့အခါ အမျိုးသားတွေက ကလေးယ်တွေကို ပြုစုစောင့်ရှောက်ရတာ ပုံမှန်တော့မဟုတ်ပါဘူး။
    လက်ရှိအချိန်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုနည်းတဲ့ အခွင့်အရေးတွေကိုသာ ပိုင်ဆိုင်ထားပြီး ချိုးဖောက်မှုတွေအတွက် ဖမ်းဆီးခံရတာတွေလည်း ရှိနေပါသေးတယ်။ ၂၀၁၃ ခုနှစ်က အာဏာရခဲ့တဲ့ သမ္မတရူဟာနီကတော့ ပြောင်းလဲမှုတွေလုပ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

    မဲဆွယ်မှုမှာပြုလုပ်ခဲ့တဲ့ ကတိက၀တ်တွေထဲမှာ အမျိုးသမီးတွအတွက် တူညီတဲ့အခွင့်အရေး၊ မျှတတဲ့အခွင့်အလမ်းတွေကို ဖန်တီးပေးမယ်ဆိုတာလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ရူဟာနီရဲ့ အီရန်ကို ခေတ်မီအောင်ဆောင်ရွက်ဖို့ အစီအစဉ်တွေမှာ တိုးတက်မှုအနည်းငယ်သာ ရှိခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ လက်ရှိအခြေအနေကို ထိန်းသိန်းထားချင်တဲ့ အဓိပတိ အယာတိုလာ ခါမေနီဆီကလာတဲ့ ပါဝါကြောင့်ပါပဲ။

    ဒါပေမယ့် တာဗူစီလို လူငယ်စွန့်ဦးတီထွင်သူအမျိုးသမီးတွေဟာ အီရန်ရဲ့လက်ရှိအခြေအနေက ကဏ္ဍတိုင်းကို စိန်ခေါ်ပြီး ပြောင်းလဲနေကြပါတယ်။ တာဗူစီဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေက ဖြစ်ခဲ့တဲ့ တော်လှန်ရေးကနေ ပေါက်ဖွားလာသူတစ်ဦးဖြစ်ပြီး အသက် ၂၀ အရွယ်မှာပဲ ကြိုးစားပမ်းစားအလုပ်လုပ်မှုနဲ့ လွတ်လပ်မှုကို ဆာလောင်ခြင်းတို့အတွက် သူ့ခေတ်သူ့မျိုးဆက်ရဲ့ ချွင်းချက်မဲ့ ဥပမာ ဖြစ်လာပါတော့တယ်။

    “အီရန်မှာ ဒါကတော့ နည်းနည်းထူးဆန်းပါတယ်။ ကျွန်မအတွက်တော့ တက္ကသိုလ်တက်ပြီး အလုပ်လုပ်ဖို့ပါပဲ။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်မလည်နိုင်ဘူးပေါ့ရှင်။ ဒါပေမယ့် ကျွန်မ ဒီလိုနေရတာကို နှစ်သက်ပါတယ်။ အလုပ်ကို ချစ်မြတ်နိုးပြီး ကျွန်မမှာ ကောင်းမွန်တဲ့ အသင်းအဖွဲ့တစ်ခုလည်း ရှိနေပါပြီ။ ကျွန်မငယ်ငယ်တုန်းက အဖေတို့အမေတို့ဟာ သူတို့ရဲ့ရုံးတွေကို ခေါ်ခေါ်သွားပြီး အလုပ်စမ်းလုပ်ခိုင်းတယ်။ ပြီးတော့ ပိုက်ဆံပေးပါတယ်။ မျိုးဆက်အသစ်မှာ လူတွေဟာ အလုပ်လုပ်ရတာကို တကယ် ကြိုက်လာမှာပါ။ သူတို့ဟာ မိဘတွေကို မှီခိုနေရတာထက် ကိုယ့်ပိုက်ဆံကိုယ်ရှာပြီး ကိုယ်တိုင်သုံးချင်လာမယ်။ ဒါဟာ မြင့်တက်လာနေတဲ့ ယဉ်ကျေးမှုပါပဲ” လို့တာဗူစီက ပြောကြားခဲ့ပါတယ်။

    ဒီယဉ်ကျေးမှုဟာ အမျိုးသမီးတွေကို အလုပ်ခွင့်မှာ ပိုမိုမြင့်မားတဲ့ တန်ဖိုးကို ရရှိစေပါတယ်။ ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ ရှာဟ်ရမ် ရှာရစ်ဖ်က ဖာရစီဘာသာစကားနဲ့ဖ်ာပြတဲ့ ပထမဆုံး အိုင်တီဝဘ်ဆိုက် ITiran.com ကို ထူထောင်ခဲ့ပါတယ်။

    “အရင်က ဒါမျိုး နည်းနည်းပဲရှိပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ အမျိုးသမီး နည်းပညာဂျာနယ်လစ်တွေ တော်တော်များများ ရှိလာပါပြီ။ ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက်ထဲမှာ ၄ ဦးက အမျိုးသမီးတွေဖြစ်ပါတယ်။ သူတို့နဲ့ အလုပ်အတူလုပ်ရတာကို ကျွန်မ ဂုဏ်ယူမိပါတယ်” လို့ ရှာရစ်ဖ်က ဆိုပါတယ်။

    စွန့်ဦးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အီရန်အမျိုးသမီး ဟာမစ်ဒရီဇာ အဟ်မဒီက အီရန်နည်းပညာလုပ်ငန်းနဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်နယ်ပယ်မှာ အမျိုးသမီးတွေဟာ အားနည်းနေတုန်းပဲလို့ဆိုပြီး ဒါဟာ အီရန်မှာ တစ်မူထူးတာမျိုး၊ တမင်တကာဖြစ်နေတာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

    “အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ မရှိဘဲ၊ တူညီစွာ ဆက်ဆံခံရပါတယ်။ သူတို့ရဲ့ တိုးတက်မှုလက်ကြောင်းနဲ့ပတ်သက်လို့လည်း လစ်လျူရှုတာမျိုး မရှိပါဘူး။ လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာအောင် ကျွန်မတို့ တက်တက်ကြွကြွ တိုက်တွန်းသင့်ပါတယ်။ ပြီးတော့ ဘုတ်အဖွဲ့တွေမှာလည်း အမျိုးသမီးအဖွဲ့ဝင်တွေ ပါဝင်အောင် ကျွန်မတို့ အသေအချာ လုပ်ဆောင်သင့်ပါတယ်။ ဒီပြောင်းလဲမှုတွေကို မကြာခင်မှာ ကျွန်မတို့ မြင်လာရမှာပါ” လို့ အဟ်မဒီက ပြောကြားခဲ့သည်။

    တကယ်တော့ ဘွဲ့နှစ်ခု၊ သုံးခု ရထားတဲ့အမျိုးသမီးတွေ များလာခြင်းနဲ့အတူ လူ့စွမ်းအားအရင်းအမြစ် ပိုလျှံနေတဲ့ပြဿနာကို ဖြေရှင်းရလိမ့်မယ်လို့လည်း အဟ်မဒီက ယုံကြည်နေပါတယ်။

    “အီရန်အမျိုးသမီးတွေဟာ သိပ်တော်ကြတယ်။ ပညာလည်းတော်တော် တတ်ကြပါတယ်။ သူတို့ကို သုံးလို့တောင် မကုန်ပါဘူး။ သူတို့ရဲ့ ပါရမီကို ဖြုန်းတီးနေသလိုပါပဲ။ သူတို့ကို အိုင်တီနဲ့ အခြားသောလုပ်ငန်းတွေမှာ လိုအပ်ချက်ကြောင့် ၀င်လာတာမျိုးဖြစ်ဖို့ လှုပ်ရှားဆောင်ရွက်မှုတွေ ရှိရပါတော့မယ်”

    အီရန်နိုင်ငံရဲ့ နည်းပညာနယ်ပယ်မှာ အမျိုးသမီးတွေပါဝင်မှု အရေအတွက်ဟာ မြင့်တက်လာနေပြီးအမျိုးသားလုပ်ဖော်ကိုင်ဖက်တွေရဲ့ ထောက်ပံ့မှုနဲ့သာ ရှေ့ဆက်နိုင်မယ်လို့ တာဗူစီက ဆိုပါတယ်။

    “အမျိုးသမီးတွေဟာ ပိုမိုပါဝင်သင့်တယ်လို့ ကျွန်မထင်ပြီး သူတို့ကလည်း ပိုမိုပါဝင်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ် စွန့်ဦးလုပ်ဆောင်သူတွေကို တွေ့ဆုံရာမှာ အမျိုးသမီးတည်ထောင်သူတွေ တစ်ယောက်မှ မပါဝင်ပါဘူး။ ဒီနေ့အချိန်မှာတော့ နည်းပညာလုပ်ငန်းကို တည်ထောင်သူ ၁၅ ဦးဟာ အမျိုးသမီးတွေဖြစ်နေပြီး ဒါဟာ တည်ထောင်သူတွေရဲ့ ၁၀ ရာခိုနှုန်းပမာဏဖြစ်ပါတယ်။ သုညကနေ ၁၀ ရာခိုင်နှုန်းဖြစ်လာတာဟာ ကောင်းတဲ့လက္ခဏာပါပဲ”

    (Forbes မဂ္ဂဇင်း၏ ၀ဘ်ဆိုက်မှ Set To Take Over Tech: 70% Of Iran’s Science And Engineering Students
    Are Women ဆောင်းပါးကို ဆီလျောအောင် ဘာသာပြန်ဆိုသည်)