News @ M-Media
Blog
  • မာလက္ကာရေလက်ကြားမှာ ပင်လယ်ဓားပြတိုက်မှု အမြင့်ဆုံးဖြစ်ပွားသည့် ဒေသဖြစ်နေ
    မာလက္ကာရေလက်ကြားမှာ ပင်လယ်ဓားပြတိုက်မှု အမြင့်ဆုံးဖြစ်ပွားသည့် ဒေသဖြစ်နေ
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    mala
    – ပင်လယ်ဓားပြတိုက်ခိုက်မှုမှာ ဆိုမာလီတွင် နာမည်ကြီးနေသော်လည်း အရှေ့တောင်အာရှ ရေပြင်သည် ကမ္ဘာ့ အခြားနေရာများထက် ပို၍ ပင်လယ်ဓားပြမှု ပိုမိုဖြစ်ပွားနေသည်ဟု သိရသည်။
    ၂၀၁၄ ခုနှစ်တွင် ပင်လယ်ဓားပြမှုများ အဓိကဖြစ်ပွားခဲ့သည့်ဒေသမှာ ဆိုမာလီယာနိုင်ငံဖြစ်ပြီး မလက္ကာရေလက်ကြားသည်လည်း အလွန်သတိထားကာ သွားလာရမည့် ပင်လယ်ခရီးတစ်ခုအဖြစ် အန္တရာယ်အများဆုံးထဲက တစ်ခု ဖြစ်နေသည်။
    ၂၀၁၀ မှစ၍ မာလက္ကာ ရေလက်ကြားတွင် သင်္ဘောများကို တိုက်ခိုက်မှုများသည် နှစ်စဉ် နှစ်ဆစီ မြင့်တက်လာခဲ့သည်။ ယခုနှစ် ပထမ ၁၀လတွင် တိုက်ခိုက်ရန်ကြိုးပမ်းမှု ၁၂ မှုအပါအ၀င်၊ လုယက်ဓားပြတိုက်မှု ၁၇၄ ခု အထိ ရှိခဲ့သည်။ ၎င်းအရေအတွက်မှာ ၂၀၁၃ ခုနှစ်ကထက် ပိုများသည်ဟု သိရသည်။ ပင်လယ်ဓားပြများက အဓိကပစ်မှတ်ထား တိုက်ခိုက်သည့် သင်္ဘောများမှာ ရေနံနှင့် စားအုန်းဆီတင်သင်္ဘောများ ဖြစ်သည်။
    ပင်လယ်ဓားပြဂိုဏ်းများကို ဆိပ်ကမ်းများတွင် အလုပ်ရှာနေသော အလွတ်တမ်းပင်လယ်ဓားပြများနှင့် စီးပွားရေးသမားတို့အကြား ကျွမ်းကျင်စွာ ဖွဲ့စည်းလုပ်ကိုင်ကြကြောင်း တွေ့ရှိရလေသည်။
    ပင်လယ်ဓားပြအများစုမှာ အင်ဒိုနီးရှားတံငါရွာများမှ ရောက်လာကြခြင်းဖြစ်သည်။ ဓားပြဂိုဏ်းများသည် ၎င်းတို့၏ တိုက်ခိုက်မှုများအတွက် သူလျှိုများကို အသုံးပြုကြပြီး ထိုအထဲတွင် သင်္ဘောသားများမှ ရေတပ်သားများအထိပါဝင်ကြောင်း တွေ့ရှိရသည်။
    Ref: Al-jazeera
  • လီဗာပူးလ်ပွဲကြည့်ခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်သည်ဟု နည်းပြကလော့ပ် ပြော
    လီဗာပူးလ်ပွဲကြည့်ခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်သည်ဟု နည်းပြကလော့ပ် ပြော
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    liver
    – နယူးကာဆယ် အသင်းအား ရှုံးနိမ့်ခဲ့သည့်ပွဲကို ကြည့်ရခြင်းမှာ အချိန်ဖြုန်းခြင်းသာဖြစ်သည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပြီး မိမိအသင်းမှာ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်သည်ဆိုသည့် အယူအဆကို ငြင်းပယ်ခဲ့သည်။
    နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲအားလုံး ၈ ပွဲတွင် ၇ ပွဲတိတိ အနိုင်ကစားနိုင်ခဲ့သည့် လီဗာပူးလ်မှာ မနေ့က စိန့်ဂျိမ်းစ်ပါ့ခ်တွင် ကစားခဲ့သည့် အဆိုပါပွဲ၌ အံ့အားသင့်ဖွယ် ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသည်။
    “တစ်ယောက်ယောက် စိတ်ပျက်မယ်ဆိုရင်တော့ ကျွန်တော် တောင်းပန်ပါတယ်။ ဒီရလဒ်အတွက် ရယ်ကောင်း ရယ်ကြပါလိမ့်မယ်။ ဒီပွဲကိုကြည့်တာထက် ဒီတနင်္ဂနွေမှာ လူတွေဟာ တစ်ခုခုလုပ်လိုက်တာကမှ ပိုကောင်းပါဦးမယ်။ ကျွန်တော်တို့ ဒီပွဲကနေ သင်ယူရမှာဖြစ်ပြီး ပြန်လည်း ပြန်လာရပါမယ်။ အသင်းသားတွေဟာ ဒါမျိုး လုပ်မယ်လို့လည်း ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု ကလော့ပ်က BBC Sport သို့ ပြောကြားခဲ့သည်။
    Ref: Goal
  • IS မှာ အစ္စလာမ်ကို ကိုယ်စားမပြုဘဲ၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွင် မွတ်စလင်များ ပါဝင်မှသာ အောင်မြင်မည်ဟု အိုဘားမားပြော
    IS မှာ အစ္စလာမ်ကို ကိုယ်စားမပြုဘဲ၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွင် မွတ်စလင်များ ပါဝင်မှသာ အောင်မြင်မည်ဟု အိုဘားမားပြော
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    obama
    – IS အဖွဲ့၏ “တစ်ဘ၀စံ ၀ါဒ” က နိုင်ငံအား သွေးကွဲခွင့် ပေး၍မရဘဲ အမေရိကန်မွတ်စလင်များကို အမုန်းတရားများဖြင့် ဘေးဖယ်ခြင်းထက် IS အား အမြတ်ပြတ်သုတ်သင်ရေး ကြိုးပမ်းမှုတွင် ထည့်သွင်းရန် လိုအပ်သည်ဟု မေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။
    ယမန်နေ့ညက ရုပ်မြင်သံကြားမှတစ်ဆင့် တိုင်းပြည်အား ပြောကြားသည့်မိန့်ခွန်းတွင် အိုဘားမားက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ်က ကယ်လီဖိုးနီးယားတွင် ဖြစ်ပွားခဲ့သည့် သေနတ်ဖြင့် ပစ်ခတ်မှုကို ထောက်ပြ၍ IS ၏ သြဇာလွှမ်းမိုးမှုကို ဆက်စပ် ပြောကြားခဲ့သည်။
    လေ့လာသူများကမူ နိုင်ငံတကာတွင် မကြာသေးမီကာလအတွင်းက တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ပြည်သူများအား စိတ်သက်သာရာ ရစေရန် ထိုကဲ့သို့ မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။
    “အီရတ်နဲ့ ဆီးရီးယားတို့မှာ စစ်ပွဲကြောင့် ၀ရုန်းသုန်းကားဖြစ်မှုတွေ ဖြစ်လာစဉ်အတွင်း IS လိုအဖွဲ့မျိုးတွေဟာ ကြီးထွား တောင့်တင်းလာကြတဲ့အချိန်၊ မွတ်စလင်နိုင်ငံတွေရဲ့ ဝေးကွာမှုကို အင်တာနက်က ကျုံ့ပေးလိုက်တဲ့အချိန်မှာ ဘော်စတွန်မာရသွန် ဗုံးခွဲသမားလိုမျိုး၊ ဆန်ဘာရ်နာဒီနို လူသတ်သမားတွေလိုမျိုး လူတွေရဲ့ စိတ်ဓာတ်တွေကို အကြမ်းဖက်သမားတွေက အဆိပ်ခပ်ပေးမှုဟာလည်း ကြီးထွားလာပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။
    ပြီးခဲ့သည့် အင်္ဂါနေ့က ဖြစ်ပွားခဲ့သော ဆန်ဘာရ်နာဒီနို ပစ်ခတ်မှုမှာ IS ၏ နောက်လိုက်များက ပြုလုပ်ခြင်း ဟုတ်၊ မဟုတ်ကိုမူ FBI က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
    မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ သမ္မတအိုဘားမား၏ IS အဖွဲ့အား ကိုင်တွယ်မှုကို အမေရိကန်ပြည်သူ ၅၇ ရာခိုင်နှုန်းက မကျေနပ်ကြဘဲ ၇၂ ရာခိုင်နှုန်းကမူ ထိုဆောင်ရွက်မှုမှာ ဆိုးရွားသည်ဟု ပြောကြားခဲ့ကြသည်။ အခြား ၆၀ ရာခိုင်နှုန်းက IS အဖွဲ့အား တိုက်ခိုက်ရန်အတွက် အီရတ်နှင့် ဆီးရီးယားတို့တွင် အမေရိကန်က စစ်တပ်များကို ပိုမို စေလွှတ်ချိန်တန်ပြီဟု ပြောကြားခဲ့သည်။
    အိုဘားမားကမူ IS ၏ ရည်ရွယ်ချက်မှာ ယဉ်ကျေးမှုများ ထိပ်တိုက်တွေ့မှုကို အသုံးပြု၍ မီးမွှေးရန်ဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
    “ဒီတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ အစ္စလာမ်ကြားက စစ်ပွဲလို့ အဓိပ္ပါယ်သတ်မှတ်တာမျိုးကို ခွင့်ပြုပြီး တစ်ယောက်နဲ့တစ်ယောက် လက်ညှိုးထိုးလို့ မရပါဘူး။ ဒါမျိုးကို IS က လိုချင်နေတာပါ။ IS ဟာ အစ္စလာမ်သာသနာကို ကိုယ်စားမပြုပါဘူး။ သူတို့ဟာ ရာဇ၀တ်သားတွေ၊ လူသတ်သမားတွေ၊ တစ်ဘ၀စံတွေပါပဲ။ ပြီးတော့ တိုင်းပြည်ကို ချစ်မြတ်နိုးပြီး၊ IS ရဲ့ အမုန်းဝါဒကို ဆန့်ကျင်ကြတဲ့ အမေရိကန်မွတ်စလင်တွေ အပါအ၀င် ကမ္ဘာ့တစ်ဝှမ်းက သန်းတစ်ထောင်ကျော်သော မွတ်စလင်တွေထဲကမှ IS ဟာ သေးသေးကွေးကွေး အုပ်စုလေးပါပဲ”
    “နောက်ပြီး ကမ္ဘာတစ်ဝှမ်းမှာ အကြမ်းဖက်သမားတွေရဲ့ သားကောင်ဖြစ်နေရသူ အများစုဟာလည်း မွတ်စလင်တွေပါပဲ။ တကယ်လို့ ကျွန်တော်တို့ဟာ အကြမ်းဖက်ဝါဒ တိုက်ဖျက်မှုကို အောင်မြင်လိုတယ်ဆိုရင်တော့ မွတ်စလင်လူ့အဖွဲ့အစည်းတွေကို သံသယတွေ၊ အမုန်းတွေနဲ့ ဘေးဖယ်ထားတာထက် ကျွန်တော်တို့ရဲ့ အခိုင်အမြဲဆုံး မဟာမိတ်တွေအဖြစ် မဖြစ်မနေ ထည့်သွင်းရပါလိမ့်ယ်” ဟု အိုဘားမားက ထည့်သွင်းပြောကြားခဲ့သည်။
    “ကမ္ဘာကြီးကို နားလည်အောင်လုပ်ရမယ့် အဓိကအချက်တစ်ခုက နိုင်ငံတစ်ခု၊ ဒေသတစ်ခုတည်းမဟုတ်ဘဲ တစ်ကမ္ဘာလုံးနဲ့ ဆိုင်နေတယ်လို့ သူတို့ရှုမြင်နေကြတဲ့ အကြမ်းဖက်ဝါဒဟာ အစ္စလာမ်ကို ကိုယ်စားမပြုဘူးဆိုတာပါပဲ”
    Ref: Aljazeera
  • မန္တလေးအနီးတွင် နိုင်ငံ၏ အကြီးဆုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်သွားမည်
    မန္တလေးအနီးတွင် နိုင်ငံ၏ အကြီးဆုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်သွားမည်
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    power
    – မြန်မာနိုင်ငံ၏ စွမ်းအင်ပြတ်လပ်မှု ပြဿနာကို ဖြေရှင်းရေးအတွက် နိုင်ငံ၏ အကြီးဆုံး သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးတွင် ရင်းနှီးမြှုပ်နှံရန် မြန်မာအစိုးရနှင့် နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်ဟု စင်ကာပူအခြေစိုက် Sembcorp ကုမ္ပဏီက ကြေငြာလိုက်သည်။
    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လက်အောက်ရှိ လျှပ်စစ်စွမ်းအင်စီမံကိန်းဌာနနှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိသည့် အဆိုပါ ဓာတ်အားပေးစက်ရုံကို မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့အနီးတွင် ဆောက်လုပ်သွားမည်ဟု ဆိုသည်။
    အဆိုပါဓာတ်အားပေးစက်ရုံမှာ လျှပ်စစ်ဓာတ်အား ၂၂၅ မီဂါဝပ်ကို ထုတ်လုပ်ပေးနိုင်မည်ဟု ယနေ့တွင်ထုတ်ပြန်သည့် ကြေငြာချက်တွင် Sembcorp ကုမ္ပဏီက ဖော်ပြထားသည်။
    မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍ၌ ၀င်ရောက်လုပ်ကိုင်ခွင့်ကို ပြီးခဲ့သည့် ဧပြီလတွင် ရရှိခဲ့ခြင်းဖြစ်ပြီး ကာဘွန်ထုတ်လွှတ်မှုအနည်းဆုံးဖြင့် စွမ်းအင်အများဆုံး ထုတ်လုပ်နိုင်မည့် နည်းပညာများကို အသုံးပြုသွားမည်ဟု အဆိုပါ ကုမ္ပဏီက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Straitstimes
  • စိတ်ကျခြင်းနှင့် စိတ်ဖိစီးမှုများခြင်းက ဆီးချိုရောဂါသည်များတွင် လေဖြတ်မှုကို မြင့်တက်စေနိုင်
    စိတ်ကျခြင်းနှင့် စိတ်ဖိစီးမှုများခြင်းက ဆီးချိုရောဂါသည်များတွင် လေဖြတ်မှုကို မြင့်တက်စေနိုင်
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    stress
    – ဆီးချိုဝေဒနာရှင်များသည် အခြားသူများထက် စိတ်ကျခြင်းနှင့် စိတ်ဖိစီးမှုများ ပိုမိုခံစားရနိုင်ပြီး အဆိုပါ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများက နှလုံးသွေးကြောပိတ်ကာ လေဖြတ်ခြင်း၊ သေဆုံးခြင်း စသည့် အန္တရာယ်များကို မြင့်တက်စေနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
    ဆီးချိုဝေဒနာ ခံစားနေရပြီး တစ်ချိန်တည်းတွင် စိတ်ဓာတ်ကျခြင်းနှင့် စိတ်ဖိစီးမှုများ ခံစားနေရခြင်းတို့သည် အလွန်ဆိုးရွားသည့် ရလဒ်များ ထွက်ပေါ်နိုင်ကြောင်း လေ့လာတွေ့ရှိသည်။ အဆိုပါ သုံးမျိုးစပ် ကျန်းမာရေးပြဿနာ ရှိသူသောသူများမှာ ထိုရောဂါများ မရှိသော လူငယ်များထက် နှလုံးရောဂါကြောင့် သေဆုံးမှုအန္တရာယ် နှစ်ဆ ပိုများနေသည်။
    နှလုံးရောဂါနှင့် လေဖြတ်အန္တရာယ်တို့အပေါ် စိတ်ကျမှုနှင့် စိတ်ဖိစီးမှုတို့၏ အကျိုးသက်ရောက်မှုများကို ဆန်းစစ်ရန်အတွက် ဆီးချိုဝေဒနာရှင် ၄၁၀၀ အပါအ၀င် အရွယ်ရောက်ပြီးသူ ၂၂၀၀၀ခန့် ကို အမေရိကန်ပြည်ထောင်စု အရှေ့ကယ်ရိုလိုင်းနားရှိ ဆေးတက္ကသိုလ်မှ စမ်းသပ်မှုများပြုလုပ်ခဲ့သည်။
    လေ့လာမှုတွင် ပါဝင်သူများ၏ ပျမ်းမျှအသက်မှာ ၅၄ နှစ်ရှိပြီး ၎င်းတို့အထဲမှ ၅၈ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြကာ ၄၂ ရာခိုင်နှုန်းမှာ လူမည်းများ ဖြစ်ကြသည်။ ၅၆ ရာခိုင်နှုန်းမှာမူ လေဖြတ်ရောဂါ အဖြစ်များသောကြောင့် Stroke Belt ဟုခေါ်သည့် အမေရိကန်အရှေ့တောင်ပိုင်း ဒေသမှ ဖြစ်ကြသည်။
    အစပိုင်းတွင် ဆီးချိုရောဂါသည် ၁၉ ရာခိုင်နှုန်းပါဝင်သော အဆိုပါစမ်းသပ်ခံများတွင် ၁၀ ရာနှုန်းခန့်မှာ စိတ်ကျလက္ခဏာများ များပြားလာကြောင်း၊ ၂၈ ရာခိုင်နှုန်းခန့်သည် စိတ်ဖိစီးမှု မြှင့်တက်လာကြောင်း တွေ့ရှိခဲ့ရသည်။
    “ကျွန်တော်တို့ဆီမှာ ဆီးချိုဖြစ်ပြီဆိုရင် အများဆုံးလုပ်ကြတာက သွေးတွင်းသကြားပါဝင်မှုကို စောင့်ကြည့်တာရယ်၊ ဆေးကုသမှုခံယူတာရယ်၊ သွေးဖိအားများမများ၊ ကိုလက်စထရောနဲ့ ကျောက်ကပ်ရောဂါ ရှိ၊ မရှိကိုပဲ စမ်းသပ်ကုသမှုတွေလုပ်ပြီး ဘေးချော်သွားတတ်ကြပါတယ်” ဟု ဒေါက်တာ အဲရစ်ဗန်ဒါလစ်က ပြောသည်။
    “နှလုံးရောဂါဖြစ်ပွားစေတဲ့ စိတ်ကျခြင်းနဲ့ စိတ်ဖိစီးတာတွေ ရှိ၊ မရှိ စမ်းသပ်ဖို့ကို များသောအားဖြင့် ကျွန်တော်တို့ မေ့တတ်ကြပြီး အဲဒီအတွက် ပြည့်ဝတဲ့လုပ်ငန်းစဉ်မျိုးလည်း ကျွန်တော်တို့မှာ မရှိပါဘူး။ ဒါ့ကြောင့် အချိန်လွန်မှ ကုသတကလွဲလို့ ကျွန်တော်တို့မှာ စောင့်ကြည့်မှု၊ စမ်းသပ်စစ်ဆေးမှု သိပ်မရှိပါဘူး။ ”
    Ref: Channelnewsasia