News @ M-Media

Blog

  • အသင်းနှင့် ဆက်ဆံရေးမကောင်းပါက ထွက်ခွာမည်ဟု ဗန်ဂါးလ်ပြော

    အသင်းနှင့် ဆက်ဆံရေးမကောင်းပါက ထွက်ခွာမည်ဟု ဗန်ဂါးလ်ပြော

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    vnagal

    – ကစားသမားများနှင့် ကောင်းမွန်သော ဆက်ဆံရေး မရှိတော့ဟု ခံစားရပါက အသင်းမှထွက်ခွာမည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ်တွင် တတိယနေရာ ရှိနေသော်လည်း အသင်း၏ စွမ်းဆောင်ရည် မကောင်းမှု၊ ချန်ပီယံလိဂ်တွင် နောက်တစ်ဆင့်တက်ရေး မရေရာမသေချာ ဖြစ်နေမှုတို့ကြောင့် မန်ယူမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ဗန်ဂါးလ်မှာလည်း ဖိအားများနှင့် ရင်ဆိုင်နေရသည်။

    “ကျွန်တော့်ရဲ့အမြင်မှာ အရေးကြီးဆုံးကတော့ အသင်းသားတွေ၊ ၀န်ထမ်းတွေနဲ့ ဆက်ဆံရေးပါပဲ။ ဒီဆက်ဆံရေးက အရေးအကြီးဆုံးပါ။ ဒါမျိုးရှိနေတယ်လို့ ခံစားနေရသမျှ ကျွန်တော်ဟာ အလုပ်လုပ်နေမှာပါ။ အကောင်းဆုံး အလုပ်လုပ်သွားမှာပါ။ ဒါမျိုးမရှိဘူးလို့ ခံစားလာရရင်တော့ ကျွန်တော်ဟာ အရင်ဆုံးထွက်သွားမယ့် နည်းပြပါပဲ။ ကျွန်တော့်ရဲ့ အရင်ကလပ်အသင်းတွေနဲ့ အရင်အလုပ်တွေမှာ ကျွန်တော် ဒါကို သက်သေပြခဲ့ပြီးပါပြီ။ ပိုက်ဆံကိစ္စကြောင့် အလုပ်ထွက်ဖို့ဆုံးဖြတ်ချက်ချတဲ့ နည်းပြမျိုး မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲလိုနည်းပြမျိုးပါပဲ” ဟု ဗန်ဂါးလ်က သတင်းထောက်များအား ရှင်းပြခဲ့သည်။

    Ref: Goal

  • မွတ်စလင်များအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုကို ကာကွယ်ရန် ကနေဒါမွတ်စလင်အမျိုးသမီးများ ကိုယ်လုံပညာများ သင်ယူလာကြ

    မွတ်စလင်များအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုကို ကာကွယ်ရန် ကနေဒါမွတ်စလင်အမျိုးသမီးများ ကိုယ်လုံပညာများ သင်ယူလာကြ

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    canada

    – ပဲရစ်အကြမ်းဖက်မှုနောက်ပိုင်း မွတ်စလင်များအပေါ် ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီး ထိုပြဿနာကို ကိုယ်တိုင် ဖြေရှင်းရန်အတွက် ကနေဒါမှ မွတ်စလင်အမျိုးသမီးများမှာ ကိုယ်လုံပညာများကို သင်ယူလာကြသည်ဟု သိရသည်။

    “မွတ်စလင်မိန်းကလေးတစ်ယောက်အဖြစ် ကြောက်ရွံ့မှုနဲ့ အသက်ရှင်မနေသင့်ဘူးလို့ ကျွန်မ ခံစားရပါတယ်။ ပြီးတော့ အနည်းဆုံး ကျွန်မတို့ဟာ ကိုယ်ကိုယ်ကိုတော့ ကာကွယ်နိုင်ရပါမယ်။ တကယ်လို့ တစ်ယောက်ယောက်က ကျွန်မကို ဆွဲလားရမ်းလားလုပ်မယ်ဆိုရင် အနည်းဆုံး “ရပ်စမ်း၊ ငါ့ကိုလာမထိနဲ့” လို့ ပြောနိုင်ရပါမယ်။ အထူးသဖြင့် ကျွန်မရဲ့ ခေါင်းဆောင်ပုဝါကြောင့်ဆိုရင် အဲဒါက တိုက်ခိုက်စရာ အကြောင်းတစ်ခု မဟုတ်ပါဘူး” ဟု ကိုယ်လုံပညာအတန်းကို ဦးစီးဖွင့်လှစ်သည့် ဆာရာ ဆာ့ဘ်က ပြောကြားခဲ့သည်။

    အကြမ်းဖက်သမားများနှင့် ဘာသာတူသည်ဟူသော အကြောင်းပြချက်ဖြင့် မွတ်စလင်များအား တိုက်ခိုက်မှုတွင် ဟီဂျဘ်ခေါင်းဆောင်းပုဝါ ၀တ်ထားသော မွတ်စလင်အမျိုးသမီးများမှာ အများဆုံး ပစ်မှတ်ထားခံနေရသည်။

    ထို့ကြောင့် ကနေဒါမွတ်စလင်အမျိုးသမီးများမှာ မိမိကိုယ်ကို ကာကွယ်ရေး ပညာများကို သင်ကြားရန် စီစဉ်လာကြခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ တိုရွန်တိုရှိ အလ်-ဟူဒါ ဗလီဝတ်ကျောင်းတော်တွင် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ဒေသတွင်းရှိ ကိုယ်လုံပညာရပ်ဆိုင်ရာ ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

    “တစ်ယောက်ယောက်က ကျွန်မဆီတစ်ယောက်ယောက်ကလာပြီး ခေါင်းဆောင်ပုဝါကို ချွတ်ဖို့ ကြိုးစားမယ်။ ဆွဲလားရမ်းလားလုပ်မယ်၊ ကျွန်မရဲ့အယူဝါဒ၊ လူမျိုးရေးနဲ့ပတ်သက်ပြီး စော်ကားပြောဆိုတာတွေလုပ်မယ်ဆိုရင် အဲဒါတွေအတွက် ကျွန်မ ပြင်ဆင်နေတာပါ။ အဲဒီလိုမျိုး အရှက်ရစေမှုဟာ ဘယ်သူမဆို ဘယ်လိုအခြေအနေမျိုးမှာမှ သည်းခံမှာမဟုတ်တဲ့ ကိစ္စတွေပါ” ဟု ဆာ့ဘ်က ထည့်သွင်းပြောကြားခဲ့သည်။

    လွန်ခဲ့သည့်နှစ်ပတ်ခန့်မှာ အွန်တာရီယိုပြည်နယ် ပီတာဘိုရိုမြို့ရှိ အလ်-စလာမ် ဗလီဝတ်ကျောင်းတော်မှာ မီးလောင်ဗုံးဖြင့် မီးရှို့ခံခဲ့ရသည်။ သို့သော်လည်း မြို့အတွင်းရှိ အခြားသော ပြည်သူများက ချက်ခြင်းပင် မွတ်စလင်များအား နှစ်သိမ့်ခဲ့ကြပြီး ဗလီဝတ်ကျောင်းတော် ပြုပြင်ရေးအတွက် ကန်ဒေါ်လာ တစ်သိန်း လှူဒါန်းခဲ့ကြသည်။

    ဆာ့ဘ်ကမူ မိမိမှာ လူမျိုးရေးဆိုင်ရာ အယူသည်းမှုကို ပြန့်နှံလို၍ မဟုတ်ဘဲ လမ်းများပေါ်တွင် မွတ်စလင်များအား တိုက်ခိုက်သူများမှာ ကမ္ဘာတစ်ဝှမ်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများကို ပြုလုပ်နေသူများကဲ့သို့ပင် ဆိုးရွားသူများဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: IINA News

  • ယီမင်ပြည်သူထက်ဝက်ခန့် အငတ်ဘေးဆိုက်မည့်အန္တရာယ် ရှိနေ

    ယီမင်ပြည်သူထက်ဝက်ခန့် အငတ်ဘေးဆိုက်မည့်အန္တရာယ် ရှိနေ

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    yemen

    – ပဋိပက္ခများ ဖြစ်ပွားနေသည့် ယီမင်နိုင်ငံအတွင်း စားနပ်ရိက္ခာထောက်ပံ့မှုမှာ အလျင်အမြန် ဆိုးရွားလာနေပြီး အငတ်ဘေးဆိုက်မည့် အန္တရာယ်မျိုး ရှိနေသည်ဟု ကုလသမဂ္ဂ စားနိပ်ရိက္ခာအစီအစဉ် WFP က သတိပေးလိုက်သည်။

    နိုင်ငံ၏ ဒေသ ၂၂ ခုတွင် ၁၀ ခုမှာ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသော “အရေးပေါ်” ဒေသများအဖြစ် သတ်မှတ်ခံထားရပြီး၊ အငတ်ဘေးဆိုက်ရောက်ရန် တစ်ဆင့်သာလိုသည့် အခြေအနေမျိုးဖြစ်သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    “ရှင်းရှင်းပြောရရင် ယီမင်နိုင်ငံဟာ လုံခြုံရေးအရ စိုးရိမ်ရမှုတွေ ကြီးကြီးမားမားရှိနေပြီး နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုတွေ အကြမ်းဖက်မှုတွေမြင့်တက်နေတဲ့အတွက် ကမ္ဘာပေါ်မှာ အလုပ်လုပ်ရအခက်ဆုံး တိုင်းပြည်တစ်ခု ဖြစ်နေပါတယ်” ဟု WFP ၏ နိုင်ငံလုံးဆိုင်ရာ လက်ထောက်ဒါရိုက်တာဖြစ်သူ မက်သယူး ဟိုလင်ဝေါ့သ်က ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ကောင်းကောင်းဆောင်ရွက်နေပါတယ်။ အစားအသောက် ဖြန့်ဝေမှုမှာလည်း တိုးတက်အောင် ဆောင်ရွက်နေပါတယ်။ လတိုင်း လူတွေဆီ ပိုမိုရောက်ရှိဖို့ပါ။ ဒါပေမယ့် တိုင်းပြည်က လူတစ်ဝက်လောက်က အငတ်ဘေးနဲ့ ရင်ဖိုင်ဆို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ကျွန်တော်တို့နောက်မှာရပ်တည်ပြီး ကူညီထောက်ပံ့ပေးဖို့ လိုအပ်နေပါတယ်။ အထူးသဖြင့် နောက်ထပ် လအနည်းငယ်အတွင်းမှာပါ”

    နိုဝင်ဘာလက ထုတ်ပြန်ခဲ့သည့် ကုလ၏ ၂၀၁၆ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်မှု သုံးသပ်ချက်တွင် ယီမင်နိုင်ငံ၏ ၂၃ သန်းသော လူဦးရေမှ ၁၄.၄ သန်းမှာ အစားအစာ မလုံလောက်မှုနှင့် ကြုံတွေ့နေရပြီး ကျန်းမာသောဘ၀အတွက် လုံလောက်သော အစားအစာကို ရရှိရန် ရုန်းကန်နေရသည်ဟု ဖော်ပြထားသည်။

    ထိုအထဲမှ ၇.၆ သန်း၏ အစားသောက်လိုအပ်ချက်မှာ အလွန်အမင်း ဆိုးရွားနေသည်ဟု ဆိုသည်။

    “(ယီမင်ဟာ) နောက်ထပ် ဘယ်လိုတုန်လှုပ်စရာမျိုးမှ ဖြစ်လို့မရတဲ့ တိုင်းပြည်ပါ။ တော်တော်လေး အခြေအနေဆိုးရွားနေပါတယ်” ဟု WFP ၏ အရှေ့အလယ်ပိုင်းဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အဘီရန် အီတီဖာက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • မန်စီးတီးမှာ ကမ္ဘာ့အကောင်းဆုံးများကို ဆွဲဆောင်နိုင်သည်ဟု ပယ်လီဂရီနီပြော

    မန်စီးတီးမှာ ကမ္ဘာ့အကောင်းဆုံးများကို ဆွဲဆောင်နိုင်သည်ဟု ပယ်လီဂရီနီပြော

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    mancity

    – မိမိတို့အသင်းမှာ ဘောလုံးလောကမှ ကမ္ဘာ့အကောင်းဆုံးများကို ဆွဲဆောင်နိုင်သည့် အနေအထားမျိုး ရှိသည်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    မန်စီးတီးမှာ လက်ရှိအချိန်တွင် ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီနှင့် ဘိုင်ယန်နည်းပြ ဂွာဒီယိုလာတို့အား ခေါ်ယူရန် ဆက်သွယ်မှုများ ပြုလုပ်နေသည်ဟု သတင်းထွက်ပေါ်နေသည်။

    “ဘောလုံးလောကမှာ အရေးပါဆုံးဖြစ်ချင်ရင် ဒါမှမဟုတ် အရေးပါဆုံးတွေထဲက တစ်သင်း ဖြစ်ချင်ရင် အသင်းကို အကောင်းဆုံးကစားသမားတွေ ခေါ်ယူနိုင်ရပါမယ်။ ကျွန်တော်တို့ဟာ ဒါမျိုးလုပ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ဒီလိုကြိုးစားနေတဲ့အသင်းတွေ ၅ သင်း ၆ သင်းလောက်ရှိတာကြောင့် သိပ်တော့မလွယ်ပါဘူး။ ဒါက အလုပ်မှာထားတဲ့ ကျွန်တော်တို့ရဲ့ စတိုင်ပေါ်မှာ မူတည်ပါတယ်” ဟု ပယ်လီဂရီနီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • အာဖရိကကို တရုတ်က ဒေါ်လာ ဘီလီယံ ၆၀ ကူညီမည်

    အာဖရိကကို တရုတ်က ဒေါ်လာ ဘီလီယံ ၆၀ ကူညီမည်

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    china

    – တရုတ်နှင့် အာဖရိကခေါင်းဆောင်များက win-win cooperation ဟုခေါ်ဆိုသည့် ပူးပေါင်းဆောင်ရွက်မှု အစိတ်အပိုင်းအဖြစ် အာဖရိကဖွံဖြိုးတိုးတက်ရေးအတွက် ကန်ဒေါ်လာ ၆၀ ဘီလီယံ ကူညီမည်ဟု တရုတ်သမ္မတဇီဂျင်ပင်းက ကတိပြု ပြောဆိုလိုက်သည်။

    တောင်အာဖရိက၌ ပြုလုပ်ခဲ့သည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်၌ ဇီက ယမန်နေ့တွင် ထိုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး အဆိုပါထောက်ပံ့မှုများကို အခြေခံအဆောက်ဦး စီမံကိန်းများ တည်ဆောက်ရန်၊ မိုးခေါင်ရေရှားနေသည့် နိုင်ငံများအတွက် အကူအညီပေးရန်နှင့် အာဖရိကကျောင်းသား ထောင်ပေါင်းများစွာကို ပညာတော်သင်ဆုပေးရန်တို့တွင် အသုံးပြုရမည်ဖြစ်သည်။

    ထို့ပြင် တရုတ်နိုင်ငံမှာ အာဖရိကရှိ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများမှ အကြွေးများကိုလည်း လျှော်ပစ်ခဲ့သည်။ ဇီကမူ အာဖရိကနိုင်ငံများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အဆင့်မြှင့်တင်ခြင်း၊ ဂျာနယ်လစ်ရာပေါင်းများစွာကိုလေ့ကျင့်ပေးခြင်းနှင့် အာဖရိကရှိ ရွာပေါင်း ၁၀၀၀၀ အတွက် ဂြိုဟ်တုစနစ် ရရှိအောင် ဆောင်ရွက်ပေးခြင်းတို့အတွက်လည်း ကူညီသွားမည်ဟုလည်း ထည့်သွင်း ကတိပြုခဲ့သည်။

    Ref: Aljazeera