News @ M-Media
Blog
  • ၂၀၁၅ အကောင်းဆုံး မြန်မာ့ရိုးရာ လက်ဝှေ့သမားဆု ထွန်းထွန်းမင်းရရှိ
    ၂၀၁၅ အကောင်းဆုံး မြန်မာ့ရိုးရာ လက်ဝှေ့သမားဆု ထွန်းထွန်းမင်းရရှိ
    12241281_1692541460991398_473555449807385293_n
    မန္တလေး ဒီဇင်ဘာ ၁၂
    မန္တလေးမြို့မှ မြန်မာ့ရိုးရာ လက်ဝှေ့ချစ်မြတ်နိုးသူ ဝါသနာရှင် များ စီစဉ်သည့်၂၀၁၅ ခုနှစ် မြန်မာ့ ရိုးရာလက်ဝှေ့အကောင်းဆုံး ထူးချွန် ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီက မန္တလေးမြို့ (၃၅)လမ်းနှင့် (၇၆)လမ်းရှိ တီးမားတင်ဝင်း မင်္ဂလာ ခန်းမ၌ ကျင်းပသည်။ မြန်မာ့ရိုးရာလက်ဝှေ့ ထူးချွန်ကလပ်အသင်းဆုနှင့် ထူးချွန် အားကစားသမားများဆုပေးအပ်ခြင်း ကို မန္တလေးမြို့က ပထမဆုံးအကြိမ် စတင်လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။
    12316509_1692541507658060_8979806615644654882_n
    အခမ်းအနားတွင် အခမ်းအနားမှူး အဖြစ် ဆရာမခင်ခင်ဝင်း (ပညာရေး) က ဆောင်ရွက်သည်။ ရှေးဦးစွာ မန္တလေးမြို့၏ ဝါရင့်လက်ဝှေ့ ပွဲများကို စီစဉ်သူ ဆရာကြီးကီးမားဦးတင်ဝင်းက မြန်မာ့ရိုးရာ လက်ဝှေ့ပွဲများအကြောင်း ကိုလည်းကောင်း၊ ရန်ကုန်မြို့မှ ရောက်ရှိလာသည့် ဆရာဦးမြင့်လွင် (ကျားကြီး)က မြန်မာ့ ရိုးရာလက်ဝှေ့ ဆုချီးမြှင့်ပွဲ ကျင်းပခြင်းအတွက် မုဒိတာစကားပြောကြားသည်။
    ဆက်လက်၍ ဆရာကြီး ဦးဂျွန်ပေါ က ၂၀၁၅ ခုနှစ် မြန်မာ့ရိုးရာလက်ဝှေ့ အကောင်းဆုံးထူးချွန်ဆုပေးပွဲ ဖြစ် ပေါ်လာပုံကို ရှင်းလင်းတင်ပြသည်။
    12321165_1692541487658062_2797401717471323765_n
    ထို့နောက် ဆုများပေးအပ်ချီးမြှင့်ရာ ဆရာကြီး ကီးမား ဦးတင်ဝင်းက ကြိုးစားအားထုတ်မှု ထူးချွန်ကလပ်အသင်းဆုရ အဖြူရောင်သွေးသစ်ကလပ်မှဆရာကြီး ဦးအောင်ပွဲမောင်အားလည်းကောင်း၊ ဆရာစနေမောင်မောင်က အတိုးတက်ဆုံး မြန်မာ့ရိုးရာ
    လက်ဝှေ့ အားကစားသမားဆု ရသွေးသစ်အောင်အား လည်းကောင်း၊ဆရာဦးဂျွန်ပေါက မြန်မာ့ရိုးရာလက်ဝှေ့ အလဲထိုးစွမ်းဆောင်ရည် အမြင့်ဆုံးဆု (အလဲထိုးဘုရင်)ရ ရဲသွေးနီအားလည်းကောင်း၊ ဆရာ ဦးစိုးမင်းက မြန်မာ့ရိုးရာလက်ဝှေ့ အကောင်းဆုံး အားကစားသမားဆုရ မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်း အားလည်းကောင်း ဆုဖလားနှင့် ကျပ်ငွေငါးသိန်းစီ ဆုချီးမြှင့်သည်။
    ခင်ခင်ဝင်း(ပညာရေး)
    ၁၃၊ ၁၂၊ ၂၀၁၅ ကြေးမုံမှ ကူးယူဖော်ပြသည်။
    ဓါတ်ပုံ- ထွန်းထွန်းမင်း FB
  • ယူရို ၂၀၁၆ ပြိုင်ပွဲ အုပ်စုများကို မဲခွဲပြီး ပွဲစဉ်အချိန်ဇယား ထုတ်ပြန်
    ယူရို ၂၀၁၆ ပြိုင်ပွဲ အုပ်စုများကို မဲခွဲပြီး ပွဲစဉ်အချိန်ဇယား ထုတ်ပြန်
    ဒီဇင်ဘာ ၁၃၊ ၂၀၁၅
    M-Media
    – ပြင်သစ်မှာ ကျင်းပပြုလုပ်မယ့် ယူရို ၂၀၁၆ အုပ်စုမဲခွဲပွဲနဲ့ ပွဲအစီအစဉ်တွေ တရာဝင်ထုတ်ပြန်ကြေငြာမှုကို မနေ့က ပဲရစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
    ၅၈ နှစ်ကြာမှ ပထမဆုံး နိုင်ငံတကာပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ဝေးလ်အသင်းဟာ မဟာပြိုင်ဘက် အင်္ဂလန်နဲ့ အုပ်စု B မှာ တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။ ဒီအုပ်စုမှာ ရုရှားနဲ့ ဆလိုဗက်ကီးယားတို့ ပါဝင်ပြီး အင်္ဂလန်နဲ့တွေ့ရင် အနိုင်ကစားနိုင်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောထားတဲ့ ဂါရက်ဘေးလ်ကတော့ “အုပ်စုကျပ်” လို့ Twitter စာမျက်မှာကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။
    မရဏအုပ်စုကိုတော့ ဘယ်လ်ဂျီယံ၊ ဆွီဒင်၊ အီတလီနဲ့ အိုင်ယာလန်တို့ပါဝင်တဲ့ အုပ်စု E ကို သတ်မှတ်ခဲ့ပါတယ်။ ဆွီဒင်နည်းပြ အဲရစ် ဟမ်ရန်က ဘယ်လ်ဂျီယံနဲ့ အီတလီတို့က ရေပန်းစားနေတယ်လို့ ၀န်ခံခဲ့ပါတယ်။ အီလီနည်းပြကွန်တီက ဆွီဒင်ဟာ အီတလီအတွက် အကြီးဆုံး အဟန့်အတားဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
    အိမ်ရှင်ပြင်သစ်ကတော့ အုပ်စုချောင်ပြီး အလ်ဘေးနီးယား၊ ရိုးမေးနီးယား၊ ဆွစ်ဇာလန်တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ လက်ရှိချန်ပီယံ စပိန်က တူရကီ၊ ချက်၊ ခရိုအေးရှားတို့နဲ့အတူ အုပ်စု D မှာ ကျရောက်ခဲ့ပြီး စပိန်နည်းပြ ဒဲလ်ဘော့စကေးကတော့ နားထင်သွေးရောက်လို့မရဘဲ စုစုစည်းစည်းနဲ့ ကြိုးစားအားထုတ်ရမယ်လို့ သတိပေးခဲ့ပါတယ်။
    ကမ္ဘာဖလားချန်ပီယံ ဂျာမနီက အုပ်စု C မှာ မြောက်အိုင်ယာလန်၊ ပိုလန်၊ ယူကရိန်းတို့နဲ့အတူ ကျရောက်နေပါတယ်။ ရော်နယ်ဒိုရဲ့ ပေါ်တူဂီက အိုက်စလန်၊ ဟန်ဂေရီ၊ သြစတြီးယားတို့နဲ့ အုပ်စု F မှာ ကျရောက်နေပြီး ပေါ်တူဂီနည်းပြ ဆန်းတို့စ်က အုပ်စုဟာ လွယ်ကူမယ်လို့မထင်ကြောင်း၊ ကြိုးစားအားထုတ်မှုကို မိမိယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
    ယူရိုပြိုင်ပွဲတွေကို ၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှာ စတင်ကစားမှာဖြစ်ပြီး လက်ရှိ ဗိုလ်စွဲဖို့ရေပန်းအစားဆုံး အသင်းကတော့ အိမ်ရှင်ပြင်သစ်ဖြစ်ပါတယ်။ သူ့နောက်မှာ ဂျာမနီ၊ စပိန်၊ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံတို့က အစဉ်လိုက်ရှိနေကြပါတယ်။
    eruo 2
    အုပ်စုပွဲစဉ်များ
    euro 3
    ရှုံးထွက်အဆင့်မှ နောက်ဆုံးဗိုလ်လုပွဲအထိ ပွဲစဉ်များ
    Ref: Dailymail
  • ကပ်ထားရုံဖြင့် နာကျင်မှုသက်သာစေမည့် ဆေးပလာစတာတစ်မျိုးကို သိပ္ပံပညာရှင်များ တီထွင်
    ကပ်ထားရုံဖြင့် နာကျင်မှုသက်သာစေမည့် ဆေးပလာစတာတစ်မျိုးကို သိပ္ပံပညာရှင်များ တီထွင်
    ဒီဇင်ဘာ ၁၃၊ ၂၀၁၅
    M-Media
    pain
    – နာကျင်သည့်နေရာသို့ ၁၂ နာရီကြာ ကပ်ထားရုံဖြင့် ရောင်ရမ်းမှုသက်သာစေပြီး ကျယ်ပြန့်စွာအသုံးပြုနိုင်မည့် ဆေးပလာစတာတစ်မျိုးကို သိပ္ပံပညာရှင်များ တီထွင်နိုင်ခဲ့သည်ဟု သိရသည်။
    ရေရှည်အသုံးခံသည့် ၎င်းဆေးပလာစတာသည် ဆေးဝါးများစွာ သောက်သုံးရခြင်းမှ သိသိသာသာ လျော့ကျစေနိုင်မည် ဖြစ်သည်။ ၎င်းသည် နာတာရှည်ဝေဒနာများ ဖြစ်သည့် နောက်ကျောနာခြင်း၊ အာရုံကြောစူးအောင့်ခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း စသော ဝေဒနာများကို သက်သာစေနိုင်မည်ဖြစ်သည်။
    “အံ့သြစရာကောင်းတာတစ်ခုက လက်ရှိအသုံးပြုနေတဲ့ ဈေးကွက်ဝင် ဆေးပတ်တီးတော်တော်များများဟာ
    နာကျင်မှုသက်သာစေတဲ့ပစ္စည်း ဘာမှ မပါဝင်ပါဘူး၊ အပူပေးတဲ့နည်းနဲ့ ဒဏ်ရာကို သက်သာစေတာမျိုးပါ” ဟု ဒေးဗစ်
    ဟက်ဒဲလ်တန်က ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ ထုတ်လုပ်ထားတဲ့ နည်းပညာမှာ ဒီဆေးပလာစတာထဲကို နာကျင်မှုဝေဒနာ ထိထိရောက်ရောက် လျှော့ချနိုင်တဲ့ အိုင်ဗျူပရိုဖင်လို ဆေးမျိုးတွေ ထည့်သွင်းထားပါတယ်၊ ဒီလိုဆေးပလာစတာမျိုး လက်ရှိဈေးကွက်ထဲမှာ မရှိသေးပါဘူး။ လူနာတွေ ဒီထက်ပိုမိုသက်သာစေဖို့နဲ့ ရလဒ်ကောင်းတွေရဖို့အတွက် တခြားပါဝင်ပစ္စည်းတွေ ထည့်သွင်းဖို့လည်း ထပ်မံစီစဉ်ထားပါတယ်”
    သိပ္ပံပညာရှင်များကမူ အဆိုပါ ဆေးပလာစတာတွင် အသုံးပြုနိုင်သော ပစ္စည်းများမှာ အကန့်အသတ်ရှိနေပြီး ၎င်းတို့ထုတ်လုပ်ထားသည့် ဆေးပလာစတာမှာ စေးကပ်မှုရှိပြီး ထိရောက်မှုရှိသော ဆေးဝါးများ ထည့်သွင်းထားကာ ပါးလွှာ၍ ဖြန့်နိုင်ခေါက်နိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ယင်းဆေးပလာစတာကို ၀ါဝစ်က်တက္ကသိုလ်နှင့်အတူ Medherent ကုမ္ပဏီက ဈေးကွက်သို့ ၂ နှစ်အတွင်း တင်သွင်းသွားမည်ဖြစ်ပြီး ပလက်စတာအသုံးပြု ဆေးဝါးများ ထပ်မံထုတ်လုပ်သွားရန်လည်း အစီအစဉ်ရှိနေသည်။
    Ref: IINA
  • အားကစားလောကထဲ ရောက်လာတော့မယ့် Virtual reality နည်းပညာ
    အားကစားလောကထဲ ရောက်လာတော့မယ့် Virtual reality နည်းပညာ
    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media
    game
    – တီဗီစခရင်ထဲက ပုံရိပ်တွေကို အပြင်မှာ လက်တွေ့ကြုံတွေ့နေရတဲ့ ပုံစံမျိုး ခံစားရတဲ့ Virtual reality နည်းပညာဟာ ဂိမ်းသရဲတွေရဲ့ နည်းပညာကို စွဲလမ်းနှစ်ခြိုက်သူတွေရဲ့ နယ်ပယ်နဲ့ပဲ သက်ဆိုင်တယ်လို့ ယူဆထားကြပါတယ်။
    ဒါပေမယ့် ပေါ့ပါးဈေးပေါပြီး ဦးခေါင်းမှာ စွပ်လို့ရတဲ့ စခရင်တွေ ထွက်ပေါ်လာခြင်းက ဒီနည်းပညာဟာ အဓိက မီဒီယာဈေးကွက်ထဲကို ခုန်ဝင်ဖို့ အဆင်သင့်ဖြစ်လာတယ်ဆိုတာကို ပြသနေပါတယ်။ ပြီးတော့ ဒေါ်လာဘီလီယံနဲ့ချီ ၀င်ငွေရဖို့ အလားအလာရှိနေတဲ့ ဒီနည်းပညာကို ကမ္ဘာ့အကြီးဆုံး အားကစားလိဂ်တွေက အသုံးပြုဖို့ အသည်းအသန် ကြိုးစားနေကြပါတယ်။
    ဆမ်ဆောင်းနဲ့ Facebook တို့ကတော့ မကြာသေးမီက Samsung Gear VR လို့ခေါ်တဲ့ ကိရိယာတစ်ခုကို ထုတ်လုပ်ခဲ့ပြီး ဒီကိရိယာကို Oculus က ပံ့ပိုးပေးတာဖြစ်ပါတယ်။
    ဒါမျိုးခေါင်းစွပ်စခရင်ဟာ သာမန်စားသုံးသူတွေအတွက် ဒီဇိုင်းဆွဲဖော်ဆောင်ထုတ်လုပ်တဲ့ အမျိုးအစားမှာ ပထမဆုံးဖြစ်ပြီး အားကစားအသင်းအဖွဲ့တွေဟာ သူတို့ရဲ့ ပရိတ်သတ်တွေနဲ့ ဆက်သွယ်ဖို့အတွက် လမ်းကြောင်းတစ်ခုကို ချဲ့ထွင်လာနိုင်ပါတယ်။ ဒါကတော့ အချိန်နဲ့တစ်ပြေးညီ လွှင့်တဲ့ ပွဲတွေကို အပြင်မှာကြည့်နေသလို ခံစားရအောင် လုပ်ဆောင်ပေးဖို့ပါပဲ။
    စိန်ခေါ်မှုများလည်း ရှိနေ
    အမေရိကန်က အမျိုးသား ဘက်စကတ်ဘောအသင်း NBA ဟာ ဒီနည်းပညာအပေါ် စိတ်ဝင်စားမှုကို တော်တော်လေး ကျယ်ကျယ်လောင်လောင် ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာက NBA ဟာ ဒီနည်းပညာ စမ်းသပ်မှုတွေထဲ တစ်ခုကို ပြုလုပ်ခဲ့ပြီး ဘရာဇီးလ်က ရီယိုဒီဂျနေးရိုးမြို့မှာ ကစားခဲ့တဲ့ Cleveland Cavaliers နဲ့ Miami Heat တို့ရဲ့ သရုပ်ပြပွဲကို virtual reality နည်းပညာနဲ့ ပြသမှု ပြုလုပ်ခဲ့ပါတယ်။
    NBA ရဲ့ ကမ္ဘာလုံးဆိုင်ရာ မီဒီယာဌာနက ဒုတိယဥက္ကဌဖြစ်တဲ့ ဂျက်ဖ် မာစီလီယိုက ဒီတီထွင်စမ်းသစ်မှုရဲ့ သက်ရောက်မှုအားကို အဲဒီစမ်းသပ်မှုမှာ သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။
    “ဒိုင်လူကြီးက ခင်ဗျားအနားမှာ (ဘက်စကတ်ဘော) ဘောလုံး ချပေးလိုက်သလို၊ ခင်ဗျားအနားကိုပဲ လိမ့်လာသလိုပါပဲ။ အဲဒီဘောလုံးနားသွားပြီး ကောက်နိုင်သလိုမျိုး ခံစားရပါတယ်။ အဲဒီတစ်ခဏဟာ တကယ့်ကို မျက်စိဖွင့်ပေးလိုက်တဲ့ အချိန်ပါပဲ” လို့ မီစီလီယိုက ပြောပါတယ်။
    ဖေဖော်ဝါရီက နှစ်ပတ်လည် All-Star သီတင်းပတ်ပြီးတဲ့နောက်ပိုင်းနဲ့ ဇူလိုင်လက လက်ဗီးဂက်စ်မှာလုပ်တဲ့ Summer League ပွဲတွေမှာ အခြားရှေ့ပြေးစမ်းသပ်မှုတွေကိုလည်း NBA က ပြုလုပ်ခဲ့ပါသေးတယ်။ virtual reality နည်းပညာနဲ့ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှုကိုတော့ ပြီးခဲ့တဲ့အောက်တိုဘာ ဘက်စကတ်ဘောရာသီအသစ် ဖွင့်ပွဲညမှာ ပြုလုပ်ခဲ့ပါတယ်။
    NBA က ဒီလိုစမ်းသပ်ထုတ်လွှင့်မှုတွေ ပြုလုပ်နေတဲ့အချိန်မှာ အခြားသော အားကစားအဖွဲ့အစည်းတွေကလည်း ဒီနည်းပညာကို စပ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကြိုးပမ်းမှုတွေကိုတော့ လူသိရှင်ကြား ထုတ်ဖော်ပြသခြင်း မပြုကြသေးပါဘူး။
    “အမှတ်ပေးပြိုင်ပွဲတွေက ဒါဟာ ဘယ်လိုအလုပ်ဖြစ်မလဲ၊ လူတွေက ဒါကိုကြိုက်ပါ့မလားဆိုတာကို ကြည့်ဖို့ ကနဦးစမ်းသပ်မှုပုံစံမျိုးသာ ပြုလုပ်နေကြပါတယ်။ အခုလိုအချိန်မျိုးဟာ ဒီနည်းပညာကို အကျိုးအမြတ်ရမယ့်အရာ တစ်ခုအဖြစ် သူတို့က မစဉ်းစားကြသေးပါဘူး” လို့ SportsEconomics က အကြံပေးအဖွဲ့ဥက္ကဌ ဒန်နီယဲလ် ရက်စ်ချာက ဆိုပါတယ်။
    အမျိုးသားဟော်ကီလိဂ်ကတော့ ဒီနှစ်အစောပိုင်းမှာ virtual reality နည်းပညာကိုသုံးပြီး ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ပြုလုပ်ခဲ့ပေမယ့် ဒီစမ်းသပ်မှုဟာ ကနဦးအဆင့်တွေသာ ရှိသေးတာမို့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
    အမျိုးသား (အမေရိကန်) ဘောလုံးလိဂ်ကတော့ အခုအချိန်မှာ ဒီနည်းပညာကို မစမ်းသပ်သေးဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ပွဲတွေကို ထုတ်လွှင့်သူတွေက ဒီနည်းပညာဖွံ့ဖြိုးမှုကို လေ့လာစူးစမ်းဖို့ ဆုံးဖြတ်မယ်ဆိုရင်တော့ သူတို့ဟာ ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။
    ခံစားလိုကြ
    ကယ်လီဖိုးနီးယားအခြေစိုက် vitrual reality နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ NestVR ကို အမေရိကန်နဲ့ ဥရောပက အားကစားအသင်းအဖွဲ့တွေဟာ စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ကုမ္ပဏီ ဥက္ကဌ ဘရဒ် အဲလန်က အတည်ပြုပြောကြားခဲ့ပါတယ်။
    “(အားကစားကမ္ဘာက) ဒီနည်းပညာကိုအသုံးပြုချင်တဲ့ အာသာဆန္ဒကတော့ မယုံကြည်နိုင်လောက်စရာပါပဲ။ အမှတ်ပေးပြိုင်ပွဲတိုင်း၊ အသင်းတိုင်း၊ အမှုဆောင်အဖွဲ့တိုင်း virtual reality နည်းပညာကို ဖွံ့ဖြိုးချင်ကြပါတယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေးသမားဘ၀ တစ်လျှောက်လုံး မြင်ဖူးသမျှထဲမှာ ဒါဟာ မယုံနိုင်လောက်စရာပါပဲ” လို့ အဲလန်က ဆိုပါတယ်။
    အားကစားအသင်းအဖွဲ့တွေဟာ သူတို့ရဲ့ အမာခံပရိတ်သတ်ကို တိုးတက်ဖို့ မျှော်လင့်နေပြီး အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေ အပါအ၀င် ကမ္ဘာကြီးရဲ့ အခြားအစိတ်အပိုင်းမှာ သူတို့ကိုအားပေးသူအရေအတွက် တိုးလာအောင် ပိုမိုဆောင်ရွက်ချင်တယ်လို့က သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
    Virtual reality ခေါင်းစွပ်မျက်မှန်နဲ့ တိုက်ရိုက်ထုတ်လွှင့်မှုပွဲကိုကြည့်ရတာဟာ လက်ရှိရနေတဲ့နည်းပညာ အသုံးပြုပြီးကြည့်ရတာနဲ့ နိုင်းယှဉ်ရင် ပရိတ်သတ်တွေရဲ့ ထိတွေ့ခံစားမှုကို သိသိသာသာ တိုးတက်စေပါတယ်။
    “ကွင်းအတွင်းမှာ ထိုင်နေရသလို ခံစားရမယ်။ ဘေးဘက်ကိုကြည့်ရင်လည်း ဘေးနားမှာ လူထိုင်နေတာကို တွေ့ရမယ်။ အပေါ်ကိုကြည့်ရင် ရလဒ်ဖော်ပြတဲ့ ဘုတ်ကြီးကို တွေ့ရမယ် အေက်ကိုကြည့်ရင်တော့ ကြမ်းပြင်ကိုမြင်ရမှာပါ။ ဒါဟာ ကွင်းထဲကို ကိုယ်တိုင်သွားကြည့်ဖို့ နောက်ထပ်အကောင်းဆုံး နည်းလမ်းပါပဲ” လို့ အဲလန်က ဆိုပါတယ်။
    ဘဏ္ဍာရေးအခွင့်အလမ်း
    ပရိတ်သတ်တွေနဲ့ ထိတွေ့ခွင့်အပြင် virtual reality နည်းပညာဟာ အားကစားအသင်းအဖွဲ့တွေနဲ့ ရုပ်သံလွှင့်သူတွေအတွက် အတော်လေး အကျိုးအမြတ်ထွက်နိုင်ပါတယ်။
    ဥပမာအားဖြင့် NBA ဟာ သူတို့ရဲ့ ကန်ဒေါ်လာ ၂၀၀၀ တန်တဲ့ ပွဲကြည့်ထိုင်ခုံကို ကွင်းထဲမှာရှိတဲ့ ခုံအရေအတွက်ထက် အကြိမ်အရေအများအပြား ပိုမိုရောင်းချနိုင်ပြီး ဒါဟာ ရပ်တန့်စရာမလိုတဲ့ လက်မှတ်တွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
    ဒါက ရင်းနှီးမြှုပ်နှံမှု ဘဏ်တစ်ခုဖြစ်တဲ့ Piper Jaffray က မေလမှာထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အလားအလာရှိတဲ့ ဖြစ်နိုင်ချေအမြတ်အစွန်း ဖြစ်ပါတယ်။
    ၂၀၂၅ ခုနှစ်မှာ ဒီနည်းပညာဟာ NBA ရဲ့ အပိုလက်မှတ်နဲ့ ကြော်ငြာအကျိုးအမြတ် ဒေါ်လာ သန်း ၅၀၀ လောက်ကို ရနိုင်မှာဖြစ်တယ်လို့ ဒီဘဏ်က တွက်ချက်ပြခဲ့ပါတယ်။ အဲဒီလိုပဲ NFL နဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲတွေကတော့ ၁.၂ ဘီလီယံနဲ့ သန်း ၄၀၀ လောက် အသီးသီး အကျိုးအမြတ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
    Piper Jaffray ရဲ့ ခန့်မှန်းမှုအရတော့ NBA ဟာ အစောဆုံး ၂၀၁၆ ခုနှစ်လောက်မှာ virtual reality နည်းပညာနဲ့ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် NBA က သူတို့ရဲ့ ခန့်မှန်းမှုထက်ပိုစောပြီး အောက်တိုဘာလက ပြသနိုင်ခဲ့ပါတယ်။
    မာစီလီယိုက နောက်ထပ် ထပ်မံထုတ်လွှင့်မယ့် အချိန်ကာလကို အတည်မပြုခဲ့ပေမယ့် NBA ဟာ ဒီနည်းပညာအသုံးပြုမှုကို တိုးမြှင့်လုပ်ဆောင်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဒါကို အကောင်အထည်ဖော်ဖို့- စမ်းသပ်မှုကနေ ဘယ်လို တစ်ဆင့်တက်ဆောင်ရွက်နိုင်မလဲဆိုတာ ကျွန်တော်တို့ နည်လမ်းတွေ ရှာဖွေနေပါတယ်”
    Sports Economics က ရက်စ်ချာက အဓိက အားကစားအသင်းအဖွဲ့အများစုဟာ ဒီ virtual reality နည်းပညာကို စမ်းသပ်ကြည့်လိုတဲ့ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်။
    “စီးပွားရေးရှုထောင့်ကကြည့်ရင် ဒီနည်းပညာဟာ ပုံသေကုန်ကျမှု မြင့်မယ့် နည်းပညာပါ။ အားလုံး နေသားကျသွားပြီဆိုရင်တော့ ဒါကိုလက်ခံသုံးစွဲဖို့ အားကစားလိဂ်တွေအတွက် တော်တော်လေး အကုန်အကျ သက်သာသွားပါလိမ့်မယ်။ အများစုအတွက် ဒီနည်းပညာကို မတူညီတဲ့ ဈေးနှုန်းတွေနဲ့ သုံးစွဲနိုင်ပါလိမ့်မယ်။ တော်တော်လေး ပြန့်နှံလာမယ့်သဘော ရှိပါတယ်” လို့ ရက်စ်ချာက ဆိုပါတယ်။
    စားသုံးသူတွေကို ပစ်မှတ်ထားတဲ့ virtual reality ခေါင်းစွပ်မျက်မှန်တွေဟာ ၂၀၁၆ ခုနှစ်မှာ ပိုထွက်လာဖို့ အလားအလာရှိပါတယ်။ လေ့လာဆန်းစစ်သူတွေကတော့ ဂိမ်းနယ်ပယ်ကနေစပြီး၊ ရုပ်ရှပ်၊ ဂီတနဲ့ အားကစားလောကအထိ ခြေဆန့်မယ်လို့ မျှော်လင့်ထားပါတယ်။
    ဒါပေမယ့် virtual reality နည်းပညာနဲ့ ဘယ်လောက်ပဲ မိတ်ဆက်အသုံးပြုသည်ဖြစ်စေ ပရိတ်သတ်တွေ ကွင်းအတွင်း လာရောက်ကြည့်ရှုမှုကို ထိခိုက်စေမှာမဟုတ်ဘဲ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ကြည့်ရှုခံစားတဲ့အရသာကိုတော့ ဘာနဲ့မှ အစားထိုးလို့မရဘူးလို့ မာစီလီယိုက ပြောကြားခဲ့ပါတယ်။
    (Aljazeera မှ Virtual reality : The real game-changer ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
  • နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၌ ကလေးငယ်လူကုန်ကူးမှု စံချိန်တင်
    နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၌ ကလေးငယ်လူကုန်ကူးမှု စံချိန်တင်
    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media
    myan
    – မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ ကလေးငယ် ၉၃ ဦးပါဝင်သည့် လူကုန်ကူးမှုများကို စုံစမ်းစစ်ဆေးနေပြီး အဆိုပါပမာဏမှာ နိုဝင်ဘာအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် လများနှင့်နှိုင်းယှဉ်လျှင် စံချိန်တင်ပမာဏဖြစ်သည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့၏ ယနေ့တွင်ထုတ်ပြန်ချက်အရ သိရသည်။
    ယခုနှစ်အတွင်း မြန်မာအာဏာပိုင်များမှာ လူကုန်ကူးသူများ၏ သားကောင်ဖြစ်ခဲ့ရသူ ၆၁၇ ဦးမှ ၅၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့အထဲမှ ၁၀၀ ခန့်မှာ ကလေးငယ်များဖြစ်သည်။
    ပြီးခဲ့သည့် ၁၁ လအတွင်း လူကုန်ကူးမှု ၁၂၀ ကို တွေ့ရှိခဲ့ရပြီး လူကုန်ကူးသူ ၃၅၅ ဦးမှ ၂၂၆ ဦးကို ဖမ်းဆီးခဲ့နိုင်ခဲ့သည်။ အဆိုပါ လူကုန်ကူးမှု ဖြစ်ပွားသော နေရာများတွင် ရှမ်းပြည်နယ်မှာ ၃၆ မှုဖြင့် ထိပ်ဆုံး၌ ရှိနေပြီး မန္တလေးနှင့် ရန်ကုန်တို့တွင် ၁၇ မှုစီရှိကာ ကချင်ပြည်နယ်တွင်မှု ၁၃ မှု ရှိခဲ့သည်။
    ၂၀၀၆ ခုနှစ်မှ ယခုနှစ်နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၌ လူကုန်ကူးမှု ၁၂၄၃ မှုကို စုံစမ်းစစ်ဆေးခဲ့ရပြီး လူကုန်ကူးမှု သားကောင်ဖြစ်ခဲ့ရသူ ၂၅၀၀ ကို ကယ်တင်နိုင်ခဲ့သည်။ လူကုန်ကူးသူ ၂၀၀၀ ကျော်ကိုမူ တရားဥဒေရှေ့မှောက်သို့ ခေါ်ဆောင်နိုင်ခဲ့သည်ဟု မြန်မာအစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
    Ref: Xinhua