News @ M-Media

Blog

  • အမျိုးသမီး ၂၀ ကျော်ကို လိမ်ညာလက်ထပ်ခဲ့သည့် အိန္ဒိယမှအမျိုးသား ဖမ်းဆီးခံရ

    အမျိုးသမီး ၂၀ ကျော်ကို လိမ်ညာလက်ထပ်ခဲ့သည့် အိန္ဒိယမှအမျိုးသား ဖမ်းဆီးခံရ

    ဖေဖော်ဝါရီ ၂၂၊ ၂၀၂၂
    M-Media

    -ဆရာဝန်ဟန်ဆောင်ကာ နှစ်ပေါင်း ၂၀ အတွင်း နိုင်ငံတစ်ဝှမ်းက အမျိုးသမီး အနည်းဆုံး ၂၇ ယောက်ကို လိမ်ညာယူခဲ့တဲ့ အိန္ဒိယက အမျိုးသားတစ်ဦး ဖမ်းဆီးခံလိုက်ရပါတယ်။

    ဘစ်ဟူ ပရာကရှ် ဆွာအင်လို့ အမည်ရတဲ့ အဲဒီအမျိုးသားဟာ အရပ် ၅ ပေ ၂ လက်မ ရှိပြီး နိုင်ငံအရှေ့ပိုင်း အိုဒီရှာ ပြည်နယ်ကပါ။

    ရဲတပ်ဖွဲ့က ပရာကရှ်ဟာ သူ့ကိုယ်သူ ဆရာဝန်လို့ လိမ်လည်ပြီး အနည်းဆုံး အမျိုးသမီး ၁၈ ယောက်ကို လက်ထပ်ထားတယ်ဆိုတဲ့ အထောက်အထားတွေကို တွေ့ရကာ၊ ငွေကြေးရယူလိုမှုနဲ့ ဆန္ဒရမက်ကြောင့် ဒီလို လုပ်ဆောင်တာဖြစ်ကြောင်း ထုတ်​ပြန်ပါတယ်။

    အိန္ဒိယ ပြည်တွင်းမီဒီယာတွေက အသက် ၆၇ နှစ်အရွယ် ပရာကရှ်ဟာ အနည်းဆုံး အမျိုးသမီး ၂၇ ဦးကို လိမ်ညာယူခဲ့တယ်လို့ ဖော်ပြပါတယ်။

    အွန်လိုင်းမှာ အသက် ၅၁ နှစ်အရွယ် ဆရာဝန်ဖြစ်တယ်လို့ ဟန်ဆောင်ကာ ပရာကရှ်တစ်ယောက် သားကောင်ရှာခဲ့ပြီး အသက် ၄၀ ကျော်အရွယ် ငွေကြေးချမ်းသာ၊ ပညာတတ်တဲ့ အပျိုကြီးတွေ၊ တစ်ခုလပ်၊ မုဆိုးမတွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

    နိုင်ငံတစ်ဝှမ်း လှည့်လည်နေထိုင်ကာ စာရွက်စာတမ်းအတုတွေလုပ်ပြီး အမျိုးသမီးတွေကို လှည့်ဖျားလက်ထပ်တဲ့ ပရာကက်ရှ်ဟာ မင်္ဂလာဆောင်ပြီးတဲ့နောက် အဲဒီအမျိုးသမီးဆီကနေ ငွေကြေး၊ပစ္စည်းဥစ္စာကို တစ်နည်းမဟုတ်နည်းနဲ့ လိမ်လည်ရယူခဲ့ပါတယ်။

    အသက် ၄၈ နှစ်အရွယ် ဇနီးတစ်ဦးက ပရာကက်ရှ်ဟာ အနည်းဆုံး အမျိုးသမီး ၇ ယောက်လောက်ကို လက်ထပ်ထားတယ်ဆိုတာ မထင်မှတ်ဘဲ တွေ့ရှိကာ တိုင်ကြားခဲ့ပြီးတဲ့နောက် ၂၀၂၁ ခုနှစ် မေလမှာ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    ပရာကရှ်ဟာ ဘဏ်အကောင့် ၁၃ ခု၊ အကြွေးဝယ်ကဒ် ၁၂၈ ခုနဲ့ ရူပီး ၁၀ သန်းလောက်ကို လိမ်လည်ခဲ့တာကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။ လိမ်လည်မှုယုတ္တိရှိအောင် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်းတွေကိုလည်း သူက ဖွင့်ထားပြီး အဲဒီမှာအလုပ်လုပ်တဲ့ ဆရာဝန်တွေ၊ အခြားဝန်ထမ်းတွေကို လနဲ့ချီ လခမပေးတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

    သူလက်ထပ်ထားတဲ့ အမျိုးသမီးတွေရဲ့ ဖုန်းနံပါတ်တွေကို Madam Delhi၊ Madam Assam၊ Madam UP စသဖြင့် သူယူခဲ့တဲ့ ဒေသအလိုက် နာမည်ပေးပြီး ဖုန်းထဲမှာ မှတ်ထားတာကိုလည်း စုံစမ်းစစ်ဆေးမှုမှာ တွေ့ခဲ့ရပါတယ်။

    အိုဒီရှာပြည်နယ်က ရွာငယ်လေးတစ်ရွာမှာ မွေးဖွားခဲ့တဲ့ ပရာကရှ်ဟာ ၁၉၇၈ ခုနှစ်မှာ ပထမဆုံးအကြိမ် လက်ထပ်ခဲ့ပြီး သားသမီးသုံးဦး ထွန်းကားကာ ၂ ဦးက ဆရာဝန်၊ တစ်ဦးက သွားဆရာဝန်ဖြစ်ပါတယ်။ ဓာတ်ခွဲခန်း ကျွမ်းကျင်သူအဖြစ် လုပ်ခဲ့ပြီး ၂၀၀၂ ခုမှာ ဆရာဝန်အမျိုးသမီးတစ်ဦးနဲ့ ဒုတိယအိမ်ထောင် ပြုခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း အမျိုးသမီးအများအပြားကို လှည့်စားလက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့က ဒီလိမ်လည်မှုဟာ ပရာကရှ်တစ်ယောက်တည်းက လုပ်ဆောင်တာ မဟုတ်နိုင်ဘူးလို့ ယူဆထားပြီး ပါဝင်ပတ်သက်သူတွေကို လိုက်လံရှာဖွေနေပါတယ်။

    Ref : The Hindustan Times

  • အရှေ့အလယ်ပိုင်းတွင် အမေရိကန်က ဒရုန်းတပ်ဖွဲ့ ချထားမည်

    အရှေ့အလယ်ပိုင်းတွင် အမေရိကန်က ဒရုန်းတပ်ဖွဲ့ ချထားမည်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၂၂
    M-Media

    -အရှေ့အလယ်ပိုင်းက ရေကြောင်းဆိုင်ရာ လုံခြုံရေးအတွက် မဟာမိတ်တွေနဲ့ပေါင်းပြီး ဒရုန်းတပ်ဖွဲ့ ချသွားမယ်လို့ အမေရိကန်ရေတပ်က ထုတ်ပြန်ပါတယ်။

    ဘာရိန်းမှာတပ်စွဲထားတဲ့ အမှတ် ၅ ရေတပ် ဒုတိယအကြီးအကဲ ဘရဒ်ကူးပါးက ရေပေါ်၊ ရေအောက် သွားလို့ရတဲ့ ယာဉ်တွေအပါအဝင် လူမဲ့ယာဉ်ပေါင်း ၁၀၀ လောက် တပ်ဖြန့်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါဟာ ရေနံသင်္ဘောနဲ့ ကုန်တင်သင်္ဘောတွေ ဖြတ်သန်းနေတဲ့ အရေးပါတဲ့ ရေလမ်းကြောင်း စောင့်ကြည့်ထောက်လှမ်းရေး အင်အားကို သိသိသာသာ အားကောင်းစေလိမ့်မယ်လို့လည်း ကူးပါးက ပြောပါတယ်။

    အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း ဒရုန်းတပ်ဖွဲ့ဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ စတင် တာဝန်ထမ်းဆောင်မှာပါ။ အမှတ် ၅ ရေတပ်ဟာ အရှေ့အလယ်ပိုင်းက အဓိက ရေလမ်းကြောင်းတွေဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြား၊ ဆူးအက်တူးမြောင်းနဲ့ ဆက်နေတဲ့ ပင်လယ်နီ​တို့ကို တာဝန်ယူထားတာ ဖြစ်ပါတယ်။

    ကူးပါးက တိုက်ချင်းပစ်ဒုံးကျည်တွေ၊ ခရုဇ်ဒုံးကျည်တွေ၊ လူမဲ့ယာဉ်တွေ အမြောက်အများ ထုတ်လုပ်ကာ၊ လက်နက်ကိုင်အဖွဲ့တွေကို တစ်ဆင့်ခံ ပံ့ပိုးပေးနေတဲ့ အီရန်ဟာ ဒေသတွင်း အဓိက ခြိမ်းခြောက်မှု ဖြစ်​နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • ယူကရိန်းနိုင်ငံထဲ ရုရှားတပ်များဝင်ရန် ပူတင်အမိန့်ပေး

    ယူကရိန်းနိုင်ငံထဲ ရုရှားတပ်များဝင်ရန် ပူတင်အမိန့်ပေး

    ဖေဖော်ဝါရီ ၂၂၊ ၂၀၂၂
    M-Media

    -ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ဖို့ ကြိုးစားနေတဲ့ ဒွန်ညက်နဲ့ လူဟန့်စ်ဒေသတွေကို ရုရှားတပ်ဖွဲ့တွေ ဝင်ရောက်ဖို့ သမ္မတပူတင်က တနင်္လာနေ့မှာ အမိန့်ပေးလိုက်ပြီး ယခင်က ရှိခဲ့တဲ့ တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပါတယ်။

    ရုရှားစကားပြောသူတွေ အဓိကနေထိုင်တဲ့ အဲဒီဒေသနှစ်ခုဟာ ၂၀၁၄ ခုနှစ်ကတည်းက ခွဲထွက်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး ရုရှားက ခွဲထွက်ရေးသမားတွေကို ထောက်ပံ့နေတာဖြစ်ပါတယ်။

    ဒွန်ညက်နဲ့ လူဟန့်စ်ဒေသနှစ်ခုရဲ့ ခွဲထွက်ရေးနဲ့ လွတ်လပ်ရေးကို အသိအမှတ်ပြုတယ်လို့ သမ္မတပူတင်က မနေ့ကရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပြီး နောက်ပိုင်းမှာတော့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးအတွက် ရုရှားတပ်တွေ အဲဒီဒေသကို ဝင်ရောက်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို အမိန့်ပေးခဲ့ပါတယ်။

    မိန့်ခွန်းမှာ ပူတင်က အနောက်နိုင်ငံတွေကို ပြင်းပြင်းထန်ထန်ဝေဖန် ခဲ့သလို၊ ယူကရိန်းဟာ ရုရှားရဲ့ ခွဲမရတဲ့ ဒေသဖြစ်ကြောင်း၊ ယူကရိန်းအရှေ့ပိုင်းက ရှေးဟောင်း ရုရှားမြေဖြစ်ပြီး မိမိရဲ့ဆုံးဖြတ်ချက်ကို ရုရှားပြည်သူတွေက ထောက်ခံမယ်လို့ ယုံကြည်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ပူတင်ရဲ့ ရုပ်သံမိန့်ခွန်းမှာ ဒွန်ညက်နဲ့ လူဟန့်စ်က ခွဲထွက်ရေးခေါင်းဆောင်တွေ အွန်လိုင်းကတစ်ဆင့် ပါဝင်ခဲ့ကြပြီး မဟာမိတ်ဖြစ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

    အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ရုရှားရဲ့ ဒီလုပ်ရပ်ကို ဝေဖန်ခဲ့သလို စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ်လို့ ချက်ခြင်း ကြေငြာပါတယ်။ ရုရှားက တပ်ဖွဲ့ဝင် ဘယ်လောက်စေလွှတ်မယ်ဆိုတာနဲ့ ဒါကို အနောက်နိုင်ငံတွေက ကျူးကျော်မှုအဖြစ် မှတ်ယူတုန့်ပြန်မလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    ဒွန်ညက်နဲ့ လူဟန့်စ်ဒေသကို ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

    Ref: Reuters

  • အငြင်းပွား ဧရာမဆည်မှ အီသီယိုးပီးယားက ဓာတ်အားစတင်ထုတ်လုပ်

    အငြင်းပွား ဧရာမဆည်မှ အီသီယိုးပီးယားက ဓာတ်အားစတင်ထုတ်လုပ်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၂၂
    M-Media

    -အိမ်နီးချင်း ဆူဒန်၊ အီဂျစ်တို့နဲ့ ရေအရင်းအမြစ်ဆိုင်ရာ အငြင်းပွားမှုရှိနေတဲ့ ဧရာမဆည်ကနေ ပထမဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို အီသီယိုးပီးယားက တနင်္ဂနွေနေ့မှာ စတင်လိုက်ပါတယ်။

    Grand Ethiopian Renaissance Dam (GERD) လို့ အမည်ပေးထားတဲ့ အဲဒီဆည်ရဲ့ ဓာတ်အားထုတ်လုပ်မှုကို ဝန်ကြီးချုပ် အဘီယီ အဟ်မဒ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တာပါ။ ဒီဆည်ကြီးဟာ အီသီယိုးပီးယားနိုင်ငံရဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာမှာဖြစ်ပြီး နိုင်ငံရဲ့ ဓာတ်အားထုတ်လုပ်မှု ပမာဏကို ၂ ဆအထိ မြင့်တက်စေမှာ ဖြစ်ပါတယ်။

    နိုင်းမြစ်ရဲ့ မြစ်ညာမှာ ဆောက်လုပ်ထားတဲ့ GERD ဆည်ကြောင့် မိမိတို့ဆီ ရေစီးဆင်းမှုနည်းသွားပြီး ရေအရင်းအမြစ် ရှားပါးလာနိုင်တယ်လို့ မြစ်အောက်ပိုင်း နိုင်ငံတွေဖြစ်တဲ့ ဆူဒန်နဲ့ အီဂျစ်တို့က စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

    ဝန်ကြီးချုပ် အဘီယီက အမှောင်ထဲမှာနေထိုင်နေရတဲ့ ပြည်သူ ၆၀ ရာခိုင်နှုန်း အလင်းရစေဖို့၊ စွမ်းအင်ရရှိရေး ထင်းလိုက်ရှာနေရတဲ့ မိခင်တွေရဲ့ လုပ်အားကို ချွေတာဖို့ အဓိကရည်ရွယ်တာဖြစ်ပြီး ​မြစ်ရေဟာ အရင်ကအတိုင်း ဆူဒန်နဲ့အီဂျစ်ကို စီးဆင်းနေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အီသီယိုးပီးယား အစိုးရနဲ့ ပြည်သူတွေဟာ ရေကိုထိန်းချုပ်ပြီး ဆူဒန်နဲ့ အီဂျစ်တို့ကို ငတ်မွတ်ခေါင်းပါးအောင် လုပ်ဆောင်မယ်ဆိုတဲ့ ကောလဟာလတွေဟာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

    အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နိုင်းမြစ်ရေကို မိမိသဘောနဲ့မိမိ မသုံးရဆိုတဲ့ ၂၀၁၅ ခုနှစ် သဘောတူညီချက်ကို အီသီယိုးပီးယားက ချိုးဖောက်တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဆူဒန်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    ဒေါ်လာ ၄.၂ ဘီလီယံ တန်ဖိုးရှိတဲ့ GERD ဆည်ကို ၂၀၁၁ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး လျှပ်စစ်ဓာတ်အား မီဂါဝပ် ၅ ထောင်ကျော် ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အာဖရိကတိုက်မှာ အကြီးဆုံး ရေအားလျှပ်စစ်ဆည်အဖြစ် မှတ်တမ်း၀င်မှာပါ။

    အီဂျစ်ဟာ စိုက်ပျိုးရေးနဲ့ သောက်သုံးရေအတွက် နိုင်းမြစ်ကို ၉၇ ရာခိုင်နှုန်း မှီခိုနေရပါတယ်။

    Ref: Aljazeera

  • အာဆီယံကိုယ်စားလှယ်၏ တွေ့ဆုံဆွေးနွေးရေးမူကို စစ်ကောင်စီက လက်မခံ

    အာဆီယံကိုယ်စားလှယ်၏ တွေ့ဆုံဆွေးနွေးရေးမူကို စစ်ကောင်စီက လက်မခံ

    ဖေဖော်ဝါရီ ၂၁၊ ၂၀၂၂
    M-Media

    -ဖြုတ်ချခံလိုက်ရတဲ့ NLD အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံမယ့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အစီအစဉ်ကို လက်မခံဘဲ ဒါဟာ အကြမ်းဖက်တွေကို အားပေး တာသာဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်က မတ်လအတွင်း မြန်မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ပြီးခဲ့တဲ့တစ်ပတ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    မလေးရှားနဲ့ အခြားအဖွဲ့ဝင်နိုင်ငံတစ်ခုက တိုက်တွန်းမှုကြောင့် ‘အမျိုးသားညီညွတ်ရေးအစိုးရ’ (NUG) တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ရှိတယ်လို့လည်း ဆိုခွန်က ဆိုပါတယ်။ NUG ကို ဖြုတ်ချခံလိုက်ရတဲ့ NLD လွှတ်တော်အမတ်​အများစုနဲ့ ဖွဲ့စည်းထားတာပါ။

    တနင်္ဂနွေနေ့က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ဒီအစီအစဉ်ကို လက်မခံဘူးလို့ ဆိုပါတယ်။

    အထူးကိုယ်စားလှယ်အပါအဝင် အာဆီယံရဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို လက်ခံကြိုဆိုသွားမှာဖြစ်ပေမယ့်၊ အကြမ်းဖက်အဖွဲ့၊ တရားမဝင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ကိစ္စကို သဘောမတူဘူးလို့လည်း စစ်ကောင်စီက ပြောပါတယ်။

    CRPH၊ NUG နဲ့ လက်အောက်ခံအဖွဲ့အစည်းအားလုံးကို ၂၀၂၁ ခုနှစ် မေလက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာခဲ့ကြောင်း၊ ဒီအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ အဖွဲ့ဝင်နှစ်နိုင်ငံက အကြံပြုတာဟာ အာဆီယံမူတွေကို ဆန့်ကျင်ရုံသာမက၊ အာဆီယံရဲ့ အကြမ်းဖက်တိုက်ဖျက်​ရေး ကြိုးပမ်းမှုကို ထိပါးစေကြောင်း၊ အာဆီယံအစည်းအဝေးတွေကို အသုံးချပြီး ဒီလိုပြောဆိုမှုမျိုး မလုပ်ဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချဖို့ အဖွဲ့ဝင်နှစ်နိုင်ငံကို တိုက်တွန်းကြောင်းလည်း စစ်ကောင်စီ နိုင်ငံ​ခြားရေးဝန်ကြီးဌာနရဲ့ ကြေငြာချက်မှာ တိုက်တွန်းထားပါတယ်။

    ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီး ဧပြီလမှာပြုလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ပြီး ​မြန်မာပြဿနာဖြေရှင်းရေး အာဆီယံရဲ့ သဘောတူညီချက် ၅ ခုကို လက်ခံခဲ့ပါတယ်။

    ဒါပေမယ့် သဘောတူညီချက်ပါအတိုင်း အကောင်အထည်ဖော်မှု မရှိတဲ့အတွက် အာဆီယံက အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီခေါင်းဆောင်တွေကို တက်ရောက်ခွင့် မပေးပါဘူး။

    Ref: South China Morning Post