News @ M-Media

Blog

  • “ကမ္ဘာကြီးရဲ့ခေါင်မိုး” လို့ တင်စားခံရတဲ့ တိဘက်က ကြောက်မယ်ဖွယ် သဘာဝပတ်ဝန်းကျင် ပြဿနာများ

    “ကမ္ဘာကြီးရဲ့ခေါင်မိုး” လို့ တင်စားခံရတဲ့ တိဘက်က ကြောက်မယ်ဖွယ် သဘာဝပတ်ဝန်းကျင် ပြဿနာများ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    tibet

    – ကမ္ဘာ့ခေါင်းဆောင်တွေက ပဲရစ်မှာ ရာသီဥတုပြောင်းလဲမှုအတွက် ခေါင်းချင်းရိုက်ဆွေးနွေးနေကြတဲ့အချိန် “ကမ္ဘာကြီးရဲ့ ခေါင်မိုး” လို့ တင်စားခေါ်ဝေါ်ကြရတဲ့ တိဘက်နိုင်ငံကတော့ ဆိုးရွားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

    နိုင်ငံတစ်ဝှမ်းက ရေခဲပြင်ကြီးတွေဟာ မြင့်တက်လာတဲ့ အူချိန်ကြောင့် လျင်လျင်မြန်မြန်ပဲ အရည်ပျော်နေတယ်လို့ တိဘက်တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

    “တိဘက်ကုန်းပြင်မြင့်ကြီးရဲ့ ကမ္ဘာလုံးဆိုင်ရာအရေးပါမှုကို ကမ္ဘာကြီး၊ ကုလနဲ့ နိုင်ငံခေါင်းဆောင်တွေ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းတွေက လှည့်ကြည့်သင့်တယ်လို့ ကျွန်တော်တို့ တောင်းဆိုနေပါတယ်။ ပြီးတော့ တိဘက်ကုန်းပြင်မြင့်ဟာ ကမ္ဘာ့ ရာသီဥတုဆိုင်ရာ ဆွေးနွေးမှုတွေမှာ အဓိကအကြောင်းအရာ ဖြစ်သင့်ပါတယ်” လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနပညာရှင် တမ်ပါ ဂျာလ်ဆန် ဇမ်လ်ဟာက ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

    “ဒါဟာ ပဲရစ်က COP21 (ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ)အတွက် ကျွန်တော်တို့ တိုက်တွန်းချင်တဲ့ ကိစ္စပါပဲ”

    ဇမ်လ်ဟာ ဟာ ပဲရစ်က အဲဒီညီလာခံကို တီဘက်ပေါ်လစီရေးရာအသင်း CTA ကို ကိုယ်စားပြုပြီး တက်ရောက်နေတဲ့သူ ဖြစ်ပါတယ်။

    တီဘက်ကုန်းပြင်မြင့်ဟာ ရေခဲပြင်ပေါင်း ၄၆၀၀၀ တည်ရှိတဲ့ နေရာဖြစ်ပြီး အဲဒီ ရေခဲပြင်တွေဟာ အိန္ဒိယရဲ့ တရုတ်နိုင်ငံတွေအပါအ၀င် အာရှနိုင်ငံတော်တော်များများကို စီးဆင်းတဲ့ မြစ်တွေရဲ့ အဓိက ရင်းမြစ်တစ်ခုလည်း ဖြစ်နေပါတယ်။

    “တိဘက်ကနေ မြစ်ဖျားခံစီးဆင်းတဲ့ ရေကို အာရှပြည်သူ ၁.၃ ဘီလီယံလောက်က မှီခိုနေရပါတယ်။ ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုကြောင့် ဒီရေခဲပြင်ကြီးတွေဟာ နှစ်ဆတိုးအရည်ပျော်နေပြီး ကမ္ဘာကြီးရဲ့ အခြားနေရာတွေက ရေခဲပြင်တွေထက် ပိုမြန်မြန် အရည်ပျော်နေတာလည်း ဖြစ်ပါတယ်။ ဒါဟာ ရေအရင်းအမြစ် ဖူလုံရေး ပြဿနာပါပဲ” လို့ COP21 ညီလာခံကို တက်ရောက်နေတဲ့ တီဘက်တက်ကြွလှုပ်ရှားသူ လော့ဘ်ဆန် ယန်ဆိုက ပြောပါတယ်။

    ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၀၀၀ အမြင့်မှာတည်ရှိပြီး ဟိမ၀န္တာတောင်တန်းရဲ့ထိပ်မှာ စကွဲယားကီလိုမီတာ ၂.၅ သန်း ကျယ်ပြန့်တဲ့ တိဘက်ကုန်ပြင်မြင့်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ကုန်းပြင်မြင့်တွေထဲမှာ အကြီးဆုံး ကုန်းပြန်မြင့်လည်း ဖြစ်ပါတယ်။

    “အကြီးဆုံးနဲ့ အရေးပါဆုံး မြစ်ကြီး ၆ သွယ်က တီဘက်ကနေ မြစ်ဖျားခံလာပြီး အိန္ဒိယနဲ့ ပါကစ္စတန်အပါအ၀င် ကမ္ဘာပေါ်မှာ လူဦးရေအထူထပ်ဆုံး နိုင်ငံ ၁၀ ခုစီကို စီးဆင်းနေပါတယ်။ တိဘက်ကုန်းပြင်မြင့်မှာဖြစ်တဲ့ အပြောင်းအလဲတွေဟာ အဲဒီတိုင်းပြည်တွေအတွက်လည်း သက်ဆိုင်မှု ရှိနေမှာပါ။ ချက်ခြင်းလက်ငင်းဖြစ်မယ့် အကျိုးဆက်တွေက ရေကြီးတာမျိုးနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေပါပဲ” လို့ ဇမ်လ်ဟာက ဆိုပါတယ်။

    COP21 ညီလာခံပြီးဆုံးဖို့ တစ်ရက်သာလိုတော့တဲ့အချိန်မှာ ကမ္ဘာ့ခေါင်းဆောင်တွေကတော့ ကမ္ဘာ့အပူချိန်ကို အလျင်အမြန် မြင့်တက်စေတဲ့ ကာဘွန်ထုတ်လွှတ်မှု တရားဝင်လျော့ချရေး သဘောတူညီချက်ရရှိဖို့ နောက်ဆုံး မိနစ်အထိ ဆွေးနွေးငြင်းခုံနေကြတုန်းပါပဲ။

    စက်မှုထွန်းကားတဲ့နိုင်ငံတွေကတော့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဒီဝန်ထုတ်ဝန်ပိုးကို ပိုမိုမျှဝေဖို့ အင်တိုက်အားတိုက် ကြိုးစားနေကြပါတယ်။

    တိဘက်တက်ကြွလှုပ်ရှားသူတွေကတော့ တိဘက်က စီးဆင်းတဲ့ မြစ်ကြောင်းတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၁ ပုံကို အထောက်အကူပြုနေတာကြောင့် ကမ္ဘာကြီးဟာ တိဘက်ကို လစ်လျူမရှုသင့်ဘူးလို့ ဆိုပါတယ်။

    တရုတ်ဟာ တိဘက်မှာ ဆည်တွေအများအပြားဆောက်ထားပြီး၊ သတ္ထုတွင်းလုပ်ငန်းတွေကိုလည်း တော်တော်များများ လုပ်ကိုင်နေတာကြောင့် ရလဒ်အနေနဲ့ တိဘက်က လှည့်လည်သွားလာနေထိုင်သူ လူမျိုး(နော်မဒ်) တွေဟာ ပြောင်းရွှေ့ပေးနေရပါတယ်။

    “တရုတ်တွေကြောင့် နော်မဒ်လူမျိုး ၂ သန်းကျော်လောက်ဟာ သူတို့ရဲ့နေရာကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ တိဘက်က ဒီနော်မဒ်တွေရဲ့ အသက်မွေးဝမ်းကြောင်းမှုဟာ မရေရာမသေချာတော့ဘူး။ လူငယ်မျိုးဆက်တွေဟာလည်း တိဘက်ယဉ်ကျေးမှုနဲ့ ဘာသာစကားကို ဆုံးရှုံးခဲ့ရပါတယ်။ တိဘက်ပြည်သူတွေဟာ ရာသီဥတုဆိုးဝါးမှုရလဒ်ကို လျော့ပါးသက်သာစေတဲ့၊ လိုက်လျောညီထွေဖြစ်အောင်လုပ်တဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်သင့်ပါတယ်” လို့ လော့ဘ်ဆန်က ပြောခဲ့ပါတယ်။

    “ပေါ်လစီရေးဆွဲတဲ့နေရာမှာ တိဘက်တွေရဲ့အသံကိုလည်း ထည့်သွင်းသင့်ပါတယ်။ တရုတ်အစိုးရကလည်း တိဘက်ပြည်သူတွေဟာ ပြဿနာမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ပြဿနာရဲ့ အဖြေဖြစ်တယ်ဆိုတာကိုလည်း အသိအမှတ်ပြုသင့်ပါတယ်” လို့ သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    တိဘက်ပြည်သူတွေကတော့ တရုတ်နိုင်ငံဟာ သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို လစ်လျူရှုပြီး သူတို့ရဲ့ယဉ်ကျေးမှုနဲ့ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

    တိဘက်ပြည်သူတွေရဲ့ နာမ်ပိုင်းဆိုင်ရာခေါင်းဆောင်ဖြစ်တဲ့ ဘုန်းတော်ကြီးဒလိုင်းလားမားကတော့ မကြာသေးမီက ထုတ်ပြန်ခဲ့ဗီဒီယိုမှာ ဒီလိုပြောကြားခဲ့ပါတယ်။

    “ဒီစိမ်းလန်းတဲ့ကမ္ဘာကြီးဟာ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော နေအိမ်ကြီးဖြစ်ပြီး တိဘက်ကတော့ အဲဒီအိမ်ရဲ့ အမိုးဖြစ်ပါတယ်။ တိဘက်ကုန်းပြင်မြင့်ဟာ ကာကွယ်ဖို့လိုအပ်နေပြီး ဒါဟာ တိဘက်ပြည်သူတွေအတွက်သာ မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင် ကျန်းမာရေးနဲ့ ကမ္ဘာကြီးရေရှည်တည်တံ့ဖို့အတွက်ပါပဲ”

    ဒလိုင်းလားမားဟာ ၁၉၅၉ ခုနှစ်မှာ အိန္ဒိယနိုင်ငံကို ပြောင်းရွှေ့ခဲ့ရပြီး အဝေးရောက်အစိုးရဖွဲ့စည်းခဲ့ကာ ရုံးချုပ်ကတော့ အိန္ဒိယတောင်ပေါ်မြို့လေးဖြစ်တဲ့ ဒါရမ်ဆာလာမှာ တည်ရှိပါတယ်။

    တိဘက်ရဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်းဟာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးတွေက ဆွေးနွေးညှိနှိုင်းသူတွေရဲ့ စကားဝိုင်းမှာ အာရုံစိုက်မှု ရမှာမဟုတ်ဘူး ဆိုတာကိုလည်း တက်ကြွလှုပ်ရှားသူတွေက ရိပ်စားမိကြပါတယ်။

    “ကျွန်တော်တို့ဟာ အစိုးရတွေကိုပဲ မှီခိုလို့မရပါဘူး။ ကျွန်တော်တို့ အတူတကွ အလုပ်လုပ်ဖို့လိုတယ်။ ဒါဟာ အစိုးရကိစ္စမဟုတ်ပါဘူး။ ပြည်သူ့ကိစ္စပါ။ သူတို့ဟာ ရာသီဥတုပြောင်းလဲမှုကို အခံစားရဆုံးသူတွေပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က သဘာဝပတ်ဝန်းကျင်ကို တကယ် ဂရုစိုက်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေနဲ့ သိပ္ပံပညာရှင်တွေ ပါဝင်တဲ့ ကွန်ယက်တွေ ဖွဲ့ဖိုပါပဲ” လို့ လော့ဘ်ဆန်က ပြောကြားခဲ့ပါတယ်။

    (Aljzaeera သတင်းဌာနမှ Roof of the world’ cries for climate action ဆောင်းပါးကို ဆီလျော်အောင်
    ဘာသာပြန်ဆိုသည်)

     

  • မိမိတို့အားခြိမ်းခြောက်သူများကို ချေမှုန်းသွားမည်ဟု ရုရှားပြော

    မိမိတို့အားခြိမ်းခြောက်သူများကို ချေမှုန်းသွားမည်ဟု ရုရှားပြော

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    ဆီးရီးယား၌ ရုရှားက အသုံးပြုနေသော လေတပ်စခန်းအနီးတွင် ချထားသည့် S300 လေကြောင်းရန်ကာကွယ်ရေးစနစ်

    – ဆီးရီးယားနိုင်ငံရှိ မိမိတို့၏ စစ်ဖက်ဆိုင်ရာများကို ခြိမ်းခြောက်သည့် မည်သည့်ပစ်မှတ်ကိုမဆို ဖျက်ဆီးချေမှုန်းသွားမည်ဟု ရုရှားသမ္မတပူတင်က ယမန်နေ့တွင်ပြုလုပ်ခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးတစ်ခုတွင် ပြောကြားလိုက်သည်။

    ရုရှားက ဆီးရီးယားတွင် ပြုလုပ်နေသည့် စစ်ရေးဆောင်ရွက်မှုမှာ FSB ကဲ့သို့ ရုရှား၏ အထူးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး ထိုအဖွဲ့များမှာ IS အပါအ၀င် အကြမ်းဖက်အဖွဲ့များကို ဖော်ထုတ်တိုက်ခိုက်နေကြသည်။

    “ကျွန်တော်တို့ရဲ့ စစ်တပ်အဖွဲ့ ဒါမှမဟုတ် မြေပြင်က အခြေခံအဆောက်အဦးတွေကို ခြိမ်းခြောက်တဲ့ ဘယ်ပစ်မှတ်မဆို တိုက်ခိုက်ဖျက်ဆီးသွားမှာပါ” ဟု ဆိုပြီး အမေရိကန်ကျောထောက်နောက်ခံပြုထားသည့် ဆီးရီးယားလွတ်မြောက်ရေးတပ်ဖွဲ့မှာ အကြမ်းဖက်သမားများဖက်မှ ပါဝင်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှီဂူကလည်း ဆီးရီးယားနိုင်ငံ၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသော IS အဖွဲ့မှာ ဆီးရီးယားနှင့် အီရတ်တို့တွင် တပ်ဖွဲ့ဝင်ပေါင်း ၆၀၀၀၀ ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် IS အဖွဲ့၏ သြဇာမှာ တစ်ဖြည်းဖြည်း ကျယ်ပြန့်လာနေသည်ဟု ဆိုသည်။

    Ref: RT

  • အမေရိကန်ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး မုဒိမ်းမှုဖြင့် ထောင်ဒဏ် နှစ် ၂၀၀ ကျော် ကျခံရဖွယ်ရှိနေ

    အမေရိကန်ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး မုဒိမ်းမှုဖြင့် ထောင်ဒဏ် နှစ် ၂၀၀ ကျော် ကျခံရဖွယ်ရှိနေ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    – အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမားမြို့မှ ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးအား အမျိုးသမီးများကို အကြိမ်များစွာ အဓမ္မပြုကျင့်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီး ထောင်ဒဏ်နှစ် ၂၀၀ ကျော်ချမှတ်ရန် ဂျူရီများက အကြံပေးခဲ့ကြသည်ဟု သိရသည်။

    အသက် ၂၉ နှစ်အရွယ်ရှိ ဒန်နီယဲလ် ဟော့ဇ်ကလောဆိုသူ ဖြစ်ပြီး ရှေ့နေများကမူ ၎င်းမှာ ရာဇ၀တ်မှုမှတ်တမ်းများ၊ မူးယစ်ဆေးဝါးပြဿနာများ သို့မဟုတ် ပြည့်တန်ဆာမှတ်တမ်း ရှိသူများကို ရှာဖွေကာ ခြိမ်းခြောက်ပြီး ၎င်း၏ ရာထူးအား အလွဲသုံးစားလုပ်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ၎င်းအား ပထမအဆင့် အဓမ္မကျင့်မှုနှင့် ဓမ္မတာမဟုတ်သော လိင်ဆက်ဆံမှု စုစုပေါင်း စွဲချက် ၃၆ ချက်ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး နာရီပေါင်း ၄၀ ကျော်ကြာ စစ်ဆေးကြားနာခဲ့ပြီးနောက် စွဲချက် ၁၈ ခုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    ဂျူရီများကမူ ဟော့ဇ်ကလောအား ထောင်ဒဏ် စုစုပေါင်း ၂၆၃ နှစ်ချမှတ်ရန် အကြံပြုခဲ့ပြီး လာမည့်လတွင် စီရင်ချက်ချမည်ဖြစ်သည်။

    Ref: CNN

  • သဘာဝဘေးဒဏ်ခံ ချင်းပြည်နယ် ပြန်လည်ထူထောင်ရေး နှောင့်နှေးနေ

    သဘာဝဘေးဒဏ်ခံ ချင်းပြည်နယ် ပြန်လည်ထူထောင်ရေး နှောင့်နှေးနေ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    chin

    – ပြီးခဲ့သည့်လများအတွင်း ချင်းပြည်နယ်၌ ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များမှာ ကြန့်ကြာနေသည်ဟု သိရသည်။

    နိုင်ငံအနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဆိုးရွားသော ရာသီဥတု အခြေအနေများကြောင့် ပြည်သူ ၂ သောင်းနီးပါးမှာ အိုးအိမ်စွန့်ခွာခဲ့ရပြီး ဇူလိုင်လအတွင်း ကြုံတွေ့ခဲ့ရသည့် မိုးသည်းထန်စွာ ရွာသွန်းမှုကိုလည်း သက်တမ်းတစ်လျှောက် အဆိုးဆုံး သဘာဝဘေးအန္တရာယ်အဖြစ် ဒေသခံများ ခေါ်ဆိုခဲ့ကြသည်။ အဆိုပါ သဘာဝ ဘေးအန္တရာများကြောင့် ချင်းပြည်နယ်တစ်ဝှမ်းရှိ မြို့များ၊ ရွာများမှာ ပျက်ဆီးခဲ့ရသည်။

    လက်ရှိအချိန်တွင် ပြည်နယ်မြို့တော် ဟားခါးရှိ လမ်းများမှာ ရှင်းလင်းပြီး ဖြစ်သော်လည်း ကျေးလက်ဒေသများမှာမူ ထိုကဲ့သို့ ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

    ချင်းပြည်နယ်သို့ ပို့ဆောင်သည့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများမှာလည်း လမ်းတွင် ရေလွှမ်းမိုးသည့် မြို့များ၊ ရွာများကို ဖြတ်သန်းရသောကြောင့် ချင်းပြည်နယ်သို့ မရောက်ခင်ပင် ပစ္စည်းများ ပြတ်တောက်သွားခဲ့ရသည်။ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးဆိုင်ရာ တာဝန်ရှိသူ ပီတာ ဘရင်မ်ဘဲလ်က ချင်းပြည်နယ်၏ တည်နေရာမှာ ပြန်လည်ထူထောင်ရေးလုပ်ရန် ခက်ခဲစေသည်ဟု ပြောကြားခဲ့သည်။

    “လာဖို့လည်းခက်တယ်၊ သွားဖို့လည်းခက်တယ်။ ဒါက ပျက်ဆီးသွားတဲ့ အိမ်တွေ၊ ကျောင်းတွေ ဆောက်လုပ်ဖို့အတွက် ပစ္စည်းသယ်လာဖို့၊ သယ်သွားဖို့အတွက် စိန်ခေါ်မှုကြီး ဖြစ်နေပါတယ်” ဟု ဘရင်မ်ဘဲလ်က ပြောကြားခဲ့သည်။

    ပြည်သူများအား ကူညီရန်အတွက် နောက်ထပ်မဟာဗျူဟာတစ်ခုမှာ ၎င်းတို့အား ပြောင်းရွှေ့ပေးခြင်းဖြစ်ပြီး ဒေသခံများအား ပြန်လည်နေရာချထားရေးအတွက် မြန်မာအစိုးရက ကန်ဒေါ်လာ ၃ သန်း သုံးစွဲနေသည်။

    သို့သော်လည်း အဆိုပါ ပြန်လည်နေရာချထားရေးလုပ်ငန်းတွင် အဓိက ကန့်ကွက်မှုကြီး ၂ ခု ရှိနေသည်။ ပထမတစ်ခုမှာ အိမ်များပြန်လည်ဆောက်လုပ်ရေး ကန်ထရိုက်ကို အာဏာပိုင်များနှင့် ပတ်သက်သူများသာ ရရှိခြင်းနှင့် ဒုတိယတစ်ခုမှာ အလျင်အမြန်ဆောက်လုပ်ခြင်းကြောင့် အရည်အသွေးပိုင်းတွင် အားနည်းခြင်းတို့ ဖြစ်သည်။

    ဟားခါးမြို့အပြင်ဘက်တွင် အိမ်အသစ် အလုံး ၇၀၀ ကို ဆောက်လုပ်နေသော်လည်း ထိုနေရာမှာ မြို့နှင့် ဝေးလံခေါင်ဖျားသည့်နေရာ ဖြစ်နေသည်ဟု စုံစမ်းစစ်ဆေးသူများက ဆိုသည်။ အဆိုပါအိမ်များသို့ပြောင်းရွှေ့ရန် စောင့်ဆိုင်းနေရသူများမှာ ယာယီစခန်းများ၌ နေထိုင်နေရသည်မှာ ၅ လခန့် ရှိပြီဖြစ်သည်။

    Ref: VOA

  • ကိုရီးယား ၂ နိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်များ တွေ့ဆုံ

    ကိုရီးယား ၂ နိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်များ တွေ့ဆုံ

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    korea

    – တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့မှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များမှာ မြောက်ကိုရီးယားရှိ ကေဆွန်စက်မှူဇုန်၌ ယနေ့မနက်တွင် တွေ့ဆုံခဲ့ကြပြီး ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုများ လျော့ချရေး၊ မူအရ စစ်ဖြစ်ပွားဆဲအခြေအနေတွင် ရှိနေသည့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ရေးအတွက် ဆွေးနွေးရန် ရည်ရွယ်ခဲ့သည်ဟု သိရသည်။

    အဆိုပါတွေ့ဆုံမှုမှာ နှစ်နိုင်ငံနယ်ခြားရှိ စစ်ကင်းမဲ့ဇုန်တွင် သြဂုတ်လက မြေမြှုပ်မိုင်းများ ပေါက်ကွဲခဲ့ပြီး တင်းမာမှု မြင့်တက်လာပြီးနောက်ပိုင်း ဆောင်ရွက်သည့် ခြေလှမ်းများထဲမှ တစ်ခုလည်းဖြစ်သည်။

    “တန့်နေတဲ့ ပြဿနာတွေကို ညှိနှိုင်းမှုတွေကနေတစ်ဆင့် ချောချောမွေ့မွေ့ ဆွေးနွေးသွားနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည့် ပြန်လည်ပေါင်းစည်းရေး ဒုတိယ၀န်ကြီး ဟောင်ဘူဂီက ပြောကြားခဲ့သည်။ မြောက်ကိုရီးယား ဆွေးနွေးညှိနှိုင်းရေး အကြီးအကဲ ဂျွန်ဂျွန်ဆုကလည်း အေးစက်နေသည့် မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးကို နွေးထွေးလာရေး နှစ်ဖက် အားထုတ်မှုများပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

    ယခုတွေ့ဆုံပွဲတွင် သီးသန့်သတ်မှတ်ထားသည့် အစီအစဉ်များ မရှိဘဲ နှစ်နိုင်ငံ မိသားစုများ ပြန်လည်ပေါင်းစည်းရေး ပိုမိုလုပ်ဆောင်သွားရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်မည်ဟုသာ မျှော်လင့်ရသည်။

    Ref: Channelnewsasia