News @ M-Media
Blog
  • မန္တလေးအနီးတွင် နိုင်ငံ၏ အကြီးဆုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်သွားမည်
    မန္တလေးအနီးတွင် နိုင်ငံ၏ အကြီးဆုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်သွားမည်
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    power
    – မြန်မာနိုင်ငံ၏ စွမ်းအင်ပြတ်လပ်မှု ပြဿနာကို ဖြေရှင်းရေးအတွက် နိုင်ငံ၏ အကြီးဆုံး သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးတွင် ရင်းနှီးမြှုပ်နှံရန် မြန်မာအစိုးရနှင့် နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်ဟု စင်ကာပူအခြေစိုက် Sembcorp ကုမ္ပဏီက ကြေငြာလိုက်သည်။
    လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လက်အောက်ရှိ လျှပ်စစ်စွမ်းအင်စီမံကိန်းဌာနနှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိသည့် အဆိုပါ ဓာတ်အားပေးစက်ရုံကို မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့အနီးတွင် ဆောက်လုပ်သွားမည်ဟု ဆိုသည်။
    အဆိုပါဓာတ်အားပေးစက်ရုံမှာ လျှပ်စစ်ဓာတ်အား ၂၂၅ မီဂါဝပ်ကို ထုတ်လုပ်ပေးနိုင်မည်ဟု ယနေ့တွင်ထုတ်ပြန်သည့် ကြေငြာချက်တွင် Sembcorp ကုမ္ပဏီက ဖော်ပြထားသည်။
    မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍ၌ ၀င်ရောက်လုပ်ကိုင်ခွင့်ကို ပြီးခဲ့သည့် ဧပြီလတွင် ရရှိခဲ့ခြင်းဖြစ်ပြီး ကာဘွန်ထုတ်လွှတ်မှုအနည်းဆုံးဖြင့် စွမ်းအင်အများဆုံး ထုတ်လုပ်နိုင်မည့် နည်းပညာများကို အသုံးပြုသွားမည်ဟု အဆိုပါ ကုမ္ပဏီက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Straitstimes
  • စိတ်ကျခြင်းနှင့် စိတ်ဖိစီးမှုများခြင်းက ဆီးချိုရောဂါသည်များတွင် လေဖြတ်မှုကို မြင့်တက်စေနိုင်
    စိတ်ကျခြင်းနှင့် စိတ်ဖိစီးမှုများခြင်းက ဆီးချိုရောဂါသည်များတွင် လေဖြတ်မှုကို မြင့်တက်စေနိုင်
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    stress
    – ဆီးချိုဝေဒနာရှင်များသည် အခြားသူများထက် စိတ်ကျခြင်းနှင့် စိတ်ဖိစီးမှုများ ပိုမိုခံစားရနိုင်ပြီး အဆိုပါ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများက နှလုံးသွေးကြောပိတ်ကာ လေဖြတ်ခြင်း၊ သေဆုံးခြင်း စသည့် အန္တရာယ်များကို မြင့်တက်စေနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
    ဆီးချိုဝေဒနာ ခံစားနေရပြီး တစ်ချိန်တည်းတွင် စိတ်ဓာတ်ကျခြင်းနှင့် စိတ်ဖိစီးမှုများ ခံစားနေရခြင်းတို့သည် အလွန်ဆိုးရွားသည့် ရလဒ်များ ထွက်ပေါ်နိုင်ကြောင်း လေ့လာတွေ့ရှိသည်။ အဆိုပါ သုံးမျိုးစပ် ကျန်းမာရေးပြဿနာ ရှိသူသောသူများမှာ ထိုရောဂါများ မရှိသော လူငယ်များထက် နှလုံးရောဂါကြောင့် သေဆုံးမှုအန္တရာယ် နှစ်ဆ ပိုများနေသည်။
    နှလုံးရောဂါနှင့် လေဖြတ်အန္တရာယ်တို့အပေါ် စိတ်ကျမှုနှင့် စိတ်ဖိစီးမှုတို့၏ အကျိုးသက်ရောက်မှုများကို ဆန်းစစ်ရန်အတွက် ဆီးချိုဝေဒနာရှင် ၄၁၀၀ အပါအ၀င် အရွယ်ရောက်ပြီးသူ ၂၂၀၀၀ခန့် ကို အမေရိကန်ပြည်ထောင်စု အရှေ့ကယ်ရိုလိုင်းနားရှိ ဆေးတက္ကသိုလ်မှ စမ်းသပ်မှုများပြုလုပ်ခဲ့သည်။
    လေ့လာမှုတွင် ပါဝင်သူများ၏ ပျမ်းမျှအသက်မှာ ၅၄ နှစ်ရှိပြီး ၎င်းတို့အထဲမှ ၅၈ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြကာ ၄၂ ရာခိုင်နှုန်းမှာ လူမည်းများ ဖြစ်ကြသည်။ ၅၆ ရာခိုင်နှုန်းမှာမူ လေဖြတ်ရောဂါ အဖြစ်များသောကြောင့် Stroke Belt ဟုခေါ်သည့် အမေရိကန်အရှေ့တောင်ပိုင်း ဒေသမှ ဖြစ်ကြသည်။
    အစပိုင်းတွင် ဆီးချိုရောဂါသည် ၁၉ ရာခိုင်နှုန်းပါဝင်သော အဆိုပါစမ်းသပ်ခံများတွင် ၁၀ ရာနှုန်းခန့်မှာ စိတ်ကျလက္ခဏာများ များပြားလာကြောင်း၊ ၂၈ ရာခိုင်နှုန်းခန့်သည် စိတ်ဖိစီးမှု မြှင့်တက်လာကြောင်း တွေ့ရှိခဲ့ရသည်။
    “ကျွန်တော်တို့ဆီမှာ ဆီးချိုဖြစ်ပြီဆိုရင် အများဆုံးလုပ်ကြတာက သွေးတွင်းသကြားပါဝင်မှုကို စောင့်ကြည့်တာရယ်၊ ဆေးကုသမှုခံယူတာရယ်၊ သွေးဖိအားများမများ၊ ကိုလက်စထရောနဲ့ ကျောက်ကပ်ရောဂါ ရှိ၊ မရှိကိုပဲ စမ်းသပ်ကုသမှုတွေလုပ်ပြီး ဘေးချော်သွားတတ်ကြပါတယ်” ဟု ဒေါက်တာ အဲရစ်ဗန်ဒါလစ်က ပြောသည်။
    “နှလုံးရောဂါဖြစ်ပွားစေတဲ့ စိတ်ကျခြင်းနဲ့ စိတ်ဖိစီးတာတွေ ရှိ၊ မရှိ စမ်းသပ်ဖို့ကို များသောအားဖြင့် ကျွန်တော်တို့ မေ့တတ်ကြပြီး အဲဒီအတွက် ပြည့်ဝတဲ့လုပ်ငန်းစဉ်မျိုးလည်း ကျွန်တော်တို့မှာ မရှိပါဘူး။ ဒါ့ကြောင့် အချိန်လွန်မှ ကုသတကလွဲလို့ ကျွန်တော်တို့မှာ စောင့်ကြည့်မှု၊ စမ်းသပ်စစ်ဆေးမှု သိပ်မရှိပါဘူး။ ”
    Ref: Channelnewsasia
  • လက်စတာထိပ်ဆုံးရောက်ခဲ့ပြီး၊ မန်စီးတီး၊ ချယ်ဆီးနဲ့ လီဗာပူးလ်တို့ ရှုံးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅
    လက်စတာထိပ်ဆုံးရောက်ခဲ့ပြီး၊ မန်စီးတီး၊ ချယ်ဆီးနဲ့ လီဗာပူးလ်တို့ ရှုံးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅
    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media
    epl
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ လက်စတာက အဝေးကွင်းမှာ ဆွမ်ဆီးကို ၃ ဂိုးပြတ်နဲ့ အနိုင်ကစားပြီး ဇယားထိပ်ဆုံးကို ဦးဆောင်လိုက်ပါတယ်။
    ၁၁ ပွဲဆက်တိုက် ဂိုးသွင်းစံချိန်သစ် တင်ထားတဲ့ ဂျာမီဗာဒီ ဂိုးသွင်းမှု ရပ်တန့်သွားပေမယ့် ရီယဒ် မဟ်ရက်ဇ်က ကစားသမားဘ၀ သူ့ရဲ့ ပထမဆုံးဟက်ထရစ်ကို သွင်းယူနိုင်ခဲ့တာပါ။ နည်းပြရာနီရေးရီကတော့ ထိပ်ဆုံးရောက်တာထက်၊ ၃ ဂိုးသွင်းနိုင်တာ၊ စွမ်းဆောင်ရည်ကောင်းတာ၊ အခွင့်အရေးတွေအများကြီးရတာနဲ့ Clean Sheet ရခဲ့တာတွေက ပိုပြီး အရေးကြီးတယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
    epl 2
    မန်စီးတီးကတော့ အဝေးကွင်းမှာ စတုတ်ကို ပထမပိုင်း ၁၅ မိနစ်အတွင်း သွင်းခဲ့တဲ့ ဂိုး ၂ ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ ခံစစ်ကြောင်း ဖရိုဖရဲဖြစ်မှု၊ ကစားကွက်မတည်ငြိမ်မှုနဲ့ အခွင့်အရေးတွေ မဖန်တီးနိုင်မှုတွေနဲ့အတူ မန်စီးတီးရဲ့ အရှုံးဟာ ထိုက်တန်ခဲ့ပြီး ပယ်လီဂရီနီကတော့ သူ့ကစားသမားတွေဟာ ပွဲပမ်းနေပြီလို့ ဆိုပါတယ်။
    epl 3
    ဒဏ်ရာရကစားသမား ၁၀ ဦးအထိရှိနေတဲ့ အာဆင်နယ်ဟာ အိမ်ကွင်းမှာ ဆန်းဒါးလန်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ၃ ပွဲဆက် နိုင်ပွဲပျောက်မှုကို အဆုံးသတ်လိုက်နိုင်ပါတယ်။ ဒါပေမယ့် ဆန်းဒါးလန်းကလည်း တော်တော်ကောင်းခဲ့ပြီး ဂိုးသွင်းမသေချာလို့သာ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်အတွက် ဂိုးတွေကိုတော့ ဂျိုး ကမ်းဘဲလ်၊ ဂျရူးနဲ့ ရမ်ဆေးတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဆန်းဒါးလန်းရတဲ့ ချေပဂိုးကလည်း ဂျရူးရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုက ရရှိခဲ့တာပါ။
    ချယ်ဆီးကတော့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ တန်းတက်ဘုန်းမောက်အသင်းကို ဂလန်းမာရေးရဲ့ ၈၂ မိနစ်ဂိုးနဲ့ အရှုံးပေးခဲ့ရပြီး ဒီရာသီ ၈ ပွဲမြောက် အရှုံးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ တန်းတက်လာတဲ့ ပထမန်း ချန်ပီယံဟာ ပရီးမီးယားလိဂ် လက်ရှိချိန်ပီယံကို ပထမဆုံး အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဘုန်းမောက်ကတော့ ၃ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းနဲ့အတူ တန်းဆင်းဇုန်က လွတ်မြောက်လာခဲ့ပါတယ်။
    တောက်လျှောက်ခြေပျက်လာတဲ့ နယူးကာဆယ်ဟာ အိမ်ကွင်းစိန့်ဂျိမ်းစ်ပါ့ခ်မှာ လီဗာပူးလ်အသင်းကို အံအားသင့်ဖွယ် အနိုင်ရခဲ့ပါတယ်။ ၂ ဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ အဲဒီပွဲမှာ စကာတယ်ရဲ့ ၆၉ မိနစ်မှာ ကိုယ့်ဂိုးကိုသွင်းမှု၊ ဒုတိယပိုင်းနောက်ဆုံးမိနစ်မှာ ၀စ်ဂ်ျနာလ်ဒမ်ရဲ့ ဂိုးတွေနဲ့ နယူးကာဆယ် မျက်နှာပန်းလှခဲ့တာ ဖြစ်ပါတယ်။ ယာဂန်ကလော့ပ်ကတော့ သူ့အသင်းဟာ အနည်းဆုံး သရေနဲ့ ထိုက်တန်တယ်လို့ ဆိုပါတယ်။
    အဆုံးသတ်epl 4ပိုင်းညံ့ဖျင်းမှုနဲ့အတူ မန်ယူဟာ ၀က်စ်ဟမ်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီး၊ စပါးကလည်း ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ချေပဂိုး ပြန်ပေးလိုက်ရတာကြောင့် ၀က်စ်ဘရွန်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ဒါပေမယ့် ၁၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကိုတော့ စပါးက ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    စတုတ် ၂-၀ မန်စီးတီး
    အာဆင်နယ် ၃-၁ ဆန်းဒါးလန်း
    မန်ယူ ၀-၀ ၀က်စ်ဟမ်း
    ဆောက်သက်တမ် ၁-၁ အက်စတွန်ဗီလာ
    ဆွမ်ဆီး ၀-၃ လက်စတာ
    ချယ်ဆီး ၀-၁ ဘုန်းမောက်
    နယူးကယ်ဆယ် ၂-၀ လီဗာပူးလ်
  • သေနတ်ဖြင့်တိုက်ခိုက်မှုဆိုင်ရာ သုတေသနပြုလုပ်ခွင့် တားဆီးထားမှုကို ပယ်ဖျက်ရန် အမေရိကန်ဆရာဝန်များ တောင်းဆို
    သေနတ်ဖြင့်တိုက်ခိုက်မှုဆိုင်ရာ သုတေသနပြုလုပ်ခွင့် တားဆီးထားမှုကို ပယ်ဖျက်ရန် အမေရိကန်ဆရာဝန်များ တောင်းဆို
    ဒီဇင်ဘာ ၆၊ ၂၀၁၅
    M-Media
    us
    – အမေရိကန်တွင် သေနတ်ဖြင့် တိုက်ခိုက်မှုများအတွက် သုတေသနပြုလုပ်ရေးတွင် ဖက်ဒရယ်အစိုးရ၏ ဘက်ဂျက်အသုံးပြုမှုကို ၁၀ စုနှစ် နှစ်စုကြာ ကန့်သန်ထားမှုအား ရုပ်သိမ်းပေးရန်အတွက် အမေရိကန်ရှိ Doctors for America အဖွဲ့က တိုက်တွန်းပြောဆိုလိုက်သည်။
    လူအစုလိုက်အပြုံလိုက် ပစ်ခတ်မှုများ နိုင်ငံအတွင်း မြင့်တက်လာချိန်တွင် ထိုကဲ့သို့ တောင်းဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်တွင် သေနတ်ဖြင့် တိုက်ခိုက်မှုကြောင့် နေ့စဉ် ပျမ်းမျှ လူ ၉၀ ခန့် သေဆုံးနေသည်ဟု သိရသည်။
    သေနတ်ဖြင့် တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အမေရိကန် ရောဂါဘယ ထိန်းချုပ်တားဆီးရေးဗဟိုဌာန CDC နှင့် အမျိုးသားကျန်းမာရေးအသင်း NIH တို့က သုတေသနပြုခြင်းကို အမေရိကန်စိုးရက Dickey Amendment ဖြင့် လွန်ခဲ့သည့် နှစ် ၂၀ ကတည်းက တားဆီးထားခြင်းဖြစ်သည်။
    ထိုတားဆီးမှုအား ပယ်ဖျက်ပေးရန်အတွက် Doctors for America အဖွဲ့၏ တောင်းဆိုမှုကို နိုင်ငံတစ်ဝှမ်းမှ ဆရာဝန် ၂၀၀၀ ကျော်က လက်မှတ်ရေးထိုးခဲ့ကြသည်။
    Doctors for America အဖွဲ့မှာ ဗုဒ္ဓဟူးနေ့က Capitol Hill တွင် ညီလာခံတစ်ခု ပြုလုပ်ခဲ့ကြပြီး သေနတ်ဖြင့် တိုက်ခိုက်မှုမှာ အမေရိကန်တွင် အလျင်အမြန်ဖြေရှင်းရန် လိုအပ်နေသည့် ပြည်သူ့ကျန်းမာရေးပြဿနာဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထိုညီလာခံသို ဒီမိုကရက်တစ် အမတ်အနည်းငယ် တက်ရောက်ခဲ့ကြသည်။
    အမေရိကန်မှာ ကမ္ဘာပေါ်တွင် လက်နက်ကြောင့် ရာဇ၀တ်မှုအဖြစ်ဆုံး နိုင်ငံဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း သေနတ်ဖြင့် တိုက်ခိုက်မှုမှာ ၃၅၃ မှုအထိ ရှိနေသည်။ ထိုပစ်ခတ်မှုများကြောင့် တစ်နှစ်လျှင် အမေရိကန် ၃၃၀၀၀ ခန့် သေဆုံးနေကြရသည်။
    Ref: RT
  • သြစတေးလျစာသင်ကျောင်းများတွင် အစ္စလာမ့်ရေးရာများ သင်ကြားတော့မည်
    သြစတေးလျစာသင်ကျောင်းများတွင် အစ္စလာမ့်ရေးရာများ သင်ကြားတော့မည်
    ဒီဇင်ဘာ ၆၊ ၂၀၁၅
    M-Media
    quran
    – အစ္စလာမ်သာသနာကို အလွဲသုံးစားပြုသူများ၏ တစ်လွဲအတွေးအခေါ်များကြောင့် အစွန်းရောက်များ မြင့်တက်လာခြင်းကို ပြန်လည်တုန့်ပြန်ရန် အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် သြစတေးလျရှိ စာသင်ကျောင်းများတွင် အလယ်အလတ် အစ္စလာမ့်သွန်သင်ချက်များနှင့် အရှေ့အလယ်ပိုင်း နိုင်ငံရေးများကို သင်ကြားသွားမည်ဟု News Corp Australia သတင်းဌာနက ဖော်ပြခဲ့သည်။
    သြစတေးလျ ကျောင်းသားများအား အစွန်းရောက်စေမှုကို တိုက်ဖျက်နိုင်မည့် အဆိုပါဆောင်ရွက်မှုအား အတည်ပြုနိုင်ရန်အတွက် လာမည့်တစ်ပတ် သောကြာနေ့တွင် ပြုလုပ်မည့် သြစတေးလျ ပညာရေးကောင်စီ၏ အစည်းအဝေးတွင် ပြည်နယ်များနှင့် ဖက်ဒရယ် ပညာရေးဝန်ကြီးများကို မေးမြန်းသွားမည်ဖြစ်သည်။
    သြစတေးလျ အမျိုးသားလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ပီတာ ဂျန်နင်းက အစ္စလာမ်၏ သွန်သင်မှုများနှင့် အရှေ့အလယ်ပိုင်း နိုင်ငံရေးသဘောတရာများကို ကျောင်းသင်ရိုးများတွင် ပြဌာန်းရန်အတွက် တိုက်တွန်းခဲ့ပြီး သို့မှသာ အွန်လိုင်းအမုန်းတရားများက ကလေးငယ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း ရှိမည်မဟုတ်ဟု ဆိုသည်။
    အစိုးရ၏ သင်ရိုးညွှန်းတမ်း ဆန်းစစ်ရေးအဖွဲ့မှ ပူးတွဲဥက္ကဌဖြစ်သည့် ပညာရေးကျွမ်းကျင်သူ ကီဗစ် ဒွန်နီလေးကလည်း သြစေတေးလျ စာသင်ကျောင်းများတွင် ဘာသာတရားအားလုံး၏ ကိုယ်ကျင့်တရားပိုင်းနှင့် နာမ်ပိုင်းဆိုင်ရာ တန်ဖိုးများကို သင်ကြားသင့်သည်ဆိုသော အဆိုအား သဘောတူခဲ့သည်။
    “သြစတေးလျနိုင်ငံသားတစ်ယောက်ရဲ့ အဓိပ္ပါယ်နဲ့ပတ်သက်ပြီး လူငယ်တွေကို အဓိကအာရုံစိုက် သင်ကြားပေးသင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ အဓိကဘာသာတရားအားလုံးကိုလည်း သင်ကြားပေးသင့်ပါတယ်” ဟု ဒွန်နီလေးက ပြောကြားခဲ့သည်။
    အစွန်းရောက်ဝါဒဆီသို့ ရောက်ရှိသွားသည်အထိ စည်းရုံးခံရနိုင်သည့် အန္တရာယ်ရှိသော လူငယ်များအား ရည်ရွယ်သည့် အဆိုပါ ဆောင်ရွက်ချက်ကို ဆန်းစစ်ရန်အတွက် သြစတေးလျရှိ ပညာရေးဝန်ကြီးများက မေလတွင် သဘောတူညီခဲ့ကြပြီး မကြာမီပြုလုပ်မည့်အစည်းအဝေးတွင် ၎င်းတို့၏ တွေ့ရှိချက်များကို တင်ပြရမည်ဖြစ်သည်။
    Ref: IINA News