News @ M-Media

Blog

  • လက်စတာတိုက်စစ်မှူး ဗာဒီ ပရီးမီးယားလိဂ် ၁၁ ပွဲဆက်တိုက် ဂိုးသွင်းစံချိန်သစ်တင်

    လက်စတာတိုက်စစ်မှူး ဗာဒီ ပရီးမီးယားလိဂ် ၁၁ ပွဲဆက်တိုက် ဂိုးသွင်းစံချိန်သစ်တင်

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    verdy

    – ၁၁ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့သည့် တိုက်စစ်မှူး ဂျာမီ ဗာဒီအား လက်စတာစီးတီးနည်းပြ ရာနီရေးရီက ချီးကျူးလိုက်ပြီး ဗာဒီမှာ မယုံနိုင်စရာကောင်းသည့် ကစားသမားဖြစ်သည်ဟု ပြောကြားခဲ့သည်။

    လက်စတာအသင်း၏ အိမ်ကွင်းတွင် ယမန်နေ့က မန်ယူအသင်းနှင့် ၁ ဂိုးစီသရေကျသည့်ပွဲ၌ ဗာဒီမှာ ၂၄ မိနစ်တွင် အဖွင့်ဂိုး သွင်းပေးခဲ့ပြီး ထိုဂိုးမှာ ၎င်း၏ ပရီးမီးယားလိဂ် ၁၁ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်ကာ မန်ယူတိုက်စစ်မှူးဟောင်း ရုဒ်ဗန်နစ္စတယ်ရွိုင်း တင်ထားသည့် ၁၀ ပွဲဆက်တိုက် ဂိုးသွင်းစံချိန်ကို ချိုးဖျက်နိုင်ခြင်းလည်း ဖြစ်သည်။

    “ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော်တို့မှာ ရည်ရွယ်ချက်နှစ်ခုရှိပြီး တစ်ခုက ပွဲနိုင်ဖို့နဲ့ တစ်ခုက ဗာဒီ စံချိန်တင်ဖို့ဆိုပြီး ပွဲမစခင်က ကစားသမားတွေကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့ တစ်မှတ်ရတယ်။ ဒါက အမှတ်ပေးဇယားအတွက် ကောင်းခဲ့ပြီး ဗာဒီကလည်း စံချိန်ချိုးနိုင်ခဲ့ပါတယ်။ သိပ်ကိုလှပတဲ့ ညနေခင်းလေးပါပဲ” ဟု ရာနီရေးရီက ပြောကြားခဲ့သည်။

    ယခုပွဲသရေကြောင့် လက်စတာမှာ အမှတ်တူဂိုးကွာခြားချက်ဖြင့် ပရီးမီးယားလိဂ်ဇယား၏ ဒုတိယနေရာတွင်ရှိနေပြီး တတိယနေရာမှ မန်ယူအား ၁ မှတ်ဖြတ်ထားနိုင်သည်။

    Ref: Goal

  • ဆီးရီးယားစစ်ပွဲတွင် စပိန်နှင့် ယူကေတို့၏ ပါဝင်ရန်စီစဉ်မှုကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    ဆီးရီးယားစစ်ပွဲတွင် စပိန်နှင့် ယူကေတို့၏ ပါဝင်ရန်စီစဉ်မှုကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    uk

    – ဆီးရီးယားရှိ IS အဖွဲ့အား လေကြောင်းမှတိုက်ခိုက်မှုတွင် ၎င်းတို့၏ နိုင်ငံများမှ ပါဝင်လာနိုင်ချေရှိသော အလားအလာကို ဆန့်ကျင်သည့်အနေဖြင့် ယူကေနှင့် စပိန်ပြည်သူများက ယမန်နေ့တွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    လန်ဒန်မြို့လယ်ကောင်တွင် ပြုလုပ်သည့် ဆန္ဒပြမှုတွင် ဗြိတိန်ပြည်သူ အနည်းဆုံး ၅၀၀၀ ခန့် ပါဝင်ခဲ့ပြီး “ဆီးရီးယားကို ဗုံးမကြဲပါနဲ့” “ကင်မရွန်းကိုဖြုတ်ချ။ ဗုံးမကြဲနဲ့” “မီးလောင်ရာလေမပင့်နဲ့” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

    “ဆီးရီးယားကိစ္စမှာ ပါဝင်ဖို့အတွက် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းရဲ့ မရေရာမသေချာတဲ့ အဆိုပြုချက်တွေဟာ IS ကို အားနည်းသွားစေမှာ မဟုတ်ဘဲ ပြည်တွင်းစစ်မီးတောက်သာ ပိုပြီး တောက်လောင်သွားလိမ့်မယ်။ ဆီးရီးယား ပြည်သူတွေရဲ့ စိတ်ဆင်းရဲမှုတွေ ပိုပြီး ဆိုးသွားလိမ့်မယ်။ ပြီးတော့ အကြမ်းဖက်မှုအန္တရာယ်လည်း တိုးလာပါလိမ့်မယ်” ဟု Stop the War Coalition စစ်ဆန့်ကျင်ရေးအဖွဲ့က ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် ဗြိတိန်မှာ အီရတ်ရှိ IS ပစ်မှတ်များကို ဗုံးကြဲနေပြီး ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မိမိတို့မှာ ဆီးရီးယားရှိ IS ခြေကုပ်စခန်းများကို ပြင်သစ်နှင့် အမေရိကန်တို့မှ ဗုံးကြဲမှုတွင် ပါဝင်သွားရန် ရှိနေသည်ဟု ကြာသာပတေးနေ့က ပြောကြားခဲ့သည်။

    ထိုကိစ္စအတွက် ပါလီမန်တွင် မဲခွဲမှုကို လာမည့်သီတင်းပတ်အစောပိုင်း၌ ပြုလုပ်သွားမည်ဖြစ်ပြီး စောစောပိုင်းက တွန့်ဆုတ်နေသည့် နိုင်ငံရေးသမားများမှာလည်း ပဲရစ်တိုက်ခိုက်မှုပြီးနောက် ၎င်းတို့၏ စိတ်ကို ပြောင်းလဲပစ်လိုက်ပြီဟု ယူဆမှုများ ရှိနေသည်။

    madrid

    မက်ဒရစ်တွင်လည်း ဆန္ဒပြ

    ဆီးရီးယားပဋိပက္ခတွင် စပိန်၏ ပါဝင်မှုကို ဆန့်ကျင်ရန်အတွက် မက်ဒရစ်မြို့၌ ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုတွင်လည်း ပြည်သူ ၅၀၀၀ ခန့် ပါဝင်ခဲ့ကြပြီး Reina Sofia ပြတိုက်အရှေ့တွင် ပြည်သူများက “စစ်ပွဲအလိုမရှိ” ဟု ကျွေးကြော်ခဲ့ကြသည်။

    ဥရောပအစိုးရများက လက်နက်ဖြင့် ကြားဝင်ဆောင်ရွက်မှု အစီအစဉ်အတွက် စဉ်းစားရန် အနုပညာရှင်များက ဦးဆောင်တောင်းဆိုသည့် not in our name မေတ္တာရပ်ခံလွှာမှာ ယနေ့အချိန်အထိ အွန်လိုင်းတွင် လက်မှတ်ပေါင်း ၂၄၀၀၀ ခန့် ရရှိထားပြီး မက်ဒရစ်ရှိ ဆန္ဒပြသူများကလည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။

    ဒီဇင်ဘာတွင် ရွေးကောက်ပွဲအား ရင်ဆိုင်ရမည့် စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဂျွိုင်းကလည်း မိမိမှာ ဆုံးဖြတ်ချက်ကို အလျင်စလို ချမှတ်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    “ဆုံးဖြတ်ချက်ကို ရှုထောင့်ပေါင်းစုံကကြည့်၊ အကြေအလည်သုံးသပ်ပြီးမှ ချမှတ်သွားမှာပါ“ ဟု ရာဂျွိုင်းက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဆယ်ကျော်သက်များ AIDS ရောဂါကြောင့် သေဆုံးသူ ၅ နှစ်အတွင်း သုံးဆဖြစ်လာ

    ဆယ်ကျော်သက်များ AIDS ရောဂါကြောင့် သေဆုံးသူ ၅ နှစ်အတွင်း သုံးဆဖြစ်လာ

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    aids

    – ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့သည် AIDS ရောဂါဖြင့် သေဆုံးကြသည့် ဆယ်ကျော်သက်အရေအတွက်မှာ ကမ္ဘာတစ်ဝှမ်း၌ ၁၅
    နှစ်တာကာလအတွင်း သုံးဆခန့် များပြားလာသည်ဟု ပြောကြားခဲ့ပြီး အများစုမှာ မွေးကင်းစအရွယ်ကတည်းမှ ကူးစက်ခံရသူများဟု ဆိုသည်။

    AIDS မှာ တောင်အာဖရိက၊ နိုင်ဂျီးရီးယား၊ ကင်ညာ၊ အိန္ဒိယ၊ မိုဇမ်ဘတ်နှင့် တန်ဇန်းနီးယားတို့အပါအ၀င် အာဖရိကရှိ ဆယ်ကျော်သက်များ သေဆုံးမှု၏ အဓိက အကြောင်းအရင်းတစ်ခု ဖြစ်နေပြီး၊ စနေနေ့တွင် ထုတ်ပြန်သော ယူနီဆက်ဖ်၏ စာရင်းဇယားများအရ HIV ပိုး ကူးစက်ခံရသူ အရေအတွက်၏ ထက်ဝက်ခန့်မှာ အဆိုပါ ၆ နိုင်ငံတွင် ရှိနေသည်ဟု သိရသည်။

    ထိုရောဂါမှာ အရွယ်ရောက်ပြီးသူများအနက် တစ်နာရီတိုင်းတွင် ၂၆ ဦး ကူးစက်သူရှိနေပြီး ဒုတိယအသေအပျောက်အများဆုံး ရောဂါဖြစ်သည်။

    အာဖရိက ဆာဟာရတိုက်ငယ်ဒေသတွင် ကူးစက်သူ ၁၀ ဦးလျှင် ၇ ဦးမှာ အသက် ၁၅ နှစ်မှ ၁၉ နှစ်အရွယ် မိန်းကလေးများဖြစ်ပြီး ၎င်းတို့ထဲမှ ၇၀ ရာခိုင်နှုန်းခန့်မှာ လိင်ဆက်ဆံစဉ် ကွန်ဒုံးအသုံးပြုမှု မရှိင်ခြင်းကြောင့် ကူးစက်ခံရခြင်ဖြစ်သည်။

    AIDS ရောဂါကို ခံစားနေရသည့် အသက် ၁၅ နှစ်အောက် ကလေးငယ် ၂၆ သန်း၏ သုံးပုံတစ်ပုံခန့်သာ ဆေးကုသမှု ရရှိနေသည်ဟု ယူနီဆက်ဖ်က ပြောကြားခဲ့သည်။

    “AIDS နဲ့သေဆုံးရတဲ့ လူငယ်အများစုဟာ မွေးစကတည်းက ကူးစက်ခံလာရသူတွေ ဖြစ်ပါတယ်။ မိခင်မှကလေးသို့ကူးစက်ခြင်း ကာကွယ်တားဆီးမှု အစီအစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့်မလုပ်ဆောင်ရသေးမီ ကူးစက်ခံရတာဖြစ်ပါတယ်’ ဟု ယူနီဆက်ဖ် HIV/AIDS ဌာန၏ ကမ္ဘာလုံးဆိုင်ရာအကြီးအကဲ ကရိတ်မက်ကလူးက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • တရုတ်စစ်လေယာဉ် အုပ်စုကြောင့် ဂျပန်က တိုက်လေယာဉ်များ ပျံတက်ခဲ့ရ

    တရုတ်စစ်လေယာဉ် အုပ်စုကြောင့် ဂျပန်က တိုက်လေယာဉ်များ ပျံတက်ခဲ့ရ

    နိုဝင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    japan

    – တရုတ်နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုတွင်း ဂျပန်နိုင်ငံမြောက်ပိုင်းရှိ မီယာကိုနှင့် အိုကီနာဝါကျွန်းအနီးတွင် စစ်ဖက်လေယာဉ် ၁၁ စင်း ပျံသန်းခဲ့မှုကြောင့် ဂျပန်တိုက်လေယာဉ်များမှာ ယနေ့တွင် အလျင်အမြန် ပျံတက်ခဲ့ရသည်ဟု သိရသည်။

    အနောက်ပစိဖိတ် ပင်လယ်ပြင်တွင် ပြုလုပ်သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ တာဝေးတိုက်ပွဲ တိုက်ခိုက်မှုစွမ်းရည် တိုးမြင့်စေရန်ဖြစ်သည်ဟု တရုတ်က ပြောကြားထားသည်။

    ဂျပန်ကျွန်းများအနီးတွင် ပျံသန်းသွားခဲ့သည့် တရုတ်လေယာဉ် ၁၁ စင်းတွင် ဗုံးကြဲလေယာဉ် ၈ စင်း၊ ထောက်လှမ်းရေးလေယာဉ် ၂ စင်းနှင့် အချက်ပေးလေယာဉ် ၁ စင်းတို့ ဖြစ်ပြီး မိမိတို့ လေပိုင်နက်ကို ကျူးကျော်ခဲ့ခြင်းမရှိဟု ဂျပန် ကာကွယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်များ ထပ်မံ၍ မပေးခဲ့သော်လည်း Yomiuri Shimbun သတင်းစာကမူ ဂျပန်ပိုင်နက်အနီးသို့ တရုတ်က ထိုကဲ့သို့ လေယာဉ်အုပ်စုကြီး စေလွှတ်မှုမှာ ပုံမှမဟုတ်ဟု ဖော်ပြခဲ့သည်။

    ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကမူ တရုတ်နိုင်ငံ၏ ထိုစစ်ရေးလေ့ကျင့်မှု ရည်ရွယ်ချက်ကို စုံစမ်းစစ်ဆေးနေသည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • တိုင်းရင်းသားဒေသများ၌ လတ်တလောဖြစ်ပွားသည့် တိုက်ခိုက်မှုများတွင် မြန်မာစစ်တပ်က အရပ်သားများအပေါ် ကျူးလွန်မှုများရှိနေ

    တိုင်းရင်းသားဒေသများ၌ လတ်တလောဖြစ်ပွားသည့် တိုက်ခိုက်မှုများတွင် မြန်မာစစ်တပ်က အရပ်သားများအပေါ် ကျူးလွန်မှုများရှိနေ

    နိုဝင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    shan

    – မြန်မာနိုင်ငံအရှေ့ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များကို မြန်မာစစ်တပ်က ထိုးစစ်ဆင်မှုကြောင့် ပြည်သူ ၁၀၀၀၀ ကျော်မှာ အခြေပျက်ခဲ့ရပြီး၊ ထိုတိုက်ခိုက်မှုများအတွင်း စစ်တပ်မှာ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများကို ဗုံးကြဲခြင်း၊ အရပ်သားများကို ပစ်သတ်ခြင်းနှင့် အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်းတို့လည်း ရှိခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့သည်။

    အောက်တိုဘာလ ၆ ရက်နေ့ကတည်းက အစိုးရတပ်မှာ ရွာ ၆ ရွာကို ဗုံးကြဲမှုများ ပြုလုပ်ခဲ့ပြီး၊ လူ ၃ ဦးအား သေနတ်ဖြင့်ပစ်ခတ်ကာ ဒဏ်ရာရအောင် ပြုလုပ်ခဲ့သည်။ ထို့ပြင် ရွာသား ၁၇ ဦးကိုလည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့မှာ လက်ရှိအချိန်တွင် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ရှမ်းပြည်နယ်အတွင်းရှိ တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။

    ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်းကမူ ၎င်းတို့မှာ ဧပြီလကတည်းက စတင်၍ အစိုးရစစ်တပ်၏ လိင်ပိုင်းဆိုင်ရာစော်ကားမှု ၈ ခုကို မှတ်တမ်းတင်ထားပြီး ထိုအမှုများထဲတွင် နိုဝင်ဘာ ၅ ရက်နေ့က အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်သား ၁၀ ယောက်က အုပ်စုဖွဲ့မုဒိမ်းကျင့်မှုလည်း ပါဝင်သည်ဟု ပြောကြားခဲ့သည်။ ထိုသို့ အဓမ္မပြုကျင့်စဉ် အမျိုးသမီး၏ ခင်းပွန်းဖြစ်သူအား စစ်သားများက ၎င်းတို့၏ လယ်တောထဲတွင် တုပ်နှောင်ထားခဲ့သည်။

    “ဒီလိုစစ်ရာဇ၀တ်မှုတွေ၊ အရပ်သားတွေကို ဒီလို တိုက်ခိုက်မှုတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက လူသိရှင်ကြား မရှုတ်ချသေးတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အလွန် စိုးရိမ်မိပါတယ်” ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်သည့်
    ချာမ်တွန်က Thomson Reuters Foundation သို့ ပြောကြားခဲ့သည်။

    တိုင်းပြည်အား နှစ်ပေါင်း ၅၀ နီးပါး အုပ်ချုပ်လာခဲ့သည့် စစ်အာဏာရှင်စနစ်ကို ၂၀၁၀ ခုနှစ်တွင် စစ်တပ်ကျောထောက်နောက်ခံပြု အရပ်သားအစိုးရနှင့် အစားထိုးခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ စတင်ခဲ့သည်။ ထို့နောက် မကြာသေးမီက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီက တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။

    “တစ်ဖက်မှာ ဒီလိုကောင်းမွန်တဲ့ ရွေးကောက်ပွဲကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာလည်း ပြည်သူတွေဟာ ထွက်ပြေးနေရတယ်။ သေဆုံးနေကြတယ်ဆိုတာ လက်တွေ့မျက်မြင်ပါ။ အမျိုးသမီးတွေဟာလည်း အဓမ္မကျင့် ခံနေရပါတယ်။ ရွာသားတွေဟာ မလုံခြုံဘူးလို့ ခံစားနေရတယ်။ ပြီးတော့ မြန်မာစစ်တပ်က တပ်တွေထပ်တိုး လာတာကြောင့် သူတို့ဟာ အန္တရာယ်ရှိတဲ့အခြေအနေတွေမှာ ရှိနေပါတယ်” ဟု ချာမ်တွန်က ထည့်သွင်းပြောကြာခဲ့သည်။

    ပြီးခဲ့သည့် အောက်တိုဘာလက မြန်မာအစိုးရမှာ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့် အပစ်ရပ်ရေး လက်မှတ်ထိုးခဲ့သော်လည်း အစိုးရက ဖိတ်ကြားခဲ့သည့် လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့မှ ရှမ်းပြည်နယ်တပ်မတော်-မြောက်ပိုင်း (SSA-North)၊ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့အပါအ၀င် လက်နက်ကိုင်အဖွဲ့ ၇ ခုက လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့သည်။

    ယခုတစ်ပတ်အတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီယဲလ် ရက်ဆဲလ်က ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် မြန်မာအစိုးရစစ်တပ်၏ စစ်ဆင်ရေးများနှင့် တိုက်ခိုက်မှုများမှာ အလွန်အမင်း စိုးရိမ်စရာကောင်းသည်ဟု ပြောကြားခဲ့သည်။

    “တိုက်ခိုက်မှုကြောင့် ပေါ်ထွက်လာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာကို ကျွန်တော်တို့ စိုးရိမ်မှုတွေ ရှိပါတယ်။ အဲဒီတိုက်ခိုက်မှုတွေက အပစ်ရပ်ရေးမှာ လက်မှတ်မထိုးထားတဲ့ သူတွေ ပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူညီချက်ရဖို့ အားထုတ်ကြိုးပမ်းရာမှာ နောက်ပြန်သွားစေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိပါတယ်” ဟု ရန်ကုန်မြို့တွင် Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    “ပဋိပက္ခမှာ ဘက်နှစ်ဖက်ရှိပေမယ့် မြန်မာစစ်တပ်အနေနဲ့ အပြုအမူတွေကို ထိန်းချုပ်ဖို့၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကို တိုးမြှင့်လုပ်ဆောင်ဖို့ ကျွန်တော် တိုက်တွန်းပါတယ်”

    ကုလသမဂ္ဂကလည်း ထိုတိုက်ခိုက်မှုများအတွက် စိုးရိမ်သည်ဟု ပြောကြားခဲ့ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးကာ ဘုန်းကြီးကျောင်းများနှင့် ယာယီကယ်ဆယ်ရေးစခန်းများ၌ နေထိုင်နေရသူ အရေအတွက်မှာ ၆၀၀၀ အထိ ရှိနေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး OCHA မှ ပြောရေးဆိုခွင့်ရှိသူ ပီယာရီ ပီရွန်က ပြောကြားခဲ့သည်။

    ကချင်ပြည်နယ်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူမှာ ကလေးငယ် ၅၀၀ အပါအ၀င် ၁၂၀၀ ခန့်ရှိနေသည်ဟု OCHA မှ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: Bangkokpost