News @ M-Media

Blog

  • ကလစ်ရှ်ကို ကို အနိုင်ယူပြီး ဗြိတိန်မှ ဖျူရီ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာ

    ကလစ်ရှ်ကို ကို အနိုင်ယူပြီး ဗြိတိန်မှ ဖျူရီ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာ

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    tyson

    – စိန်ခေါ်သူ ဗြိတိန်လက်ဝှေ့ကျော် တိုင်ဆန် ဖျူရီမှာ ယူကရိန်းနိုင်ငံသား ကမ္ဘာ့ဟဲဗီးဝိတ်ချိန်ပီယံ ၀လာဒီမီရ် ကလစ်ရှ်ကိုအား အမှတ်ဖြင့်အနိုင်ယူကာ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံသစ် ဖြစ်လာခဲ့သည်။

    ကမ္ဘာချန်ပီယံဘွဲ့ကို ဆယ်စုနှစ်တစ်ခုကျော်ကြာ သိမ်းပိုက်ထားသည့် ကလစ်ရှ်ကိုနှင့် ဖျူရီတို့မှာ ယမန်နေ့ညပိုင်းက ဂျာမနီနိုင်ငံ ဒက်ဆဲလ်ဒေါ့ဖ်တွင် ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး အသက်အရွယ်ငယ်ရွယ်ကာ အရပ်အမောင်းနှင့် ခန္ဓာကိုယ်အလေးချိန်သာသည့် ဖျူရီက အသာရခဲ့သည်။

    နောက်ဆုံးတွင် ဒိုင်လူကြီးများ၏ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ဖြင့် ဖျူရီက အနိုင်ရခဲ့ကာ ယှဉ်ပြိုင်ထိုးသတ်ခြင်း မပြုခင် အနိုင်ရမည်ဟု ၎င်းကြုံးဝါးထားသည့် စကားများမှာလည်း အကောင်အထည် ပေါ်လာခဲ့သည်။

    ထိုပွဲအတွက် ၎င်းတို့နှစ်ဦး၏ စာချုပ်တွင် ပြန်လည်ထိုးသတ်ရန် အပိုဒ် ၁ ပိုဒ်ပါဝင်သည်ဟု ယုံကြည်ရပြီး အသက် ၃၉ နှစ်အရွယ်ရှိ ကလစ်ရှ်ကိုမှာ လက်ဝှေ့လောကမှ အနားယူမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

    ယခုပွဲအနိုင်ကြောင့် ဖျူရီမှာ WBA, IBF နှင့် WBO ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာခဲ့ပြီး WBC ချန်ပီယံဖြစ်သည့် အမေရိကန်နိုင်ငံသား ဒီယွန်တေ ၀ိုင်လ်ဒါနှင့် ထိုးသတ်ရန် အခြေအနေကောင်းသွားပြီဖြစ်သည်။

    Ref: Dailymail

  • အမေရိကန်တွင် ထိန်းသိမ်းခံဒုက္ခသည် ၁၀၀ ကျော် အစာငတ်ခံ ဆန္ဒပြ

    အမေရိကန်တွင် ထိန်းသိမ်းခံဒုက္ခသည် ၁၀၀ ကျော် အစာငတ်ခံ ဆန္ဒပြ

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    us

    – ကန်ထိန်းသိမ်းရေးစခန်းများ၏ ဆိုးဝါးမှုများနှင့် ပြည်နှင်ဒဏ်မူဝါဒများကို ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် ဒုက္ခသည် ၁၀၀ ကျော်မှာ အမေရိကန် လ၀က ထိန်းသိမ်းရေးစခန်းများတွင် အစာငတ်ခံ ဆန္ဒပြနေကြသည်ဟု သိရသည်။

    အစာငတ်ခံဆန္ဒပြမှုများကို ကယ်လီဖိုးနီးယားပြည်နယ် အော်ရိန်ခ်ျနှင့် ဆန်ဒီယေဂိုတွင်လည်းကောင်း၊ အလာဘားမားပြည်နယ် ဂတ်စ်ဒင်တွင်လည်းကောင်း စသည့်နေရာများတွင်ရှိသော လူဝင်မှုထိန်းသိမ်းရေးစခန်းသုံးခုတွင် ဗုဒ္ဓဟူးနေ့၌ စတင်ပြုလုပ်ခဲ့ကြသည်။

    ထိန်းသိမ်းခံ ၁၁၀ ၀န်းကျင်၏ အများစုမှာ ဘင်္ဂလားဒေ့ရှ်မှ ရောက်လာသူများဖြစ်ပြီး အစာငတ်ခံမည်ဟု ဆုံးဖြတ်ထားကြသည်။ အစာငတ်ခံသူများတွင် အိန္ဒိယ၊ ပါကစ္စတန်၊ နိုက်ဂျီးရီးယား၊ ကင်မရွန်း၊ အီသီယိုးပီးယား၊ တိုဂိုနှင့် အခြားသောတိုင်းပြည်များမှ မောင်းထုတ်ခံရ၍ ခိုလှုံခွင့်ယူရန် ရောက်လာကြသူများ ဖြစ်ကြသည်။

    ဒုက္ခသည်များသည် နေ့ရက်တိုင်းတွင် ထိန်းသိမ်းရေးစခန်း၌ လူအယောက် ၃၄၀၀၀ ခန့်မျှအတွက် လ၀ကအာဏာပိုင်များထံ တောင်းခံနေရသည့် အိပ်ယာခွဲတမ်းဟုခေါ်ဆိုသော စနစ်ကို ဖျက်သိမ်းပေးရန်လည်း တောင်းဆိုထားသည်။

    “ICE (လူဝင်မှု အကောက်ခွန်ကြီးကြပ်ရေးဌာန)က ဒီလူတွေကို လွှတ်ပေးသင့်တဲ့အချိန်မှာ အကန့်အသတ်မရှိ ထိန်းသိမ်းထားပါတယ်။ သူတို့က ဒီနိုင်ငံကို ရောက်လာတာ လုံခြံမှုကိုရှာဖွေဖို့အတွက်ပါ။ ဒါပေမဲ့ အဲ့ဒီအစား နှစ်ပေါင်းများစွာ ထိန်းသိမ်းစခန်းရဲ့အိပ်ယာခွဲတမ်းပြည့်ဖို့ သံတိုင်တွေရဲ့အနောက်ကိုပဲ ပို့ထားခဲ့ပါတယ်” ဟု ဒုက္ခသည်အရေး ဆောင်ရွက်နေသည့် DRUM အဖွဲ့မှ ဒါရိုက်တာဖြစ်သူ ဖာ့ဒ်အဟ်မက်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    အစာငတ်ခံ ဆန္ဒပြသူများသည် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိရန်၊ သန့်ရှင်းသော အ၀တ်အစားများ ရရှိရန်၊ လတ်ဆတ်သောအစားအသောက်များ ရရှိရန်နှင့် ဖိနှိပ်ချုပ်ချယ်မှုများ ဖြေလျှော့ပေးရန် တောင်းဆိုထားသည်။

    ၂၀၁၄ ခုနှစ်တွင် နယူးယောက်သတင်းဌာနက ထိန်းသိမ်းရေးစခန်းများတွင် အခြားနိုင်ငံမှ ၀င်ရောက်နေထိုင်သူ အနည်းဆုံး ၆၀၀၀၀ ခန့်သည် တစ်နာရီလျှင် ၁၃ ဆင့်လောက်သာ ၀င်ငွေရှိကြသည်ဟု ဆိုထားသည်။ အချို့က အလကားလုပ်ပေးကြရပြီး ဆိုဒါနှင့် သကြားလုံးများကိုသာ လုပ်ခလစာအဖြစ် ပေးကြောင်း ဖော်ပြခဲ့သည်။

  • တူရကီကို ရုရှားက စီးပွားရေးပိတ်ဆို့မှု ပြုလုပ်

    တူရကီကို ရုရှားက စီးပွားရေးပိတ်ဆို့မှု ပြုလုပ်

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    putin

    – တိုက်လေယာဉ်ပစ်ချသည့် ကိစ္စ နောက်ဆက်တွဲအဖြစ် တူရကီအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ရန် ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်က အမိန့်ပေးခဲ့သည်ဟု သိရသည်။

    အဆိုပါအမိန့်ကို ရုရှားအစိုးရ ၀ဘ်ဆိုက်က ယမန်နေ့တွင် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး တိုက်လေယာဉ်အဖြစ်အပျက်နှင့် ပတ်သက်၍ မိမိက ၀မ်းနည်းမိသည်ဟု တူရကီသမ္မတ ရီဆက်ပ် တိုင်ယစ်ပ် အာဒိုဂန်က ပြောကြားခဲ့ပြီး နောက်ပိုင်း နာရီအနည်းငယ်အကြာတွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

    ပူတင်၏ ထိုစီးပွားရေးပိတ်ဆို့မှု အမိန့်တွင် တူရကီထုတ်ကုန်ပစ္စည်းအချို့ကို ပိတ်ပင်ခြင်း၊ ဇန်န၀ါရီ ၁ ရက်နေ့မှစ၍ ရုရှားတွင် အလုပ်လုပ်နေသည့် တူရကီနိုင်ငံသားများ သက်တမ်းတိုးပေးမှုကို ရပ်ဆိုင်းခြင်းတို့ ပါဝင်သည်။

    ထို့ပြင် ရုရှားမှ တူရကီသို့ လေကြောင်းခရီးစဉ်အချို့ကို ရတပ်တန့်ရန်၊ ခရီးသွားကုမ္ပဏီများအနေဖြင့် တူရကီပါဝင်သည့် အလည်အပတ်ခရီးစဉ်များ ရောင်းချမှုကို ရပ်တန့်ရန်အတွက်လည်း ဖော်ပြခဲ့သည်။

    “လုံခြံရေးအကြောင်းများ” ကြောင့် တူရကီမှ လေယာဉ်မျာကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ရန် ပူတင်က ထည့်သွင်းအမိန့်ပေးခဲ့ပြီး ရုရှားနှင့်တူရကီ ဗီဇာမလိုဘဲ ခရီးသွားလာခွင့်ကိုလည်း အဆုံးသတ်ခဲ့သည်။

    ကရင်မလင်၏ ကြေငြာချက်တွင် ထိုအမိန့်မှာ ရုရှားနိုင်ငံသားများအား ရာဇ၀တ်မှုမှ ကာကွယ်ရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

    ပြီးခဲ့သည့်ရက်ပိုင်းက ရုရှားမှာ နိုင်ငံအတွင်းရှိ တူရကီလုပ်ငန်းများကို ၀င်ရောက်စီးနင်းကာ တူရကီလုပ်ငန်းရှင်များအား ဖမ်းဆီးမှု ပြုလုပ်ခဲ့ပြီး နယ်စပ်တွင် တူရကီပို့ကုန်များကို ပြန်လှည့်ခိုင်းခြင်း၊ တူရကီနိုင်ငံသားများအား လေဆိပ်တွင် ပြည်ဝင်ခွင့်မပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

    တူရကီနိုင်ငံကလည်း ၎င်းတို့နိုင်ငံသားများအနေဖြင့် တူရကီကို အကြောင်းကိစ္စမရှိဘဲ သွားရောက်ခြင်းမပြုရန် သတိပေးချက် ထုတ်ပြန်ထားသည်။

    Ref: Aljazeera

  • အနာဂတ်မငြိမ်သော်လည်း ဘာကာတွင်ဆက်နေရန် နေးမာ ဆန္ဒရှိနေ

    အနာဂတ်မငြိမ်သော်လည်း ဘာကာတွင်ဆက်နေရန် နေးမာ ဆန္ဒရှိနေ

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    neymar

    – အသင်းမှထွက်ခွာတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည့် တိုက်စစ်မှူးနေမားက မိမိမှာ ဘာစီလိုနာအသင်းတွင်ပင် တတ်နိုင်သလောက် ကစားသွားမည်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နွေရာသီက နေးမာကို မန်ယူအသင်းက ခေါ်ယူရန် ဆက်သွယ်မှုများရှိခဲ့ပြီး၊ ၎င်း၏ အေးဂျင့်ဖြစ်သူ ဖခင်ကလည်း နေးမာအနေဖြင့် ဘာစီလိုနာသို့ အပြောင်းအရွှေ့တွင် အခွန်ရှောင်မှုကိစ္စနှင့် ပတ်သက်၍ ကျေနပ်လောက်စရာ အဖြေကို မရခဲ့ပါက ထွက်ခွာတော့မည်ဟု ယခုလအစောပိုင်းက ပြောကြားထားသည်။

    “ကျွန်တော့်စာချုပ်မှာ နှစ်အများကြီး ကျန်ပါသေးတယ်။ ကျွန်တော့်အဖေက အနာဂတ်နဲ့ပတ်သက်ပြီး ပြေားထားပြီးပါပြီ။ ကျွန်တော်တို့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေပြီး ဒါဟာ ကျွန်တော်က ဆက်နေချင်တဲ့ဆန္ဒ ရှိနေတာကြောင့်ပါ” ဟု နေးမာက ပြောကြားခဲ့သည်။

    ထို့ပြင် အသင်းနှင့်ပတ်သက်၍လည်း “ကျွန်တော်တို့ လုပ်နိုင်နေတာတွေအတွက် ကျွန်တော် အရမ်း ပျော်ရွှင်ပါတယ်။ ကျွန်တော်တို့အသင်းက ကြီးကျယ်တဲ့ အဆင့်တစ်ခုမှာ ရှိပါတယ်။ အသင်းဖော်တွေကို ကျွန်တော် ကူညီချင်တယ်။ ပြီးတော့ ဂိုးတွေ ဆက်သွင်းချင်ပြီး ဖန်တီးပေးပို့မှုတွေကိုလည်း ဆက်လုပ်ချင်ပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဆီးရီးယားဒုက္ခသည်များအတွက် ဂျပန်က ဒေါ်လာ ၂.၄၄ သန်း ကူညီမည်

    ဆီးရီးယားဒုက္ခသည်များအတွက် ဂျပန်က ဒေါ်လာ ၂.၄၄ သန်း ကူညီမည်

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    japan

    – ဥရောပဆောင်းတွင်၏ အအေးဒဏ်ကို ကာကွယ်ရန်အတွက် ဂျပန်မှာ ဆီးရီးယားဒုက္ခသည်များအား ယန်းငွေ သန်း ၃၀၀ (ဒေါ်လာ ၂.၄၄ သန်းခန့်) ကူညီမည်ဟု ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး အန်တိုနီယို ဂူတာရက်စ်နှင့် တွေ့ဆုံစဉ် အာဘေးက ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး UNHCR သို့ နှစ်စဉ်ပေးအပ်သော ယန်းငွေ သန်း ၃၉၀၀ (ဒေါ်လာ ၃၁.၈၁ သန်းခန့်) ၏ အချို့ကို ဒုက္ခသည်စခန်းများ၌ အပူပေးကရိယာများဝယ်ယူ တပ်ဆင်ရန်၊ အအေးဒဏ်ခံနိုင်မည့် အသုံးအဆောင်ပစ္စည်းများ ၀ယ်ယူရန် အသုံးပြုမည်ဖြစ်သည်။

    ထိုအကူအညီအား ကျေးဇူးတင်သောအားဖြင့် ဂူတာရက်စ်သည် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အကြီးဆုံးဖြစ်သည့် ယခု ဒုက္ခသည်ပြဿနာကို ဖြေရှင်းရန် UNHCR ၏ လုပ်ငန်းစဉ်များသည် ဂျပန်အစိုးရ၏ အကူအညီမပါဘဲ မည်သို့မျှမဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

    အာဘေးနှင့် ဂူတာရက်စ်တို့ တွေ့ဆုံမှုကို ကုလတိုးတက်မှုစီမံကိန်းဌာနမှူး ဟယ်လင်ကလာခ်က ဆက်သွယ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ အာဘေးက UNHCR နှင့် UNDP ရုံးများ၌ ဂျပန်ဝန်ထမ်းများ တိုးမြှင့်ခန့်အပ်ရန် ရည်ရွယ်ထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: IINA News