News @ M-Media
Blog
  • ဖီဖာတာဝန်ရှိသူ ၂ ဦးကို ခြစားမှုဖြင့် ဆွစ်ဇာလန် ထပ်မံဖမ်းဆီး
    ဖီဖာတာဝန်ရှိသူ ၂ ဦးကို ခြစားမှုဖြင့် ဆွစ်ဇာလန် ထပ်မံဖမ်းဆီး
    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media
    fifa
    – ဖီဖာ၏ ခြစားမှုကိစ္စကို စစ်ဆေးနေသည့် အမေရိကန်အာဏာပိုင်များ၏ တောင်းဆိုမှုကြောင့် ဖီဖာတာဝန်ရှိသူ ၂
    ဦးကို ဖမ်းဆီးလိုက်သည်ဟု ဆွစ်ဇာလန် တရားရေးဌာနက ကြေငြာလိုက်သည်။
    မြို့တော်ဇူးရစ်ခ်ျ မြို့လယ်ကောင်ရှိ ဇိမ်ခံဟော်တယ် Baur au Lac ၌ ဖီဖာ၏ အမှုဆောင်ကော်မတီ အစည်းအဝေးမပြုလုပ်ခင် ယနေ့တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ထိုနေရာမှာ မေလက ဖီဖာတာဝန်ရှိသူများကို ဖမ်းဆီးခဲ့သည့် နေရာလည်း ဖြစ်သည်။
    အဆိုပါ လာဘ်ငွေများမှာ ဖီဖာ၏ လက်တင်အမေရိက ဘောလုံးပြိုင်ပွဲများနှင့် ကမ္ဘာဖလား ခြေစစ်ပွဲများအတွက် ဈေးကွက်ရပိုင်ခွင့်နှင့် ဆက်စပ်နေသည်ဟု တရားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    အမေရိကန်တရားရေးဌာနက ကိုပါအမေရိကပြိုင်ပွဲအတွက် ဒေါ်လာသန်းပေါင်းများစွာ လာဘ်စားခဲ့မှုနှင့် ပတ်သက်၍ ဖီဖာမှ ဘောလုံးနှ ဈေးကွက်တာဝန်ရှိသူ ၁၄ ဦးကို ဖမ်းဆီးထားပြီး ထိုအထဲမှ ၂ ဦးကို တရားစွဲဆိုထားသည်။ ကမ္ဘာဖလားပြိုင်ပွဲ ကျင်းပရန် ဖီဖာက ဂျာမနီ၊ ရုရှားနှင့် ကာတာတို့အား အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကာ ချစားမှုစွဲချက်ဖြင့် တရားစွဲဆိုမှုများကိုလည်း ပြုလုပ်ထားသည်။
    Ref: Aljazeera
  • မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ အကူအညီလိုသော ပြည်သူ ၆ သိန်းကျော်ရှိသည်ဟု ကုလပြော
    မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ အကူအညီလိုသော ပြည်သူ ၆ သိန်းကျော်ရှိသည်ဟု ကုလပြော
    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media
    – မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များ၊ တိုက်ခိုက်မှုများနှင့် ပဋိပက္ခများကြောင့် စားနပ်ရိက္ခာ အကူအညီလိုအပ်နေသည့် ပြည်သူအရေအတွက်မှာ ၆ သိန်းကျော်ရှိနေသည် ကုလသမဂ္ဂ စားနိပ်ရိက္ခာအစီအစဉ် WFP က ယမန်နေ့တွင် ပြောကြားခဲ့ပြီး ၂၀၁၆ ခုနှစ် နှစ်လယ်အထိ အစားသောက်များ ကူညီပေးရန်အတွက် ကန်ဒေါ်လာ သန်း ၄၀ ခန့် လိုနေသည်ဟုလည်း ဆိုသည်။
    မြန်မာနိုင်ငံလူဦးရေ၏ ၂၆ ရာခိုင်နှုန်းဖြစ်သော ၁၃ သန်းမှာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် နေထိုင်နေရပြီး ကလေးငယ်များ၏ ၃၅ ရာခိုင်နှုန်းမှာ အဟာရချို့တဲ့မှု၊ ပုံမှန်ကြီးထွားမှုနှုန်းမရှိသည့် ပြဿနာများနှင့် ရင်ဆိုင်နေရသည်ဟုလည်း WFP ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။
    ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၂ ခုတွင် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး လူ ၁၇၂ ဦး သေဆုံးခဲ့ကာ ၁.၇ သန်းမှာ ယာယီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ WFP ကမူ အဆိုပါ ရေကြီးမှုနှင့် မြေပြိုမှုတို့ကြောင့် စားနပ်ရိက္ခာ လိုအပ်နေသူများမှာ ၄၄၀၀၀၀ ရှိနေသည်ဟု ဆိုသည်။
    ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် လူမျိုးစုတိုက်ခိုက်မှု၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၇၂၀၀၀ မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ၎င်းတို့မှာလည်း စားနပ်ရိက္ခာ လိုအပ်နေသည်ဟု ကုလကဆိုသည်။
    WFP မှာ မြန်မာနိုင်ငံမှ စားနပ်ရိက္ခာ မလုံလောက်သူ ၂.၉ သန်းကို အစားသောက်နှင့် ငွေသားများ ပေးအပ်ကူညီရန်နှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ပြည်သူများအား ၎င်းတို့၏နေအိမ်များသို့ ပြန်လည်လာရောက်နိုင်ရေး သို့မဟုတ် အလုပ်အကိုင်နှင့် ဘ၀အတွက် ပိုကောင်းသည့် အခြေအနေတွင် အခြေချနိုင်ရေးတို့အတွက်လည်း ကူညီရန် ရည်ရွယ်ထားသည်။
    Ref: Reuters
  • ယီမင်နိုင်ငံသားတစ်ဦးကို လူမှားဖမ်းဆီး၍ အမေရိကန်က ဂွာတာနာမိုတွင် ၁၃ နှစ်ကျော် ထိန်းသိမ်းခဲ့
    ယီမင်နိုင်ငံသားတစ်ဦးကို လူမှားဖမ်းဆီး၍ အမေရိကန်က ဂွာတာနာမိုတွင် ၁၃ နှစ်ကျော် ထိန်းသိမ်းခဲ့
    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media
    guatanamo
    – အကြမ်းဖက်မှုအတွက် အထူးအလိုရှိနေသော သံသယရှိသူတစ်ဦး၏ အမည်နှင့် ဆင်တူနေသောကြောင့် လူတစ်ဦးအား ဖမ်းဆီးကာ ဂွာတာနာမိုပင်လယ်ကွေ့အကျဉ်းစခန်းတွင် ၃ နှစ်ကြာအောင် ထိန်းသိမ်းမိခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    မှားယွင်းထောင်ချခံရသူမှာ ယီမင်နိုင်ငံသား မွတ်စ်တာဖာ အလ်-အဇီဇ် အလ်-ရှာမီရီဖြစ်ပြီး ယခုအခါတွင် လူအဖွဲ့အစည်းအတွင်းတွင် ပြန်လည်နေထိုင်ရန် အဆင့်သင့်ဖြစ်နေပြီဖြစ်သည်။ အလ်ရှာမီရီကို လွှတ်ပေးရန်အတွက် တရားရုံးကြားနာမှုတစ်ခုတွင် ယခုကဲ့သို့ အမှန်တရားပေါ်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း ဂါးဒီးယန်း သတင်းစာက ဖော်ပြထားသည်။
    အသက် ၃၇ နှစ်အရွယ် အလ်ရှာမီရီသည် အလ်ကိုင်ဒါအဖွဲ့၏ ထိပ်တန်း ဆက်သားတစ်ဦး၊ သင်တန်းပေးသူတစ်ဦးအဖြစ် ယခင်က စွပ်စွဲထားခံရခြင်းဖြစ်သည်။ အမှန်တကယ်မှာ ၎င်းသည် စွပ်စွဲထားသလိုမဟုတ်ဘဲ ရာထူးနိမ့် ခြေလျင်တပ်သားတစ်ဦးသာဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
    ၎င်း၏ မှတ်တမ်းတွင် အလ်ရှာမီရီကို ၁၉၉၅တွင် ဘော့စနီးယားတိုက်ခိုက်မှုနှင့် ၁၉၉၆ ယီမင်ပြည်တွင်းစစ်တွင် ပါဝင်သည်ဟု လည်းကောင်း၊ ၂၀၀၀-၂၀၀၁ တွင် အာဖဂန်ရှိ တာလီဘန်တို့နှင့် ပတ်သက်သည်ဟုလည်းကောင်း စွပ်စွဲထားချက်များစွာ ပါရှိသည်။
    ၎င်းကို အာဖဂန်မြောက်ပိုင်း မဇာရေရှရီးဖ်တွင် ဖမ်းမိပြီးနောက်ပိုင်း ဂွာတာနာမိုအကျဉ်းစခန်းတွင် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ အလ်-ရှာရီမီအား နှစ်ကြာရှည်စွာ ထိန်းသိမ်းခဲ့ခြင်းအတွက် အကြောင်းပြချက်မှာ လွှတ်ပေးရန်အတွက် အလွန်အန္တရာယ်ရှိသောကြောင့် ဖြစ်သည် ဟု ဆိုသည်။
    သို့သော် ဤအကြောင်းပြချက်မှာ အမှုအတွက် လုံလောက်သော သက်သေအထောက်အထားမဟုတ်ပေ။
    Ref: RT
  • ပင်လယ်ကွေ့နိုင်ငံများ၌ ၂၀၁၄တွင် အစ္စလာမ့်ဘဏ်လုပ်ငန်း ၁၈ ရာခိုင်နှုန်းမြင့်တက်လာ
    ပင်လယ်ကွေ့နိုင်ငံများ၌ ၂၀၁၄တွင် အစ္စလာမ့်ဘဏ်လုပ်ငန်း ၁၈ ရာခိုင်နှုန်းမြင့်တက်လာ
    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media
    bank
    – ၂၀၁၆ ခုနှစ်အတွက် အစ္စလာမ့်ဘဏ်လုပ်ငန်း ယှဉ်ပြိုင်မှုဆိုင်ရာ အစီရင်ခံစာအရ ရှရီအသ်တရားတော်နှင့်အညီ ဆောင်ရွက်သည့် စီးပွားရေးဘဏ်လုပ်ငန်းတန်ဖိုးမှာ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှု ကောင်စီ GCC အဖွဲ့ဝင်နိုင်ငံများ၌ ၂၀၁၄ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း (ဒေါ်လာ ၉၁ ဘီလီယံဖိုး) တိုးလာခဲ့ပြီး အစ္စလာမ့်ဘဏ်လုပ်ငန်းမှာလည်း ခိုင်မာသည့် တိုးတက်မှုများ ရှိမည်ဟု မျှော်လင့်ရသည်။
    ကမ္ဘာတစ်ဝှမ်း အစ္စလာမ့်ဘဏ်လုပ်ငန်းများ ပါဝင်သည့် စီးပွားရေးဘဏ်များ တန်ဖိုးမှာ ကန်ဒေါ်လာ ဘီလီယံ ၉၂၀ ကျော်လွန်မည့်အနေအထား ရှိနေပြီး နှစ်စဉ်တိုးတက်မှုမှာ ၁၆ ရာခိုင်နှုန်းခန့် ရှိနေသည်။
    အဆိုပါ အစ္စလာမ့်ဘဏ်လုပ်ငန်းများမှာ ကာတာ၊ အင်ဒိုနီးရှား၊ ဆော်ဒီအာရေဗျ၊ မလေးရှား၊ ယူအေအီးနှင့် တူရကီနိုင်ငံများတွင် အခြေစိုက်ပြီး ၂၀၁၅ ခုနှစ်တွင် ထိုလုပ်ငန်း၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၈၀၁ ဘီလီယံကို ကျော်လွန်ဖွယ်ရှိနေကာ နိုင်ငံတကာ အစ္စလာမ့်ဘဏ်လုပ်ငန်းများ တန်ဖိုး၏ ၈၀ ရာခိုင်နှုန်း ရှိလာမည်ဖြစ်သည်။
    ‘သမိုင်းကြောင်းအရ ခိုင်မာတဲ့ ဈေးကွက်အချို့မှာ တိုးတက်မှုနှုန်းက ဒီလုပ်ငန်းကြီးထွားမှုကို ရိုက်ခတ်စေတဲ့ မတူညီတဲ့ အကြောင်းအရာတွေနဲ့အတူ ကွဲလွဲပါတယ်။ တူရကီမှာဆိုရင် ပထ၀ီဝင်နိုင်ငံရေးက အစ္စလာမ့်ဘဏ်လုပ်ငန်း တိုးတက်မှုကို ရိုက်ခတ်ပေမယ့် ကျဆင်းမှုကတော့ ခဏတာလောက်ပဲ ရှိပါတယ်။ အင်ဒိုနီးရှားကတော့ ဒီလုပ်ငန်းမှာ တိုးတက်ဖို့ အားပေးတိုက်တွန်းမှုတွေ အများကြီးလိုအပ်ပါတယ်’ ဟု ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်ဘဏ်လုပ်ငန်းစင်တာ၏ မိတ်ဖက်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ အက်စ်ဟာရ် နဇင်းမ်က ပြောကြားခဲ့သည်။
    စီးပွားရေးအကွက်အကွင်းကောင်းသည့် ယူအေအီးနှင့် မလေးရှားတို့တွင်မူ အစ္စလာမ့်ဘဏ်လုပ်ငန်းတိုးတက်မှုမှာ ၂၀ မှ ၂၅ ရာခိုင်နှုန်းအထိ ရှိနေသည်။
    နဇင်းမ်ကထပ်မံ၍ ”ဒီဈေးကွက်တွေမှာ စည်းမျဉ်းစည်းကမ်းတွေ၊ ထိန်းကွပ်ကြီးကြပ်မှုတွေ၊ ဈေးကွက်ဝေစုရဖို့အတွက် ဥပဒေနှင့် စာရင်းဇယားဆိုင်ရာ အခြေခံအဆောက်အအုံတွေလည်း လိုအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။
    Ref: INNA News
  • အသင်းဖော်အား ငွေညှစ်သည့်ကိစ္စကို ဘန်ဇီမာ ငြင်းဆို
    အသင်းဖော်အား ငွေညှစ်သည့်ကိစ္စကို ဘန်ဇီမာ ငြင်းဆို
    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media
    benzema
    – ပြင်သစ်အသင်းဖော်အား လိင်ပိုင်းဆိုင်ရာ ဗီဒီယိုဖြင့် ငွေညှစ်သည်ဟူသော စွပ်စွဲချက်ကို ရီးယဲလ်တိုက်စစ်မှူး ကရင်မ် ဘန်ဇီမာက ငြင်းဆိုလိုက်ပြီး မိမိအနေဖြင့် ထိုကိစ္စတွင် အပြစ်မရှိဟု ပြောကြားလိုက်သည်။
    ငွေညှစ်ခံရသူမှာ မက်သယူး ဗာလ်ဘွဲနာဖြစ်ပြီး ထိုကိစ္စအတွက် ဘင်ဇီမာမှာ ပြီးခဲ့သည့်လအတွင်းက ဖမ်းဆီးစစ်ဆေးခြင်း ခံခဲ့ရသည်။
    “တကယ်ဆိုရင် ကျွန်တော့်မှာ အပြစ်မရှိပါဘူး။ ကျွန်တော်က စွပ်စွဲခံရတာဖြစ်ပြီး ရာဇ၀တ်သားတစ်ယောက်လို ဆက်ဆံခံခဲ့ရပါတယ်။ ဘာဖြစ်လဲဆိုရင်တော့ ဒါက ရိုးရိုးလေးပါ။ သူ့(ဗာလ်ဘွဲနာ) ရဲ့ ဗီဒီယိုတစ်ခုရှိတယ်လို့ ကျွန်တော်ကြားတယ်။ ပြီးတော့ ကျွန်တော်က သူ့ကို ပြောပြလိုက်တယ်။ ဒီပြဿနာကိုဖြေရှင်းနိုင်မယ့် မိတ်ဆွေတစ်ယောက် လိုင်ယွန်မှာရှိတာကြောင့် ဒီကိစ္စကို ကျွန်တော် ဖြေရှင်းပေးနိုင်တယ်လို့ သူ့ကိုပြောခဲ့ပါတယ်။ မိသားစုကို ပြောလိုက်ရင်လည်း ကိစ္စမရှိဘူးလို့ ကျွန်တော်က သူ့ကို ပြောတယ်။ အရင်က ကျွန်တော်လည်း ဒီလိုကြုံတွေ့ခဲ့တယ်လို့လည်း အသိပေးခဲ့ပါတယ်” ဟု ဘန်ဇီမာက ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့မှာ ငွေအကြောင်း မပြောမိခဲ့ကြောင်း၊ မိမိမှာ နေနိုင်စားနိုင်ပြီး အခြားတစ်ဦးကို ကူညီသည့်အခါ မည်သည်ကိုမှ မမျှော်လင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    “ဗာလ်ဘွဲနာဟာ အဲဒီနေ့က ကျွန်တော့်ကိုတောင် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်”
    ထိုပြဿနာကြောင့် ပြင်သစ်နည်းပြ ဒက်စ်ချမ့်မှာ နိုဝင်ဘာလအတွင်း ကစားခဲ့သည့် ဂျာမနီနှင့် အင်္ဂလန်တို့၏ ချစ်ကြည်ရေးပွဲများတွင် ၎င်းတို့နှစ်ဦးစလုံးအား ချန်လှပ်ခဲ့သည်။
    Ref: Goal