ဒီဇင်ဘာ ၁၈၊ ၂၀၁၅
M-Media
– နည်းပြမော်ရင်ဟိုအား အသင်းမှထုတ်ပယ်ခြင်းမှာ အသင်း၏ အကျိုးစီးပွားအတွက်ဖြစ်သည်ဟု ချယ်ဆီးအသင်း၏ နည်းစနစ်ဒါရိုက်တာဖြစ်သူ မီခေးလ် အီမီနာလိုက ပြောကြားခဲ့ပြီး မော်ရင်ဟိုနှင့် ကစားသများ၏ ဆက်ဆံရေးမှာလည်း
ကောင်းမွန်ခြင်းမရှိတော့ဟု အတည်ပြုပြောကြားခဲ့သည်။
မော်ရင်ဟိုမှာ ယမန်နေ့က အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျ၊ အသင်းဒါရိုက်တာများနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံစဉ် ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။ အီမီနာလိုကမူ မော်ရင်ဟိုနှင့် ကစားသမားများ၏အကြား မကျေလည်မှုမှာ သိသာထင်ရှားလာခဲ့သည်ဟု ၀န်ခံခဲ့ပြီး၊ လွန်ခဲ့သည့် ၇ လက ပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့သည့် နည်းပြအား
ထုတ်ပယ်ရန်မှာ မလွယ်ကူဟု ထည့်သွင်းပြောကြားခဲ့သည်။
“အသင်းအတွက် အများကြီးစွမ်းဆောင်ပေးခဲ့သူတစ်ယောက်အပေါ် အားနာတာမျိုး ရှိနေပေမယ့်လည်း အချက်အလက်တွေက ချယ်ဆီးဟာ ပြဿနာရှိနေတယ်ဆိုတာကို ပြသနေပါတယ်။ ရလဒ်တွေမကောင်းဘူး၊ ကစားသမားနဲ့ နည်းပြကြားမှာလည်း အဆင်မပြေတာတွေ သိသာလာတယ်။ ဒါဟာ တစ်ခုခုလုပ်ရမယ့်အချိန်ပါပဲ။ အသင်းပိုင်ရှင်ကလည်း အသင်းကောင်းတစ်သင်းအတွက် အင်မတန်ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချဖို့ မဖြစ်မနေ လိုအပ်လာတယ်။ မှားတော့ မမှားခဲ့ပါဘူး။ ကမ္ဘာ့အသင်းကြီးတွေထဲက တစ်သင်းဖြစ်တဲ့ ချယ်ဆီးဟာ ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်အထက် ၁ မှတ်ကွာမှာ ရှိနေပါတယ်။ ဒါဟာ သိပ်တော့ မကောင်းပါဘူး”
Ref: Goal


Leave a Reply
You must be logged in to post a comment.