News @ M-Media

Blog

  • အိုအိုင်စီ၏ ပထမကြိမ် မိခင်နှင့်ကလေး ကျန်းမာရေးဆွေးနွေးပွဲကို တူရကီတွင် ကျင်းပ

    အိုအိုင်စီ၏ ပထမကြိမ် မိခင်နှင့်ကလေး ကျန်းမာရေးဆွေးနွေးပွဲကို တူရကီတွင် ကျင်းပ

    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media

    oic

    – လူဦးရေတိုးပွားမှုဆိုင်ရာ၊ မျိုးဆက်ပွားကျန်းမာရေး၊ မိခင်နှင့် ကလေ ကျန်းမာရေး စသည်တို့နှင့် ပတ်သက်၍ ကျွမ်းကျင်သူများက တွေ့ဆုံဆွေးနွေးခဲ့သည့် OIC ၏ ပထမအကြိမ် အစည်းအဝေးကို တူရကီနိုင်ငံ အန်ကာရာမြို့တွင် ဒီဇင်ဘာ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပခဲ့သည်ဟု သိရသည်။

    OIC အဖွဲ့ဝင်နိုင်ငံများမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှာ အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးမှာ OIC နိုင်ငံများအကြား ကျန်းမာရေးနှင့်ပတ်သက်၍ တီထွင်ဖန်တီးမှုများ ပေါ်ထွက်လာရေး၊ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာရေးတို့ကို ဆောင်ရွက်ပေးမည့် ကွန်ယက်တစ်ခု တည်ဆောက်ရေးအတွက် ပထမခြေလှမ်းလည်း ဖြစ်သည်။

    ဆွေးနွေးပွဲတွင် မျိုးဆက်ပွားကျန်းမာရေး၊ မိခင်နှင့်ကလေး ကျန်းမာရေးကဏ္ဍများအတွက် မတူညီသောအမြင်များ တင်ပြဆွေးနွေးခဲ့ကြသည်။ လူဦးရေဆင့်ကဲတိုးတက်မှုနှင့် စာရင်းဇယားအညွှန်းကိန်းများ၊ မိခင်နှင့်ကလေး ကျန်းမာရေးအပေါ် မျက်မှောက်ခေတ်နှင့် နှိုင်းယှဉ်၍ ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြသည်။

    Ref: IINA News

  • တူရကီ၏ ထိပ်တန်း သိပ္ပံဆိုင်ရာဆုကို ကာဇခ်စတန်မှ သင်္ချာပညာရှင်တစ်ဦး ရရှိ

    တူရကီ၏ ထိပ်တန်း သိပ္ပံဆိုင်ရာဆုကို ကာဇခ်စတန်မှ သင်္ချာပညာရှင်တစ်ဦး ရရှိ

    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media

    turkey

    – တူရကီနိုင်ငံ သိပ္ပံနှင့် နည်းပညာ သုတေသနကောင်စီ၏ ထိပ်တန်းဂုဏ်ပြုဆုကို ကာဇခ်စတန် နိုင်ငံမှ သင်္ချာပါမောက္ခ ဒေါက်တာ မာရက် အခ်မက်က ရရှိခဲ့သည်ဟု သိရသည်။

    ဆုချီးမြှုင့်ပွဲအခမ်းအနားကို မြို့တော်အန်ကာရာ ဆင်ခြေဖုံးရှိ Aksaray သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တူရကီသမ္မတ ရီဆက်ပ် တိုင်ယစ်ပ် အာဒိုဂန်က တက်ရောက်ကာ ဆုချီးမြှင့်ပေးခဲ့သည်။ ပါမောက္ခအခ်မက်ကလည်း ယခုကဲ့သို့ ဂုဏ်ပြုခြင်းခံရခြင်းအတွက် ကောင်စီကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေက ကာဇခ်စတန်တွင်သာ မကဘဲ နိုင်ငံရပ်ခြားမှာပါ အခုလို အောင်မြင်တဲ့အတွက် ကြည်နူးဝမ်းသာမိပါတယ်။ အခ်မက်ရဲ့ စံနမူနာကိုကြည့်ပြီး ကျွန်ုပ်တို့ ကာဇခ်စတန်နိုင်ငံသားတွေဟာ သိပ္ပံပညာရပ်မှာ ထူးချွန်ပေါက်မြောက်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ကာဇခ်စတန် သံအမတ် ဇန်စီတ် တူမီဘာအယက်ဗ်က ပြောကြားခဲ့သည်။

    သိပ္ပံနည်းကျ ဆန်းသစ်မှုများနှင့် differential equations ၏ ယေဘုယျဆိုင်ရာ သီအိုရီ ပေါ်ထွက်လာစေရန်အတွက် နိုင်ငံတကာအဆင့်တွင် ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့ခြင်းတို့ကြောင့် ပါမောက္ခ အခ်မက်အား အဆိုပါသိပ္ပံဂုဏ်ပြုဆုကို ချီးမြှင့်ခြင်းဖြစ်သည်ဟု သိရသည်။

    သင်္ချာဘာသာရပ်တွင် ၎င်း၏ သုတေသနပြုချက်များကို တူရကီနိုင်ငံတွင်သာမက ဥရောပနိုင်ငံများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်မည် ဖြစ်သည်။ ထပ်မံ၍ ၎င်း၏ သုတေသနပြုချက်များကို တူရကီ၊ ဥရောပ၊ အမေရိကန်နိုင်ငံတို့တွင် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်။

    Ref: IINA News

  • အေစီမီလန်မှာ အမှတ် ၂ မှတ် ဖြုန်းတီးခဲ့သည်ဟု နည်းပြပြော

    အေစီမီလန်မှာ အမှတ် ၂ မှတ် ဖြုန်းတီးခဲ့သည်ဟု နည်းပြပြော

    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media

    ac

    – တန်းတက် ကာရ်ပီအသင်းအား ဂိုးမရှိသရေကျခဲ့သည့် ယမန်နေ့ စီးရီးအေပွဲအတွက် အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ်ခ်ျက ဒေါသထွက်ခဲ့ပြီး မိမိတို့အသင်းမှာ အမှတ် ၂ မှတ်ကို ဖြုန်းတီးခဲ့သည်ဟု ပြောကြားခဲ့သည်။

    အဝေးကွင်းတွင် သွားရောက်ကစားခဲ့ရသည့် ထိုပွဲတွင် ခံစစ်အားပြုကစားသည့် ကာရ်ပီအသင်းကို အေစီမီလန်မှာ ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်းမရှိဘဲ နောက်ဆုံးအချိန်များတွင် ဖိအားပေးနိုင်ခဲ့သော်လည်း လိုချင်သည့်ဂိုးကို မရရှိခဲ့ပေ။ ထိုပွဲမှာ ယခုနှစ် စီးရီးအေတွင် အေစီမီလန် ဂိုးမသွင်းနိုင်သည့် ၇ ပွဲမြောက်လည်း ဖြစ်ခဲ့သည်။

    “ပထမပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းခဲ့ရမှာပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ တိုးတက်လာခဲ့ပြီး အနိုင်နဲ့လည်း ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဂိုးသွင်းခွင့်တော်တော်များများကို ဖန်တီးခဲ့ပေမယ့် ကာရ်ပီက ခံစစ်ကို အထိုင်ကစားခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဖန်တီးနိုင်စွမ်းနဲ့ ကံတရား လိုအပ်ခဲ့ပါတယ်။ ဂိုးရှေ့မှာ ကျွန်တော်တို့ ဆုံးဖြတ်ချက် ပိုပြတ်သားဖို့လိုပြီး ဒီလိုပွဲမျိုးဟာ ဖောက်ထွက်ရမယ့် ပွဲမျိုးပါ။ ကျွန်တော်တို့ အမှတ် ၂ မှတ်ကို ဖြုန်းတီးပစ်ခဲ့ပါတယ်။ ၀မ်းနည်းစရာပါပဲ။ ဒါပေမယ့် နောက်ပွဲကို ကျွန်တော်တို့ အာရုံစိုက်ရပါမယ်” ဟု မီဟိုင်းလိုဗစ်ခ်ျက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • မာလက္ကာရေလက်ကြားမှာ ပင်လယ်ဓားပြတိုက်မှု အမြင့်ဆုံးဖြစ်ပွားသည့် ဒေသဖြစ်နေ

    မာလက္ကာရေလက်ကြားမှာ ပင်လယ်ဓားပြတိုက်မှု အမြင့်ဆုံးဖြစ်ပွားသည့် ဒေသဖြစ်နေ

    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media

    mala

    – ပင်လယ်ဓားပြတိုက်ခိုက်မှုမှာ ဆိုမာလီတွင် နာမည်ကြီးနေသော်လည်း အရှေ့တောင်အာရှ ရေပြင်သည် ကမ္ဘာ့ အခြားနေရာများထက် ပို၍ ပင်လယ်ဓားပြမှု ပိုမိုဖြစ်ပွားနေသည်ဟု သိရသည်။

    ၂၀၁၄ ခုနှစ်တွင် ပင်လယ်ဓားပြမှုများ အဓိကဖြစ်ပွားခဲ့သည့်ဒေသမှာ ဆိုမာလီယာနိုင်ငံဖြစ်ပြီး မလက္ကာရေလက်ကြားသည်လည်း အလွန်သတိထားကာ သွားလာရမည့် ပင်လယ်ခရီးတစ်ခုအဖြစ် အန္တရာယ်အများဆုံးထဲက တစ်ခု ဖြစ်နေသည်။

    ၂၀၁၀ မှစ၍ မာလက္ကာ ရေလက်ကြားတွင် သင်္ဘောများကို တိုက်ခိုက်မှုများသည် နှစ်စဉ် နှစ်ဆစီ မြင့်တက်လာခဲ့သည်။ ယခုနှစ် ပထမ ၁၀လတွင် တိုက်ခိုက်ရန်ကြိုးပမ်းမှု ၁၂ မှုအပါအ၀င်၊ လုယက်ဓားပြတိုက်မှု ၁၇၄ ခု အထိ ရှိခဲ့သည်။ ၎င်းအရေအတွက်မှာ ၂၀၁၃ ခုနှစ်ကထက် ပိုများသည်ဟု သိရသည်။ ပင်လယ်ဓားပြများက အဓိကပစ်မှတ်ထား တိုက်ခိုက်သည့် သင်္ဘောများမှာ ရေနံနှင့် စားအုန်းဆီတင်သင်္ဘောများ ဖြစ်သည်။

    ပင်လယ်ဓားပြဂိုဏ်းများကို ဆိပ်ကမ်းများတွင် အလုပ်ရှာနေသော အလွတ်တမ်းပင်လယ်ဓားပြများနှင့် စီးပွားရေးသမားတို့အကြား ကျွမ်းကျင်စွာ ဖွဲ့စည်းလုပ်ကိုင်ကြကြောင်း တွေ့ရှိရလေသည်။

    ပင်လယ်ဓားပြအများစုမှာ အင်ဒိုနီးရှားတံငါရွာများမှ ရောက်လာကြခြင်းဖြစ်သည်။ ဓားပြဂိုဏ်းများသည် ၎င်းတို့၏ တိုက်ခိုက်မှုများအတွက် သူလျှိုများကို အသုံးပြုကြပြီး ထိုအထဲတွင် သင်္ဘောသားများမှ ရေတပ်သားများအထိပါဝင်ကြောင်း တွေ့ရှိရသည်။

    Ref: Al-jazeera

  • လီဗာပူးလ်ပွဲကြည့်ခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်သည်ဟု နည်းပြကလော့ပ် ပြော

    လီဗာပူးလ်ပွဲကြည့်ခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်သည်ဟု နည်းပြကလော့ပ် ပြော

    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media

    liver

    – နယူးကာဆယ် အသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲကို ကြည့်ရခြင်းမှာ အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပြီး မိမိအသင်းမှာ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်သည်ဆိုသည့် အယူအဆကို ငြင်းပယ်ခဲ့သည်။

    နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲအားလုံး ၈ ပွဲတွင် ၇ ပွဲတိတိ အနိုင်ကစားနိုင်ခဲ့သည့် လီဗာပူးလ်မှာ မနေ့က စိန့်ဂျိမ်းစ်ပါ့ခ်တွင် ကစားခဲ့သည့် အဆိုပါပွဲ၌ အံ့အားသင့်ဖွယ် ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသည်။

    “တစ်ယောက်ယောက် စိတ်ပျက်မယ်ဆိုရင်တော့ ကျွန်တော် တောင်းပန်ပါတယ်။ ဒီရလဒ်အတွက် ရယ်ကောင်း ရယ်ကြပါလိမ့်မယ်။ ဒီပွဲကိုကြည့်တာထက် ဒီတနင်္ဂနွေမှာ လူတွေဟာ တစ်ခုခုလုပ်လိုက်တာကမှ ပိုကောင်းပါဦးမယ်။ ကျွန်တော်တို့ ဒီပွဲကနေ သင်ယူရမှာဖြစ်ပြီး ပြန်လည်း ပြန်လာရပါမယ်။ အသင်းသားတွေဟာ ဒါမျိုး လုပ်မယ်လို့လည်း ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု ကလော့ပ်က BBC Sport သို့ ပြောကြားခဲ့သည်။

    Ref: Goal