News @ M-Media

Blog

  • ရန်ဘက်အီရန်နှင့် ဆော်ဒီက ၅ ကြိမ်မြောက် ဆွေးနွေးမည်

    ရန်ဘက်အီရန်နှင့် ဆော်ဒီက ၅ ကြိမ်မြောက် ဆွေးနွေးမည်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၂၂
    M-Media

    -အီရန်နဲ့ အရင် ၄ ကြိမ်ဆွေးနွေးမှုမှာ ခိုင်မာတဲ့ တိုးတက်မှုမျိုး မရခဲ့ပေမယ့် ၅ ကြိမ်မြောက် တိုက်ရိုက်ဆွေးနွေးမှု လုပ်ဆောင်မယ်လို့ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုက်ဆဲလ် ဘင် ဖာရ်ဟန် အလ် ဆာအွဒ်က ပြောကြားလိုက်ပါတယ်။

    ဆော်ဒီအစိုးရက ရှီအာဘာသာရေးခေါင်းဆောင်တစ်ဦးကို ကွပ်မျက်မှုနောက်ဆက်တွဲ ၂၀၁၆ ခုနှစ် အီရန်က ဆော်ဒီသံရုံးကို ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်းခဲ့​ပြီးတဲ့နောက် နှစ်နိုင်ငံ သံတမန်အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။

    ဒါပေမယ့် အီရတ်ရဲ့ ကြားဝင်မှုနဲ့အတူ ၂၀၂၁ ခုနှစ်ကစလို့ နှစ်ဖက် တိုက်ရိုက်ဆွေးနွေးပွဲတွေ လုပ်ဆောင်လာပါတယ်။

    မနေ့က မြူးနစ်လုံခြုံရေးဆိုင်ရာ ညီလာခံမှာ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက အီရန်နဲ့ အနောက်နိုင်ငံတို့ရဲ့ နျူသဘောတူညီချက်ဟာ အရှေ့အလယ်ပိုင်းအတွက် ပြဿနာတွေ ပြေလည်သွားမယ်လို့​ အဆုံးသတ်မဟုတ်ဘဲ၊ ပြေလည်အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာ စတင်စဉ်းစားရမယ့် အခြေအနေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ်က အမေရိကန်နှုတ်ထွက်သွားပြီးတဲ့နောက် ပျက်ပြယ်လုနီးနီးဖြစ်နေတဲ့ ၂၀၁၅ နျူသဘောတူညီချက် ပြန်ရအောင် အီရန်နဲ့ အနောက်နိုင်ငံတွေက ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

    မင်းသား ဖိုက်ဆဲလ်က ရှိနေတဲ့ပြဿနာတွေ ဖြေရှင်းရေး အမှန်တကယ်ဆန္ဒရှိကြောင်း အီရန်က ပြသဖို့ လိုအပ်သလို၊ အဲဒီလိုဆန္ဒမျိုး ရှိမယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာနိုင်ရေး အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အဓိကထားပြောကြား

    အထူးကိုယ်စားလှယ် မြန်မာနိုင်ငံလာနိုင်ရေး အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အဓိကထားပြောကြား

    ဖေဖော်၀ါရီ ၁၉၊ ၂၀၂၂
    M-Media

    မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆိုခွန်

    -မြန်မာနိုင်ငံက ပြဿနာဖြေရှင်းရေးမှာ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ဆောင်ရွက်ရမယ့် ကိစ္စတွေကို လက်ခံအကောင်အထည်ဖော်ပေးဖို့ အာဆီယံအဖွဲ့က အာဏာသိမ်းစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

    ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးအပြီး မနေ့က ထုတ်ပြန်တဲ့ကြေငြာချက်မှာ မြန်မာနိုင်ငံက ကိစ္စအတွက် အာဆီယံ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး အလေးထား ဖော်ပြခဲ့ပါတယ်။

    ၂၀၂၂ ခုနှစ် အာဆီယံ ဥက္ကအဖြစ်ဆောင်ရွက်မယ့် ကမ္ဘောဒီးယားက ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆိုခွန်ကို အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေက အစည်းအ၀ေးမှာ အတည်ပြု လက်ခံခဲ့ပါတယ်။

    ပရက်ဆိုခွန်ဟာ ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီးဖြစ်ပါတယ်။ အာဆီယံ သဘောတူညီချက်အရ အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရမှာ ဖြစ်ပါတယ်။

    ပရက်ဆိုခွန်က မတ်လ ဒုတိယပတ်လောက်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်ဘူးလို့ သူက ၀န်ခံခဲ့ပါတယ်။
    “ပထမဆုံးအကြိမ်းမှာ အားလုံးနဲ့တွေ့ဆုံဖို့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ မျှော်လင့်ချက် သိပ်ပြီး ကြီးကြီးမားမား မထားတာ ကောင်းပါတယ်”

    အထူကိုယ်စားလှယ်ဟာ ဒေါ်အောင်ဆန်းစုကြည့်အပါအ၀င် မြန်မာ့နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရမယ်ဆိုတဲ့ ကိစ္စအတွက် စစ်ကောင်စီနဲ့ အာဆီယံအဖွဲ့တို့အကြား တင်းမာမှုနဲ့ ပတ်သက်ပြီး အခြားနည်းလမ်းတစ်ခုနဲ့ ချဥ်းကပ်ဖြေရှင်းသွားမယ်လို့လည်း ပရက်ဆိုခွန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မူရင်းမှာ အထူးကိုယ်စားလှယ်ရဲ့ သွားရောက်မှုဟာ ဘယ်အဖွဲ့အစည်းကိုမှ အသိအမှတ်ပြုတာမျိုး မဖြစ်စေရဘဲ၊ သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံကာ ကြားနေ၀ါဒနဲ့ မှန်မှန်ကန်ကန် ဘက်မလိုက်ဘဲ ဆောင်ရွက်ရမယ်ဆိုတဲ့အချက် ပါ၀င်ပေမယ့် စစ်ကောင်စီက ကန့်ကွက်တဲ့အတွက် ဒီအပိုဒ်ကို ဖြုတ်ခဲ့ရပါတယ်။

    အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးမှာ အဖွဲ့၀င်နိုင်ငံ တော်တော်များများက အထူးကိုယ်စားလှယ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံကာ ဒီမိုကရေစီအင်အားစုတွေနဲ့ ဆွေးနွေးခွင့်ရဖို့ လိုအပ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • ရုရှားက ယူကရိန်းကို သိမ်းပိုက်နိုင်သည့်အန္တရာယ် ဆက်ရှိနေ

    ရုရှားက ယူကရိန်းကို သိမ်းပိုက်နိုင်သည့်အန္တရာယ် ဆက်ရှိနေ

    ဖေဖော်ဝါရီ ၂၀၊ ၂၀၂၂
    M-Media

    -ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းစစ်တပ်တို့အကြား တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာပြီး၊ ရုရှားကလည်း နျူတပ်ဖွဲ့ စစ်ရေးလေ့ကျင့်မှု လုပ်နေတာကြောင့် ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်နိုင်ခြေ ဆက်ရှိနေသေးတယ်လို့ ကျွမ်းကျင်သူ​တွေက သုံးသပ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကတည်းက ယူကရိန်းနယ်စပ်မှာ ရုရှားက တပ်ဖွဲ့ဝင် ၁ သိန်းကျော် ချထားရမှာ တစ်ချို့ကို ပြန်ဆုတ်လိုက်ပြီလို့ ရုရှားအစိုးရက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ပါတယ်။

    ဒါပေမယ့် အဲဒီနောက်ပိုင်း ရုရှားကထောက်ပံ့ပေးနေတဲ့ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေက စစ်ရေးလှုပ်ရှားလာပြီး၊ စနေနေ့က ရုရှားရဲ့ မဟာဗျူဟာမြောက် နျူတပ်ဖွဲ့ စစ်ရေးလေ့ကျင့်ခဲ့ကာ သမ္မတပူတင်ကိုယ်တိုင် ဒီစစ်ရေးလေ့ကျင့်မှုကို ဦးစီးခဲ့ပါတယ်။

    အမေရိကန် နိုင်ငံတော်လုံခြုံရေးအဖွဲ့က ရုရှားဟာ ယူကရိန်းကို အချိန်မရွေး ကျူးကျော်တိုက်ခိုက်နိုင်ခြေ ရှိတယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်ကို ပြောကြားထားပြီး ဒီကနေ့ ထိပ်တန်းအကြံပေးတွေ အိမ်ဖြူတော်မှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

    ရုရှားဟာ ယူကရိန်းနယ်စပ်က တပ်တွေဆုတ်ပြီလို့ ပြောထားပေမယ့် အမှန်တကယ် ဆုတ်ခွာတာမျိုး မတွေ့ရသေးဘူးလို့ ဥရောပနဲ့ G7 နိုင်ငံတွေက ထုတ်ပြန်ပါတယ်။

    ယူကရိန်းအရှေ့ပိုင်းကမှာ ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းအစိုးရတပ်တွေအကြား တိုက်ခိုက်မှု ပိုဖြစ်လာပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ရုရှားတပ်တွေဟာ နယ်စပ်ကို ပိုကပ်လာတယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပူတင်ဟာ လာမယ့်ရက်ပိုင်းအတွင်း ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း မိမိယူဆတယ်လို့ သောကြာနေ့မှာ မှတ်ချက်ပေးခဲ့ပါတယ်။

    Ref: Reuters

  • ရေတွင်းထဲပြုတ်ကျသည့် ၅ နှစ်အရွယ် အာဖဂန်ကလေးငယ် သေဆုံး

    ရေတွင်းထဲပြုတ်ကျသည့် ၅ နှစ်အရွယ် အာဖဂန်ကလေးငယ် သေဆုံး

    ဖေဖော်ဝါရီ ၁၈၊ ၂၀၂၂
    M-Media

    -အာဖဂန်နစ္စတန်နိုင်ငံမှာ ရေတွင်းထဲပြုတ်ကျသွားတဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ်ကို ကယ်တင်ဖို့ ၃ ရက်တာ ကြိုးပမ်းခဲ့ပေမယ့် ကလေးငယ်ဟာ အသက်မရှင်ဘဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

    နိုင်ငံတောင်ပိုင်း မိုးခေါင်ရေရှားတဲ့ ဇာဘူလ်ပြည်နယ် ရှိုကတ်ရွာမှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၅ နှစ်အရွယ် ကလေးငယ် ဟိုက်ဒါဟာ အင်္ဂါနေ့က ရေတွင်းတူးနေတဲ့ လူကြီးတွေကို ကူညီနေရင်းရေတွင်းအဟောင်းထဲကို ချော်ကျခဲ့တာ ဖြစ်ပါတယ်။ မြေအောက် ပေ ၈၀ လောက်အထိ ရောက်သွားခဲ့ပေမယ့် ကြိုးနဲ့ ဆွဲတင်ခဲ့ရာ ပေ ၃၀ လောက်အရောက်မှာ ညပ်သွားခဲ့တာ ဖြစ်ပါတယ်။

    ဒေသခံတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေက မြေတူးကာ ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဟိုက်ဒါလေး အသက်ရှင်နေသေးတယ်လို့ သောကြာနေ့မနက်ပိုင်းမှာ တာလီဘန် တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

    ကယ်ဆယ်ဖို့ မြေတူးတဲ့အချိန်မှာ ကျောက်တုံးကျောက်ခဲတွေကြောင့် အခက်အခဲတွေရှိခဲ့ပြီး မြေမှုန့်တွေ ရေတွင်းထဲကျတာကြောင့် ဟိုက်ဒါလေး အသက်ရှုရခက်ကာ အသက်ဆုံးရှုံးနိုင်ချေရှိတယ်လို့ ဇာဘူလ်ပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ၂ ပတ်အရင်က မော်ရိုကိုနိုင်ငံမှာ အသက် ၅ နှစ်အရွယ် ကလေးငယ် ရိုင်ယန်ဟာ ရေတွင်းထဲပြုတ်ကျခဲ့ပြီး သက်ဆိုင်ရာက တစ်ပတ်ကြာ ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် မကယ်နိုင်ခင်မှာပဲ ရိုက်ယန်တစ်ယောက် သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ကမ္ဘာတစ်ဝှမ်းက အာရုံစိုက်ခဲ့ကြပါတယ်။

    Ref : Aljazeera

  • မလေးရှားနှင့် ဂျပန်စွမ်းအင်လုပ်ငန်းများ မြန်မာနိုင်ငံမှ ထွက်တော့မည်

    မလေးရှားနှင့် ဂျပန်စွမ်းအင်လုပ်ငန်းများ မြန်မာနိုင်ငံမှ ထွက်တော့မည်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ရဲတံခွန် သဘာ၀ဓာတ်ငွေ့စီမံကိန်းကနေ ထွက်ခွာတော့မယ်လို့ မလေးရှား စွမ်းအင်လုပ်ငန်း Petronas နဲ့ ဂျပန်စွမ်းအင်လုပ်ငန်း Mitsubishi တို့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    Mitsubishi ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ သုံးသပ်မှုအရ မြန်မာနိုင်ငံမှာ ဆက်လက်ရင်းနှီးမြှုပ်နှံဖို့ ခက်ခဲလာတဲ့အတွက် ဒီလိုထွက်ခွာရခြင်းဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    တနင်္သာရီတိုင်းဒေသကြီး ကမ်းလွန်က ရဲတံခွန်သဘာ၀ဓာတ်ငွေ့လုပ်ငန်းမှာ Mitsubishi က ရှယ်ယာ ၁.၉၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတာပါ။

    မလေးရှား စွမ်းအင်လုပ်ငန်း Petronas က ရဲတံခွန်စီမံကိန်းကို လုပ်ကိုင်နေတဲ့ သူတို့ရဲ့ လုပ်ငန်းခွဲ PC Myanmar (Hong Kong) ဟာ ရှယ်ယာတွေကိုရောင်းချဖို့ ဇူလိုင်လမှာ သဘောတူညီချက် ရခဲ့တယ်လို့ ဆိုပါတယ်။ ရောင်းချမှု အပြီးသတ်ဖို့အတွက် စောင့်နေတာဖြစ်ပြီး ဝယ်သူက ဘယ်သူလဲဆိုတာ မပြောခဲ့ပါဘူး။

    PC Myanmar (Hong Kong) ဟာ ရှယ်ယာ ၄၀.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်တာဖြစ်ပြီး စစ်တပ်က ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်းက ၂၀.၅ ရာခိုင်နှုန်း ပိုင်ဆိုင်တာပါ။ ဂျပန်အစိုးရနဲ့ JX Nippon Oil & Gas Exploration တို့ ဦးဆောင်တဲ့ ဂျပန်စီးပွားရေးလုပ်ငန်းစုက ၁၉.၃ ရာခိုင်နှုန်း၊ ကျန်ရှိတဲ့ ရှယ်ယာတွေကို ထိုင်းစွမ်းအင်လုပ်ငန်း PTTEP တို့က အသီးသီး ပိုင်ဆိုင်ကြတာ ဖြစ်ပါတယ်။

    JX Nippon Oil & Gas Exploration ကို ပိုင်ဆိုင်တဲ့ Eneos Holdings က ရဲတံခွန် စီမံကိန်းမှာ ဆက်လက်လုပ်ကိုင်မှာလား၊ ထွက်ခွာမလားဆိုတာနဲ့ပတ်သက်ပြီး ဖြစ်နိုင်ချေအားလုံးကို စဉ်းစားသုံးသပ်နေတယ်လို့ ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

    ရေနံနဲ့ သသာ၀ဓာတ်ငွေ့လုပ်ငန်းဟာ နိုင်ငံတစ်ဝှမ်း အကြမ်းဖက် သတ်ဖြတ်ကာ၊ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာစစ်တပ် အဓိကဝင်ငွေရတဲ့လုပ်ငန်းတွေဖြစ်ပြီး ဒီကနေ ထွက်ခွာဖို့ နိုင်ငံခြားလုပ်ငန်းတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်တွန်းထားပါတယ်။

    ပြင်သစ်နဲ့ အမေရိကန် စွမ်းအင်လုပ်ငန်းတွေဖြစ်တဲ့ TotalEnergies နဲ့ Chevron တို့က ရတနာ သဘာ၀ဓာတ်ငွေ့ စီမံကိန်းကနေ နှုတ်ထွက်တော့မယ်လို့ ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Reuters