News @ M-Media
Blog
  • တူရကီ၏ ထိပ်တန်း သိပ္ပံဆိုင်ရာဆုကို ကာဇခ်စတန်မှ သင်္ချာပညာရှင်တစ်ဦး ရရှိ
    တူရကီ၏ ထိပ်တန်း သိပ္ပံဆိုင်ရာဆုကို ကာဇခ်စတန်မှ သင်္ချာပညာရှင်တစ်ဦး ရရှိ
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    turkey
    – တူရကီနိုင်ငံ သိပ္ပံနှင့် နည်းပညာ သုတေသနကောင်စီ၏ ထိပ်တန်းဂုဏ်ပြုဆုကို ကာဇခ်စတန် နိုင်ငံမှ သင်္ချာပါမောက္ခ ဒေါက်တာ မာရက် အခ်မက်က ရရှိခဲ့သည်ဟု သိရသည်။
    ဆုချီးမြှုင့်ပွဲအခမ်းအနားကို မြို့တော်အန်ကာရာ ဆင်ခြေဖုံးရှိ Aksaray သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တူရကီသမ္မတ ရီဆက်ပ် တိုင်ယစ်ပ် အာဒိုဂန်က တက်ရောက်ကာ ဆုချီးမြှင့်ပေးခဲ့သည်။ ပါမောက္ခအခ်မက်ကလည်း ယခုကဲ့သို့ ဂုဏ်ပြုခြင်းခံရခြင်းအတွက် ကောင်စီကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေက ကာဇခ်စတန်တွင်သာ မကဘဲ နိုင်ငံရပ်ခြားမှာပါ အခုလို အောင်မြင်တဲ့အတွက် ကြည်နူးဝမ်းသာမိပါတယ်။ အခ်မက်ရဲ့ စံနမူနာကိုကြည့်ပြီး ကျွန်ုပ်တို့ ကာဇခ်စတန်နိုင်ငံသားတွေဟာ သိပ္ပံပညာရပ်မှာ ထူးချွန်ပေါက်မြောက်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ကာဇခ်စတန် သံအမတ် ဇန်စီတ် တူမီဘာအယက်ဗ်က ပြောကြားခဲ့သည်။
    သိပ္ပံနည်းကျ ဆန်းသစ်မှုများနှင့် differential equations ၏ ယေဘုယျဆိုင်ရာ သီအိုရီ ပေါ်ထွက်လာစေရန်အတွက် နိုင်ငံတကာအဆင့်တွင် ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့ခြင်းတို့ကြောင့် ပါမောက္ခ အခ်မက်အား အဆိုပါသိပ္ပံဂုဏ်ပြုဆုကို ချီးမြှင့်ခြင်းဖြစ်သည်ဟု သိရသည်။
    သင်္ချာဘာသာရပ်တွင် ၎င်း၏ သုတေသနပြုချက်များကို တူရကီနိုင်ငံတွင်သာမက ဥရောပနိုင်ငံများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်မည် ဖြစ်သည်။ ထပ်မံ၍ ၎င်း၏ သုတေသနပြုချက်များကို တူရကီ၊ ဥရောပ၊ အမေရိကန်နိုင်ငံတို့တွင် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်။
    Ref: IINA News
  • အေစီမီလန်မှာ အမှတ် ၂ မှတ် ဖြုန်းတီးခဲ့သည်ဟု နည်းပြပြော
    အေစီမီလန်မှာ အမှတ် ၂ မှတ် ဖြုန်းတီးခဲ့သည်ဟု နည်းပြပြော
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    ac
    – တန်းတက် ကာရ်ပီအသင်းအား ဂိုးမရှိသရေကျခဲ့သည့် ယမန်နေ့ စီးရီးအေပွဲအတွက် အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ်ခ်ျက ဒေါသထွက်ခဲ့ပြီး မိမိတို့အသင်းမှာ အမှတ် ၂ မှတ်ကို ဖြုန်းတီးခဲ့သည်ဟု ပြောကြားခဲ့သည်။
    အဝေးကွင်းတွင် သွားရောက်ကစားခဲ့ရသည့် ထိုပွဲတွင် ခံစစ်အားပြုကစားသည့် ကာရ်ပီအသင်းကို အေစီမီလန်မှာ ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်းမရှိဘဲ နောက်ဆုံးအချိန်များတွင် ဖိအားပေးနိုင်ခဲ့သော်လည်း လိုချင်သည့်ဂိုးကို မရရှိခဲ့ပေ။ ထိုပွဲမှာ ယခုနှစ် စီးရီးအေတွင် အေစီမီလန် ဂိုးမသွင်းနိုင်သည့် ၇ ပွဲမြောက်လည်း ဖြစ်ခဲ့သည်။
    “ပထမပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းခဲ့ရမှာပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ တိုးတက်လာခဲ့ပြီး အနိုင်နဲ့လည်း ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဂိုးသွင်းခွင့်တော်တော်များများကို ဖန်တီးခဲ့ပေမယ့် ကာရ်ပီက ခံစစ်ကို အထိုင်ကစားခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဖန်တီးနိုင်စွမ်းနဲ့ ကံတရား လိုအပ်ခဲ့ပါတယ်။ ဂိုးရှေ့မှာ ကျွန်တော်တို့ ဆုံးဖြတ်ချက် ပိုပြတ်သားဖို့လိုပြီး ဒီလိုပွဲမျိုးဟာ ဖောက်ထွက်ရမယ့် ပွဲမျိုးပါ။ ကျွန်တော်တို့ အမှတ် ၂ မှတ်ကို ဖြုန်းတီးပစ်ခဲ့ပါတယ်။ ၀မ်းနည်းစရာပါပဲ။ ဒါပေမယ့် နောက်ပွဲကို ကျွန်တော်တို့ အာရုံစိုက်ရပါမယ်” ဟု မီဟိုင်းလိုဗစ်ခ်ျက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    Ref: Goal
  • မာလက္ကာရေလက်ကြားမှာ ပင်လယ်ဓားပြတိုက်မှု အမြင့်ဆုံးဖြစ်ပွားသည့် ဒေသဖြစ်နေ
    မာလက္ကာရေလက်ကြားမှာ ပင်လယ်ဓားပြတိုက်မှု အမြင့်ဆုံးဖြစ်ပွားသည့် ဒေသဖြစ်နေ
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    mala
    – ပင်လယ်ဓားပြတိုက်ခိုက်မှုမှာ ဆိုမာလီတွင် နာမည်ကြီးနေသော်လည်း အရှေ့တောင်အာရှ ရေပြင်သည် ကမ္ဘာ့ အခြားနေရာများထက် ပို၍ ပင်လယ်ဓားပြမှု ပိုမိုဖြစ်ပွားနေသည်ဟု သိရသည်။
    ၂၀၁၄ ခုနှစ်တွင် ပင်လယ်ဓားပြမှုများ အဓိကဖြစ်ပွားခဲ့သည့်ဒေသမှာ ဆိုမာလီယာနိုင်ငံဖြစ်ပြီး မလက္ကာရေလက်ကြားသည်လည်း အလွန်သတိထားကာ သွားလာရမည့် ပင်လယ်ခရီးတစ်ခုအဖြစ် အန္တရာယ်အများဆုံးထဲက တစ်ခု ဖြစ်နေသည်။
    ၂၀၁၀ မှစ၍ မာလက္ကာ ရေလက်ကြားတွင် သင်္ဘောများကို တိုက်ခိုက်မှုများသည် နှစ်စဉ် နှစ်ဆစီ မြင့်တက်လာခဲ့သည်။ ယခုနှစ် ပထမ ၁၀လတွင် တိုက်ခိုက်ရန်ကြိုးပမ်းမှု ၁၂ မှုအပါအ၀င်၊ လုယက်ဓားပြတိုက်မှု ၁၇၄ ခု အထိ ရှိခဲ့သည်။ ၎င်းအရေအတွက်မှာ ၂၀၁၃ ခုနှစ်ကထက် ပိုများသည်ဟု သိရသည်။ ပင်လယ်ဓားပြများက အဓိကပစ်မှတ်ထား တိုက်ခိုက်သည့် သင်္ဘောများမှာ ရေနံနှင့် စားအုန်းဆီတင်သင်္ဘောများ ဖြစ်သည်။
    ပင်လယ်ဓားပြဂိုဏ်းများကို ဆိပ်ကမ်းများတွင် အလုပ်ရှာနေသော အလွတ်တမ်းပင်လယ်ဓားပြများနှင့် စီးပွားရေးသမားတို့အကြား ကျွမ်းကျင်စွာ ဖွဲ့စည်းလုပ်ကိုင်ကြကြောင်း တွေ့ရှိရလေသည်။
    ပင်လယ်ဓားပြအများစုမှာ အင်ဒိုနီးရှားတံငါရွာများမှ ရောက်လာကြခြင်းဖြစ်သည်။ ဓားပြဂိုဏ်းများသည် ၎င်းတို့၏ တိုက်ခိုက်မှုများအတွက် သူလျှိုများကို အသုံးပြုကြပြီး ထိုအထဲတွင် သင်္ဘောသားများမှ ရေတပ်သားများအထိပါဝင်ကြောင်း တွေ့ရှိရသည်။
    Ref: Al-jazeera
  • လီဗာပူးလ်ပွဲကြည့်ခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်သည်ဟု နည်းပြကလော့ပ် ပြော
    လီဗာပူးလ်ပွဲကြည့်ခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်သည်ဟု နည်းပြကလော့ပ် ပြော
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    liver
    – နယူးကာဆယ် အသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲကို ကြည့်ရခြင်းမှာ အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပြီး မိမိအသင်းမှာ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်သည်ဆိုသည့် အယူအဆကို ငြင်းပယ်ခဲ့သည်။
    နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲအားလုံး ၈ ပွဲတွင် ၇ ပွဲတိတိ အနိုင်ကစားနိုင်ခဲ့သည့် လီဗာပူးလ်မှာ မနေ့က စိန့်ဂျိမ်းစ်ပါ့ခ်တွင် ကစားခဲ့သည့် အဆိုပါပွဲ၌ အံ့အားသင့်ဖွယ် ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသည်။
    “တစ်ယောက်ယောက် စိတ်ပျက်မယ်ဆိုရင်တော့ ကျွန်တော် တောင်းပန်ပါတယ်။ ဒီရလဒ်အတွက် ရယ်ကောင်း ရယ်ကြပါလိမ့်မယ်။ ဒီပွဲကိုကြည့်တာထက် ဒီတနင်္ဂနွေမှာ လူတွေဟာ တစ်ခုခုလုပ်လိုက်တာကမှ ပိုကောင်းပါဦးမယ်။ ကျွန်တော်တို့ ဒီပွဲကနေ သင်ယူရမှာဖြစ်ပြီး ပြန်လည်း ပြန်လာရပါမယ်။ အသင်းသားတွေဟာ ဒါမျိုး လုပ်မယ်လို့လည်း ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု ကလော့ပ်က BBC Sport သို့ ပြောကြားခဲ့သည်။
    Ref: Goal
  • IS မှာ အစ္စလာမ်ကို ကိုယ်စားမပြုဘဲ၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွင် မွတ်စလင်များ ပါဝင်မှသာ အောင်မြင်မည်ဟု အိုဘားမားပြော
    IS မှာ အစ္စလာမ်ကို ကိုယ်စားမပြုဘဲ၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွင် မွတ်စလင်များ ပါဝင်မှသာ အောင်မြင်မည်ဟု အိုဘားမားပြော
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    obama
    – IS အဖွဲ့၏ “တစ်ဘ၀စံ ၀ါဒ” က နိုင်ငံအား သွေးကွဲခွင့် ပေး၍မရဘဲ အမေရိကန်မွတ်စလင်များကို အမုန်းတရားများဖြင့် ဘေးဖယ်ခြင်းထက် IS အား အမြတ်ပြတ်သုတ်သင်ရေး ကြိုးပမ်းမှုတွင် ထည့်သွင်းရန် လိုအပ်သည်ဟု မေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။
    ယမန်နေ့ညက ရုပ်မြင်သံကြားမှတစ်ဆင့် တိုင်းပြည်အား ပြောကြားသည့်မိန့်ခွန်းတွင် အိုဘားမားက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ်က ကယ်လီဖိုးနီးယားတွင် ဖြစ်ပွားခဲ့သည့် သေနတ်ဖြင့် ပစ်ခတ်မှုကို ထောက်ပြ၍ IS ၏ သြဇာလွှမ်းမိုးမှုကို ဆက်စပ် ပြောကြားခဲ့သည်။
    လေ့လာသူများကမူ နိုင်ငံတကာတွင် မကြာသေးမီကာလအတွင်းက တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ပြည်သူများအား စိတ်သက်သာရာ ရစေရန် ထိုကဲ့သို့ မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။
    “အီရတ်နဲ့ ဆီးရီးယားတို့မှာ စစ်ပွဲကြောင့် ၀ရုန်းသုန်းကားဖြစ်မှုတွေ ဖြစ်လာစဉ်အတွင်း IS လိုအဖွဲ့မျိုးတွေဟာ ကြီးထွား တောင့်တင်းလာကြတဲ့အချိန်၊ မွတ်စလင်နိုင်ငံတွေရဲ့ ဝေးကွာမှုကို အင်တာနက်က ကျုံ့ပေးလိုက်တဲ့အချိန်မှာ ဘော်စတွန်မာရသွန် ဗုံးခွဲသမားလိုမျိုး၊ ဆန်ဘာရ်နာဒီနို လူသတ်သမားတွေလိုမျိုး လူတွေရဲ့ စိတ်ဓာတ်တွေကို အကြမ်းဖက်သမားတွေက အဆိပ်ခပ်ပေးမှုဟာလည်း ကြီးထွားလာပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။
    ပြီးခဲ့သည့် အင်္ဂါနေ့က ဖြစ်ပွားခဲ့သော ဆန်ဘာရ်နာဒီနို ပစ်ခတ်မှုမှာ IS ၏ နောက်လိုက်များက ပြုလုပ်ခြင်း ဟုတ်၊ မဟုတ်ကိုမူ FBI က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
    မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ သမ္မတအိုဘားမား၏ IS အဖွဲ့အား ကိုင်တွယ်မှုကို အမေရိကန်ပြည်သူ ၅၇ ရာခိုင်နှုန်းက မကျေနပ်ကြဘဲ ၇၂ ရာခိုင်နှုန်းကမူ ထိုဆောင်ရွက်မှုမှာ ဆိုးရွားသည်ဟု ပြောကြားခဲ့ကြသည်။ အခြား ၆၀ ရာခိုင်နှုန်းက IS အဖွဲ့အား တိုက်ခိုက်ရန်အတွက် အီရတ်နှင့် ဆီးရီးယားတို့တွင် အမေရိကန်က စစ်တပ်များကို ပိုမို စေလွှတ်ချိန်တန်ပြီဟု ပြောကြားခဲ့သည်။
    အိုဘားမားကမူ IS ၏ ရည်ရွယ်ချက်မှာ ယဉ်ကျေးမှုများ ထိပ်တိုက်တွေ့မှုကို အသုံးပြု၍ မီးမွှေးရန်ဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
    “ဒီတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ အစ္စလာမ်ကြားက စစ်ပွဲလို့ အဓိပ္ပါယ်သတ်မှတ်တာမျိုးကို ခွင့်ပြုပြီး တစ်ယောက်နဲ့တစ်ယောက် လက်ညှိုးထိုးလို့ မရပါဘူး။ ဒါမျိုးကို IS က လိုချင်နေတာပါ။ IS ဟာ အစ္စလာမ်သာသနာကို ကိုယ်စားမပြုပါဘူး။ သူတို့ဟာ ရာဇ၀တ်သားတွေ၊ လူသတ်သမားတွေ၊ တစ်ဘ၀စံတွေပါပဲ။ ပြီးတော့ တိုင်းပြည်ကို ချစ်မြတ်နိုးပြီး၊ IS ရဲ့ အမုန်းဝါဒကို ဆန့်ကျင်ကြတဲ့ အမေရိကန်မွတ်စလင်တွေ အပါအ၀င် ကမ္ဘာ့တစ်ဝှမ်းက သန်းတစ်ထောင်ကျော်သော မွတ်စလင်တွေထဲကမှ IS ဟာ သေးသေးကွေးကွေး အုပ်စုလေးပါပဲ”
    “နောက်ပြီး ကမ္ဘာတစ်ဝှမ်းမှာ အကြမ်းဖက်သမားတွေရဲ့ သားကောင်ဖြစ်နေရသူ အများစုဟာလည်း မွတ်စလင်တွေပါပဲ။ တကယ်လို့ ကျွန်တော်တို့ဟာ အကြမ်းဖက်ဝါဒ တိုက်ဖျက်မှုကို အောင်မြင်လိုတယ်ဆိုရင်တော့ မွတ်စလင်လူ့အဖွဲ့အစည်းတွေကို သံသယတွေ၊ အမုန်းတွေနဲ့ ဘေးဖယ်ထားတာထက် ကျွန်တော်တို့ရဲ့ အခိုင်အမြဲဆုံး မဟာမိတ်တွေအဖြစ် မဖြစ်မနေ ထည့်သွင်းရပါလိမ့်ယ်” ဟု အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။
    “ကမ္ဘာကြီးကို နားလည်အောင်လုပ်ရမယ့် အဓိကအချက်တစ်ခုက နိုင်ငံတစ်ခု၊ ဒေသတစ်ခုတည်းမဟုတ်ဘဲ တစ်ကမ္ဘာလုံးနဲ့ ဆိုင်နေတယ်လို့ သူတို့ရှုမြင်နေကြတဲ့ အကြမ်းဖက်ဝါဒဟာ အစ္စလာမ်ကို ကိုယ်စားမပြုဘူးဆိုတာပါပဲ”
    Ref: Aljazeera