News @ M-Media

Blog

  • အာဆင်နယ်မှာ ကံဆိုးချိန်ရောက်နေသည်ဟု ၀င်းဂါးဝန်ခံ

    အာဆင်နယ်မှာ ကံဆိုးချိန်ရောက်နေသည်ဟု ၀င်းဂါးဝန်ခံ

    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    winger

    – မိမိတို့အသင်းမှာ ကံဆိုးမိုးမှောင်ကျသည့်အချိန်နှင့် ကြုံတွေ့နေရသော်လည်း ပရီးမီးယားလိဂ်ဖလား ရယူရန် အခွင့်အရေး ရှိနေသေးသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရသည့် အာဆင်နယ်မှာ ၎င်းတို့၏ နောက်ဆုံးပရီးမီးယားလိဂ် ၃ ပွဲတွင် ၂ ပွဲ သရေကျကာ ၁ ပွဲရှုံးထားပြီး နိုင်ပွဲမရှိသေးချေ။ လက်ရှိအချိန်တွင် အာဆင်နယ်မှာ ထိပ်ဆုံးမှ မန်စီးတီးနှင့် ၂ မှတ်အကွာ စတုတ္ထနေရာတွင် ရှိနေပြီး ၀င်းဂါးကမူ ရလဒ်များမှာ ပိုကောင်းသင့်သည်ဟု ၀န်ခံခဲ့သည်။

    “ကျွန်တော်တို့ဟာ ဒီကံမကောင်းတဲ့အချိန်ကို ကျော်ဖြတ်ရပါမယ်။ ၃ ပွဲလောက် ကျွန်တော်တို့ အကြောင်းမလှခဲ့ဘဲ ၂ မှတ်သာ ရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ချန်ပီယံပြေးလမ်းနဲ့ သိပ်မဝေးတာကြောင့် အဆင်ပြေပါသေးတယ်။ လုံလောက်မှုတော့ မရှိပေမယ့် ကျွန်တော်တို့ ပြန်လာနိုင်တဲ့အခွင့်အရေး ရှိနေပါသေးတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal

  • ဗဟိုအာဖရိကနိုင်ငံရှိ ပိတ်ဆို့ခံ ဒေသမှ ဗလီဝတ်ကျောင်းတော်ကို ပုပ်ရဟန်းမင်းကြီး သွားရောက်လည်ပတ်

    ဗဟိုအာဖရိကနိုင်ငံရှိ ပိတ်ဆို့ခံ ဒေသမှ ဗလီဝတ်ကျောင်းတော်ကို ပုပ်ရဟန်းမင်းကြီး သွားရောက်လည်ပတ်

    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    pope

    – အာဖရိကအလယ်ပိုင်းရှိ ပဋိပက္ခများဖြစ်ပွားရာ ဗဟိုအာဖရိကနိုင်ငံသို့ ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တင်းမာမှုအမြင့်ဆုံးဒေသကို သွားရောက်ခဲ့ပြီး မွတ်စလင်များ၊ ခရစ်ယာန်များအနေဖြင့် ၎င်းတို့၏ မတူညီမှုကို ဘေးဖယ်ကာ ဆက်ဆံရေး ပြန်လည်တည်ဆောက်ရေး အာရုံစိုက်ရန် တိုက်တွန်းခဲ့သည်။

    ၂၀၁၃ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက ခရစ်ယာန်နှင့် မွတ်စလင်များအကြား အကြမ်းဖက်တိုက်ခိုက်မှု အဖြစ်ပွားဆုံးနေရာမှ တစ်ခုဖြစ်သည့် မြို့တော်ဘန်ဂွီမှ PK5 ခရိုင်ရှိ ကူဒူကူ ဗလီဝတ်ကျောင်းတော်သို့ ယနေ့တွင် သွားရောက်လည်ပတ်ခဲ့စဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    ပုပ်ရဟန်းမင်းကြီးက ခရစ်ယာန်များနှင့် မွတ်စလင်များကို ညီအစ်ကိုများအဖြစ် သတ်မှတ်ပြောကြားခဲ့ပြီး အမုန်းတရားများကို ဆန့်ကျင်ရန်နှင့် ပြန်လည်ရင်ကြားစေ့ရေးကို ဆက်လက်ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့သည်။

    “ခရစ်ယာန်နဲ့ မွတ်စလင်တွေဟာ ညီရင်းအစ်ကို မောင်ရင်းနှမတွေပါပဲ။ ဘုရားသခင်ကို ယုံကြည်တယ်လို့ ပြောကြားသူတွေဟာ ငြိမ်းချမ်းတဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေပဲ ဖြစ်ရပါမယ်။ အမုန်းတရား၊ လက်စားချေမှုနဲ့ အကြမ်းဖက်မှုတွေ၊ အထူးသဖြင့် ဘုရားသခင်ရဲ့နာမတော်ကိုကိုင်ပြီး ကျူးလွန်နေကြတဲ့ အကြမ်းဖက်မှုတွေကို အလိုမရှိဘူးလို့ အားလုံး အတူတကွ ပြောကြားရပါမယ်။ ဘုရားသခင်ဆိုတာ ငြိမ်းချမ်းရေး၊ “စလာမ်” ပါပဲ” ဟု ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောကြားခဲ့သည်။

    မွတ်စလင်အများစုရှိရာ PK5 ဒေသကို “အန်တီဘာလကာ” ခရစ်ယာန်တိုက်ခိုက်ရေးသမားများက လွန်ခဲ့သည့် ၂ လမှစ၍ ၀န်းရံ ပိတ်ဆို့ထားကြပြီး ထိုဒေသသို့ ထောက်ပံ့ရေးပစ္စည်းများ ၀င်ရောက်ခြင်း၊ မွတ်စလင်များ အပြင်ထွက်ခြင်းတို့ကိုလည်း တားမြစ်ထားသည်။

    PK5 ဒေသတွင် နှစ်ဖက်လူ့အဖွဲ့အစည်းအကြား လက်စားချေ တုန့်ပြန်မှုများကြောင့် စက်တင်ဘာလနှောင်းပိုင်းမှစ၍ အနည်းဆုံး လူပေါင်း ၁၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၏ အဆိုအရ သိရသည်။

    ၂၀၁၃ ခုနှစ် အစောပိုင်းတွင် မွတ်စလင်အများစုပါဝင်သည့် ဆီလီကာသူပုန်များက အာဏာသိမ်းပြီးနောက်ပိုင်း ခရစ်ယာန်အများစုရှိသည့် ဗဟိုအာဖရိကနိုင်ငံတွင် မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ပြီး ခရစ်ယာန်လက်နက်ကိုင်များက တုန့်ပြန်လက်စားချေမှုများလည်း ပေါ်ပေါက်လာခဲ့သည်။

    မွတ်စလင်နှင့် ခရစ်ယာန် နှစ်ဖက်စလုံးမှ ခေါင်းဆောင်များကမူ ဘာသာရေးအမုန်းတရားများကို နိုင်ငံရေး အမြတ်ထုတ်ရန်အတွက် အသုံးပြုနေကြသည်ဟု ပြောကြားခဲ့သည်။

    ဗလီဝတ်ကျောင်းတော်တွင် ရောက်ရှိနေကြသည့် ပြည်သူများကို ပုပ်ရဟန်းမင်းကြီးက မိန့်ခွန်းပြောရာတွင် ဗဟိုအာဖရိကနိုင်ငံသို့ ၎င်း၏ လာရောက်လည်ပတ်မှုတွင် မွတ်စလင်လူ့အဖွဲ့အစည်းနှင့် ယခုကဲ့သို့ တွေ့ဆုံမှု မပြုပါက မိမိ၏ခရီးစဉ်မှာ ပြည့်စုံမည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ခရစ်ယာန်များနှင့် မွတ်စလင်များအကြား ပြိုကွဲမှုများကို ပြန်လည်သင့်မြတ်စေရေးမှာ ပုပ်ရဟန်းမင်းကြီး၏ အာဖရိကတိုက်သို့ ပထမဆုံးခရီးစဉ် တစ်လျှောက်လုံးတွင် အဓိက ကဏ္ဍတစ်ခု ဖြစ်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီးမှာ ကင်ညာနှင့် ယူဂန်ဒါနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ဗဟိုအာဖရိကနိုင်ငံမှာ ၎င်းခရီးစဉ်ဟု နောက်ဆုံးဖြစ်သည်။

    ပြန်လည်သင့်မြတ်ရေးကို ကြိုးစားဆောင်ရွက်နေသည့် မွတ်စလင်ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သူ အီမာမ် တီဒီယာနီ မူဆာ နိုင်ဘီက PK5 ဒေသကို လဟာပြင် အကျဉ်းထောင်ဟု ခေါ်ဆိုခဲ့သည်။ သို့သော်လည်း ယနေ့တွင် မျှော်လင့်ချက်ရှိသည့် မှတ်ချက်ကို ပေးခဲ့သည်။

    “ကျွန်တော်တို့နဲ့ ခရစ်ယာန် ညီအစ်ကိုမောင်နှမတွေရဲ့ ဆက်ဆံရေးဟာ သိပ်နက်ရှိုင်းပြီး အဲဒါကို ပျက်ဆီးအောင်လုပ်တဲ့ ဘယ်လိုနည်းလမ်းကမှ အောင်မြင်မှာ မဟုတ်ပါဘူး။ ဒီတိုင်းပြည်က ခရစ်ယာန်နဲ့ မွတ်စလင်တွေဟာ အတူတကွနေထိုင်ဖို့၊ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြင်နာဖို့ တာဝန်ရှိပါတယ်” ဟု နိုင်ဘီက ပုပ်ရဟန်းမင်းကြီးကို ပြောကြားခဲ့သည်။

    pope 2

    နိုင်ငံအတွင်းသို့ ပုပ်ရဟန်းမင်းကြီး လာရောက်မှုကို ခရစ်ယာန်နှင့် မွတ်စလင် နှစ်ဖက်စလုံးက ကြိုဆိုခဲ့ကြပြီး၊ တွေ့ဆုံဆေးနွေးရန် ပြန်လည်စတင်ရန်နှင့် ငြိမ်းချမ်းမှု ပြန်လည်ရရှိရေး ဆောင်ရွက်ချက်များကို ပုံဖော်နိုင်မည်ဟု မျှော်လင့်နေကြသည်။ PK5 ဒေသမှ မွတ်စလင်ထောင်းပေါင်းများစွာမှာ ဒေသအတွင်းရှိ လမ်းတစ်လျှောက်တွင် တန်းစီ၍ ပုပ်ရဟန်းမင်းကြီးအား ကြိုဆိုခဲ့ကြသည်။

    ပုပ်ရန်ဟန်းမင်းကြီးမှာ ဗဟိုအာဖရိကနိုင်ငံရှိ အမျိုးသားအားကစားရုံတွင် ထောင်ပေါင်းများစွာသော ကက်သလစ်ခရစ်ယာန်များအား မိန့်ခွန်းပြော၍ ၎င်း၏ ဗဟိုနှင့် အရှေ့အာဖရိကခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်ပြီး ရောမသို့ ပြန်သွားမည်ဖြစ်သည်။

    Ref: Aljazeera

  • ဂျာမနီတွင် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲကျင်းပရန် အစီအစဉ်ကို ပြည်သူများ ပယ်ချ

    ဂျာမနီတွင် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲကျင်းပရန် အစီအစဉ်ကို ပြည်သူများ ပယ်ချ

    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    germany

    – ၂၀၂၄ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပရန် အစီအစဉ်အား ဂျာမနီနိုင်ငံမြောက်ပိုင်း ဟမ်းဘာ့ဂ်မြို့ရှိ ပြည်သူများက ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြုလုပ်ကာ ငြင်းပယ်ခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒခံယူပွဲတွင် မဲပေးသူပေါင်း ၆၅၀၀၀၀ အနက်မှ ၅၂ ရာခိုင်နှုန်းခန့်က ထိုအစီအစဉ်ကို ကန့်ကွက်မဲ ပေးခဲ့ကြသောကြောင့် ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျမည့် စီမံကိန်းတစ်ခု အဆုံးသတ်သွားပြီဖြစ်သည်။

    ဂျာမနီက ထိုကဲ့သို့ ပယ်ချခဲ့သောကြောင့် ၂၀၂၄ နွေရာသီအိုလံပစ်ပြိုင်ပွဲ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေးအတွက် လော့စ်အိန်ဂျလိစ်၊ ဘူဒါပက်စ်၊ ရောမနှင့် ပဲရစ်မြို့တို့က ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

    အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရေး ကြိုးပမ်းသည့်အဖွဲ့မှ  စီအီးအိုဖြစ်သူ နီကိုလက်စ်ဟီးလ်က မိမိအနေဖြင့် မတူညီသော အဖြေကို မျှော်လင့်ခဲ့သော်လည်း ဖြစ်မလာခဲ့ဘဲ ပြည်သူများ၏ သဘောထားကို အလေးထားသွားမည်ဟု ပြောကြားခဲ့သည်။

    အိုလံပစ် အားကစားပြိုင်ပွဲကို ကျင်းပပြုလုပ်ရန် ဟမ်းဘာ့ဂ်ပြည်သူများ၏ ယခု ပယ်ချမှုမှာ ဂျာမနီတွင် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယခင်က ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပရန် အစီအစဉ်ကိုလည်း မြူးနစ်မြို့ ပြည်သူများက ပယ်ချခဲ့ဖူးသည်။

    Ref: Aljazeera

  • IS ၀ဘ်ဆိုက်များအား အမေရိကန်ရှိ နာမည်ကြီး အိုင်တီကုမ္ပဏီတစ်ခုက ကာကွယ်ပေးနေ

    IS ၀ဘ်ဆိုက်များအား အမေရိကန်ရှိ နာမည်ကြီး အိုင်တီကုမ္ပဏီတစ်ခုက ကာကွယ်ပေးနေ

    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    is

    – IS ၏ အွန်လိုင်း လုပ်ငန်းစဉ်များ လျင်မြန်ရေးနှင့် လုံခြုံရေးမြင့်မားစေရန်အတွက် အမေရိကန်ရှိ အိုင်တီကုမ္ပဏီတစ်ခုဖြစ်သော CloudFlare အဖွဲ့က ကူညီလုပ်ဆောင်ပေးနေသည်ဟု Anonymous ဟက်ကာအဖွဲ့က ပြောကြားလိုက်သည်။

    ပဲရစ်တိုက်ခိုက်မှုပြီးနောက် Anonymous အဖွဲ့မှာ IS အကြမ်းဖက်အဖွဲ့၏ အွန်လိုင်းလှုပ်ရှားမှုများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုများ ပြုလုပ်ခဲ့ပြီး ဆီလီကွန်တောင်ကြားအခြေစိုက် CloudFlare ကုမ္ပဏီမှာ စစ်သွေးကြွထောက်ခံသော ၀ဘ်ဆိုက်များကို ကာကွယ်ပေးနေသည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်သည်။

    CloudFlare မှာ Denial of Service တိုက်ခိုက်မှုဟုခေါ်သည့် ၀ဘ်ဆိုက်များအား လိပ်စာအများအပြားဖြင့် စုပြုံဝင်ရောက်ကာ ကျသွားစေခြင်း နည်းလမ်းကို တာဆီးသည့် နည်းပညာဖြင့် အဆိုပါ ၀ဘ်ဆိုက်များကို ကာကွယ်ပေးထားသောကြောင့် Anonymous က ထိုဝဘ်ဆိုက်များကို တိုက်ခိုက်ပါက ထိုနည်းပညာက တားဆီးလိမ့်မည်ဖြစ်သည်ဟု ဆိုသည်။

    မကြာသေးမီက ထွက်ရှိလာခဲ့သည့် အစီရင်ခံစာတစ်ခုတွင် CloudFare မှာ အကြမ်းဖက်ဝါဒနှင့် ချိတ်ဆက်ထားသည့် ၀ဘ်ဆိုက် ၄၀ ကို ကာကွယ်ပေးထားပြီး ၎င်းတို့အထဲမှာ ၃၇ ခု မှာ ၀ါဒဖြန့်သက်သက် ဆိုက်များဖြစ်သည်ဟု ဖော်ပြထားသည်။

    Twitter တွင် ဟက်ကာအဖွဲ့မှ တင်ထားသောမှတ်ချက်၌ “Cloud Flare က IS အားပေးတဲ့ ၀ဘ်ဆိုက်တွေကို ၀န်ဆောင်မှုတွေ ပေးနေတယ်တယ်ဆိုတာ ထပ်တွေ့ရပြန်ပါပြီ။ ရှက်စရာပါပဲ” ဟု ရေးသားဖော်ပြခဲ့သည်။

    Cloud Flare ကို ပူးတွဲတည်ထောင်သူနှင့် စီအီးအိုဖြစ်သူ မက်သယူး ပရင့်စ်က Anonymous အဖွဲ့၏ ပြောကြားမှုမှာ အခြေအမြစ်မရှိဘဲ အကြမ်းဖက်အုပ်စုအား ထောက်ပံ့ခြင်းအားဖြင့် မိမိတို့မှာ မည်သည့် အကျိုးအမြတ်မှ ရရှိမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်ဖက်ဒရယ်အာဏာပိုင်များက ဆန်ဖရန်စစ္စကိုရှိ ၎င်းတို့၏ ရုံးခန်းသို့ လာရောက်ပါက ၎င်းတို့မှာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့ပြီး Anonymous အဖွဲ့ဝင်များနှင့်ပတ်သက်၍ အမေရိကန်အစိုးရထံမှ အကြံဥာဏ်များ ရယူသွားမည်ဟု ဆိုသည်။

    Ref: Dailymail

  • IDB က ဘင်္ဂလားဒေ့ရှ်တွင် ရုံးခန်းတစ်ခု ဖွင့်လှစ်မည်

    IDB က ဘင်္ဂလားဒေ့ရှ်တွင် ရုံးခန်းတစ်ခု ဖွင့်လှစ်မည်

    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    bang

    – အစ္စလာမ့်မစ်ဖွံ့ဖြိုးရေးဘဏ် (IDB) ၏ နိုင်ငံလုံးဆိုင်ရာ ရုံးခန်းကို မြို့တော်ဒါကာတွင် ဖွင့်လှစ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံနှင့် IDB တို့မှာ သဘောတူညီချက်တစ်ခုကို ကြာသာပတေးနေ့က လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    စာချုပ်ကို ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီး အဗ္ဗဒူလ်မာ အေ-မူဟစ်နှင့် IDB အုပ်စု၏ ဥက္ကဌ အဟ်မဒ်မုဟမ္မဒ်အလီတို့နှစ်ဦးက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

    ဂျစ်ဒါတွင်ကျင်းပသော လက်မှတ်ရေးထိုးပွဲတွင် ဒေါက်တာအလီက ဘင်္ဂလားဒေ့ရှ်နှင့် ၎င်းတို့ ဘဏ်အုပ်စုအကြား တည်ထောင်ရာတွင် ပါဝင်သူနှင့် အားကိုးရသည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ခိုင်မာသည့် ဆက်ဆံရေးမှာ ၄၁ နှစ် ရှိပြီဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။

    “ယခုလက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ငွေကြေးပက်သက်မှုဟာ ဒေါ်လာ ၁၈.၆ ဘီလီယံ ပမာဏ ရှိပါတယ်။ဒီပမာဏဟာ IDB အဖွဲ့ဝင် ၅၆ နိုင်ငံထဲမှာ အများဆုံးပမာဏလည်း ဖြစ်ပါတယ်” ဟု ဒေါက်တာအလီက ပြောသည်။

    သဘောတူညီမှု ယူထားသော လုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အား၊ စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်းဖောက်လုပ်ရေး၊ ရေပေးဝေရေး၊ တွင်းထွက်လုပ်ငန်း၊ လမ်းဖောက်လုပ်ရေး၊ ပညာရေး၊ ကျေးလက်ဒေသများဖွံ့ဖြိုးရေး စသည့်လုပ်ငန်းများ အပါအ၀င် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန် ကုန်သွယ်မှုများပြုလုပ်နိုင်ရန်ရည်ရွယ်၍ ပြည်ပကုန်သွယ်ရေးလုပ်ငန်းများ ရာနှင့်ချီ၍ ပါဝင်သည်။

    IDB ဥက္ကဌက ဒါကာတွင် ရုံးခန်းဖွင့်လှစ်မှုမှာ ဘင်္ဂလားဒေ့ရှ်နှင့် IDB အုပ်စုကြား ပူးပေါင်းဆက်သွယ်ရေးကို မြှင့်တင်ရာတွင် ကောင်းမွန်သော အကျိုးသက်ရောက်များ ရှိမည်ဟု မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

    တူရကီ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ နိုက်ဂျီးရီးယား၊ အီဂျစ် စသော အဖွဲ့ဝင်ငါးနိုင်ငံတွင် ထိုကဲ့သို့ ရုံးခန်းများ ဖွင့်လှစ်ရန်လည်း IDB က စီစဉ်နေသည်။

    Ref: IINA News