ဒီဇင်ဘာ ၉၊ ၂၀၁၅
M-Media
– ရာပေါင်းများစွာသော ဒဏ်ရာရစစ်သားများကို ကူညီနိုင်မည့် လုပ်ငန်းစဉ်တစ်ခုအဖြစ် အမေရိကန်တွင် ပထမဆုံး အမျိုးသားလိင်အင်္ဂါ အစားထိုးကုသရန် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ရှိ ဆရာဝန်များက ပြင်ဆင်နေသည်ဟု သိရသည်။
အာဖဂန်တွင် ဗုံးပေါက်ကွဲရာမှ လိင်အင်္ဂါဒဏ်ရာများ ရရှိထားသည့် စစ်သားတစ်ယောက်အား ပထမဆုံးအကြိမ် အဖြစ် ထိုကဲ့သို့ အစားထိုးကုသရန် စီစဉ်ထားပြီးဖြစ်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက အတည်ပြု ပြောကြားခဲ့သည်။
၁၂ နာရီကြာမြင့်မည်ဖြစ်သော အဆိုပါအစားထိုးခွဲစိတ်မှုတွင် အာရုံကြောများနှင့် သွေးကြောများ အတူပေါင်းချုပ်မှု ပါဝင်မည်ဖြစ်ပြီး ဆီးသွားခြင်းလုပ်ငန်းကို ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်ကာ အဆိုပါခွဲစိတ်မှုမှာ လိင်အင်္ဂါကိုသာ အစားထိုးခွဲစိတ်ခြင်ဖြစ်ပြီး သုတ်ရည်အိတ် မပါဝင်သောကြောင့် အစားထိုးခံရမည့်လူနာသည် သွေးသားရင်းချာ ကလေးရနိုင်မည်မဟုတ်ပေ။
၂၀၀၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် အီရတ်နှင့် အာဖဂန်စစ်ပွဲများအတွင်း အမေရိကန်စစ်သား ၁၃၆၇ ကျော်မှာ လိင်အင်္ဂါတွင် ဒဏ်ရာများရရှိခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။
၎င်းအစားထိုးခွဲစိတ်မှုသည် အသက်ကယ်ရန်အတွက် လိုအပ်ချက်တစ်ရပ် မဟုတ်သော်လည်း ဆရာဝန်များနှင့် ပင်တဂွန်အရာရှိများက စိတ်ဒဏ်ရာခံစားနေရသော စစ်သားများအတွက် ကျေနှပ်နှစ်သိမ့်မှုကို ဖြစ်စေနိုင်ကြောင်း ယုံကြည်သည်ဟု ဆိုကြသည်။
ကျန်ရစ်သူမိသားစုဝင်များ၏ ခွင့်ပြုချက်ဖြင့် ကွယ်လွန်သူအမျိုးသားများဆီမှရသော လိင်အင်္ဂါများနှင့် အစားထိုးခွဲစိတ်မှုပေါင်း ၆၀ ပြုလုပ်ရန် ညွှန်ကြားထားပြီး ဖြစ်သည်။ ယခုနှစ်အစောပိုင်းက တောင်အာဖရိက အမျိုးသားတစ်ယောက်မှာ ကမ္ဘာ့ပထမဆုံး လိင်အင်္ဂါ အစားထိုးကုသမှုကို ခံယူခဲ့ပြီး ဖခင်တစ်ယောက်ဖြစ်လာခဲ့သည်ဟု သိရသည်။
အဆိုပါ တောင်အာဖရိက အမျိုးသားမှာ သုတ်ပိုးများထုတ်လုပ်ပေးသော သုတ်ရည်အိတ် မပျက်ဆီးသောကြောင့် ကလေးရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.