News @ M-Media

Blog

  • အီရန်သို့ S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ရုရှားက စတင်ပေးပို့

    အီရန်သို့ S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ရုရှားက စတင်ပေးပို့

    ဒီဇင်ဘာ ၄၊ ၂၀၁၅
    M-Media

    iran

    – တီဟီရန်နှင့် မော်စကိုအကြား ရေရှည်သဘောတူညီချက်တစ်ရပ်၏ အစိတ်အပိုင်းအဖြစ် ရုရှားမှာ S-300 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အီရန်သို့ စတင်ပေးပို့ခဲ့ကြောင်း သိရသည်။

    သမ္မတ ဗလာဒီမီရပူတင်၏ အကြံပေးဖြစ်သူ ဗလာဒီမာကိုဇင်က ‘စာချုပ်ကို စတင်အကောင်အထည်ဖော်နေပါပြီ’ ဟု ပြောကြားခဲ့သည်။ ရုရှားသည် ၂၀၀၇ တွင် ပြုလုပ်ခဲ့သော ကန်ဒေါ်လာ သန်း ၈၀၀ တန် သဘောတူညီမှုအရ အီရန်သို့ ယင်းစနစ်များ ပေးပို့ရန် ကတိပြုခဲ့ပြီးဖြစ်သည်။

    သို့သော်လည်း အီရန်၏ နျူအစီအစဉ်အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြုလုပ်ခဲ့သည့် ပိတ်ဆို့မှုကြောင့် ၂၀၁၀ ခုနှစ်တွင် ထိုစာချုပ်ကို အကောင်အထည်ဖော်ရန် ရုရှားက ငြင်းဆိုခဲ့သည်။ ထိုသို့ ငြင်းဆိုခဲ့မှုအပေါ် အီရန်က ဂျီနီဗာရှိ နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးတွင် သက်ဆိုင်ရာ ရုရှား လက်နက်ကိုင်အဖွဲ့ကို တရားစွဲဆိုမှုများပြုလုပ်ခဲ့သည်။

    ဧပြီလတွင်မူ သမ္မတပူတင်က အီရန်သို့ S-300 တင်သွင်းမှုပိတ်ဆို့ထားခြင်းအပေါ် ပယ်ဖျက်ပေးခဲ့ပြီးနောက် ယခုကဲ့သို့ စတင်ပေးပို့ခဲ့ခြင်းဖြစ်သည်။

    Ref: Press TV

  • နှစ် ၂၀ အတွင်း သဘာဝဘေးအန္တရာယ်ဒဏ် အခံရဆုံး နိုင်ငံသုံးနိုင်ငံတွင် မြန်မာပါဝင်

    နှစ် ၂၀ အတွင်း သဘာဝဘေးအန္တရာယ်ဒဏ် အခံရဆုံး နိုင်ငံသုံးနိုင်ငံတွင် မြန်မာပါဝင်

    ဒီဇင်ဘာ ၄၊ ၂၀၁၅
    M-Media

    myan

    – နှစ်ပေါင်း ၂၀ အတွင်း လူပေါင်း သန်းဝက်ခန့် သေဆုံးခဲ့ရသော မုန်တိုင်း၊ ရေကြီးမှု၊ မြေပြိုမှုနှင့် မိုးခေါင်မှု စသည့် သဘာဝဘေးအန္တရာယ်များကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည့် နိုင်ငံများမှာ ဟွန်ဒူးရပ်စ်၊ မြန်မာနှင့် ဟေတီတို့ ဖြစ်ကြသည်ဟု ရာသီဥတု ပညာရှင်များက ပြောကြားလိုက်သည်။

    Germanwatch အဖွဲ့မှ ထုတ်ပြန်သည့် ၂၀၁၆ ကမ္ဘာ့ရာသီဥတုအန္တရာယ် အညွှန်းကိန်းတွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။ ထို့ပြင် ကမ္ဘာကြီး အပူလွန်ကဲလာမှုကို မလျှော့ချနိုင်ပါက ထိုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို ပိုမို ရင်ဆိုင်ရမည်ဟုလည်း ထိုအဖွဲ့က သတိပေးခဲ့သည်။

    ၁၉၉၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဟွန်ဒူးရပ်စ်၊ မြန်မာနှင့် ဟေတီတို့မှာ ထိုကဲ့သို့ သဘာဝဘေးအန္တရာယ်များကို အခံရဆုံး နိုင်ငံများဖြစ်ခဲ့ပြီး ၎င်းတို့နောက်တွင် ဖိလစ်ပိုင်၊ နီဂါရာကွာ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ထိုင်းနှင့် ဂွာတီမာလာတို့က အသီးသီး ရှိနေကြသည်။

    ထိုကဲ့သို့ ရာသီဥတုဆိုးဝါးမှုမှ ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များမှာ နှစ် ၂၀ ကာလအတွင်း ၁၅၀၀၀ ခန့် ရှိခဲ့ပြီး လူပေါင်း ၅၂၅၀၀၀ ကျော်ကို သေဆုံးစေခဲ့သည်။ ထိုအစီရင်ခံစာတွင် ဘေးအန္တရာယ်ကို တိုက်ရိုက်ထိခိုက်ခံစားရမှုများကိုသာ ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်ပြီး အပူလှိုင်များကြောင့် ဖြစ်လာသော မိုးခေါင်မှု၊ စားနပ်ရိက္ခာရှားပါးမှုတို့ကဲ့သို့ သွယ်ဝိုက်ထိခိုက်ခံစားရမှုများမှာလည်း ပိုမိုဆိုးဝါးနိုင်သည်။

    Germanwatch အဖွဲ့၏ သိပ္ပံပညာရှင်များကမူ လူသားများအနေဖြင့် ကာဘွန်ထုတ်လွှတ်ခြင်းကို မလျှော့ချနိုင်ပါက မုန်တိုင်း၊ ရေကြီးမှု၊ မိုးခေါင်မှုနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုများကို ပိုမိုကြုံတွေ့ရနိုင်သည်ဟုလည်း ထောက်ပြခဲ့သည်။

    Ref: ABC

  • ခြစားမှုအတွက် ဖမ်းဆီးခံထားရသည့် ဖီဖာတာဝန်ရှိသူများမှ ၈ ဦးက အပြစ်ရှိကြောင်း ၀န်ခံတော့မည်

    ခြစားမှုအတွက် ဖမ်းဆီးခံထားရသည့် ဖီဖာတာဝန်ရှိသူများမှ ၈ ဦးက အပြစ်ရှိကြောင်း ၀န်ခံတော့မည်

    ဒီဇင်ဘာ ၄၊ ၂၀၁၅
    M-Media

    fifa 2
    အမေရိကန် တရားသူကြီးချုပ် လော်ရက်တာ လင့်ခ်ျ

    – ခြစားမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူ ဖီဖာတာဝန်ရှိသူများမှ ၈ ဦးမှာ ၎င်းတို့တွင် အပြစ်ရှိကြောင်း ၀န်ခံရန် သဘောတူထားသည်ဟု အမေရိကန် တရားသူကြီးချုပ် လော်ရက်တာ လင့်ခ်ျက ပြောကြားလိုက်သည်။

    အမေရိကန်တာဝန်ရှိသူများမှာ ထိုကိစ္စနှင့်ပတ်သက်၍ ဖီဖာမှ လက်ရှိနှင့် ယခင်တာဝန်ရှိသူ ၁၆ ဦးအား တရားစွဲဆိုထားပြီး၊ ၎င်းတို့ကို လာဘ်ငွေနှင့် တရားမ၀င် ငွေပေးထားမှုပမာဏ ကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကိစ္စတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲမှုအတွက် အသေးစိတ်အချက်အလက်များကို အမေရိကန်တရားရေးဌာနက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    လင့်ချင်ကမူ ဖီဖာနှင့် ဆက်စပ်နေသူ ၈ ဦးမှာ ယခုအခါ အပြစ်ရှိကြောင်းဝန်ခံရန် ဆုံးဖြတ်ခဲ့ပြီး ၎င်းတို့ထဲမှ ၅ ဦးမှာ မည်သည့်အချိန်တွင် ၀န်ခံမည်ဆိုသည်ကို ပြောကြားခဲ့ခြင်းမရှိဟု ဆိုသည်။

    “တရားခံတစ်ယောက်က ဖီဖာ စည်းကမ်းထိန်းသိမ်းရေးကော်မတီ အကြီးအကဲဖြစ်ပြီး ခြစားမှုနဲ့ပတ်သက်ပြီး တရားစွဲဆို ခံထားရတာပါ။ အခုတော့ အဲဒီကိစ္စမှာ ပါဝင်တယ်လို့ ပြောကြားထားပါတယ်။ ဒါက တော်တော်လေးကို ဆိုးရွားပြီး ဖီဖာရဲ့ ခြစားမှုပမာဏက မယုံနိုင်လောက်စရာပါပဲ” ဟု လင့်ခ်ျက ပြောကြားခဲ့သည်။

    ထို့ပြင် ခြစားမှုနှင့်ပတ်သက်၍ အပြစ်ရှိကြောင်း ၀န်ခံမည်သူများတွင် မေလက ဖမ်းဆီးခဲ့သည့် ဖီဖာဒုတိယဥက္ကဌဟောင်း ဂျက်ဖရီဝဘ်လည်း ပါဝင်ပြီး အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • လူထုအား HIV ကူးစက်စေမှုဖြင့် သမားတော်တစ်ဦးကို ကမ္ဘောဒီးယားက ထောင် ၂၅ နှစ်ချ

    လူထုအား HIV ကူးစက်စေမှုဖြင့် သမားတော်တစ်ဦးကို ကမ္ဘောဒီးယားက ထောင် ၂၅ နှစ်ချ

    ဒီဇင်ဘာ ၄၊ ၂၀၁၅
    M-Media

    cam
    – ကမ္ဘောဒီးယားတရားရုံးသည် လိုင်စင်မဲ့ဆေးကုသသူ သမားတော်တစ်ဦးအား ရွာသား ၃၀၀ နီးပါးကို HIV ပိုးကူးစက်အောင် ပြုလုပ်ခဲ့မှုအတွက် လူသတ်မှုဖြင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

    အသက် ၅၆ နှစ်အရွယ် ယမ်ချရင်ဆိုင်သူဖြစ်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ခဲ့သော ငြှင်းပမ်းမှုနှင့် ရက်စက်သော လုပ်ရပ်များ ဆောင်ရွက်ခြင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့် HIV ပိုး ပျံ့နှံ့စေခဲ့ခြင်း၊ လိုင်စင်မဲ့ဆေးကုသခြင်း စသည်တို့အတွက် ယမန်နေ့တွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု တရားရုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    အဆိုပါ သမားတော်ကြောင့် HIV ပိုး ကူးစက်ခံရသူများတွင် အသက် ၂ နှစ်အရွယ်မှစ၍ ၈၀ အရွယ်ထိ ပါဝင်သည်။ယမ်ချရင်သည် အသုံးပြုပြီး ဆေးထိုးအပ်များကို ထပ်ခါထပ်ခါ အသုံးပြုခဲ့ကြောင်း ၀န်ခံခဲ့ပြီး ဗိုင်းရပ်စ်ပိုးအား ရည်ရွယ်ချက်ရှိရှိ ကူးစက်စေခဲ့သည်ဟူသော စွဲချက်ကို ငြင်းဆိုခဲ့သည်။

    ယမ်ချရင်သည် လူလေးစားကြည်ညိုခံရသော သမားတော်တစ်ဦးဖြစ်ပြီး ရွာသားများက ၎င်းတွင် ရောဂါပျောက်ကင်းစေနိုင်သော တန်ခိုးစွမ်းအားများလည်း ရှိနေသည်ဟု ယုံကြည်ထားခံရသူတစ်ဦးဖြစ်သည်။ ၎င်းသည် ဆင်းရဲသားများကို အဖိုးအခသက်သာစွာဖြင့် ကုသပေးကြောင်း ရဲဌာနက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • မြောက်ကိုးရီးယားက နျူကလီးယားစမ်းသပ်ရန် တူးမြောင်းဖောက်လုပ်

    မြောက်ကိုးရီးယားက နျူကလီးယားစမ်းသပ်ရန် တူးမြောင်းဖောက်လုပ်

    ဒီဇင်ဘာ ၄၊ ၂၀၁၅
    M-Media

    north

    – မြောက်ကိုးရီးယားမှာ နိုင်ငံ၏အရှေ့ဘက်ကမ်းရိုးတန်းတွင် နျူကလီးယား စမ်းသပ်ရန်အတွက် တူးမြောင်းအသစ်တစ်ခု စတင်ဖောက်လုပ်နေသည်ဟု အမေရိကန်စောင့်ကြည့်လေ့လာရေးစင်တာက ပြောကြားလိုက်သည်။

    အောက်တိုဘာလနှင့် နိုဝင်ဘာအစောပိုင်းတို့တွင် ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံများအရ ပွန်ဂျီရဲ စမ်းသပ်ရေးလုပ်ငန်းခွင်တွင် သိသာထင်ရှားသော ဆောက်လုပ်ရေးလုပ်ငန်းများကို ဧပြီလကတည်းကလုပ်ကိုင်နေကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်မှ လွှင့်တင်ထားသော ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    အဆိုပါလုပ်ငန်းခွင်မှာ ယခင်က နျူကလီးယားစမ်းသပ်မှု သုံးခုစလုံး ဆောင်ရွက်ခဲ့သောနေရာဖြစ်သည်။ သို့သော် အသစ်ရရှိသောသတင်းများအရ လောလောဆယ် စမ်းသပ်မည့် အရိပ်အယောင်မတွေ့ရသေးဟု ဆိုသည်။

    ပြုံယမ်းသည် နူးကလီးယားစမ်းသပ်မှုများ ပြုလုပ်ရန်နှင့် ဂြိုဟ်ပတ်လမ်းကြောင်းထဲသို့ ဂြိုဟ်တုတစ်စင်းလွှတ်တင်ရန် သန္နိဌာန်ချထားပြီးဖြစ်သည်။ အဆိုပါစမ်းသပ်မှုများသည် ရန်သူ့ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ကာကွယ်ရေးစွမ်းအင်များ မြှင့်တင်ထားရန် ရည်ရွယ်သည်ဟု မြောက်ကိုးရီးယားက ပြောကြားခဲ့သည်။

    မြောက်ကိုးရီးယား အက်တမ်စွမ်းအင်တက္ကသိုလ်က မိမိတို့နိုင်ငံသည် အချိန်မရွေးအသုံးပြုနိုင်သည့် နျူကလီးယားလက်နက်များ ရှိသည့်အတွက် အမေရိကန်၏ ရန်ရှာမှုကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။

    မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုများနှင့် တိုက်ချင်းပစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုကို အနောက်နိုင်ငံများက နျူကလီးယား ထပ်ဖူးတပ်ဆင် အသုံးပြုရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ယူဆထားပြီး ကုလကလည်း ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။

    Ref: Press TV